အခန်း ၁၆၁
Vol. 9 Ch. 161
အပိုင်း(၁၆၁) လမ်းပြသူမရှိသော နေ့စဉ်ဘဝ
ခေါင်းဆောင်ချူဟု သံသယရှိနေလျှင်ပင် ချန်းရီက မြူခိုးများထဲမှနေ၍ အလျင်စလို ထွက်မသွားခဲ့ဘဲ အသံထွက်ပေါ်လာရာ အရပ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေဆဲဖြစ်၏။
ချန်းရီက သူ၏ရင်ထဲ၌ အေးစိမ့်သော ခံစားချက်ကို ရုတ်တရက် ခံစားရသည်။ လက်ခုံပေါ်ရှိ မွေးညင်းများ ထောင်ထလာချိန်တွင်တော့ ကိစ္စရပ်များက သူ တွေးထင်ထားသကဲ့သို့ မဟုတ်နိုင်ကြောင်း ချန်းရီ သတိပြုမိသွားပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော ခံစားမှုမျိုး ဖြစ်ပေါ်လာပြီဆိုလျှင် အနီးအနားတွင် ထူးဆန်းသောအရာများ ရှိနေနိုင်ခြေ အလွန်များပြားသည်။
ထူးဆန်းသောအရာများနှင့် ကြုံတွေ့ရနိုင်ကြောင်းကို ယခင်ကတည်းက တွေးထားခဲ့သော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။
ချန်းရီက မီးခိုးငွေ့တစ်ချိုက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်သည်။
သွယ်လျလှပသော ပုံရိပ်တစ်ခုက ချန်းရီ၏ အနီးတွင် ပေါ်လာ၏။
မရဏနတ်သမီး ပုံရိပ်ယောင်ပင်တည်း။
အစစ်အမှန် မရဏနတ်သမီး၏ အစွမ်းသတ္တိ ၂ ရာခိုင်နှုန်း သို့မဟုတ် ၃ ရာခိုင်နှုန်းခန့်သာ ရှိသည်ဆိုစေကာမူ သာမန် ထူးဆန်းသောအရာများကိုတော့ ဖြေရှင်းနိုင်စွမ်း ရှိပေသည်။
ချန်းရီက ထင်းခုတ်ဓားမ၏ လက်ကိုင်ကို ဆုပ်ကိုင်ထားရင်း နောက်သို့ ဖြည်းညင်းစွာ ဆုတ်ကာ ကားထဲသို့ ဝင်ထိုင်၏။
အခြေအနေ မဟန်သည်နှင့်တစ်ပြိုင်နက် ချန်းရီက ချက်ချင်းပင် လီဗာကို နင်းကာ ဤနေရာမှ ထွက်ခွာသွားမည် ဖြစ်သည်။
ဟိုလူနှင့် ပတ်သက်၍တော့ ချန်းရီက သူ၏နာမည်ကိုပင် မသိချေ။ ထို့ကြောင့် သူ၏ သေခြင်း ရှင်ခြင်းကို ဂရုစိုက်နေမည် မဟုတ်ပေ။
ထိုမျှမက ချန်းရီက ထိုလူကို အိမ်မြှောင်၏ အမြီးသဖွယ် အသုံးချရန်ပင် ရည်ရွယ်ထားသေး၏။
မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့်အရာများနှင့် ကြုံတွေ့ရစေကာမူ ဤနည်းဗျူဟာက အမြဲတမ်း အသုံးဝင်လေ့ရှိသည်။
သူဌေးဝမ်က ထင်းများကို ကောက်ယူနေပြီး ထင်းကောက်ပြီးသည်နှင့် အပြန်တွင် ထမင်းချက်ရန် စီစဉ်ထား၏။
