← Chapters

အခန်း ၁၇၁

Vol. 9 Ch. 171

အခန်း ၁၇၁

Vol. 9 Ch. 171

အပိုင်း(၁၇၁) တစ်ကိုယ်တော် သိမ်းပိုက်ရန်

"နတ်ဆင်" ဆိုသည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချန်းရီက ကောင်းကင်ဝေလငါးကိုပါ ဆက်စပ်တွေးတောမိလိုက်သည်။

သဲကန္တာရထဲတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းက ချန်းရီအတွက် ယနေ့တိုင် မေ့ဖျောက်၍ မရနိုင်သေးပေ။

ဒီ "နတ်ဆင်" ဆိုတာကရော သဘာဝလွန်ပစ္စည်းတစ်ခုများ ဖြစ်နေမလား။

"နတ်ဆင်နဲ့ ပတ်သက်ပြီး သိထားသမျှ အကုန်ပြောစမ်း"

ချန်းရီ၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။

မိန်းကလေးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ ပြောလာသည်။ "တကယ်တော့ ကျွန်မလည်း တခြားလူတွေပြောတာကို ကြားဖူးရုံပါ"

"ပြောပြပါဦး"

မိန်းကလေးက ချန်းရီကို တစ်ချက် ကြည့်လိုက်ပြီးမှ နတ်ဆင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြည်းဖြည်းချင်း စတင် ပြောပြတော့သည်။

"နတ်ဆင်ဆိုတာက အရမ်းကို ကြီးမားတဲ့ ဆင်ကြီးပါ... တဝူမြို့ အနီးအနားမှာ ရှိတယ်လို့တော့ ကြားဖူးပေမယ့် ကျွန်မတို့လည်း ကိုယ်တိုင်တော့ မမြင်ဖူးပါဘူး"

မိန်းကလေးသည် သူမ သိထားသော သတင်းများကို တဖြည်းဖြည်း ပြောပြနေသည်။

မိန်းကလေး၏ ပြောစကားအရ ထိုနတ်ဆင်ကြီးသည် မကြာသေးမီက တဝူမြို့အနီးသို့ ရောက်ရှိလာပုံရသည်။

နတ်ဆင်ကြီးသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလှပြီး ဤကမ္ဘာမြေပေါ်မှ သတ္တဝါနှင့်ပင် မတူပေ။ ခြေထောက်လေးချောင်းမှာ တိုင်လုံးကြီးများအလား တုတ်ခိုင်ပြီး ပေသုံးရာကျော်ခန့် မြင့်မားသည်။

နတ်ဆင်ကြီး၏ ကျောပေါ်တွင် ရွာတစ်ရွာရှိပြီး ရွာသူရွာသားများသည် ထိုနတ်ဆင်ကြီး၏ ကျောပေါ်တွင် နေထိုင်ကြသည်။

နတ်ဆင်ကြီး၏ ကျောပေါ်တွင် နေထိုင်သူများသည် ထူးဆန်းသောအရာများ၏ နှောင့်ယှက်မှုမှ ကင်းဝေးကြပြီး ကမ္ဘာပျက်ကပ်မတိုင်မီက နေထိုင်မှုပုံစံအတိုင်း ပြန်လည် အသက်ရှင်နေထိုင်နိုင်ကြပြီ ဖြစ်သည်။

၎င်းမှာ လူတိုင်း တောင့်တကြသော ခိုလှုံရာစခန်းတစ်ခုပင် ဖြစ်သည်။

နတ်ဆင်ကြီးသည် တစ်နေရာတည်းတွင် အတည်တကျ မနေဘဲ အမြဲတမ်း သွားလာလှုပ်ရှားနေတတ်သည်။

လူအများအပြားသည် နတ်ဆင်ကြီး၏ သတင်းကို စုံစမ်းနေကြပြီး နတ်ဆင်ကြီး၏ ကျောပေါ်တွင် နေထိုင်ခွင့်ရပါက နေ့စဉ် ထူးဆန်းသောအရာများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဘဝမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်အထိ မည်သူကမျှ နတ်ဆင်ကြီးပေါ်သို့ တက်ရောက်နိုင်ခဲ့သည်ဟု မကြားဖူးသေးပေ။

