← Chapters

အခန်း ၁၆၈

Vol. 9 Ch. 168

အခန်း ၁၆၈

Vol. 9 Ch. 168

အပိုင်း(၁၆၈) မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲခြင်း

"ချွမ်... ချွမ်... ချွမ်... "

လိပ်တံခါးမှာ ဆူညံသော အသံများ ထွက်ပေါ်လာပြီးနောက် အသက်(၂၀)ဝန်းကျင် အရွယ်ရှိ ညစ်ပတ်ပေရေနေသော မိန်းကလေးတစ်ဦးကို မြင်လိုက်ရ၏။

ချန်းရီနှင့် ချူချယ်ကို မြင်လိုက်ရချိန်တွင် ထိုမိန်းကလေး၏ မျက်လုံးထဲ၌ ပထမဆုံး ပေါ်လာသည့် တုံ့ပြန်မှုမှာ ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မဟုတ်ဘဲ ဝံပုလွေတစ်ကောင်လို လောဘရမ္မက်ကြီးသော အကြည့်မျိုး ဖြစ်နေသည်။

ဤအဖြစ်အပျက်က အလွန်တိုတောင်းလှပြီး ထိုအမူအရာမှာ မိန်းကလေး၏ မျက်နှာပေါ်တွင် (ဝ.၁)စက္ကန့်မျှသာ ပေါ်လာခဲ့ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

မိန်းကလေး၏ မျက်နှာအောက်ပိုင်းကို ရိုးရှင်းသော နှာခေါင်းစည်းတစ်ခုဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာကို သေချာစွာ မမြင်ရပေ။

ချန်းရီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ဒီအမူအရာက နည်းနည်းတော့ မှားယွင်းနေသလိုပဲ။

ဤစုဝေးရာ နေရာငယ်လေးတစ်ခုလုံးက ထူးဆန်းသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေ၏။

သို့သော် ချန်းရီက ဘာမှမပြောဘဲ ချူချယ်ကို တစ်ချက်သာ ကြည့်လိုက်သည်။ ချူချယ်၏ မျက်နှာအမူအရာမှာ ဘာမှမပြောင်းလဲသော်လည်း ထိုမိန်းကလေး၏ ခုနက အမူအရာကို ဤကောင်လည်း မြင်လိုက်မည်ဆိုတာကို ချန်းရီ သိနေ၏။

"ဦးလေးကျန်း... ပြန်ရောက်လာပြီလား... ဒီနှစ်ယောက်က... "

ထိုအချိန်တွင် ချန်းရီ၏ ကားမှာ လိပ်တံခါးပေါက်နှင့် မျက်နှာချင်းဆိုင် ရပ်ထားသဖြင့် မိန်းကလေးက ယာဉ်မောင်းဘေးခုံမှ လူကို မြင်နိုင်စွမ်း ရှိနေသည်။

"ရှောင်ဟွာ... ဒီနှစ်ယောက်က ဆရာချန်းနဲ့ ဆရာချူတဲ့... အစွမ်းပိုင်ရှင်တွေကွ"

"အစွမ်းပိုင်ရှင်" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် မိန်းကလေး၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။

ယခင်က ရှိနေခဲ့သော လောဘရမ္မက်များကို ပိုမို နက်ရှိုင်းစွာ ဖုံးကွယ်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင်တော့ ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ပေါ်လာတော့သည်။

မိန်းကလေးသည် ချန်းရီ၏ မျက်နှာကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ကြည့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ချန်းရီ၏ မျက်လုံးတစ်စုံမှာ အလွန် ထူးဆန်းနေသောကြောင့် ဖြစ်သည်။

ဘယ်ဘက် မျက်လုံးက သွေးလိုနီရဲနေပြီး ညာဘက် မျက်လုံးက အနည်းငယ် ဖြူရော်နေ၏။

ဒီမျက်လုံး နှစ်လုံးက တစ်ခုခု ထူးခြားနေတယ်လို့ မပြောရင်တောင် ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ပေ။

ချန်းရီ၏ အစွမ်းပိုင်ရှင် ဆိုသော အဆင့်အတန်းနှင့်ပါ ပေါင်းစပ်လိုက်သောအခါ လူတွေကို ပိုပြီး သိချင်စိတ် ဖြစ်ပေါ်စေတော့သည်။

"ငါ့ခြေထောက် ဒဏ်ရာရလာလို့... ရှောင်လုံနဲ့ အားဟောင်ကို ထွက်ပြီး ကူခိုင်းလိုက်ပါဦး"

