← Chapters

အခန်း ၁၇၀

Vol. 9 Ch. 170

အခန်း ၁၇၀

Vol. 9 Ch. 170

အပိုင်း(၁၇၀) နတ်ဆင်ကြီး

ချူချယ်က ချန်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး ခေါင်းဆောင်တစ်ယောက်လို ဟန်ရေးပြကာ ပြောလိုက်၏။

"မဆိုးဘူး... ဒါပေမဲ့ တချို့နေရာတွေမှာ နည်းနည်း ကြမ်းတမ်းလွန်းနေတယ်... နောက်တစ်ခါ သတိထားဦး"

ချန်းရီ "..."

ဒီကောင် ခုနက ကားနောက်မှာ ပုန်းနေခဲ့တဲ့ ပုံစံကို အခုတော့ အကုန် မေ့သွားပြီ ထင်ပါရဲ့။

ချန်းရီက သူ့အစွမ်းကို ပြသလိုက်ပြီးနောက်တွင်မူ အခင်းဖြစ်ပွားရာ နေရာ၌ မည်သူကမျှ ဆက်လက် ရိုင်းစိုင်းရဲခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ချန်းရီ၏ အစွမ်းက အမှန်တကယ်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေသောကြောင့် ဖြစ်၏။

တစ်ယောက်က သူ့အလိုလို မီးလောင်ကျွမ်းသွားပြီး အခြားတစ်ယောက်ကမူ ရူးသွပ်သွားသကဲ့သို့ ဖြစ်ကာ မိမိ၏ ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။

လူအများစုမှာ အရူးများ မဟုတ်ကြသဖြင့် သူတို့ရှေ့ရှိ ဤလူနှစ်ယောက်က သာမန်မဟုတ်ကြောင်း ကောင်းကောင်း သိနေကြသည်။

အထူးသဖြင့် ဘယ်ဘက်မျက်လုံးက သွေးရောင်လွှမ်းနေသော ထိုလူမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွယ်တကူ ရန်စ၍ ရမည့်သူ မဟုတ်မှန်း သိသာလှသည်။

အားလုံးက မိမိတို့နေရာတွင် ငြိမ်ဝပ်စွာ ရပ်နေကြပြီး ချန်းရီနှင့် ချူချယ်တို့ကို မကောင်းဆိုးဝါး နှစ်ကောင်အား ကြည့်နေရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြ၏။

ဆက်လက်၍ ဖြေရှင်းရမည့် ကိစ္စရပ်များမှာ ခေါင်းဆောင်ချူချယ်၏ အားသာချက်ပင် ဖြစ်သည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို ဦးလေးအားပေါင်က ဖြေရှင်းလေ့ရှိပြီး ရှောင်ဝမ်က ဖြေရှင်းလျှင်လည်း အဆင်ပြေသည်။

သို့သော် ထိုသူနှစ်ဦးမှာ ယခုအခါ အလွန်အမင်း ဖျားနာနေကြပြီ ဖြစ်၏။

ထို့ကြောင့် ချူချယ် တစ်ယောက်တည်းသာ ဖြေရှင်းရတော့မည် ဖြစ်သည်။

"နှာခေါင်းစည်းတွေက ဘယ်လိုဖြစ်ရတာလဲ"

ချူချယ်က ထိုမေးခွန်းကို အရင်ဆုံး မေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် ရှောင်ဝမ်၏ လက်ရှိ အခြေအနေမှာ တဖြည်းဖြည်း ပို၍ ဆိုးရွားလာသောကြောင့် ဖြစ်သည်။

ရှောင်ဟွာက အံကြိတ်ကာ ချန်းရီကို မုန်းတီးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ပြောလိုက်၏။

"မြူခိုးတွေက အဆိပ်ရှိတယ်"

"ဆေးရော ရှိလား"

ရှောင်ဟွာက ခေါင်းခါယမ်းလိုက်သည်။

"မရှိဘူး... ချောင်းစဆိုးပြီဆိုတာနဲ့ ကယ်လို့ မရတော့ဘူး"

"ဒါဆို မင်းတို့က ဘယ်လို ရှောင်လွှဲခဲ့ကြတာလဲ"

"ကျွန်မတို့လည်း အစက မသိခဲ့ဘူး... လူတွေ အများကြီး သေကုန်တာ"