သူဌေးဝမ်သည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့သည့် အမျိုးသားပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် သူဌေးဝမ်သည် ဒေသတွင်း၌ နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ လူတိုင်းက သူ့ကို သူဌေးဝမ်... သူဌေးဝမ်... ဟု ခေါ်ဝေါ်ကြလွန်းသဖြင့် အချိန်ကြာလာသောအခါ သူ့ကိုယ်သူပင် နာမည်ရင်းကို မေ့လုမတတ် ဖြစ်လာခဲ့သည်။
ထိုအချိန်က ချန်းရီကဲ့သို့သော သာမန်လူလေးတစ်ယောက်အနေဖြင့် သူ့ကို တွေ့ဆုံခွင့်ရရန်ဆိုသည်မှာ အမှန်တကယ်ပင် မဖြစ်နိုင်သလောက် ရှိခဲ့၏။
သို့သော် ယခုအချိန်တွင်တော့ ချန်းရီ၏ စကားတစ်ခွန်းကြောင့်ပင် သူဌေးဝမ်သည် ရေခဲပြင်နှင့် ဆီးနှင်းများဖုံးလွှမ်းနေသော နေရာ၌ ထင်းကောက်ကာ ထမင်းချက်နေရပေသည်။
ကံကောင်းသည်မှာ ယခင်က မရဏနတ် ဂိုဏ်းတွင် သောက်သုံးခဲ့ရသော အရာများကြောင့် သူ့ခန္ဓာကိုယ်၌ အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့ပြီး အလွန်အမင်း အေးခဲသော ရာသီဥတုကို ခံနိုင်ရည်ရှိစွမ်းများစွာ တိုးတက်လာခဲ့ခြင်းပင်။
သူဌေးဝမ်က ထင်းကောက်ရင်း လက်ရှိအခြေအနေကို တွေးတောနေမိသည်။
ဆရာချန်းထံတွင် ရိက္ခာပစ္စည်းများစွာ ကျန်ရှိနေဦးမည် ဖြစ်သည်။
ဒီနေ့ ဆရာချန်းက ဘယ်လို ဟင်းချက်စရာတွေ ပေးမလဲဆိုတာ မသိရသေးပေ။
ထိုအသက်ရှင်ကျန်ရစ်သူများ၏ ပြောစကားအရ သူတို့သည် ယခင်က ကုလားအုတ်အသားခြောက်များကို များစွာ စုဆောင်းထားခဲ့ကြသည်ဟု သိရသည်။ အရသာက သိပ်မကောင်းလှသော်လည်း ထူးခြားသော အရသာတစ်မျိုးတော့ ရှိပေသည်။
အသားခြောက်လေး စားရရင် သိပ်ကောင်းမှာပဲ။
အသက်ရှင်လျက်ရှိသော လူ ခုနစ်ယောက် ရှစ်ယောက်ခန့် အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုတော့ သူတစ်ယောက်တည်းသာ ကျန်ရစ်တော့၏။
ဆရာချန်းက အမှန်တကယ်ပင် ရက်စက်သော လူတစ်ယောက် ဖြစ်သည်။
အစောပိုင်းက အသက်ရှင်ကျန်ရစ်သူတစ်ဦး ကိုင်တွယ်ထားမှု မမြဲသဖြင့် ကားပေါ်မှ ပြုတ်ကျသွားကာ ကားရပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆရာချန်းကတော့ ရပ်ပေးမည့် အရိပ်အယောင်ပင် မပြခဲ့ချေ။
သူဌေးဝမ်သည် ကားပေါ်မှ ပြုတ်ကျသွားသော အသက်ရှင်ကျန်ရစ်သူများကို ထူးဆန်းသောအရာများက မည်သို့ ဝိုင်းအုံ တိုက်ခိုက်သွားကြသည်ကို မျက်ဝါးထင်ထင် ကြည့်နေခဲ့ရသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဘဝကို ယခုလက်ရှိဘဝနှင့် နှိုင်းယှဉ်တွေးတောမိသောအခါ သူဌေးဝမ်၏ ရင်ထဲ၌ ဝမ်းနည်းကြေကွဲမှုများက အလိုအလျောက် ပေါ်ပေါက်လာတော့သည်။