သို့တည်းမဟုတ် နတ်ဆင်ကြီးပေါ်တွင် သွားရောက်နေထိုင်သူများက အောက်သို့ ပြန်မဆင်းချင်တော့၍လည်း ဖြစ်နိုင်ပေသည်။

မိန်းကလေးတို့အဖွဲ့သည်လည်း ဤနေရာတွင် နတ်ဆင်ကြီးနှင့် ပတ်သက်သည့် သတင်းများကို အချိန်ကြာမြင့်စွာ စုံစမ်းနေခဲ့ကြခြင်း ဖြစ်သည်။ ယခင်က ရှိခဲ့သော ထိုလူစုလေးသည်လည်း နတ်ဆင်ကြီးပေါ်တွင် နေထိုင်ခွင့်ရရန် မျှော်လင့်ချက်လေးတစ်ခု ကိုင်စွဲထားခဲ့ကြခြင်း ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ချန်းရီတို့ လူစုနှင့် လာရောက်ဆုံတွေ့သွားခြင်းပင် ဖြစ်သည်။

ယခုတစ်ကြိမ် ကြားရသော သတင်းမှာ ယခင်က မိုဟိုင်ရမ်ထံမှ ကြားခဲ့ရသော သတင်းထက် ပို၍ အသေးစိတ်ကျလှသည်။

နတ်ဆင်ကြီး၏ ကျောပေါ်တွင် ရဲတိုက်တစ်ခုရှိပြီး ထိုရဲတိုက်ထဲတွင် လူများ နေထိုင်ကြသည်ဟု မိုဟိုင်ရမ်က ပြောခဲ့ဖူးသည်။

သူတို့နှစ်ယောက် ပြောသည့် သတင်းများမှာ သိပ်ပြီး ကွာခြားမှု မရှိလှပေ။ တစ်ဆင့်စကား တစ်ဆင့်နား ကောလာဟလများ ဖြစ်နေရန်လည်း အကြောင်းရှိသည်။

နတ်ဆင်ကြီးကို အမှန်တကယ် မြင်တွေ့ရမှသာ အခြေအနေမှန်ကို သိရှိနိုင်မည် ဖြစ်သည်။

အကယ်၍ ထူးဆန်းသောအရာများ၏ တိုက်ခိုက်မှုမှ ရှောင်လွှဲနိုင်မည်ဆိုပါက နတ်ဆင်ကြီးပေါ်တွင် နေထိုင်ရသည်မှာလည်း မဆိုးလှပေ။

"ဒီလူစုထဲမှာ အရင်က လမ်းစဉ်အစွမ်းပိုင်ရှင် တစ်ယောက် ရှိခဲ့တယ် မဟုတ်လား"

ယခင်က ခြေထောက်ကျိုးနေသော အမျိုးသားက ဤလူစုတွင် အစွမ်းပိုင်ရှင် တစ်ယောက် ရှိသည်ဟု ပြောခဲ့ဖူးသော်လည်း အခြေအနေ အသေးစိတ်ကိုမူ ပြောပြခဲ့ခြင်း မရှိပေ။

အစွမ်းပိုင်ရှင်ကိစ္စကို ပြောလိုက်သည်နှင့်...

မိန်းကလေး၏ မျက်နှာအမူအရာမှာ တစ်ဖန် စိုးရိမ်ထိတ်လန့်လာပြန်သည်။

"ဒါက ကျွန်မနဲ့ မဆိုင်ပါဘူး... ရှောင်လုံနဲ့ အားဟောင်တို့ လုပ်ခဲ့ကြတာပါ... ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး"

"စကားမများနဲ့... မေးတာကိုပဲ ဖြေ"

မိန်းကလေးက ချန်းရီကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် လိမ်ညာပြောဆိုချင်စိတ် ရှိသော်လည်း ချန်းရီက မည်သည့်အရာများကို အတိအကျ သိထားမှန်း မသိသောကြောင့် သူတို့လူစုထဲရှိ ထိုအစွမ်းပိုင်ရှင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရိုးရိုးသားသားပင် ဖွင့်ဟပြောပြရတော့သည်။

"ရှပေါ် ကိစ္စက ကျွန်မနဲ့ တကယ် မဆိုင်ပါဘူး... အကုန်လုံး ရှောင်လုံနဲ့ အားဟောင်တို့ လုပ်ခဲ့ကြတာပါ"