ရိုးရှင်းသော စကားတစ်ခွန်းက အသက်ပေါင်းများစွာ သေဆုံးခဲ့ရမှုကို ကိုယ်စားပြုနေ၏။

ချူချယ်က ကားရှိရာဘက်သို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။ ရှောင်ဝမ်က နှာခေါင်းစည်း တပ်ထားလျက် ယာဉ်မောင်းဘေးခုံတွင် လှဲလျောင်းနေပြီး သူ၏ တစ်ကိုယ်လုံးမှာ ခွန်အားဆုတ်ယုတ်နေကာ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ရံဖန်ရံခါ ချောင်းဆိုးနေရှာသည်။

ချန်းရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းများ တောက်ပသွား၏။

ရှောင်ဟွာ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူမ၏ ညာဘက်လက်က ဓားတစ်လက်ကို မြှောက်ကာ လည်ပင်းဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်။

ဤဓားမှာ သူမ အင်္ကျီလက်စွပ်ထဲတွင် အမြဲ ဝှက်ထားသော ဓားဖြစ်သော်လည်း ယခုအချိန်တွင်မူ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် ပုံစံမျိုး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

သို့သော် သူမ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ရသည်မှာ ထိုသို့သော ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။

ရှောင်ဟွာ၏ ဘယ်ဘက်လက်က ညာဘက်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လည်ပင်းဆီသို့ နီးကပ်လာသော ဓားသွားကို အစွမ်းကုန် ခုခံနေပုံရသည်။

မျက်လုံးနှစ်လုံးသာ ဖော်ပြထားသော သူမ၏ မျက်နှာမှာ နီရဲလျက် ရှိ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချူချယ်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဒီကောင်လေးက နည်းလမ်းတွေ တော်တော်များတာပဲ... အခုချိန် ချန်းချန်းနဲ့သာ ယှဉ်တိုက်ခိုင်းရင် ဘယ်သူနိုင်မလဲ မသိဘူး။

ချန်းရီ၏ ဘယ်ဘက်မျက်လုံးမှ အနီရောင် အလင်းတန်းများ ဆက်လက် တောက်ပနေပြီး သူ၏ သူငယ်အိမ်ထဲရှိ မန္တန်သင်္ကေတများက စတင် လည်ပတ်လာသည်။

သူ၏ အသံက အရိုးထဲထိ စိမ့်ဝင်သွားမတတ် အေးစက်နေ၏။

"မင်းက ဒီနှာခေါင်းစည်း သေးသေးလေး တစ်ခုတည်းနဲ့ မြူခိုးအဆိပ်ကို ကာကွယ်နိုင်တယ်လို့ ငါ့ကို ပြောချင်တာလား"

မိန်းကလေး၏ ဘယ်ဘက်လက်က ညာဘက်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ လည်ပင်းကို နောက်သို့ အစွမ်းကုန် ဆွဲဆုတ်ထားသည်။

"ကျွန်မကို... ကျွန်မကို လွှတ်ပေးပါ... တောင်း... တောင်းပန်ပါတယ်"

မိန်းကလေးက စတင် တောင်းပန်လာ၏။

ယခင်က ရှောင်လုံ၏ လည်ပင်း အဖြတ်ခံလိုက်ရသည်ကို မြင်ခဲ့ရစဉ်က သူမအနေဖြင့် ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသည်ဟုသာ ခံစားခဲ့ရသည်။

သို့သော် ယခုအချိန်တွင်မူ ၎င်းသည် မျှော်လင့်ချက်မဲ့ခြင်းဟူသော ခံစားချက်မျိုး ဖြစ်ကြောင်း သူမ နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

သူမ၏ ညာဘက်လက်သည် ရုတ်တရက် ကိုယ်ပိုင် အသိစိတ် ရရှိသွားသကဲ့သို့ပင်။

အရေးကြီးဆုံးမှာ သူမ မည်သည့်အချိန်က အစွမ်းသုံးခံလိုက်ရမှန်း လုံးဝ မသိရှိခဲ့ခြင်း ဖြစ်သည်။

တကယ်ကို ကြိုတင် ကာကွယ်နိုင်စွမ်း မရှိခဲ့ချေ။

၎င်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ချန်းရီ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာ အပြောင်းအလဲမျှ မရှိသည်ကို မြင်သောအခါ မိန်းကလေးက ရုန်းကန်ရင်း ပြောလိုက်၏။

