အခန်း ၁၆၉
Vol. 9 Ch. 169
အပိုင်း(၁၆၉) ရှင်ကမှ မိစ္ဆာအစစ်ပဲ
ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်ကို ဝဖြိုးပြီး ဆူဖြိုးနေသည်ဟု ပြောဆိုခြင်းက လူကို အနည်းငယ် စော်ကားရာ ကျလွန်းနေ၏။
ချန်းရီက ဝသည်ဟု မဆိုသာသည့်အပြင် ကမ္ဘာပျက်ကပ် မတိုင်မီက စံနှုန်းများအရ အရပ် ခြောက်ပေနှင့် ကိုယ်အလေးချိန် ပေါင် ၁၅၀ ဝန်းကျင်သာ ရှိသဖြင့် ဝသည်ဟု မသတ်မှတ်နိုင်ဘဲ အနည်းငယ် ပိန်ပါးသည့်ဘက်သို့ပင် သွားနေသေးသည်။
ခေါင်းဆောင်ချူ ဖြစ်သော ချူချယ်နှင့် ပတ်သက်၍ ဆိုရလျှင် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သည်ဟု ပြော၍ ရနိုင်သော်လည်း လုံးဝ ဝဖြိုးနေခြင်းတော့ မဟုတ်ပေ။
သို့သော် မျက်စိရှေ့ရှိ ဤအရိုးပေါ် အရေတင်နေသော လူစုနှင့် နှိုင်းယှဉ်လိုက်ပါက သူတို့နှစ်ယောက်မှာ အမှန်တကယ်ပင် အနည်းငယ် ဝဖြိုးနေသကဲ့သို့ ဖြစ်နေသည်။
ရှေ့ဆုံးမှ ပြေးလာသော ဆံပင်နီနှင့် လူငယ်သည် ချန်းရီထက် အရပ် အနည်းငယ် ပုကာ တစ်ကိုယ်လုံးတွင် အရိုးပေါ် အရေတင်နေပြီး အသားဟူ၍ တစ်စက်ကလေးမျှ မရှိသကဲ့သို့ ပိန်ချုံးနေ၏။
ဘေးဘက်သို့ အဆက်မပြတ် ဆုတ်ခွာနေသော ရှောင်ဟွာဆိုသည့် မိန်းမမှာလည်း ကြည့်ရသည်မှာ ပေါင် ၉၀ တောင် ပြည့်ပုံမပေါ်ပေ။
ထိုလူစုမှာ ပြင်းထန်စွာ အာဟာရချို့တဲ့နေပုံရပြီး စိတ်ပိုင်းဆိုင်ရာတွင်လည်း ပြဿနာ အနည်းငယ် ရှိနေပုံရသည်။
ချန်းရီက အလွန် ဒေါသထွက်သွားသည်။ ထိုလူများသည် စည်းမျဉ်းမရှိသည့်အပြင် သေနတ်ကိုပင် ကိုင်ဆောင်ထားကြသေးသည်။
ဘယ်ဘက် မျက်လုံးရှိ သွေးမျက်လုံးမှ အနီရောင် အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာပြီး ငရဲပြည်မှနေ၍ လူ့ပြည်ကို ချောင်းမြောင်းကြည့်ရှုနေသော မိစ္ဆာတစ်ကောင်နှင့်ပင် တူနေတော့သည်။
ချန်းရီတွင် မျက်စိရှေ့ရှိ ထိုလူများကို အစအနမကျန် ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းပေါင်း ရာချီ၍ ရှိနေသည်။
ယခုကဲ့သို့ အခြေအနေမျိုးအထိ ဖြစ်ပေါ်လာခြင်းမှာ သူ၏ အမှား မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
ဤလူစုသည် ယခင်ကလည်း ဤကဲ့သို့သော လုပ်ရပ်မျိုးကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပုံရသည်။
တစ်ဖက်တွင်လည်း ချန်းရီသည် ထိုလူများထံမှ သတင်းအချက်အလက် အချို့ကို ရယူချင်နေ၏။
အခြားတစ်ဖက်တွင်မူ ချန်းရီက သွေးမျက်လုံး၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်နေသည်။
