အခန်း ၁၇၂
Vol. 9 Ch. 172
အပိုင်း(၁၇၂) ဝူကျန်းတံတားအောက်တွင်
"အရူး... ရှင်က အရူးပဲ"
မိန်းကလေးက သူမ၏ လက်မကို ဖုံးအုပ်ထားပြီး မျက်နှာပေါ်တွင် နာကြည်းမုန်းတီးမှုများ အပြည့်ရှိနေကာ ယခင်က လိမ္မာရေးခြားရှိပြီး သတိထားတတ်သော အမူအရာများအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် မိန်းကလေး၏ စိတ်ထဲတွင် နက်ရှိုင်းသော ဝေခွဲမရဖြစ်မှုများ ရှိနေဆဲပင်။ သူမ အစမှအဆုံး ပြောခဲ့သော စကားတစ်ခွန်းစီတိုင်းက သေချာပေါက် စဉ်းစားဆင်ခြင်ပြီးမှ ပြောခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ထိုအထဲတွင် ရာခိုင်နှုန်း(၉၀)ကျော်က အမှန်တရားများ ဖြစ်ပြီး အရေးကြီးသော အစိတ်အပိုင်း အချို့ကိုသာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
သူမကို သူ ရိပ်မိသွားတာများလား။
မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။
ငါ့စကားတွေထဲက ဟာကွက်ကို သူ ဘယ်လိုလုပ်ပြီး ရိပ်မိနိုင်မှာလဲ။
"နောက်ထပ် အပိုစကား တစ်ခွန်းထပ်ပြောရင်... မင်းလျှာကို မင်းကိုယ်တိုင် ဖြတ်ခိုင်းလိုက်မယ်"
"ဒီလို ခံစားချက်မျိုးကို မင်း ကြုံဖူးမှာ မဟုတ်ဘူး ထင်တယ်"
မိန်းကလေးက အသိတရားဝင်ကာ ပါးစပ်ပိတ်နေရန် ရွေးချယ်လိုက်သော်လည်း မျက်လုံးထဲမှ နာကြည်းမုန်းတီးမှုများကိုမူ ဖုံးကွယ်ထား၍ မရနိုင်သေးပေ။
ချန်းရီက မိန်းကလေး၏ သူ့အပေါ်ထားရှိသော ခံစားချက်များကို လုံးဝ ဂရုမစိုက်ခဲ့ချေ။
"မြူခိုးကျွန်တွေ ပေါ်လာလို့ မင်းတို့လူ တစ်ရာကျော်ထဲက တစ်ဆယ့်ခုနစ်ယောက်ပဲ ကျန်တော့တယ်ဆိုတာ... မင်း ခုနက ပြောခဲ့တာလား"
မိန်းကလေးက အံကြိတ်ထားပြီး နဖူးတွင် ချွေးစေးများ ပြည့်နှက်နေကာ နာကျင်နေကြောင်း သိသာလှသည်။
ချန်းရီက စတီယာရင်ကို ကိုင်ထားရင်း လမ်းဘေးတွင် ရပ်ထားသော ကားတစ်စီးကို ဝင်တိုက်ကာ မှောက်သွားစေပြီးနောက်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး... မင်းတို့က လူတစ်ထောင် ဖြစ်နေရင်တောင် ထူးဆန်းတဲ့အရာနဲ့ ကြုံတွေ့ရချိန်မှာ ဆယ်ယောက်လောက် ထွက်ပြေးလွတ်မြောက်လာနိုင်ရင်ကို မင်းတို့ ကံကောင်းနေပြီလို့ ဆိုရမယ်"
"လူတစ်ရာက ထူးဆန်းတဲ့အရာနဲ့ ကြုံတွေ့ရရင်... အဆုံးသတ်က တစ်ခုပဲ ရှိတယ်"
ချန်းရီက ခေါင်းလှည့်ကာ မိန်းကလေး၏ နာကြည်းမုန်းတီးနေသော မျက်လုံးများကို တစ်ချက် ကြည့်လိုက်သည်။