ရုတ်တရက်ဆိုသလိုပင် သူဌေးဝမ်၏ တစ်ကိုယ်လုံး ချမ်းစိမ့်တုန်ယင်သွားပြီး ကြောက်ရွံ့တုန်လှုပ်မှုတစ်မျိုးက ရင်ထဲမှနေ၍ ထွက်ပေါ်လာ၏။
သူဌေးဝမ်၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြီး မကောင်းသော ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည်ကို သူ သတိပြုမိသွားသည်။
အမှောင်ထုကြီး ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကို သူ မော့ကြည့်လိုက်၏။
သူဌေးဝမ်က ဘာကိုမှ ထပ်မစဉ်းစားတော့ဘဲ နောက်သို့ လှည့်ကာ အပြေးအလွှား ထွက်ပြေးတော့သည်။
ခုနကမှ ကောက်ထားသော ထင်းများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသော်လည်း သူဌေးဝမ်က ပြန်ကောက်ရန် မကြိုးစားတော့ပေ။
"ဆရာချန်း... ဆရာချန်း"
သူဌေးဝမ်က အပြေးအလွှားဖြင့် အသံကျယ်ကြီး အော်ဟစ်နေပြီး သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်နေသော အမူအရာများ ပေါ်လွင်နေသည်။
ချန်းရီက လှုပ်ရှားခြင်း အလျဉ်းမရှိဘဲ ကားထဲတွင်သာ ထိုင်နေ၏။ သူ၏ အကြည့်များက ကားရှေ့လေကာမှန်နှင့် ဖြူဖွေးနေသော မြူခိုးထူထူများကို ဖြတ်သန်းကာ သူ့ထံမှ အကူအညီတောင်းခံနေသော အမျိုးသားထံသို့ ရောက်ရှိနေသည်။
သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
မိမိ၏ နှလုံးခုန်နှုန်းများ ပိုမို မြန်ဆန်လာသည်ကို သူဌေးဝမ် ခံစားနေရသည်။ ရင်ထဲမှ ကြောက်ရွံ့မှုများကလည်း ပိုမို ကြီးထွားလာပြီး မြက်ခင်းပြင်တွင် နေထိုင်သော ယုန်ငယ်လေးက ၎င်း၏ သဘာဝရန်သူနှင့် ကြုံတွေ့ရသကဲ့သို့ ဖြစ်နေ၏။
ထိုမျှမက သူဌေးဝမ်သည် သူ၏ ကိုယ်ပိုင် နှလုံးခုန်သံကိုပင် အတိုင်းသား ကြားနေရပေသည်။
သူဌေးဝမ်က မရပ်တန့်ရဲဘဲ မြူခိုးများရှိရာဘက်သို့ အရူးအမူး ပြေးလွှားနေသည်။
ထိုမြူခိုးများက မည်သည့်အရာမှန်း သူ မသိသော်လည်း မြူခိုးများထဲသို့ ပြေးဝင်သွားနိုင်ပါက အသက်ရှင်နိုင်ခြေ ရှိမည်ကိုတော့ သူ သိထားသည်။
သူ၏ ပါးစပ်မှလည်း အသံကျယ်ကြီးဖြင့် အော်ဟစ်နေဆဲ ဖြစ်သည်။ "ဆရာချန်း... ကျေးဇူးပြုပြီး... ကျွန်တော့်ကို ကယ်ပါဦး"
လက်ရှိအချိန်တွင် သူဌေးဝမ် အမြင်ချင်ဆုံးသော အရာမှာ ထိုစိမ်းသက်သက် ပုံရိပ်ပင် ဖြစ်သည်။
မိမိကိုသာ သူ ကယ်တင်ပေးနိုင်မည်ဆိုလျှင် နောက်နောင်တွင် သူ့ကျေးဇူးကို သေချာပေါက် ပြန်လည် ဆပ်မည်ဖြစ်သည်။
