အခန်း ၁၆၂
Vol. 9 Ch. 162
အပိုင်း(၁၆၂) နောက်ဆုံးတော့ မင်းကို တွေ့ပြီ
ချန်းရီက ဤနေရာမှ ထွက်ခွာသင့် မသင့် စဉ်းစားနေစဉ်မှာပင်။
မကြာမီမှာပင် ဆိတ်နှစ်ကောင် သုံးကောင်ခန့် ထိုနေရာသို့ ဖြတ်သန်းသွားသည်ကို ချန်းရီ တွေ့လိုက်ရ၏။ ထိုဆိတ်များသည် အစောပိုင်းက အမျိုးသား သေဆုံးသွားခဲ့သော နေရာတွင် အချိန်အတော်ကြာအောင် အနံ့ခံနေကြသည်။
ထို့နောက် ၎င်းတို့က ခေါင်းစောင်းကာ ချန်းရီရှိရာဘက်မှ မြူခိုးထူထူများကို ကြည့်နေကြပြီး၊ ဤမြူခိုးများက မည်သည့်နေရာမှ ရောက်လာသနည်းဟု သံသယဝင်နေကြဟန် တူသည်။
နာရီဝက်နီးပါးခန့် ကြည့်နေခဲ့ကြပြီး၊ ဤဆိတ်များက သူ့ကိုများ တွေ့သွားပြီလားဟု ချန်းရီ တွေးမိလိုက်ချိန်တွင်မှ ဆိတ်များက ဖြည်းညင်းစွာ ထွက်ခွာသွားကြတော့သည်။
၎င်းက ချန်းရီကို အန္တရာယ်တစ်ခုခု ရှိနေသည်ဟု ခံစားသွားရစေသည်။
တောရိုင်းထဲတွင် ရှင်သန်ရသည့်အခါ မည်မျှပင် အစွမ်းထက်သော အစွမ်းပိုင်ရှင်ဖြစ်စေကာမူ မဖြစ်မနေ မှတ်ထားရမည့် စည်းမျဉ်းတစ်ခု ရှိသည်။ ၎င်းမှာ ထူးဆန်းသောအရာများနှင့် ထိပ်တိုက်တွေ့ဆုံမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်ပင် ဖြစ်သည်။
မည်မျှပင် အားနည်းသော ထူးဆန်းသည့်အရာ ဖြစ်ပါစေ၊ တစ်ဖက်လူတွင် မည်သည့်အစွမ်းများ ရှိနေသနည်း ဆိုသည်ကို သင် ကြိုတင် မခန့်မှန်းနိုင်ပေ။
သင်က ထူးဆန်းသောအရာ တစ်ခုနှင့် စတင် တိုက်ခိုက်မိသည်နှင့် တစ်ပြိုင်နက် အခြားသော ထူးဆန်းသည့်အရာ အမြောက်အမြားကို ဆွဲဆောင်မိသွားရန် အလွန်ပင် သေချာသလောက် ရှိနေသည်။
အဆင့်မြင့် အစွမ်းပိုင်ရှင် ဖြစ်နေလျှင်တောင်မှ လှိုင်းတံပိုးများအလား တရဟော ဝင်ရောက်တိုက်ခိုက်လာမည့် ထူးဆန်းသောအရာများကို ခုခံကာကွယ်နိုင်စွမ်း မရှိနိုင်ပေ။
၎င်းသည် မရေမတွက်နိုင်သော လူများစွာ၏ အသက်များဖြင့် ရင်းနှီးရယူခဲ့ရသော အတွေ့အကြုံများနှင့် သင်ခန်းစာများပင် ဖြစ်သည်။
မူလက ဤနေရာတွင် ချူချယ်ကို စောင့်ဆိုင်းရန် ရည်ရွယ်ထားခဲ့သော်လည်း၊ ကြည့်ရသည်မှာ ဤအစီအစဉ်က မဖြစ်နိုင်တော့သည့်ပုံပင်။
ဤနေရာက လုံခြုံမှု မရှိတော့ပေ။ ထိုဆိတ်များက မြူခိုးများ ထွက်ပေါ်လာမှုကို သတိထားမိသွားကြပြီ ဖြစ်သည်။
ချန်းရီက ကားကို စက်နှိုးလိုက်သည်။ ဆူညံသံများ မထွက်ပေါ်စေရန်နှင့် အခြားသော ထူးဆန်းသည့်အရာများ၏ အာရုံစိုက်မှုကို မရရှိစေရန်အတွက် ချန်းရီသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ လျှပ်စစ်မော်တာစနစ်ကို အသုံးပြုလိုက်သည်။
သူက ကားမီးကိုပင် မဖွင့်ခဲ့ပေ။