အမျိုးသား၏ အက်ကွဲကွဲ အသံက နှာခေါင်းစည်းအောက်မှ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

ထိုအခါမှ မိန်းကလေးမှာ အလန့်တကြား ဖြစ်သွားပြီး အထဲသို့ အမြန် လှမ်းအော်လိုက်၏။

"ရှောင်လုံ... အားဟောင်... ဦးလေးကျန်း ဒဏ်ရာရလာတယ်... မြန်မြန် ထွက်လာကြဦး"

"လာပြီ... လာပြီ... ဘာတွေ အော်နေတာလဲ... ဒဏ်ရာရတော့လည်း ရတာပေါ့... သူ့ကို ငါတို့က ထမ်းခေါ်ရမှာလား"

အနီရောင်နှင့် အပြာရောင် ဆံပင်များ ဆိုးထားသော လူငယ်နှစ်ဦးက အထဲမှ ယိမ်းထိုးလျက် ထွက်လာကြသည်။ နှစ်ယောက်စလုံးက ပေါ့ပေါ့ပါးပါး ဖိနပ်များနှင့် ဘောင်းဘီကျပ်များကို ဆင်တူ ဝတ်ဆင်ထားကြ၏။

အသက်(၂၀)ဝန်းကျင်ခန့်သာ ရှိမည်ဟု ထင်ရပြီး မျက်နှာတွင် နှာခေါင်းစည်းများ တပ်ဆင်ထားသော်လည်း သူတို့၏ လမ်းလျှောက်ပုံမှာ အလွန် ရောင့်တက်နေသည်။

ထိုသို့ လမ်းလျှောက်လာရင်း ခေါင်းများကလည်း တယိမ်းတယိုင် ဖြစ်နေကာ ကြည့်ရသည်မှာ လူမိုက်နှစ်ကောင်နှင့်ပင် တူနေသေး၏။

သို့သော် ထိုနှစ်ယောက်၏ မျက်နှာပေါ်တွင်လည်း ရိုးရှင်းသော နှာခေါင်းစည်းများကို တပ်ဆင်ထားကြသည်။

ချန်းရီနှင့် ချူချယ်ကို မြင်လိုက်ရချိန်တွင် ထိုနှစ်ယောက်၏ မျက်လုံးများ အရောင်လက်သွား၏။

"ဟေ့... ပစ္စည်းအသစ်တွေ ရောက်လာတာလား"

"ဒီမျက်လုံးတွေက တော်တော် မိုက်တာပဲ... "

ရှောင်ဟွာ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

"ရူးနေလား... ဒီနှစ်ယောက်က အစွမ်းပိုင်ရှင်တွေ... နင်တို့က သွားစချင်နေတာလား"

ထိုလူငယ်နှစ်ဦးက ရှောင်ဟွာကို အလွန် ကြောက်ရွံ့ပုံရသည်။ အနီးသို့ ရောက်လာသောအခါ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ငြိမ်ကျသွား၏။

"အစွမ်းပိုင်ရှင်" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ထိုနှစ်ယောက်မှာ လျှပ်စစ်ရှော့တိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် အဆပေါင်းများစွာ လိမ္မာရေးခြား ရှိသွားကြတော့သည်။

ချန်းရီ၏ မျက်လုံးများကိုပင် သူတို့ မကြည့်ရဲတော့ပေ။

ထိုနှစ်ယောက်သည် ဦးလေးကျန်းကို ကားပေါ်မှ အမြန် လိမ္မာစွာ ကုန်းပိုးချလိုက်ပြီး လိပ်တံခါးပေါက်ထဲသို့ ဝင်သွားကြသည်။

သို့သော် လိပ်တံခါးပေါက်ထဲသို့ မဝင်မီတွင် ထိုနှစ်ယောက်က အနောက်သို့ အဆက်မပြတ် လှည့်ကြည့်နေကြသေး၏။

သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများရော လောဘရမ္မက်များပါ ပြည့်နှက်နေပြီး အထူးသဖြင့် ချန်းရီ၏ မျက်လုံးများနှင့် တံခါးဝတွင် ရပ်ထားသော ကားနှစ်စီးကို ကြည့်နေခြင်း ဖြစ်သည်။

ထိုအထဲတွင် ခေါင်းဆောင်ချူချယ်၏ ကားမှာ ရိက္ခာပစ္စည်း အမြောက်အမြား တင်ဆောင်ထားမှန်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေ၏။