မိန်းကလေးက ချန်းရီ ရုတ်တရက် ခေါင်းလှည့်လာမည်ဟု မထင်မှတ်ထားသဖြင့် မျက်လုံးထဲမှ နာကြည်းမှုများကို အလျင်အမြန် ဖုံးကွယ်ကာ ခေါင်းငုံ့၍ တိတ်ဆိတ်နေလိုက်သည်။
ချန်းရီက ဆက်ပြောလိုက်သည်။ "အကုန်လုံး တစ်ခါထဲ သေသွားတာပဲ"
"ဒါကြောင့်... မင်းမှာ မပြောဘဲ ချန်ထားခဲ့တဲ့ သတင်းတစ်ခုခု ရှိနေရမယ်"
"မင်းတို့ အရင်က အစွမ်းပိုင်ရှင် တစ်ယောက်ကို သတ်ခဲ့ဖူးတယ် ဆိုပေမဲ့... အစွမ်းပိုင်ရှင်တိုင်းက သူ့လိုပဲလို့ မဆိုလိုဘူး"
"အစွမ်းပိုင်ရှင် တစ်ယောက်ရှေ့မှာ လိမ်ညာချင်တယ် ဆိုရင်... မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အဆင့်မီသလားဆိုတာ အရင်ကြည့်ဦး"
ချန်းရီ၏ စကားများက ညသန်းခေါင်ယံမှ ရေခဲတုံးများအလား အေးစက်နေပြီး ကြားရသူကို တုန်လှုပ်သွားစေသည်။
မိန်းကလေး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာပြီး ရင်ထဲတွင် ကြီးမားလှသော ကြောက်ရွံ့မှုများ ထွက်ပေါ်လာခဲ့သည်။
သူမက ချန်းရီကို အထင်သေးခဲ့သလို အစွမ်းပိုင်ရှင်များကိုလည်း တကယ်ကို အထင်သေးမိခဲ့ခြင်း ဖြစ်သည်။
သူမ၏ အသိအမြင်တွင် အစွမ်းပိုင်ရှင်များ ဆိုသည်မှာ ရှပေါ် ကဲ့သို့ပင်ဖြစ်ပြီး အားသန်ကာ စိတ်ကူးနှင့်ပင် မယုံကြည်နိုင်လောက်သော စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။
အခြားသော အပိုင်းများတွင် ပုံမှန်လူများနှင့် တူညီလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် သူမရှေ့မှ ဤလူကမူ ဉာဏ်နီဉာဏ်နက်ဖြစ်စေ၊ ရက်စက်မှု အတိုင်းအတာဖြစ်စေ သူမ၏ တွေးထင်ထားမှုထက် ကျော်လွန်နေခဲ့သည်။
"တောင်း... တောင်းပန်ပါတယ်ရှင်"
"ကျွန်မ ပြောဖို့ မေ့သွားတာပါ"
"မြူခိုးကျွန်တွေက အရမ်းသန်မာတယ်... ကျွန်မတို့တွေ မြူခိုးကျွန်တွေကို သတ်ဖို့ စဉ်းစားခဲ့ဖူးပေမဲ့ ရှပေါ် မရှိဘဲနဲ့ ကျွန်မတို့က မြူခိုးကျွန်တွေရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ပါဘူး"
"သူ့ရဲ့... လက်နက်တွေကိုလည်း ကျွန်မတို့ သုံးလို့မရဘူးလေ"
အဆင့်သတ်မှတ်ချက် မည်မျှပင် နိမ့်ပါးသော သဘာဝလွန်ပစ္စည်း ဖြစ်ပါစေ၊ သာမန်လူများ အသုံးပြုနိုင်စွမ်း မရှိပေ။
ချန်းရီက သူတို့ အသုံးမပြုနိုင်သည့် အကြောင်းရင်းကို သဘာဝကျစွာပင် သိနေသော်လည်း ဘာမျှ ထုတ်မပြောခဲ့ချေ။