မထွက်ခွာမီ ချန်းရီသည် မီးခိုးငွေ့များကို လူ့လက်တစ်ဖက်အသွင် ဖန်တီးကာ အစောပိုင်းက သူ ချထားခဲ့သော အမှတ်အသား ကျောက်ခဲလေးများကို ပြန်လည် ကောက်ယူလိုက်သည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ ချူချယ် အမှန်တကယ် ဤနေရာသို့ ရောက်လာမည်ကို တားဆီးရန်အတွက် ဖြစ်သည်။ အကယ်၍ ချူချယ်သာ ဤထူးဆန်းသော ဆိတ်များနှင့် ကြုံတွေ့သွားပါက အလွန် အန္တရာယ်များပေလိမ့်မည်။
သူ၏ ဘယ်ဘက် မျက်လုံးက ညဘက် အမြင်အာရုံတွင် အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။
နေ့ခင်းဘက်လောက် မကောင်းမွန်သော်လည်း မှိန်ဖျော့ဖျော့ သွေးရောင်လမင်း၏ အလင်းရောင်ဖြင့် ရှေ့မှ လမ်းကို ခပ်ရေးရေး မြင်နိုင်သေးသည်။
သို့သော် သူ၏ ညာဘက် မျက်လုံးကမူ ဤကဲ့သို့သော အခြေအနေမျိုးတွင် လုံးဝ ကန်းနေသကဲ့သို့ ဖြစ်နေပြီး အမြင်အာရုံက (၁၀) ပေ ထက်ပင် မပိုတော့ပေ။
ထူးဆန်းသောအရာများက ဒုတိယ မူလတန်းကျောင်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှ စတင်၍ အဆက်မပြတ် ရွာသွန်းနေခဲ့သော နှင်းမုန်တိုင်းကြီးက ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ဒုတိယ မူလတန်းကျောင်းတွင် ရှိနေခဲ့စဉ် အချိန်များက နှင်းများ ရွာကျနေမှုသည် ရပ်တန့်သွားခဲ့ခြင်း မရှိသလောက်ပင်။
ကွာခြားချက်မှာ တစ်ခါတစ်ရံတွင် ငန်းမွေးများကဲ့သို့ နှင်းပွင့်ကြီးများ ကျဆင်းပြီး၊ တစ်ခါတစ်ရံတွင် နှင်းပွင့်ငယ်များ ဖွဲဖွဲလေး ကျဆင်းခြင်းသာ ဖြစ်သည်။
မြေပြင်ပေါ်ရှိ နှင်းထုက သိသိသာသာ ပါးလွှာသွားကြောင်းကို ချန်းရီ သတိပြုမိလိုက်သည်။
နှင်းရှင်းစက်အသွင် ဖန်တီးထားသော မီးခိုးငွေ့များကို ရုပ်သိမ်းလိုက်ပြီးနောက် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ပုံမှန်အတိုင်း မောင်းနှင်နိုင်သွားပြီ ဖြစ်သည်။
နှင်းချော်ကာကွယ်ရေး တာယာများက မြေပြင်ပေါ်ရှိ ကျောက်ခဲငယ်များကို နင်းမိသွားသော ကြိတ်ချေသံ သဲ့သဲ့သာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။
ချန်းရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာသည် အစောပိုင်းက ဆိတ်များနှင့် တွေ့ခဲ့သော နေရာနှင့် (၆) မိုင်ခန့် ဝေးကွာနေပြီ ဖြစ်သည်။
"ချန်းရီ"
ရုတ်တရက်... အားနည်းနွမ်းနယ်နေသော်လည်း အနည်းငယ် ရင်းနှီးနေသော အသံတစ်သံက ချန်းရီ၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
ထိုအသံသည် ချူချယ်၏ အသံနှင့်လည်း ဆင်တူသလို၊ စွန်းချန်းချန်း၏ အသံနှင့်လည်း တူနေသည်။
ချန်းရီ အလွန် ဝမ်းသာသွားသည်။ တောက်...