မိန်းကလေးသည် ထိုအစွမ်းပိုင်ရှင်၏ အကြောင်းကို စတင် ပြောပြလေသည်။

ထိုအစွမ်းပိုင်ရှင်၏ အမည်မှာ ရှပေါ်ဖြစ်ပြီး မက္ကန်းနစ် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။

သူမ၏ ပြောစကားအရ ထိုအစွမ်းပိုင်ရှင်သည် ဤလူစုထဲသို့ စတင်ရောက်ရှိလာချိန်က အလွန် လူကြိုက်များခဲ့သည်။ သူ၏ သဘာဝလွန်အစွမ်းကို အသုံးပြုကာ ထူးဆန်းသောအရာများကို တိုက်ခိုက်နိုင်သည့် သေနတ်အချို့ကိုပင် ဖန်တီးပေးခဲ့သေးသည်။

ဤနေရာသို့ ရောက်သောအခါ ချန်းရီ၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ခုနက သေနတ်တွေများ ဖြစ်နေမလား။

ထိုသေနတ်များကို ခေါင်းဆောင်ချူ၏ ကားနောက်ဖုံးထဲတွင် ပစ်ထည့်ထားခဲ့ပုံရသည်။

ထိုအသက်ရှင်ကျန်ရစ်သူများ ပြဿနာမရှာနိုင်စေရန် လူနှင့် သေနတ်များကို သီးခြားစီ ထားရှိခဲ့ခြင်း ဖြစ်သည်။

ဤနေရာတွင် မက္ကန်းနစ်လမ်းစဉ်မှ ပြုပြင်ဖန်တီးထားသော ပစ္စည်းများ ရှိနေမည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤသတင်းကို ချူချယ် သိသွား၍ မဖြစ်ပေ။ အခွင့်အရေးရှာပြီး သွားကြည့်ရမည်။

ဘာမှမသိသလို ဟန်ဆောင်နေရန်လည်း လိုအပ်သေးသည်။

မှန်သည်။ ချန်းရီသည် ဤပစ္စည်းများကို တစ်ကိုယ်တော် သိမ်းပိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် သူတို့ ပြောဆိုနေသည်များကို ခေါင်းဆောင်ချူချယ် ခိုးနားထောင်နေခြင်း ရှိမရှိကိုမူ မသိနိုင်ပေ။

ရှောင်ဝမ်က ကားမမောင်းနိုင်သဖြင့် ခေါင်းဆောင်ချူ ကိုယ်တိုင် ကားမောင်းနေရသည်။ ဤအချိန်တွင် သူ၏ ရေဒီယိုအစုတ်ကို ကလိရန် အချိန်မရှိနိုင်လောက်ပေ။

မက္ကန်းနစ်လမ်းစဉ်မှ ဖန်တီးထားသော ပစ္စည်းများသည် သဘာဝလွန်ပစ္စည်းများ မဟုတ်လျှင်တောင်မှ ထူးဆန်းသောအရာများကို တိုက်ခိုက်နိုင်စွမ်းရှိသဖြင့် အလွန် အစွမ်းထက်သော ပစ္စည်းများ ဖြစ်ပေလိမ့်မည်။

ချန်းရီက ဤကိစ္စကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။

ဤကိစ္စကို သတိထားပြီး လုပ်ဆောင်ရမည်။ သို့မဟုတ်ပါက ခေါင်းဆောင်ချူကဲ့သို့ မြေခွေးအိုကြီး သိသွားလျှင် သူ့ကိုပါ ဝေစု ခွဲပေးနေရလိမ့်မည်။

အဆိုးဆုံးက သူ့ချည်းသက်သက် သိမ်းပိုက်သွားနိုင်သေးသည်။

ချန်းရီသည် ခေါင်းဆောင်ချူ၏ စရိုက်နှင့် ကိုယ်ကျင့်တရားအပေါ် မည်သည့် မျှော်လင့်ချက်မှ မထားရှိပေ။

ထိုမက္ကန်းနစ် လမ်းစဉ် အစွမ်းပိုင်ရှင်သည် ပစ္စည်းများစွာ ဖန်တီးထားနိုင်မည် မဟုတ်ဘဲ အလွန်ဆုံးရှိမှ တစ်ခု သို့မဟုတ် နှစ်ခုခန့်သာ ရှိလောက်မည်ဟု ခန့်မှန်းရသည်။