ဤကမ္ဘာပျက်ကပ်ကြီး ပြီးဆုံးသွားပြီး မိမိ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာချိန်တွင်တော့ သူ့ကျေးဇူးကို ကောင်းစွာ ပြန်ဆပ်မည်ဟု သူ တွေးထား၏။
"ဆရာချန်း... ကျွန်တော့်ကို ကယ်ပါဦး"
ရုတ်တရက် သူဌေးဝမ်၏ ခြေလှမ်းများ ယိုင်နဲ့သွားပြီး ခြေချော်ကျသွားသည်။ သူဌေးဝမ်က ရုန်းကန်၍ ထရန်ပင် အချိန်မရလိုက်မီ ဆိတ်ခေါင်းတစ်ခုက သူ၏ မျက်နှာနှင့် နီးကပ်စွာ ကြည့်နေသည်ကို သူ မြင်တွေ့သွားသည်။
သူဌေးဝမ်က ထိုဆိတ်၏ နှာခေါင်းထိပ်မှ ဖြာထွက်လာသော အေးစက်စက် အထိအတွေ့ကိုပင် ခံစားနေရ၏။
ဆိတ်မျက်လုံးများထဲရှိ စတုဂံပုံ သူငယ်အိမ်များတွင် ထိတ်လန့်နေသော သူ၏ မျက်နှာက ထင်ဟပ်နေသည်။
မြက်ခင်းပြင်တွင် တစ်မှေးအိပ်ပျော်သွားပြီး နိုးလာချိန်၌ မိမိ၏ ခေါင်းပေါ်တွင် ဆိတ်တစ်ကောင်က မြက်စားနေသည်ကို အတိအကျ မြင်တွေ့ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။
တကယ်ကို... မယုံနိုင်စရာပင်။
ညသန်းခေါင်ကြီးမှာ ဘယ်လိုလုပ်ပြီး ဆိတ်တစ်ကောင် ရှိနေရတာလဲ။
ဒီ... ဆိတ်က ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ။
သူဌေးဝမ်က တစ်စုံတစ်ရာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ထိုဆိတ်ကြီးက ပါးစပ်ကြီးကို ဟကာ သူ၏ ခေါင်းတစ်ခုလုံးကို တစ်ချက်တည်း ငုံခဲလိုက်သည်။
သူဌေးဝမ်က အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ လက်များဖြင့် ဆိတ်ခေါင်း၏ မျက်နှာကို အသေအလဲ တွန်းကန်ထားသည်။
ဆိတ်၏ ပါးစပ်ထဲမှ သူ၏ ခေါင်းကို ဆွဲထုတ်ရန် ကြိုးစားနေသော်လည်း ခန္ဓာကိုယ်ကြီး ပေါ့ပါးသွားသကဲ့သို့ ခံစားရကာ သူ၏ ဦးနှောက်များ ပိုမို ရှုပ်ထွေးလာပြီး နောက်ဆုံးတွင်တော့ အဆုံးမဲ့ အမှောင်ထုထဲသို့ နစ်မြုပ်သွားတော့သည်။
ဤဖြစ်စဉ် တစ်ခုလုံးကို ချန်းရီက ကားထဲတွင် ထိုင်လျက် ကားရှေ့လေကာမှန်နှင့် မြူခိုးများကို ဖြတ်သန်းကာ စောင့်ကြည့်နေခဲ့၏။
ထိုအမျိုးသား၏ သေဆုံးမှုကို ချန်းရီက အစမှ အဆုံးတိုင် မြင်တွေ့ခဲ့ရသည်။
ထိုထူးဆန်းသောအရာမှာ အမှန်တကယ်ပင် ဆိတ်တစ်ကောင် ဖြစ်နေသည်။
အလွန် သာမန်ဆန်လွန်းသော တောင်ဆိတ်တစ်ကောင်သာ ဖြစ်ပြီး တိုတောင်းလှသော အမြီးလေးက မရပ်မနား လှုပ်ရမ်းနေကာ အနက်ရောင် သားမွေးများက သွေးရောင်လမင်းအောက်တွင် ပြောင်လက်နေပေသည်။