"ကျွန်မလည်း... မသိဘူး... ဒါပေမဲ့... နှာခေါင်းစည်းကို သုံးပြီး မြူခိုးတွေကို ကာကွယ်ထားရင်... အစပိုင်းမှာ... ချောင်းမဆိုးအောင် ထိန်းထားနိုင်ရင်... နောက်ပိုင်းကျရင်... သိပ်ပြဿနာ မရှိတော့ဘူး"

ဓားသွားက မိန်းကလေး၏ ဖြူဖွေးသော လည်ပင်းဆီသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

မိန်းကလေးမှာ ညစ်ပတ်နေပုံရသော်လည်း သူမ၏ လည်ပင်းမှာမူ အလွန် သန့်ရှင်းနေသဖြင့် ဤကလေးမလေးသည် သန့်ရှင်းရေးကို အလွန် ဂရုစိုက်တတ်သူ ဖြစ်ကြောင်း သိသာလှ၏။

နီရဲသော သွေးတစ်ပေါက်က မိန်းကလေး၏ လည်ပင်းပေါ်တွင် ထွက်ပေါ်လာသည်။

"အမရှောင်ဟွာကို လွှတ်လိုက်စမ်း"

လူငယ်လေး တစ်ယောက်က ရူးသွပ်နေသကဲ့သို့ အရှေ့သို့ ပြေးထွက်လာသည်။

ရှောင်လုံကို ခုတ်သတ်ခဲ့သော အသက်ရှင်ကျန်ရစ်သူက ထိုလူငယ်လေးကို ဖက်ထားလိုက်ပြီး သူတို့နှစ်ဦးမှာ ချက်ချင်းပင် လုံးထွေး သတ်ပုတ်သွားကြ၏။

"ရှောင်ယန်... တောင်းပန်ပါတယ်... ငါ... ငါလည်း ဘာဖြစ်သွားမှန်း မသိဘူး..."

"ရှောင်ယန်... တောင်းပန်ပါတယ်... ငါ... ငါ့ကိုယ်ငါ ထိန်းချုပ်လို့ မရတော့ဘူး..."

အခင်းဖြစ်ပွားရာ နေရာရှိ လူများအားလုံး ထိုမြင်ကွင်းကို ကြည့်ရင်း အသည်းအေးသွားကြသည်။

ဒီလူက တကယ်ကို ဘယ်လို လမ်းစဉ်မျိုးလဲ... အလွန်အမင်း ကြောက်စရာကောင်းလွန်းလှသည်။

ချန်းရီက ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏ သွေးမျက်လုံးမှ အသူရာ၏ ထိန်းချုပ်မှုကို ရုပ်သိမ်းလိုက်၏။

ရှောင်ဟွာနှင့် လုံးထွေးနေသော လူနှစ်ဦးမှာ ချက်ချင်း ရပ်တန့်သွားကြသည်။

မိန်းကလေးက လတ်ဆတ်သော လေကို လောဘတကြီး ရှူရှိုက်လိုက်ပြီး ငရဲတွင်းမှ ယခုလေးတင် တွားသွား ထွက်ပြေးလွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ပဲစေ့ခန့်ရှိသော ချွေးပေါက်ကြီးများက သူမ၏ နဖူးမှတစ်ဆင့် မြေပြင်ပေါ်သို့ ကျဆင်းသွား၏။

ဒီအမျိုးသားက... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်... အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။

ဒီအမျိုးသားက... နတ်ဆင်ကြီးပေါ်က မိစ္ဆာကောင်တွေနဲ့ တစ်ထပ်တည်းပဲ။

ချန်းရီက သက်ပြင်းချလိုက်သည်။ ရှောင်ဝမ်ဆိုတဲ့ ကောင်လေးက ရိုးသားတဲ့ ကလေးတစ်ယောက် ဖြစ်သည်။

ပုံမှန်အားဖြင့် ယာဉ်တန်းထဲတွင် ကိစ္စတစ်ခုခု ရှိလျှင် တစ်ခွန်းလောက် ခေါ်ပြောလိုက်ရုံဖြင့် ထိုကောင်လေးက သေသေချာချာ ပြီးမြောက်အောင် လုပ်ပေးတတ်၏။

စကားပြော မကျွမ်းကျင်သော်လည်း ချူချယ်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။

ဦးလေးအားပေါင် လဲကျသွားပြီဖြစ်ရာ ဤကောင်လေးလည်း အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