ချန်းရီ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်လာသော်လည်း မိန်းကလေး၏ စကားကို ဖြတ်မပြောခဲ့ပေ။

ရှပေါ်အမည်ရှိသော မက္ကန်းနစ် ရှိနေခြင်းကြောင့်သာ ဤအသက်ရှင်ကျန်ရစ်သူများသည် တဝူမြို့တွင် အသက်ရှင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရှပေါ်၏ ဂုဏ်သတင်းမှာ အသက်ရှင်ကျန်ရစ်သူများကြားတွင် နေမင်းပမာ ထွန်းလင်းတောက်ပနေပြီး သူ့ကို မလေးစားသောသူဟူ၍ မရှိပေ။

သို့သော် ၎င်းကြောင့်ပင် မကျေနပ်မှုအချို့လည်း ဖြစ်ပေါ်လာခဲ့သည်။

ယခင်က ချန်းရီ မီးရှို့၊ ခုတ်သတ်ခဲ့သော ဆံပင်အနီနှင့် အပြာရောင် လူမိုက်နှစ်ဦးမှာ ကမ္ဘာပျက်ကပ် မတိုင်မီကတည်းက လူဆိုးလူမိုက်များ ဖြစ်ကြသည်။ သူတို့က အချို့သော ကိစ္စရပ်များကို အကြိမ်ကြိမ် လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ရှပေါ်က တားဆီးခဲ့သည်။

ထို့ကြောင့် ထိုနှစ်ဦးမှာ ရှပေါ်အပေါ် အလွန် ရန်ငြိုးဖွဲ့နေခဲ့ကြသည်။

ကမ္ဘာပျက်ကပ်ထဲတွင် ရိက္ခာရှားပါးမှုမှာ လူတိုင်း မဖြစ်မနေ ရင်ဆိုင်ရမည့် ပြဿနာတစ်ခုပင်။

ရှပေါ်က တစ်နေ့လျှင် ထမင်းနှစ်နပ်အစား တစ်နပ်သာ စားရန် တောင်းဆိုခဲ့သည်။

၎င်းကြောင့် လူများစွာ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး လူမိုက်နှစ်ဦး၏ သွေးထိုးလှုံ့ဆော်မှုများပါ ပေါင်းစပ်သွားသောအခါ အသက်ရှင်ကျန်ရစ်သူများ အားလုံးက ရှပေါ် သတိလစ်ဟင်းနေချိန်တွင် ပုန်ကန်မှု စတင်ခဲ့ကြတော့သည်။

ဤနေရာသို့ ရောက်သောအခါ ချန်းရီက ထိုမိန်းမကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အရာအားလုံးကို မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းစွာ သိမြင်သွားသည်။

ခုနက မြင်တွေ့ခဲ့ရသော အခြေအနေများအရ ဤမိန်းမသည် ထိုပုန်ကန်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပုံရသည်။

သို့သော် သူမက ထုတ်မပြောသလို ချန်းရီကလည်း မမေးခဲ့ပေ။

ဆက်လက်ဖြစ်ပေါ်လာမည့် အခြေအနေများကို ချန်းရီက ခန့်မှန်းမိပြီး ဖြစ်သည်။

မက္ကန်းနစ်သည် တိုက်ခိုက်ရေးတွင် အလွန် အစွမ်းထက်သော လမ်းစဉ်တစ်ခု မဟုတ်ပေ။

ဤလမ်းစဉ်၏ အားသာချက်မှာ လက်နက်များနှင့် စက်ပစ္စည်းဆိုင်ရာ ကိစ္စရပ်အားလုံးကို ပြုပြင်ဖန်တီးနိုင်ခြင်းပင် ဖြစ်သည်။

စက်ပစ္စည်းများကို မယုံနိုင်လောက်သော စွမ်းရည်များ ရရှိစေရန်နှင့် လက်နက်များကို ထူးဆန်းသောအရာများအား သတ်ဖြတ်နိုင်စွမ်း ရှိလာစေရန် ပြုလုပ်ပေးနိုင်သည်။