အသူရာ သွေးမျက်လုံးထံမှ ရရှိခဲ့သော သွေးမျက်လုံးသည် အသူရာ သွေးမျက်လုံး၏ အစွမ်းအချို့ကို အမွေဆက်ခံထားသည်။
ယခုအချိန်အထိ သွေးမျက်လုံးတွင် မည်မျှလောက် စွမ်းအားရှိသည်ကို သူ မစမ်းသပ်ရသေးပေ။
ယခင် မူလတန်းကျောင်းတွင် ရှိနေစဉ်က တိုက်ပွဲ အခြေအနေမှာ အလွန် ပြင်းထန်နေပြီး သွေးမျက်လုံးကိုလည်း ယခုမှ အသစ် အစားထိုးထားခြင်း ဖြစ်သဖြင့် စွမ်းရည် အများအပြားကို လုံးဝ အသားမကျသေးပေ။
ယခုတစ်ကြိမ်တွင်တော့ ဤလူများကို အသုံးပြု၍ စမ်းသပ်ကြည့်ရန် အကွက်ကျနေတော့သည်။
ရှေ့ဆုံးမှ ပြေးလာသော ဆံပင်နီသည် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ရုတ်တရက် အလွန် ပူပြင်းလာသည်ဟု ခံစားလိုက်ရ၏။
မြူခိုးမြို့တွင် အလွန်တရာ အေးခဲသော အပူချိန်မျိုး မရှိဘဲ ပုံမှန်အားဖြင့် အပူချိန် ၁၀ မှ ၂၀ ဝန်းကျင်ခန့်သာ ရှိသည်။
သို့သော် ရှေ့မှ ဆံပင်နီမှာမူ တစ်ကိုယ်လုံး ပူပြင်းသော နွေရာသီထဲတွင် ရောက်နေသကဲ့သို့ ခံစားနေရပြီး စိတ်ထဲတွင် အံ့ဩသွားချိန်မှာပင် မျက်စိရှေ့၌ လိမ္မော်နီရောင် မီးတောက်များကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ဆံပင်နီမှာ အလွန် ထိတ်လန့်သွားပြီး မျက်စိရှေ့တွင် မီးတောက်များ အဘယ်ကြောင့် ရုတ်တရက် ပေါ်လာမှန်း နားမလည်သော်လည်း တစ်ကိုယ်လုံး အလွန်အမင်း ကြောက်ရွံ့သွားကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာတော့မည်ဟု ခံစားလိုက်ရသဖြင့် ကမန်းကတမ်း ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် ယခုအချိန်တွင်မူ နောက်ကျသွားခဲ့ချေပြီ။
နှာခေါင်းထိပ်တွင် အသားကင် နံ့တစ်ခုကိုပင် ရနေပြီ ဖြစ်သည်။
လိမ္မော်နီရောင် မီးတောက်များက ပတ်ဝန်းကျင်ရှိ လေထုကို လောင်ကျွမ်းသွားစေ၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများပင်လျှင် မီးစွဲလောင်လာတော့သည်။
လေထုထဲတွင် ဆိုးရွားသော တူးဟောင်ဟောင် အနံ့များ ပျံ့နှံ့လာသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ... နာလိုက်တာ... နာလိုက်တာ"
"ကယ်ကြပါဦး"
မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ချက်ချင်းပင် သေးထွက်မတတ် ကြောက်လန့်သွားကြပြီး ဆံပင်နီ ပြေးသွားရာ နေရာတိုင်းတွင် ရှိနေသူများက အလျင်အမြန် ရှောင်ဖယ်ပေးလိုက်ကြသည်။
ကောင်းကောင်းမွန်မွန် ရှိနေသော လူတစ်ယောက်က ပြေးလွှားနေရင်းမှ တစ်ကိုယ်လုံးတွင် ပူပြင်းသော မီးတောက်များ ထွက်ပေါ်လာကာ အလိုအလျောက် မီးလောင်ကျွမ်းသွားခြင်းပင် ဖြစ်သည်။