မြူခိုးများ တဖြည်းဖြည်း ထူထပ်လာချိန်တွင် ထိုကောင်လေးက မြူခိုးအဆိပ်များကို အများအပြား ရှူရှိုက်မိခဲ့ပုံရသည်။

သတိထားမိ၍ နှာခေါင်းစည်း တပ်ချိန်တွင်မူ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးမှာမူ အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ချန်းရီက ရှောင်ဝမ်ကို သနားကြင်နာစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။

ဒီကလေးအတွက် တကယ်ကို နှမြောစရာကောင်းလှ၏။

ဆက်လက်၍ ဖြေရှင်းရမည့် အဆုံးသတ်ကိစ္စများမှာ အလွန် ရိုးရှင်းသွားပြီ ဖြစ်သည်။

ချူချယ်က ကုန်စုံဆိုင်လေးထဲသို့ ဝင်ကြည့်လိုက်ပြီး ပြန်ထွက်လာချိန်တွင် သူ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေသည်။

မမြင်သင့် မမြင်ထိုက်သော အရာအချို့ကို သူ မြင်တွေ့ခဲ့ရကြောင်း သိသာလှ၏။

မိန်းကလေး၏ မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းနေသော်လည်း တည်ငြိမ်အောင် ဆက်လက် ထိန်းထားဆဲပင်။

ချူချယ်က အသက်ရှင်ကျန်ရစ်သူ အချို့ကို ထပ်မံခေါ်ယူကာ စကားအနည်းငယ် မေးမြန်းလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများက ချန်းရီကို တစ်ချက်ကြည့်လိုက်ပြီး တတွတ်တွတ်ဖြင့် တစ်ခုခုကို ပြောဆိုနေကြသော်လည်း အနည်းငယ် ဝေးနေသဖြင့် ချန်းရီလည်း သေချာ မကြားရချေ။

ချူချယ်က အသက်ရှင်ကျန်ရစ်သူ အချို့အနားသို့ ချဉ်းကပ်သွားသည်ကို မြူခိုးများကြားမှ မှုန်ဝါးဝါးသာ မြင်တွေ့ရသည်။

သို့သော် ချူချယ်၏ မျက်နှာမှာ ပို၍ ဆိုးရွားလာပြီး သူ၏ လက်သီးဆုပ်ထားသော လက်များပင် အနည်းငယ် တုန်ယင်နေ၏။

ချန်းရီက လက်ကောက်ဝတ်ရှိ စမတ်နာရီကို ကြည့်လိုက်ရာ ခြေထောက်ပြတ်နေသော အမျိုးသားနှင့် စတင် တွေ့ဆုံချိန်မှစ၍ ယခုအထိ မိနစ် လေးဆယ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။

"ခေါင်းဆောင်ချူ... အချိန်လင့်နေပြီ"

ချူချယ်က ချန်းရီရှေ့သို့ ရောက်လာပြီး မျက်နှာပေါ်ရှိ ကြွက်သားများ အနည်းငယ် တုန်ယင်နေလျက် "ဒီလူတွေ... အားလုံး သေသင့်တယ်... အကုန်လုံး သေသင့်တဲ့လူချည်းပဲ"

"လူတချို့တော့ ချန်ထားပါဦး... အနည်းဆုံးတော့ လမ်းပြဖို့ လိုသေးတယ်မလား..."

"ဒီကောင်တွေ ဘာလုပ်ခဲ့လဲဆိုတာ မင်း မသိလို့ပါ... တောက်... ငါ ဒီကမ္ဘာပျက်ကပ်ထဲမှာ ရှင်သန်လာတာ ဒီလောက်ကြာပြီ... ဒီလိုကိစ္စမျိုး ကြုံရတာ ဒါ ပထမဆုံးအကြိမ်ပဲ... မင်း..."

ချန်းရီက အလျင်အမြန် ဖြတ်ပြောလိုက်သည်။

"တော်တော့... ငါ့ကို မပြောပြနဲ့... တစ်ယောက် ရွံနေရရင် လုံလောက်ပြီ... ငါ့ကိုပါ ရွံအောင် မလုပ်နဲ့"

ချူချယ် "..."

"ခေါင်းဆောင်ချူ... အချိန်မစောတော့ဘူး... ငါတို့ သွားသင့်ပြီ..."