နောက်ဆုံးတော့ မင်းကို တွေ့ပြီ... ငါကတော့...
သူ လှည့်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။ ချန်းရီ၏ ဘယ်ဘက် မျက်လုံးက လက်ခုံပေါ်မှ အမွေးများ ထောင်မတ်သွားသည်ကို တွေ့လိုက်ရသည်။
ချန်းရီက ခေါင်းလှည့်မည့် လုပ်ရပ်ကို ရပ်တန့်လိုက်ပြီး၊ တောင့်တင်းနေသော ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ပြန်တည့်လိုက်သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ယခင်အရှိန်အတိုင်း ရှေ့သို့ ဆက်လက် မောင်းနှင်သွားသည်။
"ချန်းရီ... ငါ့ကို စောင့်ဦးလေ... ငါ ကားပေါ် မရောက်သေးဘူး"
"ချန်းရီ... ငါ အရမ်း ပင်ပန်းနေပြီ... နောက်ဆုံးတော့ မင်းကို ငါ ရှာတွေ့သွားပြီ"
"ငါ ကားပေါ် တက်ပါရစေဦး"
"မင်း တံခါးဖွင့်ပေးစမ်းပါ"
ချူချယ်နှင့် ဆင်တူသလို စွန်းချန်းချန်းနှင့်လည်း ဆင်တူသော ထိုအသံသည် သူ၏ ကားနောက်မှ အပြေးအလွှား လိုက်ပါလာပုံရသည်။
ပါးလွှာသော နှင်းလွှာများနှင့် သစ်ကိုင်းခြောက်များပေါ်သို့ နင်းမိသော ခြေသံများက ချန်းရီ၏ နားထဲသို့ ဝင်ရောက်လာသည်။
ချန်းရီက ဘာမှ မကြားရသကဲ့သို့ ဟန်ဆောင်ကာ ကားကို အရှိန်မပြောင်းဘဲ ဖြည်းဖြည်းမှန်မှန် ဆက်လက် မောင်းနှင်သွားသည်။
"ချန်းရီ... မင်း... မင်းက အရမ်း ရက်စက်တာပဲ... မင်းက ငါ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့တော့မလို့လား"
ချန်းရီ ပြန်မဖြေပေ။
အသံက အနည်းငယ် နာကြည်းရက်စက်သော လေသံအဖြစ်သို့ ပြောင်းလဲသွားသည်။
"ချန်းရီ... မင်း... အရင်တုန်းက ငါတို့ အတူတူရှိခဲ့တဲ့ အချိန်တွေကို မင်း မေ့သွားပြီလား"
"ချန်းရီ... လုပ်ပါ... ငါ့ကို ကယ်ပါဦး"
"ငါ ဒီမှာ တစ်ယောက်တည်း မနေချင်ဘူး"
"ချန်းရီ... ဒီမှာ အရမ်းအေးတယ်... ငါ့မှာ စကားပြောဖော်တောင် မရှိဘူး"
"မင်း ကားရပ်ပြီး ငါ့ကို စောင့်ပေးမယ်ဆိုရင်... မင်း ခိုင်းတာ ဘာမဆို ငါ လုပ်ပါ့မယ်"
ချန်းရီမှာ တစ်ကိုယ်လုံး အေးစက်တုန်လှုပ်သွားပြီး လီဗာကို နင်းကာ အမြန်ထွက်ပြေးချင်စိတ်များ ပေါ်လာသော်လည်း ချုပ်တည်းထားလိုက်သည်။