သူတို့အတွက်တော့ ၎င်းမှာ အလွန် ရိုးရှင်းလှသည်။

သို့သော် လက်နက် မရှိသည့် အခြေအနေမျိုးတွင် တိုက်ခိုက်ရေး စွမ်းရည်ကို နှိုင်းယှဉ်ရလျှင် ခေါင်းဆောင်ချူနှင့် သိပ်ကွာမည် မဟုတ်ပေ။

အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားက ဝိုင်းဝန်းတိုက်ခိုက်ကြလျှင် လမ်းစဉ်အစွမ်းပိုင်ရှင်တစ်ယောက်အနေဖြင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ထားသော်လည်း ထိုမျှများပြားသော လူအုပ်ကြီးကို ယှဉ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ဤအသက်ရှင်ကျန်ရစ်သူများမှာ ကြိုတင် အစီအစဉ်ဆွဲထားကြသည်မှာ သေချာလှသည်။

ထိုမက္ကန်းနစ် လမ်းစဉ် အစွမ်းပိုင်ရှင်သည် သတိမထားမိဘဲ အသတ်ခံလိုက်ရခြင်း ဖြစ်လောက်မည်။

ထိုမက္ကန်းနစ် အစွမ်းပိုင်ရှင် အသတ်ခံရပြီးနောက် မည်သို့ ဆက်ဖြစ်ခဲ့သည်ကိုမူ ချန်းရီ မသိချင်တော့ပေ။

ကမ္ဘာပျက်ကပ်၏ အမှောင်ထုများကို သူ မြင်တွေ့ခဲ့ရသည်မှာ များလွန်းနေပြီ ဖြစ်သဖြင့် ရင်ထဲတွင် နေရောင်ခြည်လေး အနည်းငယ်မျှ ချန်ထားချင်ပါသေးသည်။

မိန်းကလေး၏ ဆက်ပြောသော စကားများတွင် အရေးကြီးသော သတင်းအချက်အလက်များစွာ ဖုံးကွယ်ထားသော်လည်း ချန်းရီ တွေးထားသည်နှင့် သိပ်ပြီး မကွာခြားလှပေ။

"မင်းတို့ရဲ့ သေနတ်တွေက"

ချန်းရီ စကားပင် မဆုံးသေးမီ မိန်းကလေးက သဘောပေါက်သွားသည်။

"အဲဒီ သေနတ်တွေက အစ်ကို့ကို ခြောက်ဖို့သက်သက်ပါ... အစ်ကို့ကို တကယ်ပစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး... ပြီးတော့ သေနတ်တော်တော်များများက ကျည်ဆန်လည်း မရှိပါဘူး... အဲဒီအထဲက နှစ်လက်က ရှပေါ် ပြုပြင်ထားတာဆိုတော့ ကျွန်မတို့ လုံးဝ သုံးလို့ မရပါဘူး"

မိန်းကလေးက ထိတ်လန့်တကြား ရှင်းပြရင်း လက်နှစ်ဖက်ကို ပတ်ချာလည်အောင် ရမ်းခါပြနေသည်။

ချန်းရီက နားထဲ ဝင်မဝင် ဆိုသည်ကိုမူ သူ ကိုယ်တိုင်သာ သိပေလိမ့်မည်။

ချန်းရီက ဆက်မေးလိုက်သည်။ "အဲဒီ မက္ကန်းနစ် လမ်းစဉ် အစွမ်းပိုင်ရှင် သေသွားပြီးတဲ့နောက် ဒီတဝူမြို့မှာ ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်ခဲ့ကြတာလဲ"

ဤမေးခွန်းက အလွန် အရေးကြီးသည်။

ကမ္ဘာပျက်ကပ် ကျရောက်ပြီးချိန်မှစ၍ ယခုအထိ မြို့ထဲတွင် အသက်ရှင်နေနိုင်သော ဤလူစုမှာ ချန်းရီ တွေ့ဖူးသမျှ တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်သူ အဖွဲ့ငယ်လေးပင် ဖြစ်သည်။

မိန်းကလေးက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေသည်။ "မြူခိုးကျွန်တွေကြောင့်ပါ"

"မြူခိုးကျွန်"