မိနစ်အနည်းငယ် ကြာပြီးနောက်။

ချူချယ်၏ ကားနောက်ခန်းထဲသို့ လူနှစ်ယောက် တက်လာရာ တစ်ယောက်မှာ ယခင်က ခြေထောက်ပြတ်နေသော ဦးလေးကျန်း ဖြစ်သည်။

အခြားတစ်ယောက်မှာမူ ရှောင်ယန်ဟုခေါ်သော လူငယ်လေးပင်။

ထိုလူငယ်လေးက ချန်းရီကို မကောင်းဆိုးဝါး တစ်ကောင်အား ကြည့်သည့် အကြည့်မျိုးဖြင့် အမြဲ ကြည့်နေပြီး ပါးစပ်မှလည်း တီးတိုးဖြင့် တစ်ခုခုကို ရေရွတ်နေ၏။

အခြားသူများမှာမူ...

မကောင်းဆိုးဝါးများကို လူ့လောကတွင် ချန်ထားခဲ့ရန် မလိုအပ်ပေ။

ယာဉ်မောင်းဘေးခုံတွင်မူ ရှောင်ဟွာဟုခေါ်သော မိန်းကလေး ထိုင်နေသည်။

ထိုအချိန်တွင် မိန်းကလေးမှာ ကြောက်လန့်တကြား တုန်ယင်နေပြီး သူမ၏ ရင်ထဲတွင် သူမရှေ့ရှိ ဤအမျိုးသားကို ပြန်လည် ခုခံလိုသည့် စိတ်ကူးလေးပင် မဖြစ်ပေါ်ရဲတော့ချေ။

ယခုလေးတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကို သူမ တစ်သက်လုံး မေ့ဖျောက်နိုင်မည် မဟုတ်ပေ။

မီးခိုးငွေ့များကြားမှ ရုန်းကန်ထွက်ပေါ်လာသော တံစဉ်ကိုင် မကောင်းဆိုးဝါးများက သူတို့၏ တံစဉ်များကို အချက်အနည်းငယ် ဝှေ့ယမ်းလိုက်ရုံဖြင့်...

ထိုမျှများပြားသော လူများထဲမှ တစ်ယောက်မျှပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

"အခုကစပြီး... မင်း သေချာ ပူးပေါင်းဆောင်ရွက်... ငါတို့ သွားမယ့် နေရာကို ရောက်ရင် မင်း အသက်ရှင်ခွင့် ရမယ်"

"နားလည်လား"

မိန်းကလေးထံမှ အဖြေစကားကို မကြားရသဖြင့် ချန်းရီက နောက်သို့ လှည့်ကာ မိန်းကလေးကို တစ်ချက် ကြည့်လိုက်၏။

ချန်းရီ၏ ထိုသာမန် အကြည့်လေးကြောင့်ပင် မိန်းကလေးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး "ကျွန်မ... ကျွန်မ... ဟုတ်... ဟုတ်ကဲ့ပါ..."

ထို့နောက် သနားစရာကောင်းသော အမူအရာဖြင့် ခေါင်းကို ရူးသွပ်နေသကဲ့သို့ အဆက်မပြတ် ညိတ်ပြလေသည်။

"ကျွန်မ... ကျွန်မ လူသား မစားဖူးပါဘူး... တောင်းပန်ပါတယ်... ကျွန်မကို မသတ်ပါနဲ့"

မိန်းကလေး၏ မျက်ရည်များက ပါးပြင်ပေါ်မှတစ်ဆင့် စီးကျလာ၏။

ချန်းရီက အေးစက်စွာဖြင့် စကားနှစ်ခွန်းတည်း ပြန်ပြောလိုက်သည်။

"ငါ မယုံဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ မိန်းကလေးမှာ ချက်ချင်းပင် ပြိုလဲသွားတော့သည်။

ကားထဲတွင်ပင် အော်ဟစ် ငိုကြွေးလေတော့၏။

ချန်းရီက ကြားရသည်ကို စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် ထင်းခုတ်ဓားမကို တိုက်ရိုက် ဆွဲထုတ်ကာ မိန်းကလေး၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။

မိန်းကလေး၏ ငိုသံမှာ ချက်ချင်း ရပ်တန့်သွား၏။

ဟန်ဆောင်နေတာလား... မင်းက ငါ့ရှေ့မှာ ဟန်ဆောင်နေတာပေါ့...