ကားက တစ်သမတ်တည်းသော အရှိန်ဖြင့် မောင်းနှင်နေစဉ်၊ နားထဲသို့ ဝင်ရောက်လာသော အသံများက တစ်ခါတစ်ရံတွင် တောင်းပန်တိုးလျှိုးနေပြီး၊ တစ်ခါတစ်ရံတွင် ညည်းညူအပြစ်တင်နေကာ၊ တစ်ခါတစ်ရံတွင်မူ ရက်စက်ကြမ်းကြုတ်နေသည်။
သူ ကားကို ရပ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ မသိမမြင်ရသော ထူးဆန်းသည့်အရာ တစ်ခုက ကားပေါ်သို့ တက်လာလိမ့်မည်ဟု ချန်းရီ ခံစားနေရသည်။
ထို မသိရသော ထူးဆန်းသည့်အရာသည် ဤနည်းလမ်းက ချန်းရီအပေါ် အလုပ်မဖြစ်ကြောင်း သတိထားမိသွားပုံရပြီး တဖြည်းဖြည်းနှင့် အသံတိတ်သွားတော့သည်။
"ဝါး... ဝါး... ဝါး..."
ရုတ်တရက်... ကျယ်လောင်စွာ ငိုကြွေးနေသော အသံများက ချန်းရီ၏ နားထဲသို့ ဝင်ရောက်လာပြန်သည်။
ချန်းရီ၏ ဘယ်ဘက် မျက်လုံးသူငယ်အိမ်က အပ်ပေါက်အရွယ်အစားခန့်အထိ ချက်ချင်း ကျုံ့ဝင်သွားသည်။ ရှေ့မှ လမ်းဘေးတွင် (၄) နှစ်၊ (၅) နှစ် အရွယ်ခန့်ရှိ မိန်းကလေးငယ် တစ်ဦး ရပ်နေသည်။
စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ထိုမိန်းကလေးငယ်က သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်ကာ အဆက်မပြတ် အော်ဟစ်ငိုကြွေးနေပြီး၊ တောက်ပနေသော မျက်လုံးလေးများက ဖြည်းညင်းစွာ မောင်းနှင်လာသော ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို စိုက်ကြည့်နေသည်။
"ဝါး... ဝါး... ဝါး... ဦးလေး... သမီး လမ်းပျောက်နေလို့"
"ဝါး... ဝါး... ဦးလေး"
"ဦးလေး... သမီး မေမေ့ကို ရှာမတွေ့တော့ဘူး... သမီးကို မေမေ့ဆီ လိုက်ပို့ပေးလို့ ရမလားဟင်"
"ဝါး... ဝါး"
ကလေးငယ်၏ မျက်နှာပေါ်မှ ပဲစေ့လုံးခန့်ရှိသော မျက်ရည်ပေါက်ကြီးများက ကျဆင်းလာပြီး သွေးရောင်လမင်း၏ အလင်းရောင်အောက်တွင် မှိန်ဖျော့ဖျော့ အနီရောင်အဖြစ် တောက်ပနေသည်။
ချန်းရီကဲ့သို့သော လူမျိုးပင်လျှင် ဤမြင်ကွင်းကို တွေ့လိုက်ရချိန်၌ သနားစိတ်များ ဝင်လာပေလိမ့်မည်။
သို့သော် ချန်းရီက ကားကို မရပ်ခဲ့ပေ။ ကားအရှိန်ကိုပင် အပြောင်းအလဲ မလုပ်ခဲ့ဘဲ ကလေးငယ်၏ ဘေးမှ ဖြတ်သွားချိန်တွင် လုံးဝ ရပ်တန့်ခဲ့ခြင်း မရှိပေ။
ညသန်းခေါင်ယံ အချိန်ကြီးတွင်၊ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ သစ်ပင်အောက်တွင် မိန်းကလေးငယ်တစ်ဦး ရပ်နေသည်မှာ ပြဿနာမရှိဘူးဟု ပြောလာလျှင် သရဲသာ ယုံလိမ့်မည်။
