စစ်အုပ်စု (၃)
Vol. 73 Ch. 1155
စွန်းယုကျန်းသည် ကောင်းကင်ယံမှ အတောင်ပံများကို ဖြန့်ကာ ဆင်းသက်လာပြီး သူမ၏ တစ်ကိုယ်လုံးကို အနန္တရထား၏ စိတ်ကြိုက်ထုတ်လုပ်ထားသော နာနိုတိုက်ခိုက်ရေးဝတ်စုံဖြင့် ဖုံးလွှမ်းထားသည်။ ထောက်ပံ့ရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ငွေကြယ်နှင့် ပထမတပ်ဖွဲ့၏ နယ်မြေအတွင်းရှိ တိုက်ပွဲမြေပြင်ရှင်းလင်းရေးလုပ်ငန်းမှာ သူမ၏ တာဝန်ဖြစ်သည်။ တိုက်ပွဲမြေပြင်ရှင်းလင်းရေးအဖွဲ့မျှသာဖြစ်သော်လည်း ၎င်း၏ အန္တရာယ်ရှိမှု အဆင့်အတန်းမှာ အလွန်မြင့်မားလှပြီး နယ်မြေတစ်ခုတည်းရှိ ရှင်းလင်းရေးအဖွဲ့ဝင် အရေအတွက်ပင် ၆၀၀ နီးပါးအထိရှိပေသည်။
“ယန္တရားဝတ်စုံတွေကို ချွတ်ယူလိုက်ကြ။ သက်သေခံကတ်ပြားတွေကို မကျန်ခဲ့စေနဲ့”
“နားလည်ပါပြီ အစ်မစွန်း”
စွန်းယုကျန်းသည် သေဆုံးသွားသော သံမဏိအစောင့်တပ်ရင်းများနှင့် အသက်ရှင်ကျန်ရစ်သူများ၏ ရုပ်အလောင်းများကို ဝေ့ကြည့်ကာ သက်ပြင်းအသာချရင်း အခြားနယ်မြေများဆီသို့ ဆက်လက်ပျံသန်းသွားတော့သည်။
“ဒီနေ့အတွက် အချိန်သိပ်မကျန်တော့ဘူး။ မိနစ် ၃၀ အတွင်း အပြီးသတ်ကြ။ အချိန်ကျော်သွားတာနဲ့ အကုန်လက်လွှတ်လိုက်ပါ။ လူတိုင်းအနားယူဖို့နဲ့ ပြင်ဆင်ဖို့ လိုအပ်တယ်။ အခုက ပြဿနာရှာရမယ့်အချိန်မဟုတ်ဘူး”
အခြားတစ်ဖက်တွင်မူ မိုးကြိုးတပ်ဖွဲ့မှ ဧရာမစစ်သင်္ဘောကြီးအများအပြားသည် လွင်ပြင်တစ်ခုထက်သို့ ဆင်းသက်နေကြပြီး ၅ ကီလိုမီတာနီးပါး ရှည်လျားသော ကောင်းကင်အမိုးခုံးရထားကြီးသည်လည်း ကောင်းကင်ယံမှနေ၍ နဂါးကြီးတစ်ကောင်ကဲ့သို့ ဆူညံစွာ ဆင်းသက်လာသည်။ ၎င်းသည် ဖုန်မှုန့်လုံးကြီးများကို တလိပ်လိပ်ထစေလျက် ငွေကြယ်၏ ရှေ့တွင် ကြိုတင်ပြင်ဆင်ထားသော ရထားလမ်းကြောင်းပေါ်၌ ရပ်တန့်လိုက်သည်။
ညမှောင်ခါနီးနေပြီဖြစ်သော်လည်း ဒရုန်းထုတ်လုပ်ရေးအဖွဲ့သည် လုပ်ငန်းများကို ရပ်နားခြင်းမရှိပေ။ ဗိုင်အိုလာ၏ အလုံးစုံစီမံခန့်ခွဲမှုအောက်တွင် ထိုစက်ရုပ်များသည် ၂၄ နာရီပတ်လုံး ဆက်တိုက်လှုပ်ရှားနေကြပြီး ပေါင်းစည်းယာဉ်တန်းကြီးအတွက် လမ်းကြောင်းကို အသည်းအသန်ရှင်းလင်းပေးနေကြသည်။