ခုနကတော့ အလွန် ဉာဏ်ကောင်းတဲ့ ပုံစံဖမ်းနေပြီး အခုကျမှ အားနွဲ့တဲ့ မိန်းမသားလေးလို လာဟန်ဆောင်နေတာလား။

ဒီအဖွဲ့ငယ်လေးထဲမှာ မင်းကပဲ ခေါင်းဆောင် ဖြစ်ရမယ်။

မိန်းကလေး၏ လမ်းညွှန်မှုကြောင့် တဝူမြို့၏ မြူခိုးများ ကင်းစင်မသွားသေးသော်လည်း အရှိန်ကတော့ များစွာ မြန်ဆန်လာခဲ့သည်။

မကြာမီတွင် ပင်မလမ်းမကြီးပေါ်သို့ ရောက်ရှိသွားပြီး ဝူကျန်းမြစ်ကို ဖြတ်ကျော်လိုက်သည်နှင့် တဝူမြို့ကို ဖြတ်သန်းနိုင်ရန် အချိန်သိပ်မကြာတော့ပေ။

ယခင်က နောက်ကျခဲ့သော မိနစ် လေးဆယ်မှာလည်း ထိုက်တန်ကြောင်း သိသာလှ၏။

ယခုတစ်ခေါက် ခရီးစဉ်မှာ အလွန်အမင်း ချောမွေ့လွန်းနေပုံရသည်။

ကားက ဆက်တိုက် မောင်းနှင်နေပြီး ချူချယ်က ချန်းရီ၏ ကားနောက်မှ လိုက်ပါလာသည်။

မြင်ကွင်းမှာ အလွန် စိုးရိမ်စရာ ကောင်းနေသော်လည်း ကံကောင်းသည်မှာ တစ်မြို့လုံးတွင် အခြား မည်သူမျှ မရှိခြင်းပင် ဖြစ်သည်။

လမ်းတွင် ပိတ်ဆို့နေသော ကားများကို တွေ့လျှင် တိုက်ရိုက် ဝင်တိုက်ကာ ရှင်းလင်းလိုက်၏။

မြေပြင်ပေါ်ရှိ အဖြူရောင် လမ်းကြောင်းစည်းများကို အခြေခံ၍ မောင်းနှင်သဖြင့် လမ်းဘေးရှိ ပန်းခုံများကို ဝင်တိုက်မိခြင်းမျိုးလည်း မရှိခဲ့ပေ။

ဒေသခံ တစ်ယောက် ပါဝင်နေခြင်းအပြင် ချူချယ်၏ လမ်းကြောင်း အာရုံခံနိုင်စွမ်းနှင့် လက်ထဲရှိ မြေပုံပါ ပေါင်းစပ်လိုက်သောအခါ...

ထိုသုံးခု ပေါင်းစပ်မှုကြောင့် အရှိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မြေပုံ ရှိနေသဖြင့် ချူချယ်အနေဖြင့်လည်း မိန်းကလေးက တစ်ခုခု လှည့်စားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

"ရှင်... ရှင်က နတ်ဆင်ကြီးပေါ်က ဆင်းလာတဲ့သူလား"

ရုတ်တရက် မိန်းကလေးက ဘေးမှနေ၍ ဤစကားကို ပြောလိုက်၏။

ထိုစကားလုံးကို ကြားလိုက်ရသောအခါ ချန်းရီသည် ယခင်က မိုဟိုင်ရမ် ပြောခဲ့ဖူးသော စကားများကို သတိရသွားသည်။

ယခင်က မိုဟိုင်ရမ်က ပြောခဲ့ဖူးသည်။ သူသည် အလွန်တရာ ကြီးမားသော ဆင်ကြီးတစ်ကောင်ကို မြင်ခဲ့ရပြီး ထိုဆင်ကြီး၏ ကျောပေါ်တွင် ရဲတိုက်တစ်ခု ရှိနေသည်ဟု ဆိုခဲ့၏။

နတ်ဆင်ကြီး ဆိုတာ အဲဒါကို ရည်ညွှန်းနေတာများလား။

"နတ်ဆင်ကြီး ဟုတ်လား"

"ဟုတ်... ဟုတ်တယ်... အလွန်ကြီးမားတဲ့ ဆင်ကြီးတစ်ကောင်... ဆင်ကြီးရဲ့ ကျောပေါ်မှာ ရွာတစ်ရွာ ရှိတယ်... ရှင်တို့... ရှင်တို့က နတ်ဆင်ကြီးပေါ်က လူတွေလား..."

ဆက်ရန်...

All Chapters