ယခင်က ချူချယ်၏ အနောက်သို့သာ တကောက်ကောက် လိုက်ပါနေခဲ့သဖြင့်၊ တောရိုင်းထဲရှိ ညအချိန်များက ဤမျှလောက်အထိ အန္တရာယ်များလှကြောင်းကို သူ မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။
ထူးဆန်းသောအရာများက အလွန်ပင် ဆန်းကြယ်ပြီး မျိုးစုံမျိုးကွဲ ရှိကြသည်။
ထူးဆန်းသောအရာများကို ဖော်ပြ၍ မရနိုင်သလို၊ အဓိပ္ပာယ် ဖွင့်ဆို၍လည်း မရနိုင်ပေ။ ထိုထက်ပိုသည်မှာ တိုက်ရိုက် စိုက်ကြည့်၍ပင် မရနိုင်ခြင်း ဖြစ်သည်။
အချို့သော ထူးဆန်းသည့်အရာများက ရုံမြို့မှ တွားသွားကောင်များနှင့် တူသည်။ နှင်းကောင်မလေးက အသာအယာ ညွှန်ပြလိုက်ရုံဖြင့် ရေတွက်၍ မရနိုင်သော တွားသွားကောင်များက တရဟော ဝင်ရောက်တိုက်ခိုက်ကြသည်။
သို့မဟုတ် ခြေရှစ်ချောင်းနှင့် လူမျက်နှာကဲ့သို့ ပုံပျက်ပန်းပျက်နှင့် ရက်စက်ကြမ်းကြုတ်လှသည်။
သို့မဟုတ် သဲကန္တာရထဲမှ ခေါင်းမဲ့သဲမြွေကြီးကဲ့သို့ ဧရာမ အရွယ်အစားနှင့် ထိတ်လန့်ဖွယ် ကောင်းလှသည်။
သို့သော် အချို့သော ထူးဆန်းသည့်အရာများကမူ တိုက်ခိုက်မှု စတင်ရန်အတွက် သတ်မှတ်ထားသော အခြေအနေတစ်ခုခုကို ဖန်တီးပေးရန် လိုအပ်သည်။
ဥပမာအားဖြင့် အစောပိုင်းက ရှင်းဟွာမြို့တွင် ကြုံတွေ့ခဲ့ရသော စက္ကူငိုကြွေးကလေး ပင် ဖြစ်သည်။
ထိုအချိန်က စက္ကူငိုကြွေးကလေးသည် ချန်းရီကို ဖမ်းဆွဲထားခဲ့သည်။ ချန်းရီက စက္ကူငိုကြွေးကလေးကို သကြားလုံး တစ်လုံး ပေးလိုက်သောအခါ၊ စက္ကူငိုကြွေးကလေးမှာ မကျေနပ်သော်လည်း ချန်းရီကို လွှတ်ပေးလိုက်ပြီး သကြားလုံးကို ရွေးချယ်သွားခဲ့သည်။
များသောအားဖြင့် ဤကဲ့သို့သော ထူးဆန်းသည့်အရာများသည် ယခင်တွေ့ခဲ့ရသော အရာများထက် ရင်ဆိုင်ဖြေရှင်းရန် ပိုမို ခက်ခဲတတ်သော်လည်း တွေ့ရခဲလှသည်။
လူသားတို့၏ ယဉ်ကျေးမှုများက အလွန်လျင်မြန်စွာ ပြိုလဲပျက်စီးသွားခဲ့ပြီး ဤထူးဆန်းသည့်အရာများနှင့် ပတ်သက်၍ အသေးစိတ် လေ့လာသုတေသန ပြုလုပ်ရန် အချိန်ပင် မရလိုက်ဘဲ ကမ္ဘာကြီး ပျက်စီးသွားခဲ့ရသည်။
ထူးဆန်းသောအရာက ချန်းရီအား ကားတံခါး ဖွင့်ပေးရန် အဆက်မပြတ် သွေးဆောင်နေသော်လည်း ချန်းရီကို ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပေ။