လက်ရှိတွင် ၎င်းတို့သည် ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားသော ပေါင်းစည်းရထားလမ်းကြောင်းကြီးကို ထောက်ပံ့ပေးနိုင်မည့် ယာယီရထားလမ်းများကို ထိုမြေရိုင်းဒေသ၌ တည်ဆောက်နေကြခြင်း ဖြစ်သည်။ ရထားအုပ်စု၊ သံမဏိအစောင့်တပ်ရင်းနှင့် နောက်လိုက်မော်တော်ယာဉ်တန်းအမျိုးမျိုးအတွက်မူ ဤလုပ်ငန်းသည် ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ အလွန်ခက်ခဲလှပေသည်။
၎င်းတို့၏ တာဝန်မှာ သာမန်လူတစ်ယောက် မိနစ် ၃၀ မျှ အရေပြားရှသွားရုံဖြင့် အသက်အန္တရာယ် ကြုံတွေ့ရနိုင်သည့် သွေးနီရောင်နယ်မြေကြီးကို ဖြတ်သန်းရန်၊ ကီလိုမီတာရာနှင့်ချီ ရှည်လျားသော ကော်လိုရာဒိုချောက်နက်ကြီးနှင့် ကြယ်နက်လွင်ပြင်ကြီးကို ဖြတ်ကျော်ရန်… ထို့ပြင် S-Class ခြိမ်းခြောက်မှုများ၊ အမဲလိုက်သတ္တဝါများနှင့် အဆုံးမဲ့သွေးနီရောင်ဒီရေလှိုင်းများကို ရင်ဆိုင်ကျော်လွှားရန်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ...
သံမဏိအစောင့်တပ်ရင်းတွင် အင်ဂျင်နီယာတပ်ခွဲရှိသော်လည်း၊ ရထားအုပ်စုတွင် လမ်းခင်းယာဉ်များနှင့် အရန်ရထားလမ်း အပိုပစ္စည်းအချို့ရှိသော်လည်း၊ အနန္တရထားတွင် ဗိုင်အိုလာနှင့် ထောင်ပေါင်းများစွာသော အင်ဂျင်နီယာဒရုန်းများရှိနေသော်လည်း ၎င်းတို့တွင် အကြီးအကျယ်ထုတ်လုပ်နိုင်မည့် စက်မှုကုန်ထုတ်လုပ်ငန်းစွမ်းရည်မရှိကြပေ။ ခိုင်မာသောထုတ်လုပ်မှုအထောက်အပံ့မရှိဘဲနှင့်မူ ၎င်းတို့ထံ၌ ထိပ်သီးသံမဏိအစောင့်တပ်ရင်း နှစ်ခု၊ စစ်တပ်သုံးခုနှင့် မရေမတွက်နိုင်သော စွမ်းအားရှင်များရှိနေသည့်တိုင် လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ တင်ဆောင်ထားပြီး ရထားတွဲပေါင်း လေးထောင်ကျော်ရှိသော ဤသံမဏိနဂါးကြီးကို သွေးနီရောင်နယ်မြေထဲမှ မည်သို့မောင်းထုတ်ရမည်ကို စဉ်းစား၍ မရနိုင်ကြသေးပေ။
မော်တော်ကားများမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဖြစ်ပြီး ယာဉ်များကို သွေးနီရောင်နယ်မြေထဲ၌ ချန်ထားရစ်ခြင်းမှာ သေမည့်နေ့ကို ထိုင်စောင့်နေခြင်းနှင့် အတူတူပင်ဖြစ်သည်။ သွေးနီရောင်နယ်မြေသည် ထူးဆန်းသောသတ္တဝါများ ဝိုင်းရံထားပြီး ကီလိုမီတာရာချီ ရှည်လျားသော ဤခံစစ်လိုင်းကြီးတွင် သွေးနီရောင်သတ္တဝါများ၏ တိုက်ခိုက်မှုတစ်ခုသည် အချိန်မရွေးဆက်တိုက်ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် ၎င်းတို့ရှေ့မှ အခြေအနေမှာ လုံးဝဖြေရှင်းရခက်ခဲလုနီးပါးပင်၊၊