တောင်ဆိတ်ကြီး ပေါ်လာချိန်တွင် လူကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
ဤတောင်ဆိတ်ကြီးသည် ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ လူတစ်ယောက်ကဲ့သို့ လမ်းလျှောက်နေပြီး လမ်းလျှောက်ရန် ယခုမှ သင်ယူခါစကဲ့သို့ အနည်းငယ် ယိုင်နဲ့နေပုံရသည်။
ဤတောင်ဆိတ်ကြီး တောအုပ်ထဲမှ ထွက်ပေါ်လာချိန်မှာပင် ချန်းရီ၏ ရင်ထဲ၌ သတိပေးခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟည်းသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် တောင်ဆိတ်ကြီးသည် လဲကျနေသော အမျိုးသား၏ အရှေ့သို့ ရောက်ရှိလာ၏။
မြက်စားသကဲ့သို့ပင် ထိုအမျိုးသား၏ ခေါင်းကို ပါးစပ်ထဲသို့ တိုက်ရိုက် ငုံထည့်ကာ ကိုက်ဖြတ်ပစ်သည်။
တောင်ဆိတ်ကြီး၏ ပါးစပ်ထဲတွင် ဝါးနေပြီး သွေးစက်များက သူ၏ ပါးစပ်ထောင့်မှနေ၍ တစ်စက်ချင်း စီးကျလာသည်။
တောင်ဆိတ်ကြီးက နှာခေါင်းကို ရှုံ့ကာ လေထဲတွင် တစ်စုံတစ်ရာကို အနံ့ခံနေပုံရသည်။
တောင်ဆိတ်ကြီးက ပြန်လည် မတ်တတ်ရပ်ကာ လူတစ်ယောက်ကဲ့သို့ပင် မြူခိုးများရှိရာဘက်သို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လာခဲ့သည်။
ဤနေရာတွင် မည်သည့်အကြောင်းကြောင့် ဤမြူခိုးများ ရုတ်တရက် ပေါ်လာရသနည်းဟု စူးစမ်းချင်နေပုံရသည်။
မြူခိုးများသည် သက်ရှိလူသားများ၏ အငွေ့အသက် အားလုံးကို တားဆီးပေးနိုင်သော်လည်း ကိုယ်ပျောက်စေနိုင်စွမ်းတော့ မရှိချေ။
ခေါင်းဆောင်ချူက ထူးဆန်းသောအရာတိုင်းသည် တစ်ခုနှင့်တစ်ခု မတူညီကြကြောင်း ပြောခဲ့ဖူးသည်။
အချို့သော ထူးဆန်းသည့်အရာများသည် ခြေလက်ရှစ်ချောင်း လူမျက်နှာဖြင့်ရေဘုဝဲကဲ့သို့ လူသားများထက် မနိမ့်ကျသော ဉာဏ်ရည်ဉာဏ်သွေးနှင့် ကောက်ကျစ်စဉ်းလဲမှုများ ရှိကြသည်။
အချို့သော ထူးဆန်းသည့်အရာများဆိုလျှင် လူများကဲ့သို့ပင် စကားပြောဆိုနိုင်ကြသေး၏။
အချို့သော ထူးဆန်းသည့်အရာများကမူ ပင်ကိုယ် ဗီဇအရသာ လုပ်ဆောင်တတ်ကြသည်။
မျက်မှောက်ရှိ ဤတောင်ဆိတ်ကြီး၏ အကြောင်းကို ချန်းရီ လုံးဝ မသိရှိပေ။ ယခုအချိန်တွင် ကားထဲ၌ ထိုင်နေသော ချန်းရီ၏ ကျောပြင်တစ်ခုလုံးတွင် အေးစက်သော ချွေးသီးချွေးပေါက်များ ဖုံးလွှမ်းနေတော့သည်။
လမ်းစဉ် အဆင့် (၂) မြူခိုးအကာအကွယ် ပညာရှင် ဖြစ်နေလျှင်ပင် သတ်ဖြတ်မှတ်များကို ရရှိနိုင်မည် ဆိုလျှင်ပင်။