"ကျွန်မတို့ မြူခိုးကျွန်တွေကို သတ်ဖို့အတွက် လူအများကြီး သေခဲ့ရတယ်... ဒါပေမဲ့ ကျွန်မတို့ရဲ့ နည်းလမ်းတွေ အကုန်လုံးက မြူခိုးကျွန်တွေ အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိခဲ့ဘူး"
"တကယ်ဆို ကျွန်မတို့ တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့... မြူခိုးကျွန်တွေက တစ်ခါလာရင် သုံးမိနစ်ပဲ ပေါ်လာတတ်တယ်... သုံးမိနစ် ပြည့်သွားတာနဲ့ သူတို့က မြူခိုးတွေထဲမှာ ပျောက်ကွယ်သွားကြတာပဲ"
"သုံးမိနစ်... ဘာဖြစ်လို့လဲ"
သုံးမိနစ်ဟူသော ကန့်သတ်ချက်ကို ကြားလိုက်ရချိန်တွင် ချန်းရီ၏ မျက်နှာက သိပ်ကြည့်ကောင်းမနေခဲ့ပေ။
သူက အလွန် ဆိုးရွားသော စကားလုံး တစ်လုံးကို တွေးမိသွားသည်။
မိန်းကလေးက ဖြူရော်နေသော မျက်နှာဖြင့် ခေါင်းခါယမ်းကာ "ကျွန်မ မသိဘူး... ရှင့်ကို ကျွန်မ မလိမ်ပါဘူး"
"ကျွန်မ တကယ် မသိတာပါ... အမြဲတမ်း သုံးမိနစ်ပါပဲ"
"အဲဒီ အကြောင်းပြချက်ကြောင့်ပဲ ကျွန်မတို့ အသက်ရှင်နိုင်ခဲ့တာပါ"
မိန်းကလေးက ချန်းရီ မယုံကြည်ဟန်ရှိသည်ကို မြင်လိုက်ရသဖြင့် သူမတစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်လာကာ လက်ပေါ်ရှိ ဒဏ်ရာမှလည်း သွေးများ ပိုမို ပန်းထွက်လာခဲ့သည်။
"ဒဏ်ရာကို စည်းထားလိုက်... ငါ့ကားကို ညစ်ပတ်အောင် မလုပ်နဲ့"
မိန်းကလေးက ထိတ်လန့်တကြားဖြင့် ဓားကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး သူမကိုယ်ပေါ်ရှိ အဝတ်စတစ်ပိုင်းကို ဖြတ်တောက်ကာ ဘယ်ဘက်လက်ရှိ လက်မဒဏ်ရာတွင် စည်းနှောင်လိုက်သည်။ ထို့နောက် ပြတ်သွားသော လက်မကိုပါ ကောက်ယူ၍ အင်္ကျီအိတ်ကပ်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။
မိန်းကလေး၏ မျက်နှာပေါ်တွင် အားငယ်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမတွင် ဝဋ်လည်မည့် နေ့တစ်နေ့ ရှိလာမည်ကို သူမ တွေးထားခဲ့ဖူးသည်။
သို့သော် ဤကဲ့သို့သော လူမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။
သူမ ကျူးလွန်ခဲ့ဖူးသော ကိစ္စရပ်များကို ပြန်တွေးမိချိန်တွင် ပြစ်မှုနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံရခြင်းဖြစ်သည်ဟုလည်း ခံစားလိုက်ရသည်။
ချန်းရီက အေးစက်စွာဖြင့် ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ပို၍ သေချာသွားခဲ့သည်။
ဒါက သေချာပေါက်...
"ရှဲ... ရှဲ... ဟယ်လို... ခေါင်းဆောင်ချူ..."