ကောင်းကင်အမိုးခုံးရထား၏ အဓိကကွပ်ကဲတံတားအတွင်း၌ လူပေါင်းတစ်ရာကျော် ပါဝင်သော ဆက်သွယ်ရေးညီလာခံတစ်ခုကျင်းပနေသည်။ ထိုအထဲတွင် သံမဏိအစောင့်တပ်ရင်း ၁၃၏ ခေါင်းဆောင် ဗိုလ်ချုပ် လီရှန်း၊ သံမဏိအစောင့်တပ်ရင်း ၂၂မှ ဗိုလ်ချုပ် ကျန်းဝေကောင်းနှင့် အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် လော့ရှောင်ခိုင်တို့အပါအဝင် မီးကျောက်တုံး၊ နဂါးခွန်ပန်၊ မိုးကြိုးနှင့် လေတပ်မှ လူများအပြင် ဖီးနစ်အာရုဏ်ဦးဗဟိုစင်တာမှ စစ်ဆင်ရေးအရာရှိအချို့လည်း ပါဝင်သည်။ ထို့အပြင် အနန္တမဟာမိတ်အဖွဲ့၊ ရွေ့လျားမြို့တော် အီတာနယ်ဒေး၊ ဥရောပ-အာရှဖြတ်ကျော် ယူတိုးပီးယာစသည့် အဓိကရထားအုပ်စုများမှ အဓိကအဖွဲ့ဝင်များနှင့် ဘုံမဟာမိတ်အဖွဲ့ကဲ့သို့သော နောက်လိုက်မော်တော်ယာဉ်တန်း ကပ္ပတိန်များလည်း တက်ရောက်ကြသည်။
ဆက်သွယ်ရေးကို အဓိကအားဖြင့် ပေါင်းစည်းရထားလမ်းကြောင်းမှတစ်ဆင့် ကာကွယ်ထားသော ကြိုးလိုင်းစနစ်ဖြင့် နယ်မြေအသီးသီးသို့ ချိတ်ဆက်ထားခြင်းဖြစ်သည်။ ဤမျှကြီးမားသော ချီတက်မှုတန်းကြီးတွင် အဖွဲ့များမှာ အလွန်ဝေးကွာလှသဖြင့် ဆက်သွယ်ရေးလှိုင်းနှုန်းများကိုသာ အသုံးပြု၍ ဆွေးနွေးနိုင်ကြသည်။
S-Class မွန်းစတားကို အပြတ်ရှင်းနိုင်ခဲ့ခြင်းကြောင့် ရထားလမ်းပိုင်းတိုက်ပွဲနယ်မြေအသီးသီးမှ လူတိုင်း ပျော်ရွှင်နေကြသည်မှာ သိသာလှသည်။ ထိုအချိန်တွင် ချန်ဆီရွှမ်၊ ကျန်းယွမ်နှင့် ကျန်းရှု့ဝေတို့ ဦးဆောင်သော အနန္တရထားဘက်မှ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားပြီးနောက် အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် လော့ရှောင်ခိုင်က မေးလိုက်သည်။
“ဓားကိုင်ဆောင်သူ လင်းရှန်လား... ဒါကို အတည်ပြုနိုင်မလား”
“ပြုနိုင်ပါတယ်”