အခင်းဖြစ်ပွားရာ နေရာရှိ မည်သူမဆို ဤမြင်ကွင်းကို မြင်လိုက်ရပါက တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာမည်မှာ အသေအချာပင်။
ဆံပင်နီ လူငယ်သည် ရေထဲမှ ငါးမန်းတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ ရောက်ရှိသွားသော နေရာတိုင်းရှိ လူများက အလုအယက် ရှောင်ဖယ်သွားကြသည်။
"ငါ... ငါ ဘာဖြစ်သွားတာလဲ"
"ကယ်ကြပါဦး... ကယ်ကြပါဦး"
"ငါ့ကို ကယ်ကြပါဦး"
အရေပြားမှ ခံစားရသော ပူလောင်မှုကြောင့် ဆံပင်နီမှာ အဆက်မပြတ် စူးစူးဝါးဝါး အော်ဟစ်နေပြီး သူ ရောက်သွားသော နေရာတိုင်းတွင် နတ်ဆိုးများပင် ရှောင်ဖယ်ရမည့်အလား လူတိုင်းက အပြေးအလွှား ရှောင်တိမ်းနေကြသည်။
"အားးးးး"
ဆံပင်နီက စူးစူးဝါးဝါး အော်ဟစ်ရင်း ထူထပ်သော မြူခိုးများထဲသို့ ပြေးဝင်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
အခြား အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများမှာ အလွန် ထိတ်လန့်သွားကြပြီး တားဆီးချင်သော်လည်း မည်သူကမျှ ရှေ့သို့ မတက်ရဲကြပေ။
"ရှင်ပဲ... ရှင် လုပ်လိုက်တာ မဟုတ်လား"
ရှောင်ဟွာက ချန်းရီ၏ သွေးရောင်လွှမ်းနေသော ဘယ်ဘက် မျက်လုံးကို စူးစိုက်ကြည့်နေသည်။ အနီရောင် သူငယ်အိမ်က အနည်းငယ် တောက်ပနေပြီး ၎င်းထဲတွင် မီးတောက်လေးများ တောက်ပနေသကဲ့သို့ ရှိနေ၏။
ချန်းရီက ထိုမိန်းမ၏ စူးစိုက်ကြည့်နေမှုကို ဂရုမစိုက်ဘဲ သူ၏ ခန္ဓာကိုယ်ကို ကားနောက်တွင် ပုန်းကွယ်လိုက်သည်။
သေနတ် ကိုင်ဆောင်ထားသော အသက်ရှင်ကျန်ရစ်သူ အချို့က သေနတ်ပြောင်းဝများကို သူတို့ဘက်သို့ ချိန်ရွယ်ထားကြပြီ ဖြစ်သည်။
ချန်းရီသည် ထိုနေရာတွင် ရှိနေသော အသက်ရှင်ကျန်ရစ်သူ အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း သေနတ်အမှန်ခံရန်တော့ ဆန္ဒမရှိပေ။
သို့သော် စိတ်ထဲတွင်မူ စောစောက အသုံးပြုခဲ့သော စွမ်းအားအပေါ် အနည်းငယ် စိတ်ပျက်သွားမိသည်။
သွေးမျက်လုံး၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိသာလှသည်။
မည်သို့ပင်ဆိုစေကာမူ သွေးမျက်လုံးကို အစားထိုးထားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် ချန်းရီက ဘယ်ဘက် မျက်လုံးမှ အနည်းငယ် စူးရှနာကျင်လာသည်ကို ခံစားလိုက်ရသဖြင့် သွေးမျက်လုံးမှာ အပြည့်အဝ အနာမကျက်သေးခြင်း ဖြစ်ပေလိမ့်မည်။
အစွမ်းပိုင်ရှင်များမှာ ဤအပိုင်းတွင် အမှန်တကယ်ပင် သန်မာကြံ့ခိုင်လှသည်ဟု ဆိုရပေမည်။