ချန်းရီက ဤတောင်ဆိတ်ကြီးနှင့် မရင်ဆိုင်လိုပေ။
အကယ်၍ ရင်ဆိုင်ဖြစ်သွားပါက ဤတောင်ဆိတ် မိစ္ဆာကြီးကို ဖြေရှင်းရန် လွယ်ကူနေလျှင်ပင် ဆူညံသံများကြောင့် ဆွဲဆောင်ခြင်းခံရကာ ရောက်လာမည့် အခြားသော ထူးဆန်းသည့်အရာများကို သူ ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် အဆုံးမဲ့သော ရစ်ပတ်နှောင့်ယှက်မှုများနှင့် ကြုံတွေ့ရတော့မည်။
တောင်ဆိတ် မိစ္ဆာကြီးက ခြေနှစ်ချောင်းကို အသုံးပြု၍ သေခါနီး အဘိုးအိုတစ်ဦးအလား ယိုင်တိုင်တိုင်ဖြင့် မြူခိုးများအနီးသို့ ချဉ်းကပ်လာသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ နှာခေါင်းကို အသုံးပြုကာ မြူခိုးများ၏ ဘေးနားတွင် ပြင်းပြင်းထန်ထန် အနံ့ခံနေ၏။
အခြား မည်သည့် အနံ့မျှ မရသဖြင့် တောင်ဆိတ် မိစ္ဆာကြီးက အနည်းငယ် မကျေမနပ် ဖြစ်သွားကာ တိုတောင်းလှသော ခြေထောက်နှစ်ချောင်းဖြင့် မြူခိုးများထဲသို့ လျှောက်ဝင်လာသည်။ ၎င်း၏ ပါးစပ်ထဲတွင်လည်း မရပ်မနား ဝါးနေဆဲ ဖြစ်သည်။
တစ်ခါတစ်ရံတွင် တောက်ပသော သွေးစက်များက ၎င်း၏ ဗိုက်ပေါ်သို့ ကျဆင်းသွားတတ်သည်။
ထိုမျှမက...
"ဂျွတ်...ဂျွတ်..."
ဝါးနေသည့် အသံများက မြူခိုးများကို ဖြတ်သန်းကာ ချန်းရီ၏ နားထဲသို့ ဝင်ရောက်လာပေသည်။
ချန်းရီက လုံးဝ ပေါ့ဆရဲခြင်း မရှိဘဲ ဖြစ်စဉ်တစ်ခုလုံးကို တောင်ဆိတ် မိစ္ဆာကြီးထံမှ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသည်။
တောင်ဆိတ် မိစ္ဆာကြီးက မြူခိုးများထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်လာပြီး ဤနေရာမှာ မည်သည့်နေရာ ဖြစ်ကြောင်းကို သံသယဝင်နေပုံရကာ တစ်ခါတစ်ရံတွင် ခေါင်းကို ရမ်းလျက် နှာခေါင်းကိုလည်း ရှုံ့ကာ အနံ့ခံနေ၏။
အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းကြောင့် တောင်ဆိတ်ကြီး၏ အကြားအာရုံနှင့် အနံ့ခံအာရုံတို့ကို ဆုံးရှုံးသွားစေပြီး သိမြင်ခံစားနိုင်စွမ်းကိုပင် ဆုံးရှုံးသွားစေခြင်း ဖြစ်လောက်သည်။
တောင်ဆိတ် မိစ္ဆာကြီးက ပတ်ဝန်းကျင်ကို သံသယဖြင့် လှည့်ပတ်ကြည့်ရှုနေသော်လည်း ဖြူဖွေးနေသော မြူခိုးများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ရချေ။
သို့သော် အမှန်တကယ်တွင် ချန်းရီနှင့် ဤထူးဆန်းသောအရာ၏ အကွာအဝေးမှာ ပေ (၃၀) ခန့်ပင် မပြည့်ပေ။