ကောင်းကင်အမိုးခုံးရထား၏ အဓိကကွပ်ကဲတံတားအတွင်း၌ ဟယ်လင်ချူးအပါအဝင် အနန္တရထားနှင့် အနန္တ မဟာမိတ်အဖွဲ့မှ ကပ္ပတိန်အဆင့်ရှိသူအားလုံးနီးပါး စုဝေးနေကြသည်။ ချန်ဆီရွှမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“တောင်ဘက်ကောင်းကင်တံခါးကို လူနှစ်ယောက်ပဲ ထိန်းချုပ်နိုင်တယ်။ ပြီးခဲ့တဲ့ ချောက်ကမ်းပါးတိုက်ပွဲတုန်းက မြေပြင်တိုက်ခိုက်မှုအတွက် အမိန့်ပေးခဲ့တာ မြောက်အမေရိကပေါင်းစည်းတပ်ဦးက ချူယန်ပဲ။ ဒါပေမဲ့ အခု ချူယန်က ပျောက်ဆုံးနေတယ်။ သူက ဖောင်ဒေးရှင်းဘက်ကို ကူးပြောင်းသွားတာလားဆိုတာ ကျွန်မတို့ အတည်မပြုနိုင်သေးပေမဲ့... တကယ်လို့ သူတို့က ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းသွားတယ်ဆိုရင် S-Class မွန်းစတားကို ဘာလို့တိုက်ခိုက်မှာလဲ”
“အဓိပ္ပာယ်ရှိတယ်”
သံမဏိအစောင့်တပ်ရင်းမှ ဗိုလ်ချုပ် လီရှန်းသည် မျက်မှန်ဝိုင်းကို တပ်ဆင်ထားပြီး သူ၏နူးညံ့သော ပုံစံအောက်တွင် စစ်သားပီသသော ပြတ်သားမှုကိုဖော်ပြနေသည်။
“စစ်ကူတပ်ဖွဲ့တွေက မြောက်အမေရိကထဲကို ဝင်ရောက်နေပြီဆိုတာ သေချာသလောက်ရှိတယ်”
“မြောက်အမေရိကထဲ ဝင်လာတာလား။ စစ်တပ်က ငါတို့ဆီလာတာလား”
သံမဏိအစောင့်တပ်ရင်းမှ ဗိုလ်ချုပ် ကျန်းဝေကောင်းက အံ့သြတုန်လှုပ်စွာဖြင့် အသံထွက်လာသည်။
“မဖြစ်နိုင်တာ။ သွေးနီရောင်ကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းကို ရှာမတွေ့မချင်းဝင်လာဖို့ဆိုတာ မလွယ်ဘူး။ ဝင်ရိုးစွန်းဒေသက အဓိကအင်အားစုကြီးက ဒီထဲကို ဘယ်လိုလုပ်ဝင်လာမှာလဲ။ ဒါက အများကို စွန့်ပြီး အသေးအဖွဲအတွက် အန္တရာယ်အကျခံတာ မဟုတ်ဘူးလား”
“တကယ်လို့ သူတို့ မြောက်အမေရိကထဲကို မဝင်လာဘူးဆိုရင် ပစ်ကူပေးဖို့ ငါတို့ရဲ့ တည်နေရာကို ဘယ်လိုလုပ် အတိအကျသိနိုင်မှာလဲ”
ဗိုလ်ချုပ် လီရှန်းက ပြန်ပြောလိုက်သည်။
“သွေးနီရောင်ကမ္ဘာက ဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားတာလေ။ ကီလိုမီတာအနည်းငယ်အတွင်း စောင့်ကြည့်ဖို့တောင် အခက်အခဲရှိတာကို။ သူတို့က ကင်းထောက်ဖို့နဲ့ တိကျတဲ့ လမ်းညွှန်မှုအတွက် အမြင့်ပျံဒရုန်းတွေကို သုံးထားတာဖြစ်ရမယ်။ ရမ်းပစ်လိုက်တဲ့ အမြောက်ကျည်တွေတော့ မဟုတ်နိုင်ဘူးမလား”
“နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်”
မိုးကြိုးတပ်ဖွဲ့၏ တပ်မှူး ဝူရှန်းကွမ်က ကြားဖြတ်ပြောလိုက်သည်။
“ငါတို့ X3 ကို ဖောက်ခွဲလိုက်တုန်းက ဖြစ်ပေါ်လာတဲ့ အပူရှိန်ကနေတစ်ဆင့် မဟာမိတ်တွေက ငါတို့ကို တည်နေရာဖမ်းမိသွားတာလည်း ဖြစ်နိုင်တာပဲ”