အကယ်၍ သာမန်လူ တစ်ယောက်သာ ဤကဲ့သို့ ခွဲစိတ်မှုမျိုး ပြုလုပ်ခဲ့ပါက ဤမျှ တိုတောင်းသော အချိန်အတွင်း ဤအခြေအနေအထိ ပြန်လည် ကောင်းမွန်လာရန် လုံးဝ မဖြစ်နိုင်ပေ။
အကယ်၍ စောစောက စွန်းချန်းချန်းသာ ဖြစ်နေပါက ထိုကောင်မလေး၏ မီးနဂါး ထွက်ပေါ်လာသည်နှင့် စောစောက ဆံပင်နီကို ပြာကျသွားစေရန် လုံလောက်နေပြီ ဖြစ်ရာ သူ ဟိုဟိုဒီဒီ ပြေးလွှားနိုင်ရန် အခွင့်အရေး ရမည်ပင် မဟုတ်တော့ပေ။
သို့သော် ချန်းရီ၏ ဤတိုက်ခိုက်မှုက အခြားသူများကို အလွန်အမင်း ကြောက်လန့်သွားစေခဲ့ပြီ ဖြစ်သည်။
"အစွမ်းပိုင်ရှင်... ဒါ အစွမ်းပိုင်ရှင်လား"
"သူက ဘယ်လိုလုပ် ဒီလောက် စွမ်းနေတာလဲ"
"မဟုတ်သေးဘူး... ဒီအစွမ်းပိုင်ရှင်က တစ်ခုခု လွဲနေတယ်"
"အရင်က ရှပေါ်ဆိုတဲ့ကောင်က ဘာလို့ အဲဒီလောက် ပျော့ညံ့ရတာလဲ... ဒီတစ်ယောက်ကကျတော့ ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ"
အသက်ရှင်ကျန်ရစ်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်လုံးများထဲမှ အလွန်အမင်း ကြောက်ရွံ့မှုများကို မြင်တွေ့လိုက်ကြရသည်။
ချန်းရီ၏ စွမ်းရည်က သူတို့၏ တွေးထင်ထားမှုထက် ကျော်လွန်နေပုံရသည်။
"မင်းတို့တွေ အရင်က အစွမ်းပိုင်ရှင်ကိုတောင် သတ်ခဲ့ဖူးတာလား"
ကားနောက်မှ ခေါင်းဆောင်ချူ၏ အသံ ထွက်ပေါ်လာသည်။
အသက်ရှင်ကျန်ရစ်သူများက သေနတ်များကို မြှောက်ကိုင်ထားပြီး ချန်းရီတို့ဘက်ကို စူးစိုက်ကြည့်နေကြကာ ချန်းရီသာ ခေါင်းထွက်လာပါက သူ့ထံသို့ ကျည်ဆန်တစ်တောင့် ကျွေးမွေးရန် အသင့်ဖြစ်နေကြသည်။
"ရှင်တို့... တကယ်တော့ ဘာရည်ရွယ်ချက် ရှိနေတာလဲ"
ယခုတစ်ကြိမ်တွင်တော့ ရှောင်ဟွာ၏ အသံမှာ အလွန် တည်ကြည်လေးနက်နေပြီး အနည်းငယ် ထိတ်လန့်နေသော အရိပ်အယောင်ပင် ပါဝင်နေသည်။
ဤမိန်းမသည် ထိုအသက်ရှင်ကျန်ရစ်သူများအကြားတွင် ရာထူးအဆင့်အတန်း မနိမ့်ကျနိုင်ကြောင်း ချန်းရီက စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
ရှောင်ဟွာဟု ခေါ်သော မိန်းမက ချန်းရီ၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မရှိပေ။
ခေါင်းဆောင်ချူက ကားနောက်တွင် ကျုံ့ကျုံ့လေး ပုန်းအောင်းနေသည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။
တစ်ကိုယ်လုံးက အလွန်အမင်း သတိကြီးစွာ ထားနေပုံရသည်။
ချန်းရီက ခေါင်းဆောင်ချူကို လက်မထောင်ကာ အသိအမှတ်ပြုလိုက်ရသည်။ ဤသည်ကမှ ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်နိုင်မည့် အလေ့အကျင့်ကောင်း ဖြစ်သည်။