ရှောင်ဟွာက အလွန် သဘောကောင်းသော အပြုံးတစ်ခုကို ပြုံးပြရင်း ပြောလိုက်သည်။

"လူကြီးမင်းတို့... အထဲဝင်ပြီး ခဏလောက် ထိုင်ပါဦးလား... ဦးလေးကျန်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်မတို့ ကောင်းကောင်း ကျေးဇူးမဆပ်ရသေးလို့ပါ"

"ကျွန်တော်တို့မှာ တခြားကိစ္စတွေ ရှိသေးတယ်... စောစောက ဦးလေးကျန်းကို ကယ်တုန်းက သူက ခင်ဗျားတို့ဆီက လမ်းပြတစ်ယောက် ပေးပြီး ဒီနေရာကနေ ထွက်သွားဖို့ ကူညီမယ်လို့ ကတိပေးထားတယ်... အဲဒါ ခင်ဗျား ဆုံးဖြတ်ပေးလို့ ရမလား"

ချန်းရီက ချူချယ် ဘာမှမပြောသည်ကို မြင်သောအခါ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောချလိုက်၏။

သူ၏ စိတ်ထဲတွင် ဤအဖွဲ့ငယ်လေးအပေါ် သံသယများနှင့် သိချင်စိတ်များစွာ ရှိနေသော်လည်း...

ယခုအချိန်သည် အချိန်ဆွဲနေရမည့် အချိန် မဟုတ်ပေ။

မိန်းကလေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကျွန်မ ဆုံးဖြတ်လို့ မရပါဘူး... လူကြီးမင်းတို့ နှစ်ယောက် ကျွန်မနဲ့အတူ အထဲဝင်ပြီး ခဏလောက် ထိုင်နေပေးပါလား... ဒီကိစ္စကို တခြားလူတွေနဲ့ တိုင်ပင်ရဦးမှာမလို့ပါ"

ချန်းရီနှင့် ချူချယ်တို့မှာ အနည်းငယ် တုံ့ဆိုင်းနေဆဲဖြစ်သည်ကို မြင်သောအခါ...

မိန်းကလေးက ထပ်မံ ပြောလိုက်ပြန်သည်။

"စိတ်ချပါ... အချိန်အများကြီး မကြာပါဘူး... အလွန်ဆုံး မိနစ်နှစ်ဆယ်လောက်ပါပဲ"

ချူချယ်က အနည်းငယ် တုံ့ဆိုင်းနေ၏။

ချန်းရီကမူ မျက်မှောင်ကြုတ်လိုက်ပြီး ဤဈေးဝယ်စင်တာငယ်လေး၏ တံခါးပေါက်ကို အကဲခတ်လိုက်သည်။

စူပါမားကတ် တံခါးဝတွင် ရှုပ်ပွနေသည်မှာ မပြောနှင့်ဦး၊ ဘေးဘက် ဆိုင်ခန်းများ၏ တံခါးဝ မြေပြင်ပေါ်တွင်လည်း မည်းညစ်ညစ် အစွန်းအထင်းများ ရှိနေပြီး ကြာမြင့်နေပြီဖြစ်သော သွေးကွက်များ မည်းနက်သွားသည့် ပုံစံမျိုးနှင့် တူနေ၏။

ဒါက သောက်ကျိုးနည်း သရဲကားတွေထဲက ဇာတ်ကွက်မျိုး မဟုတ်ဘူးလား။

ထိုသရဲကားများ၏ ဇာတ်ကွက်ထဲတွင် ဇာတ်လိုက်အဖွဲ့သည် ပြဿနာရှိပုံရသော အိမ်ဟောင်းကြီးတစ်ခုကို တွေ့ရှိပြီး အထဲသို့ ဝင်သွားပြီးနောက် အားလုံး သေကုန်ကြသည် မဟုတ်ပါလော။

အရင်က ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို ကြည့်ရတိုင်း...

ချန်းရီသည် ကြည့်ရင်းဖြင့် ဆဲရေးတိုင်းထွာမိ၏။ ဒီလူတွေက အရူးတွေလား။ ပြဿနာရှိမှန်း သိသာနေတာတောင် အထဲကို ဝင်သွားကြသေးတယ်။

တစ်နေ့ကျလျှင် ဤကဲ့သို့သော ဦးနှောက်မရှိသည့် ဇာတ်ကွက်မျိုး မိမိကိုယ်တိုင် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ချန်းရီသည် သဘောတူရန် ပြင်နေသော ချူချယ်ကို ချက်ချင်း တားဆီးလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်၏။