“ဒီလောက်မမြန်နိုင်ဘူး။ မင်းတို့ ဖောက်ခွဲပြီးတာနဲ့ သူတို့က ချက်ချင်းလိုက်ပစ်တာလေ။ သူတို့ဘက်က အလုံအလောက်ပြင်ဆင်ထားတာပဲဖြစ်ရမယ်”
ဗိုလ်ချုပ် လီရှန်းက ဆက်ပြောသည်။
“ငါကတော့ ဒီအချက်ကို သဘောတူတယ်။ ဗိုလ်ချုပ်လော့... မင်းကော ဘာတွေးမိလဲ”
၎င်းတို့သည် မတူညီသော ကွပ်ကဲမှုစနစ်များအောက်တွင်ရှိနေကြသော်လည်း ဤသွေးနီရောင်ကမ္ဘာ၏ အခက်အခဲကြားတွင် အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သောကြောင့် သူ၏အတွေ့အကြုံက အနက်ရှိုင်းဆုံးဖြစ်သည်။ ဆုံးဖြတ်ချက်အားလုံးကို စုပေါင်းတိုင်ပင်မှုအပေါ် အခြေခံသော်လည်း နောက်ဆုံးဆုံးဖြတ်ချက်ချရာတွင် သူ၏အမြင်နှင့် ဆင်ခြင်တုံတရားက လွှမ်းမိုးမှုရှိပေသည်။
ကွပ်ကဲယာဉ်ပေါ်တွင် ဆံပင်ဖြူအနည်းငယ်ပေါက်နေသော လူအိုကြီးလော့သည် ခေတ္တတွေးပြီးနောက် စကားစလိုက်သည်။
“ငါကတော့ အနန္တရထားက ကပ္ပတိန်ချန်ရဲ့ အမြင်ကို သဘောတူတယ်။ လင်းရှန်က သူတို့ရဲ့ ခေါင်းဆောင်ပဲ၊၊ သူတို့က သူ့အကြောင်းပိုသိကြမှာပေါ့”
“ဌာနချုပ်ရဲ့ ရည်ရွယ်ချက်ကို ငါတို့ သေချာမသိသေးပေမဲ့ ဒါကတော့ ရထားအုပ်စုတွေနဲ့ တိုက်ခိုက်ရေးအဖွဲ့တွေအားလုံးအတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုပဲ”
ထိုစကားကို ကြားသောအခါ လူတိုင်းက သဘောတူညီကြောင်း ပြန်လည်တုံ့ပြန်ကြသည်။
သံမဏိအစောင့်တပ်ရင်း ၂၂မှ ဗိုလ်ချုပ် ကျန်းဝေကောင်းက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။
“ဒါဆို ဖီးနစ်က ငါတို့ကို ကူညီဖို့ စစ်တပ်စေလွှတ်လိုက်ပြီး မြောက်အမေရိကကို ရောက်နေပြီလို့ပြောတာလား”
ထိုစကားကို ကြားသောအခါ ကောင်းကင်အမိုးခုံးရထားထဲတွင် ချန်ဆီရွှမ်က လူတိုင်းကို ကြည့်လိုက်သည်။ ကျန်းရှု့ဝေ၊ နန်ကျင်း၊ ချီလီ၊ မိုနီကာ၊ ကျန်းယွမ်...
၎င်းတို့၏ အကြည့်များ ဆုံစည်းသွားကြပြီး စိတ်လှုပ်ရှားနေကြသော်လည်း ဤမေးခွန်းကမူ ရင်ထဲတွင်ရှိနေဆဲပင်၊၊
တိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်ရမည့် ကယ်ဆယ်ရေးမစ်ရှင်ဆိုသည်မှာ အလွန်ပင်မဖြစ်နိုင်သကဲ့သို့ထင်ရသည်။ ဖီးနစ်က လူသားမျိုးနွယ်ယဉ်ကျေးမှုတစ်ခုလုံးကို ပုံအောပြီး ဝင်ရိုးစွန်းဒေသကို စွန့်ခွာကာ ဤကဲ့သို့ စွန့်စားမှုမျိုးကို တကယ်ပဲ လုပ်ဆောင်ဝံ့ပါ့မလား…။