ခေါင်းဆောင်ချူ သေမည်မဟုတ်ကြောင်းနှင့် သူ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ဖဲချပ်များ အများအပြား ရှိနေကြောင်းကို ရှင်းရှင်းလင်းလင်း သိထားလျှင်တောင်မှ။
သို့သော် ဤကောင်က ကြောက်တတ်ပြီး ပြဿနာကို ရှောင်လွှဲလိုသော ပုံစံမျိုးကို ပြသနေဆဲပင် ဖြစ်သည်။
အမှန်တကယ်ပင် အတုယူထိုက်သော စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး လူအများအပြား သေဆုံးသွားခဲ့သော်လည်း ခေါင်းဆောင်ချူ အသက်ရှင်နေသေးသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ထိုအချိန်မှာပင် ရုတ်တရက် သေနတ်ခလုတ် ဆွဲလိုက်သော အသံကို ကြားလိုက်ရသည်။
"ဂျောက်... ဂျောက်..."
ထိုအသံကို ကြားလိုက်ရသောအခါ ချန်းရီ အနည်းငယ် ကြောင်အမ်းသွားသည်။
ဒါ... သေနတ်ထဲမှာ ကျည်ဆန် မရှိဘူးလား။
ထိုအသံက အခြား အသက်ရှင်ကျန်ရစ်သူများကို အလွန် ဒေါသထွက်သွားစေပြီး အော်ဟစ်လိုက်ကြသည်။
"အရူးကောင်... ဘယ်သူက မင်းကို သေနတ်ခလုတ် ဆွဲခိုင်းလို့လဲ"
"တောက်... ရှောင်လုံ... မင်း ရူးနေတာလား... ငါ့ကို သေနတ်နဲ့ လှမ်းပစ်ရအောင်"
"ငါ... ငါ မလုပ်ပါဘူး... ငါ မဟုတ်ဘူး... ငါ့... ငါ့လက်ချောင်းတွေက ထိန်းချုပ်လို့ မရတော့လို့ပါကွာ"
"ချီးပဲ... လျှောက်ပြောမနေနဲ့"
ချန်းရီ၏ မျက်နှာက ကားနောက်မှနေ၍ တဖြည်းဖြည်း ပေါ်ထွက်လာသော်လည်း မျက်နှာအမူအရာမှာ အလွန် ဆိုးရွားနေသည်။
အနည်းငယ် တောက်ပနေသော သွေးရောင် မျက်လုံးမှာ အလွန် ထိတ်လန့်ဖွယ် ကောင်းနေ၏။
အထူးသဖြင့် သွေးမျက်လုံး၏ သူငယ်အိမ် အလယ်တွင် ဖုံးကွယ်နေသော မန္တန်အက္ခရာ တစ်ခုပင် ရှိနေပြီး ၎င်းမှာ တဖြည်းဖြည်း လည်ပတ်ကာ တောက်ပနေသဖြင့် ပို၍ပင် ထူးဆန်းကျောချမ်းဖွယ် ကောင်းနေတော့သည်။
စောစောက ချန်းရီသည် သွေးမျက်လုံး၏ ဒုတိယမြောက် အစွမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဒုတိယ မူလတန်းကျောင်းတွင် ရှိနေစဉ်က အသူရာ သွေးမျက်လုံးနှင့် သေမင်းတို့ တိုက်ခိုက်ခဲ့စဉ်ကလည်း ဤအစွမ်းကို အသုံးပြုခဲ့ဖူးသည်။
ထိုအချိန်က မရေမတွက်နိုင်သော တွားသွားကောင်များသည် အသူရာ သွေးမျက်လုံး၏ ထိန်းချုပ်မှုအောက်တွင် သေမင်းထံသို့ အစုလိုက်အပြုံလိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
သေမင်းအပေါ် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့သော်လည်း...