ဤအမည်ကို ယခင်က တစ်ခါမှ မကြားဖူးခဲ့ပေ။

မိန်းကလေး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။ "ဟုတ်တယ်... မြူခိုးကျွန်တွေလေ... သူတို့က အရမ်း ကြောက်စရာကောင်းတယ်... သေသွားတဲ့ လူတိုင်း မြူခိုးကျွန်တွေ ဖြစ်သွားကြတာ"

"အဲဒီ မြူခိုးကျွန်တွေက ပြန်လာပြီး ကျွန်မတို့ကို မြူခိုးတွေထဲ ပြန်ဆွဲခေါ်သွားကြတယ်... ပြီးတော့ မြူခိုးကျွန်အသစ်တွေ ဖြစ်သွားအောင် လုပ်ကြတယ်"

"ကျွန်မတို့ အရင်က လူတစ်ရာကျော် ရှိခဲ့တာ... အခုတော့ သေကုန်ကြလို့ သုံးယောက်ပဲ ကျန်တော့တယ်"

"တကယ်တော့ အစ်ကိုတို့ မလာရင်တောင် ကျွန်မတို့ အားလုံး သိပ်မကြာခင်မှာ မြူခိုးကျွန်တွေ ဖြစ်သွားကြတော့မှာ"

ချန်းရီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အနီရောင်အလင်းတန်း တစ်ချက် လက်သွားသည်။

ထို့နောက် ဘေးနားရှိ မိန်းကလေးသည် ညာဘက်လက်ဖြင့် ဓားကို မြှောက်ကာ ဘယ်ဘက်လက်၏ လက်မကို ရက်ရက်စက်စက် ခုတ်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"အား"

မိန်းကလေး၏ စူးစူးဝါးဝါး အော်ဟစ်သံက လမ်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ထို့နောက် သူမ၏ ညာဘက်လက်ဖြင့် ပြန်လည် ဖုံးအုပ် ပိတ်ဆို့လိုက်သည်။

သနားစဖွယ် အော်ဟစ်သံမှာ လည်ချောင်းထဲတွင် ပိတ်ဆို့နေပြီး ထွက်မလာနိုင်တော့ပေ။

မိန်းကလေးက သူမ၏ ညာဘက်လက်ကို အတင်းဖယ်ရှားရန် ကြိုးစားသော်လည်း အားမသုံးနိုင်ဘဲ ဖြစ်နေသည်။ သူမ တစ်ကိုယ်လုံးမှာ လက်မှ ထွက်လာသော သွေးများဖြင့် သွေးရဲရဲသံလျက် ဖြစ်နေပြီး ကားထိုင်ခုံပေါ်တွင်လည်း သွေးကွက်ကြီး စွန်းထင်းသွားလေသည်။

ဤအချိန်တွင် မိန်းကလေး၏ ဘယ်လက်နှင့် ညာလက်တို့မှာ တစ်ဖက်နှင့်တစ်ဖက် အားပြိုင်နေကြသည်။

ထိုအချိန်မှာပင် သွေးများသည် တစ်စုံတစ်ရာကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားသည်။

မိန်းကလေးသည် သူမ ထိုင်နေသော ဤကားထိုင်ခုံက သူမအား တင်းကြပ်စွာ ချုပ်နှောင်လာသည်ကို ခံစားလိုက်ရသည်။

ကျောပြင်၊ ပေါင်တံ၊ တင်ပါးများအားလုံးကို ကားထိုင်ခုံက တင်းတင်းကျပ်ကျပ် ရစ်ပတ်ဖုံးအုပ်လာသည်။

ဤခံစားချက်မှာ ကားထိုင်ခုံက သူမအား အရှင်လတ်လတ် မျိုချတော့မည့်အလား ပင်။

မိန်းကလေးက စူးစူးဝါးဝါး အော်ဟစ်ချင်ပြီး သနားခံချင်သော်လည်း သူမ၏ ပါးစပ်မှာ သူမ၏ ကိုယ်ပိုင်လက်ဖြင့်ပင် ပိတ်ဆို့ထားခြင်း ခံနေရသည်။