သိသာထင်ရှားသည်မှာ အခြေအနေတစ်ခုခုကို ဖန်တီးပေးရန် လိုအပ်နေခြင်းပင် ဖြစ်သည်။
မည်သည့် အရာက ဤမသိရသော ထူးဆန်းသည့်အရာ၏ တိုက်ခိုက်မှုကို တားဆီးထားသနည်း ဆိုသည့် အခြေအနေကို ချန်းရီ သေချာ မသိသော်လည်း။
တိုက်ခိုက်ရန် လိုအပ်သော အခြေအနေများကို အပြည့်အဝ မဖြည့်ဆည်းရသေး၍သာ ဖြစ်ရမည်။
ထို့ကြောင့် ချန်းရီသည် ယခုလက်ရှိ အခြေအနေကိုသာ ဆက်လက် ထိန်းသိမ်းထားပြီး ကားကို ရှေ့သို့သာ ဆက်လက် မောင်းနှင်နေခဲ့သည်။
ကားအရှိန်ကိုပင် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
"အစ်ကို... ခဏလောက် ရပ်ပေးလို့ရမလား... ညီမ ရှေ့က ရွာကို သွားချင်လို့... လမ်းကြုံ ခေါ်သွားပေးလို့ ရမလား"
လမ်းဘေးတွင် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသော စကတ်ကျပ်ကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရပ်နေပြန်သည်။
သွေးရောင်လမင်း၏ အလင်းရောင်အောက်တွင် ဤအမျိုးသမီး၏ ခန္ဓာကိုယ် ကောက်ကြောင်းများက အလွန်တရာ ဆွဲဆောင်မှု ရှိနေပြီး၊ ဉာဏ်ရည်တု ဖြင့် ဖန်တီးထားသော အလှမယ်များကဲ့သို့ပင် ဖြစ်နေသည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်ကို ထည့်မတွက်ဘဲ အမျိုးသမီး၏ ခန္ဓာကိုယ်ကိုသာ ကြည့်မည်ဆိုလျှင်။
တိုက်ရိုက်ထုတ်လွှင့်မှုသာ ပြုလုပ်လိုက်ပါက မိနစ်ပိုင်းအတွင်းမှာပင် လူသောင်းနှင့်ချီ၍ ဝင်ရောက်ကြည့်ရှုကြမည်မှာ သေချာသည်။
အမျိုးသမီး၏ ဘေးမှ ကားဖြတ်သွားချိန်တွင် ထိုအမျိုးသမီးက ကားတံခါးပေါ်သို့ လက်တင်ကာ တံခါးဖွင့်ပြီး ကားပေါ်သို့ တက်ရန် ကြိုးစားနေသည်ကိုပင် ချန်းရီ ခံစားလိုက်ရသည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် သူမက လက်လျှော့သွားပုံရသည်။
တစ်ခဏမျှ ချန်းရီမှာ ကြောက်လန့်သွားပြီး နဖူးမှ ချွေးစေးများပင် ကျလာခဲ့သည်။
ဤကဲ့သို့ဖြင့် လမ်းခရီးတစ်လျှောက်တွင် ကားကြုံစီးလိုသော လူပေါင်းများစွာနှင့် ချန်းရီ ကြုံတွေ့ခဲ့ရသည်။
ထိုလူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများနှင့် သူနှင့် ရင်းနှီးကျွမ်းဝင်သူများပင် ပါဝင်နေသည်။
ထို့ပြင် လိမ်ကောက်ပြီး ရူးသွပ်နေသော မျက်လုံးတစ်စုံကလည်း သူ့ကို စိုက်ကြည့်နေသေးသည်။