"ကျွန်တော်တို့ အချိန်လုနေရတာ... ကြည့်ရတာ ခင်ဗျားလည်း ဒီက ဒေသခံတစ်ယောက် ဖြစ်မယ်ထင်တယ်... ခင်ဗျားပဲ ကျွန်တော်တို့နဲ့ လိုက်ခဲ့ရင် ဘယ်လိုလဲ"

ရှောင်ဟွာ ဟုခေါ်သော ဤမိန်းကလေး၏ စကားပြောသံ လေယူလေသိမ်းမှာ စောစောက ကယ်တင်ခဲ့သော ဦးလေးကျန်းနှင့် အလွန် တူညီနေသည်။

ထို့ကြောင့် ချန်းရီက တစ်ဖက်လူမှာ တဝူမြို့ (မြူခိုးမြို့) မှ ဒေသခံတစ်ဦး ဖြစ်နိုင်သည်ဟု ခန့်မှန်းမိလိုက်ခြင်း ဖြစ်၏။

ထိုမိန်းကလေးမှာ ချန်းရီက ဤမျှ ရောင့်တက်ပြီး ကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် မျက်နှာအနည်းငယ် ပြောင်းလဲသွားပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"ဒီက... လူကြီးမင်း... ကျွန်မက မလိုက်ချင်လို့ မဟုတ်ပါဘူး... ဒီမှာ ကျွန်မရဲ့ အဖေနဲ့ အမေ ရှိနေသေးလို့ပါ... ကျွန်မ ထွက်သွားရင် နည်းနည်း အဆင်မပြေဖြစ်မှာစိုးလို့ပါ"

ချန်းရီက အပိုစကားများ မပြောချင်တော့ဘဲ သူ၏ မျက်လုံးများမှာ ကြမ်းတမ်းလာ၏။

"ခင်ဗျားကို အဲဒီလောက် ဂရုစိုက်မနေနိုင်ဘူး... အခုချက်ချင်း ကျွန်တော်နဲ့ လိုက်ခဲ့"

မိန်းကလေး၏ မျက်နှာမှာ ဖြူရော်လာပြီး ယခင်က တည်ငြိမ်နေမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

အသက်ငယ်သေး၍ ဤကဲ့သို့ ရောင့်တက်သော လူမျိုးကို တစ်ခါမှ မကြုံဖူးသေးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

သို့သော် မိန်းကလေး ဘာမှ မပြောနိုင်မီမှာပင် လိပ်တံခါးပေါက်ထဲမှ လူတစ်စု ပြေးထွက်လာသည်ကို မြင်လိုက်ရ၏။

ထိုလူများမှာ တစ်ယောက်ချင်းစီတိုင်းက ပိန်ချုံးနေကြပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း အလွန် စုတ်ပြတ်သပ်နေသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် ရိုးရှင်းစွာ ပြုလုပ်ထားသော နှာခေါင်းစည်းများကို တပ်ဆင်ထားကြသော်လည်း သူတို့၏ မျက်လုံးများမှာ အလွန် ရက်စက်ကြမ်းကြုတ်နေကြ၏။

လက်ထဲတွင်လည်း သံပိုက်လုံးများ၊ မီးသတ်ပုဆိန်များ၊ ဟင်းနုတ်ဓားများသာမက သေနတ် လေးငါးလက်ကိုပင် ကိုင်ဆောင်ထားကြသေးသည်။

ဒါက သေနတ်တွေပဲ...။

ဟွာရှနိုင်ငံ၏ မူဝါဒများကြောင့် လူအများစု၏ သေနတ်နှင့် ပတ်သက်သော ဗဟုသုတမှာ ရုပ်မြင်သံကြား၊ ရုပ်ရှင်များ သို့မဟုတ် ဗီဒီယိုတိုလေးများထဲတွင်သာ ကန့်သတ်ချက် ရှိနေခဲ့သည်။

စစ်သင်တန်းများတွင်ပင် တချို့နေရာများ၌ သေနတ်များကို ထုတ်မပေးတတ်ကြပေ။

ဒါက ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက် သေနတ်ကဲ့သို့သော ပစ္စည်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင် ဖြစ်သည်။

သေနတ်များသည် ထူးဆန်းသည့် အရာများကို ရင်ဆိုင်ရာတွင် အသုံးမဝင်သော်လည်း လူအချင်းချင်း တိုက်ခိုက်ရာတွင်တော့ အလွန် အသုံးဝင်လှပေသည်။