ထိုအစွမ်းက ချန်းရီကို အလွန် နက်ရှိုင်းသော စိတ်ဒဏ်ရာတစ်ခု ရရှိသွားစေခဲ့သည်။
ချန်းရီက ထိုအချိန်က သေချာစွာ လေ့လာစောင့်ကြည့်ခဲ့ပြီး ထိုတွားသွားကောင်များသည် စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် လှုပ်ရှားမှုများမှာ အနည်းငယ် တောင့်တင်းနေကြောင်း သိခဲ့ရသည်။
ယခုအခါ ချန်းရီသည် သွေးမျက်လုံးကို အစားထိုးပြီးနောက် ထိုအစွမ်း၏ အစိတ်အပိုင်း တစ်ခုကို လှုံ့ဆော်နိုင်ခဲ့ပြီ ဖြစ်သည်။
အသူရာ သွေးမျက်လုံး၏ သီးသန့် အစွမ်းဖြစ်ပြီး ယခု ချန်းရီ၏ ဘယ်ဘက် မျက်လုံးမှ ဆက်ခံရရှိထားသော အစွမ်း၏ အစိတ်အပိုင်းတစ်ခုမှာ "အသူရာ ထိန်းချုပ်ခြင်း" ပင် ဖြစ်သည်။
သွေးမျက်လုံးနှင့် အကြည့်ချင်း ဆုံမိသူတိုင်း၏ စိတ်နှလုံးထဲတွင် မျိုးစေ့တစ်စေ့ကို စိုက်ပျိုးလိုက်မည် ဖြစ်သည်။
သွေးမျက်လုံးက ထိုမျိုးစေ့ကို အသုံးပြု၍ ပစ်မှတ်ကို ထိန်းချုပ်နိုင်သည့် ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
ချန်းရီ၏ သွေးမျက်လုံးမှာ အလွန် သိသာထင်ရှားလွန်းသဖြင့် သာမန်လူ တစ်ယောက်သာ ဆိုလျှင် သွေးမျက်လုံးကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်မံ ကြည့်ရှုမိမည်မှာ အသေအချာပင်။
စောစောက မျက်တောင်တစ်ခတ် အချိန်လေးအတွင်းမှာပင် ချန်းရီက လူနှစ်ယောက်နှင့် အနည်းဆုံး အကြည့်ချင်း ဆုံခဲ့ပြီး ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် မျိုးစေ့များ ချထားခဲ့ပြီး ဖြစ်သည်။
ထိုအထဲတွင် ရှောင်လုံဟု ခေါ်သော တက်ကြွသည့် လူငယ်လေးလည်း ပါဝင်နေသည်။
ချန်းရီက ရှောင်လုံကို ထိန်းချုပ်ကာ သူ၏ လက်ထဲရှိ သေနတ်ဖြင့် ဘေးနားမှ အဖော်ဖြစ်သူကို သေနတ်ခလုတ် ဆွဲစေခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် သေနတ်ထဲတွင် ကျည်ဆန် လုံးဝ မရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"မင်းရဲ့ သေနတ်ထဲမှာ... ကျည်ဆန် မရှိဘူးလား"
ချန်းရီ၏ မျက်နှာအမူအရာမှာ အလွန် မှိုင်းညို့နေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
စောစောက ကားနောက်တွင် ပုန်းအောင်းနေခဲ့သော လုပ်ရပ်မှာ အမှန်တကယ်ပင် အနည်းငယ် အရှက်ရစရာ ကောင်းလှသည်။
ပို၍ အရှက်ရစရာ ကောင်းသည်မှာ ထိုကိစ္စကို ခေါင်းဆောင်ချူက မြင်တွေ့သွားခြင်းပင် ဖြစ်သည်။
ခေါင်းဆောင်ချူ၏ ပါးစပ်ဖွာမှုအရဆိုလျှင် အချိန်သိပ်မကြာမီမှာပင် ယာဉ်တန်း တစ်ခုလုံးက သိရှိသွားတော့မည် ဖြစ်သည်။