ချန်းရီ၏ အာရုံကြောများမှာ တစ်ချိန်လုံး တင်းမာနေခဲ့ပြီး ကားအတွင်း၌လည်း မီးခိုးငွေ့များ အပြည့် ဖုံးလွှမ်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ချန်းရီသည် မည်သည့် တိုက်ခိုက်မှုကိုမျှ မခံခဲ့ရပေ။
ဤထူးဆန်းသောအရာများသည် တိုက်ခိုက်ရန် အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းနေကြပုံရသည်။
သို့သော် ချန်းရီက သူတို့၏ မည်သည့် ခေါ်သံကိုမှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
လုံခြုံစိတ်ချရသည်ဟု သူထင်ရသော နေရာတစ်ခုသို့ ရောက်သည်အထိပင်။
ချန်းရီက မီးခိုးငွေ့များကို အကြိမ်များစွာ မှုတ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင် ပေ (၃၀၀) ခန့် အကွာအဝေး တစ်ခုလုံးကို မီးခိုးငွေ့များဖြင့် လွှမ်းခြုံထားလိုက်မှသာ သက်ပြင်းကြီးကြီး တစ်ချက် ချနိုင်တော့သည်။
လက်ကောက်ဝတ်ရှိ စမတ်နာရီကို ကြည့်လိုက်ရာ မနက် (၅) နာရီ (၄၀) မိနစ် ရှိနေပြီ ဖြစ်သည်။
မိုးကုပ်စက်ဝိုင်းဆီတွင် အလင်းရောင်များ မှိန်ဖျော့ဖျော့ ပေါ်ထွက်လာပြီ ဖြစ်သည်။
ထူးဆန်းသောအရာများသည် နေ့ခင်းဘက်တွင် ပို၍ အသားကျလာလိမ့်မည်ဟု ချူချယ်က ပြောခဲ့ဖူးသည်။
သို့သော် ၎င်းကလည်း အချိန်တစ်ခုတော့ ယူရဦးမည် ဖြစ်သည်။
နေ့ခင်းဘက်အချိန်သည် လူတို့ကို လုံလောက်သော လုံခြုံမှု ခံစားချက်ကို အမြဲတမ်း ပေးစွမ်းနိုင်စွမ်း ရှိသည်။
ထိုအခါမှသာ ချန်းရီသည် အကြီးအကျယ် သက်ပြင်းချလိုက်ပြီး၊ ဝတ်ဆင်ထားသော အမွေးထူ အနွေးထည်ကို ချွတ်ကာ ကားနောက်ခန်းသို့ ပစ်တင်လိုက်သည်။
"အင်း..."
မဖြစ်နိုင်တာ... အပူချိန်က တော်တော်လေး တက်လာသလိုပဲ။
အရင်ကလောက် မအေးတော့သလိုပဲ။
ချန်းရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ သစ်ပင်ထိပ်ဖျားများနှင့် မြေပြင်ပေါ်တွင် အဖြူရောင် နှင်းများ မရှိတော့သည်ကို တွေ့လိုက်ရသည်။
မီးခိုးငွေ့များသည် အခြားသူများ၏ အမြင်အာရုံကို ပိတ်ဆို့နိုင်သော်လည်း ချန်းရီ၏ အမြင်အာရုံကိုမူ မပိတ်ဆို့နိုင်ပေ။
မိုးကုပ်စက်ဝိုင်းဆီမှ လင်းလက်လာသော အလင်းရောင်များထဲတွင် မြူခိုးပါးပါးလေးတစ်လွှာ ပေါ်ထွက်လာသကဲ့သို့ ထင်မှတ်ရသည်။
ဆက်ရန်...