ချန်းရီက စကားပြောစက်ကို ကိုင်ကာ ရှောင်ဟွာဟုခေါ်သော ဤမိန်းကလေး ပြောခဲ့သည့် ကိစ္စများကို ခေါင်းဆောင်ချူထံသို့ ပြန်လည် ပြောပြလိုက်သည်။
ခေါင်းဆောင်ချူ ကြားပြီးနောက် သူ၏ စိတ်ထဲတွင်လည်း အတိုင်းမသိ လေးလံသွားခဲ့သည်။
"ရှဲ... ရှဲ... ရှောင်ရီ... ဒါက စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာ ဖြစ်နိုင်တယ်"
"ငါရေးထားတဲ့ မှတ်စုတွေကို မင်း ဖတ်ဖူးတယ်မလား... စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာတွေက သာမန် ထူးဆန်းတဲ့အရာတွေထက် ပိုပြီး ကြောက်စရာကောင်းတယ်"
"စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာရဲ့ စည်းမျဉ်းကို သွားထိမိတာနဲ့... အဲဒီ ထူးဆန်းတဲ့ အရာက လက်ရှိအဆင့်မှာရှိနေတဲ့ မင်းနဲ့ငါ့အတွက်တော့ အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"
"ငါတို့အဖွဲ့သား အားလုံးပေါင်းပြီး တိုက်ရင်တောင် စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာကို အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး"
ခေါင်းဆောင်ချူ၏ စကားများက တည်ငြိမ်နေပြီး အချက်ကျကျ ခွဲခြမ်းစိတ်ဖြာထားခြင်း ဖြစ်သည်။
ချန်းရီကမူ နားထောင်ရင်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။
အဖွဲ့သား အားလုံး ပေါင်းပြီး တိုက်မယ် ဟုတ်လား။
သူတို့အဖွဲ့ သတ်ဖြတ်နိုင်ခဲ့သော ထူးဆန်းသည့်အရာဆို၍ ယခင်က သဲကန္တာရထဲမှ လူမျက်နှာ ကင်းမြီးကောက် တစ်ကောင်သာ ရှိခဲ့သည် မဟုတ်ပါလော။
နောက်ပိုင်းက ခြေလက်ရှစ်ဖက်နှင့် လူမျက်နှာ... ပြီးတော့ အသူရာ သွေးမျက်လုံး... ဘယ်ဟာကိုပဲဖြစ်ဖြစ် သူတို့အဖွဲ့ အနိုင်ယူနိုင်စွမ်း မရှိခဲ့ချေ။
အင်းပေါ့... ဓားစာခံ ဖြစ်ခဲ့ရတဲ့ တွားသွားကောင်တွေကလွဲရင်ပေါ့။
ထူးဆန်းသောအရာများ၏ စွမ်းအားကြီးမားမှုက တရားမျှတရေး ယာဉ်တန်း၏ ရှေ့တွင် ပြိုင်ဘက်ကင်း အဆင့်ပင် ဖြစ်နေသည်။
လမ်းစဉ် အဆင့် (၂) ကို အခုလေးတင် တက်လှမ်းနိုင်ခဲ့တာကြောင့် အဆင့်နိမ့် ထူးဆန်းတဲ့အရာ အချို့နဲ့ ယှဉ်ပြိုင်နိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေခဲ့တာ။
ရလဒ်ကတော့ ပိုပြီး စွမ်းအားကြီးတဲ့ ထူးဆန်းသောအရာနဲ့ သွားကြုံရတာပဲ။
တကယ်ကိုပဲ... ပြီးဆုံးနိုင်တယ်ဆိုတာ မရှိတော့ဘူးလား။
"ခေါင်းဆောင်ချူ... ငါတို့ ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"
"လက်ရှိအရှိန်နဲ့ဆိုရင် အနည်းဆုံး နှစ်ရက်တော့ လိုသေးတယ်"