ချန်းရီက ဤလူစုအပေါ် သက်ညှာပေးရန် အစီအစဉ် မရှိပေ။
အထူးသဖြင့် စောစောက ပြောခဲ့သော "ဒီ ဝဖြိုးဆူဖြိုးနေတဲ့ ကောင်နှစ်ကောင်ကို သတ်လိုက်ရင် အချိန်အကြာကြီး စားလို့ရမှာ အသေအချာပဲ" ဆိုသည့် စကားတစ်ခွန်းကြောင့်ပင် ဖြစ်သည်။
ထိုစကား တစ်ခွန်းတည်းဖြင့်ပင် ဤလူစုက မည်သည့်အရာများကို လုပ်ဆောင်ခဲ့သည်ကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။
ချန်းရီက ယခုအချိန်အထိ သူလုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အသက်ရှင်သန်နိုင်ရန်အတွက်သာ ဖြစ်သည်ဟု သူ့ကိုယ်သူ ခံယူထားသည်။
သို့သော် လူသားတစ်ယောက်၏ အခြေခံစည်းမျဉ်းကိုတော့ မည်သည့်အခါမျှ မချိုးဖောက်ခဲ့ဖူးပေ။
သို့သော် မျက်စိရှေ့ရှိ ဤလူစုကမူ... ခွင့်လွှတ်၍ မရနိုင်သော ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ပုံရသည်။
"ရှင်... ရှင်က တကယ်တော့ ဘယ်သူလဲ"
ယခုတစ်ကြိမ်တွင်တော့ ရှောင်ဟွာ အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ချေပြီ။
သူတို့၏ ယခင်က ဤအဖွဲ့ငယ်လေးထဲတွင် အစွမ်းပိုင်ရှင် တစ်ယောက် ရှိခဲ့ဖူးသည်။
သို့သော် ထိုအစွမ်းပိုင်ရှင်မှာ ချန်းရီနှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေ ကဲ့သို့ ကွာခြားလှသည်။
"ရွှပ်"
ထိုအချိန်မှာပင် ဘေးနားရှိ ဟင်းသီးဟင်းရွက်လှီး ဓားမကြီး ကိုင်ဆောင်ထားသော အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ရှောင်လုံ၏ လည်ပင်းကို ဓားဖြင့် တစ်ချက်တည်း ခုတ်ချလိုက်ရာ သွေးများက မျက်နှာတစ်ပြင်လုံးသို့ ပန်းထွက်သွားသည်။
ထိုအသက်ရှင်ကျန်ရစ်သူမှာ ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ပြီး သူ ဘာလုပ်လိုက်မိသည်ကိုပင် သတိမထားမိသေးပုံရသည်။
ထိုအသက်ရှင်ကျန်ရစ်သူ၏ မျက်နှာမှာ အလွန်အမင်း ထိတ်လန့်နေပြီး အော်ဟစ်လိုက်သည်။
"ငါ မဟုတ်ဘူး... ငါ မဟုတ်ဘူး... ငါလည်း မလုပ်ချင်ပါဘူး... ငါ... ငါ့ကိုယ်ငါ ထိန်းချုပ်လို့ မရတော့လို့ပါ"
"တောင်းပန်ပါတယ်... ငါ... ငါလည်း မလုပ်ချင်ပါဘူး"
ရှောင်ဟွာက ချန်းရီကို ထိတ်လန့်တကြား ကြည့်နေပြီး သူမ၏ သူငယ်အိမ်များက အရူးအမူး တုန်လှုပ်နေကာ အော်ဟစ်လိုက်သည်။
"ရှင်ပဲ... ရှင်... ရှင်က မိစ္ဆာကောင်ပဲ... ရှင်က မိစ္ဆာကောင်ပဲ"
"မဟုတ်ဘူး... ရှင်ကမှ မိစ္ဆာအစစ်ပဲ"
ဆက်ရန်...