မီးခိုးငွေ့ မြူခိုးများ၏ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းသာ မရှိခဲ့ပါက တောင်ဆိတ် မိစ္ဆာကြီးက သူ့ကို သေချာပေါက် တွေ့မြင်သွားမည် ဖြစ်သည်။
တောင်ဆိတ် မိစ္ဆာကြီးက မြူခိုးများထဲတွင် အခေါက်ခေါက်အခါခါ လမ်းလျှောက်နေပြီး ခေါင်းကိုမော့ကာ နှာခေါင်းဖြင့် တစ်စုံတစ်ရာကို မရပ်မနား အနံ့ခံနေ၏။ ၎င်း၏ ကြီးမားလှသော နားရွက်ကြီးများကလည်း မရပ်မနား လှုပ်ရှားနေသည်။
မြူခိုးများကို မောင်းထုတ်ချင်နေပုံရသည်။
အကြိမ်အနည်းငယ်ခန့်တွင် ချန်းရီနှင့် တောင်ဆိတ် မိစ္ဆာကြီး၏ အကွာအဝေးမှာ (၃) ပေခန့်ပင် မပြည့်တော့သဖြင့် ချန်းရီက ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို သတိကြီးစွာဖြင့် ရွှေ့ပြောင်းရတော့သည်။
ဤသို့ဖြင့် တောင်ဆိတ် မိစ္ဆာကြီးနှင့် ရင်ဆိုင်ရမည့် အခြေအနေကို ရှောင်ရှားနိုင်ခဲ့သည်။
တောင်ဆိတ် မိစ္ဆာကြီးက မည်သည့်အရာကိုမျှ သတိမထားမိဘဲ မြူခိုးများထဲမှ ပြန်လည် ဆုတ်ခွာသွား၏။
အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်းက အငွေ့အသက်ကိုသာ တားဆီးပေးနိုင်ပြီး ဝင်္ကပါကဲ့သို့ လမ်းစပျောက်စေသော အစွမ်းတော့ မရှိသေးချေ။
တောင်ဆိတ် မိစ္ဆာကြီးက မြူခိုးများထဲမှ ထွက်ခွာသွားပြီး ထိုအမျိုးသား၏ အလောင်းရှေ့သို့ ပြန်လျှောက်သွားကာ ဖြည်းညင်းစွာ ခေါင်းငုံ့၍ စားသောက်နေသည်။ မည်သို့ပင် ကြည့်စေကာမူ မြက်စားနေသော သာမန် တောင်ဆိတ်တစ်ကောင်နှင့်သာ တူနေပေသည်။
တစ်နာရီကျော်ခန့် ကြာပြီးနောက်တွင်တော့ ထိုအလောင်းကို အကုန် စားသောက်ပြီးသွား၏။
ထိုအမျိုးသား၏ ကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်ရုံကိုပင် မကျန်ရစ်စေဘဲ တောင်ဆိတ် မိစ္ဆာကြီးက အကုန်အစင် စားသောက်ပစ်လိုက်သည်။
မြေပြင်ပေါ်ရှိ သွေးကွက်များကိုပင် တောင်ဆိတ် မိစ္ဆာကြီးက တစ်ချက်ချင်း လျက်ယူသွားသည်။
သွေးများ ပေကျံနေသော ဆီးနှင်းများကိုပါ တောင်ဆိတ် မိစ္ဆာကြီးက ဗိုက်ထဲသို့ မျိုချပစ်၏။
ထိုအချိန်ရောက်မှသာ တောင်ဆိတ် မိစ္ဆာကြီးက ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။
ထိုအခါမှသာ ချန်းရီက သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်သွားတော့၏။
တောက်... ဒါကမှ လမ်းပြပေးမယ့်သူ မရှိတဲ့ အစစ်အမှန်ကမ္ဘာပဲ။
ဆက်ရန်...