ချန်းရီက ထင်းခုတ်ဓားမပေါ်ရှိ အချိန်ရေတွက်စနစ်ကို တစ်ချက်ကြည့်လိုက်ရာ နာရီ(၆၀)ကျော် လိုနေသေးသည်။
နှစ်ရက်ဆိုတော့... နာရီ(၅၀)တောင် မပြည့်တော့ဘူးပေါ့။
ဒီတစ်ကြိမ် အဆင့်မြှင့်တင်ရတဲ့ အချိန်က တကယ်ကို ကြာလွန်းတယ်။
စကားပြောစက်ထဲတွင် တိတ်ဆိတ်သွားခဲ့ပြီး ချန်းရီနှင့် ခေါင်းဆောင်ချူ နှစ်ယောက်စလုံး၏ စိတ်ထဲတွင် လေးလံနေကြောင်း သိသာလှသည်။
ရှောင်ဟွာ ကဲ့သို့သော မိန်းကလေးက လမ်းပြပေးနေခြင်းအပြင် ခေါင်းဆောင်ချူ၏ အစွမ်းနှင့် မြေပုံတို့ ပေါင်းစပ်လိုက်သောအခါ ကားနှစ်စီး၏ အမြန်နှုန်းက အတော်လေး မြန်ဆန်လာခဲ့သည်။
သို့သော် ခရီးဆက်ရသည်မှာ အလွန် ခက်ခဲကြမ်းတမ်းနေဆဲပင်။
တခါတရံ ဖြောင့်တန်းစွာ သွားနိုင်သော လမ်းဖြစ်နေလျက်နှင့် စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံထွက်ပေါ်လာပြီး ဘေးဘက်ရှိ လမ်းသွယ်လေးထဲသို့ ကွေ့ဝင်ခိုင်းတတ်သည်။
ဆယ်မိနစ်သာ ကြာမည့် ခရီးကို တခါတရံ နှစ်နာရီကြာအောင် မောင်းနှင်ရတတ်သည်။
ရှောင်ဟွာနှင့် အခြားသော အသက်ရှင်ကျန်ရစ်သူ အချို့က နားမလည်ကြသော်လည်း တိတ်ဆိတ်စွာပင် နေခဲ့ကြသည်။
ချန်းရီက ရှောင်ဟွာ ဆိုသော မိန်းကလေးကို ပစ်ကပ်ကား၏ နောက်ခန်းထဲသို့ ပစ်ထည့်လိုက်ပြီး ယခင် ခြေထောက်နှစ်ဖက် ကျိုးနေသော ဦးလေးကျန်း ကို လမ်းပြခိုင်းလိုက်သည်။
ထိုမိန်းမက နောက်ခန်းသို့ မသွားမီ ဒဏ်ရာကို အောင့်ခံကာ ယာဉ်မောင်းဘေးခုံကို ရိုးရှင်းစွာ သန့်ရှင်းရေး လုပ်သွားခဲ့သေးသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ကားပေါ်သို့ ထပ်တက်လာချိန်တွင် ချန်းရီအပေါ် သိသိသာသာ ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများကို ပြသနေခဲ့သည်။
ချန်းရီက သူနှင့် စကားအများကြီးပြောရန် လုံးဝ စိတ်ကူးမရှိခဲ့ပေ။
ဆံပင်ညှပ်ဆိုင်၏ ဒုတိယထပ်တွင် သူ ဘာကြောင့် ရောက်နေခဲ့သလဲ ဆိုသည်ကိုပင် မမေးမြန်းခဲ့ချေ။
အရေးကြီးသော အချိန်များတွင်သာ သူ့ကို စက်ရုပ်တစ်ရုပ်လို လမ်းပြခိုင်းခဲ့သည်။
လူလတ်ပိုင်း အမျိုးသားက ချန်းရီ၏ အေးစက်မှုကို သတိထားမိပြီးနောက် သူလည်း အတော်လေး သက်တောင့်သက်သာ ဖြစ်သွားသည်။
ထိုသို့ဖြင့် ကားများက မြူခိုးမြို့၏ မြို့ဟောင်းဧရိယာထဲတွင် လှည့်ပတ် မောင်းနှင်နေခဲ့သည်။
ပင်မလမ်းမကြီး တစ်လမ်းတည်းသာဆိုလျှင် ဝူကျန်းတံတားပေါ်သို့ တိုက်ရိုက် ရောက်နိုင်ပြီး အလွန်ဆုံးမှ တစ်နာရီ၊ နှစ်နာရီသာ ကြာမည့် ကိစ္စဖြစ်သည်။