အသံ လုံးဝ ထွက်မလာနိုင်တော့ပေ။

မိန်းကလေးမှာ ချန်းရီကို အကူအညီတောင်းသော မျက်လုံးများဖြင့်သာ ကြည့်နေနိုင်တော့သည်။

ဤအရာမှာ သွေးများက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ တားမြစ်ချက်ကို လှုံ့ဆော်လိုက်ပြီး မျိုချခြင်း စွမ်းရည်ကို အသက်ဝင်စေခဲ့ခြင်းဖြစ်ကြောင်း ချန်းရီ နားလည်လိုက်သည်။

ဤကားထိုင်ခုံက ထူးခြားသော အစွမ်းရှိနေခြင်း မဟုတ်ပေ။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဒုတိယမြောက် တားမြစ်ချက်မှာ "ကားထဲတွင် သွေးညှီနံ့ မရှိစေရ၊ ဒဏ်ရာ မရစေရ၊ သို့မဟုတ်ပါက ကား၏ မျိုချခြင်းကို ခံရမည့် အန္တရာယ်ရှိသည်" ဟူ၍ ဖြစ်သည်။

သူသာ မတားဆီးပါက မိန်းကလေးသည် ဤကား၏ မျိုချခြင်းကို အပြည့်အဝ ခံရတော့မည် ဖြစ်သည်။

ချန်းရီအနေဖြင့် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက လူရှင်တစ်ယောက်ကို မည်သို့ မျိုချမည်နည်း ဆိုသည်ကို ကြည့်ရှုရမည်ကိုမူ ကန့်ကွက်စရာ မရှိပေ။

သို့သော် မျက်စိအောက်ရှိ မိန်းကလေးက အသုံးဝင်နေသေးသဖြင့် ယခုအချိန်၌ သေ၍ မဖြစ်သေးပေ။

ချန်းရီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပစ်ကပ်ကား၏ မျိုချခြင်း စွမ်းရည်မှာ ချက်ချင်း ရပ်တန့်သွားပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

အကယ်၍ တခြားသူသာဆိုပါက အသက်ဝင်နေပြီဖြစ်သော တားမြစ်ချက်ကို တားဆီးရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် သို့မဟုတ် အလွန်တရာ ခဲယဉ်းလှပေလိမ့်မည်။

သို့သော် သူသည် ချန်းရီ ဖြစ်သည်။ ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားမှာ သူက စက်ဘီးအိုကြီးမှစ၍ တစ်ဆင့်ချင်း အဆင့်မြှင့်တင်လာခဲ့ခြင်း ဖြစ်သည်။

ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို သူက လွတ်လပ်စွာ မောင်းနှင်နိုင်ပြီး တားမြစ်ချက်များနှင့် ပေးဆပ်ရမှုများ အားလုံးကို လျစ်လျူရှုနိုင်စွမ်း ရှိသည်။

ဤကားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းပင် ရှိနေသေးသည်။

မိန်းကလေးက ချုပ်နှောင်မှုမှ ရုန်းထွက်ပြီး ကားထိုင်ခုံပေါ်မှ မတ်တတ်ထရပ်ရန် ကြိုးစားသော်လည်း ကားထဲတွင် နေရာအနည်းငယ်သာ ရှိသည်။

မိန်းကလေးမှာ ပါးစပ်ကို ဖုံးအုပ်ထားရင်း သူမ၏ ခန္ဓာကိုယ်ကို ထိုထူးဆန်းသည့် ကားထိုင်ခုံနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန်သာ တတ်နိုင်တော့သည်။

ဤအချိန်၌ သူမ၏ မျက်လုံးထဲတွင် ဤကားဖြစ်စေ၊ မျက်စိရှေ့ရှိ လူဖြစ်စေ...

လောကတွင် အကြောက်ရဆုံးသော မိစ္ဆာများသာ ဖြစ်နေတော့သည်။

ကားနောက်ခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးမှာ မျက်နှာများ ဖြူရော်နေပြီး တစ်ခဏချင်းမှာပင် အလွန်တရာ ထိတ်လန့် စိုးရိမ်နေကြသည်။

ကားနောက်မှ လိုက်ပါလာသော ခေါင်းဆောင်ချူက ပါးစပ်မှ ရေရွတ်လိုက်သည်။ "ဒီကောင်လေး... ဘာတွေ ရူးကြောင်ကြောင် လုပ်နေပြန်တာလဲ"

ဆက်ရန်...

All Chapters