ချန်းရီတွင် ထယ်ရှီး ကဲ့သို့ ကြံ့ခိုင်သော ခန္ဓာကိုယ်မျိုး မရှိချေ။

ချန်းရီ၏ တုံ့ပြန်မှုမှာ အလွန် မြန်ဆန်လှသည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် မီးခိုးငွေ့တစ်လွှာအဖြစ် ပြောင်းလဲသွားပြီး အလွန် ပေါ့ပါးစွာဖြင့် အနောက်ဘက်သို့ လွင့်ပျံသွားတော့၏။

ချန်းရီ၏ ဤတုံ့ပြန်မှုက ပြေးထွက်လာသော လူများကို ချက်ချင်း အံ့အားသင့်သွားစေပြီး တစ်ခဏမျှ ကြက်သေသေသွားကာ ဘာလုပ်ရမှန်း မသိဖြစ်သွားကြသည်။

ဘေးနားရှိ ခေါင်းဆောင်ချူချယ်က ပြုပြင်မွမ်းမံထားသော လမ်းကြမ်းမောင်းကား အနောက်သို့ အစောကြီးကတည်းက ပုန်းရှောင်သွားခဲ့ပြီ ဖြစ်ကြောင်း ဘယ်သူက သိမည်နည်း။

ဤကောင်သည် အခြေအနေမဟန်ကြောင်း သိလိုက်သည်နှင့် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် ချန်းရီ၏ ဤတုံ့ပြန်မှုကတော့ ခေါင်းဆောင်ချူချယ်ကိုပါ ချက်ချင်း အံ့အားသင့်သွားစေတော့သည်။

ဟေ့ကောင် ချန်းရီ... မင်းက တောက်... ဒီလို အကွက်မျိုး ဖွက်ထားသေးတာပေါ့လေ။

ဒီနေ့သာ ဒီအခြေအနေမျိုး မကြုံရဘူးဆိုရင် မင်းက ဘယ်လောက်ကြာကြာတောင် ဖုံးကွယ်ထားဦးမလို့လဲ။

သို့သော် ဤအချိန်သည် ရန်ဖြစ်နေရမည့် အချိန် မဟုတ်ပေ။

ချန်းရီ၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ စိတ်ထဲတွင် ဤလူများကို သတ်ဖြတ်ရန် ရည်ရွယ်ချက်များ ပေါ်ပေါက်လာခဲ့၏။

တောက်... မီးခိုးငွေ့အဖြစ် ပြောင်းလဲခြင်းဆိုတာ မိမိရဲ့ နောက်ဆုံး ဖွက်ထားတဲ့ အစွမ်းပဲ။ ချူချယ်တောင် မသိဘူး။ အခုတော့ ဒီလူတွေကြောင့် ထုတ်သုံးလိုက်ရပြီ။

ချန်းရီ၏ သွေးမျက်လုံးမှာ အနည်းငယ် နီရဲလာ၏။ ထင်ရှားသည်မှာ ဤတစ်ကြိမ်တွင် သွေးမျက်လုံး၏ အစွမ်းကို အသုံးပြုတော့မည် ဖြစ်သည်။

ချန်းရီ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ထိုလူများအထဲမှ ဆံပင်နီနှင့်ကောင်က စတင် အော်ဟစ်လိုက်တော့၏။

"ညီအစ်ကိုတို့ မကြောက်ကြနဲ့... အစွမ်းပိုင်ရှင် ဆိုတာလောက်ကတော့ ငါတို့ အရင်က မလုပ်ဖူးတာမှ မဟုတ်တာ"

"သူတို့ဆီမှာ ရိက္ခာတွေ အများကြီး ပါလာမှာ သေချာတယ်"

"ဆူဖြိုးဝဖြီးနေတဲ့ ဒီကောင်နှစ်ကောင်ကို သတ်ပစ်လိုက်ရင် ငါတို့ အကြာကြီး စားလို့ရပြီ"

ဆူဖြိုးဝဖြီးနေတဲ့နှစ်ကောင် ဟုတ်လား။

အကြာကြီး စားလို့ရပြီ ဟုတ်လား။

ဤစကားလုံးများကို ကြားလိုက်ရချိန်တွင် သဘောကောင်းလှသော ခေါင်းဆောင်ချူပင် ဒေါသထွက်သွားတော့သည်။

ငါက ဆူဖြိုးဝဖြီးနေတာ ဟုတ်လား။

ငါက တောင့်တင်းကျစ်လစ်နေတာကွ...။

သောက်ကျိုးနည်း... လုံးဝ သည်းမခံနိုင်တော့ဘူး...။

ဆက်ရန်...

All Chapters