သို့သော် ချန်းရီနှင့် ခေါင်းဆောင်ချူတို့က နာရီပေါင်း ဆယ်နှင့်ချီ၍ မောင်းနှင်နေခဲ့ရသည်။
ကံကောင်းသည်မှာ သူတို့နှစ်ဦး၏ ကားပေါ်တွင် ဓာတ်ဆီ အလုံအလောက် ကျန်ရှိနေသေးခြင်းပင်။
အချိန်မီရန်အတွက် ကားနှစ်စီးမှာ ငါးမိနစ်ခန့်သာ ရပ်နားပြီး အနားယူခဲ့ကြသည်။
ခေါင်းဆောင်ချူက ရှောင်ဝမ်နှင့် ဦးလေးအားပေါင်တို့အတွက် ရေနွေးအချို့ ကျိုပေးခဲ့သည်။
ထိုအချိန်တွင် ဦးလေးအားပေါင်မှာ ဝင်သက်ထက် ထွက်သက်က ပိုများနေပြီ ဖြစ်သည်။
ရှောင်ဝမ် အနေဖြင့်မူ...
ချန်းရီက အခွင့်အရေးရှာကာ ကားပေါ်တက်၍ ဦးလေးအားပေါင်ကို သွားကြည့်ချင်နေပြီး ထိုအချိန်တွင် ကားနောက်ဖုံးထဲကို တိတ်တဆိတ် မွှေနှောက်ကာ မက္ကန်းနစ် ချန်ထားခဲ့သော သေနတ်ကို ရှာဖွေချင်နေသည်။
သို့သော် ခေါင်းဆောင်ချူ ဤကောင်က ဘာဖြစ်နေမှန်း မသိဘဲ ချန်းရီက တိတ်တဆိတ် လှုပ်ရှားရန် ကြိုးစားတိုင်း...
ခေါင်းဆောင်ချူက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဝင်ရောက် ဖျက်ဆီးတတ်သည်။
ထို့ကြောင့် ဤကောင်က တမင်သက်သက် လုပ်နေခြင်းလား၊ သို့မဟုတ် တိုက်ဆိုင်မှုလား ဆိုသည်ကို ချန်းရီပင် မခွဲခြားတတ်တော့ပေ။
ချန်းရီက သေချာစွာ ကြည့်ရှုလိုက်သော်လည်း ထို ခိုးနားထောင်သည့် ရေဒီယိုအစုတ်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
ထိုအချက်က ချန်းရီကို အနည်းငယ် စိတ်အေးသွားစေပြီး အနည်းငယ် သည်းခံရန် ဆုံးဖြတ်လိုက်သည်။ အသေးအမွှားကို သည်းမခံနိုင်လျှင် အစီအစဉ်ကြီး ပျက်စီးသွားတတ်သည် မဟုတ်ပါလော။
ကားများက ဆက်လက် ထွက်ခွာလာခဲ့ကြသည်။
နှစ်နာရီကြာ မောင်းနှင်ပြီးနောက် နောက်ဆုံးတွင်တော့ ဝူကျန်းတံတား၏ အတက်လမ်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူတို့ရှေ့ရှိ ဝူကျန်းတံတားကြီးက ထူထပ်နေသော မြူခိုးများထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်ကို မြင်လိုက်ရချိန်တွင် မကြောက်ရွံ့ပါဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
"ရှဲ... ရှဲ... ချန်းရီ..."
စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"မင်းကို သိပ်မကောင်းတဲ့ သတင်းတစ်ခု ပြောရမယ်"
ဤစကားကို ကြားလိုက်ရချိန်တွင် ချန်းရီ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါမျိုး မလုပ်ပါနဲ့... ခေါင်းဆောင်ချူ... မင်း စကားကို တစ်ခွန်းတည်းနဲ့ အဆုံးထိ ပြောလို့မရဘူးလား"
"ရှောင်ရီ... ရှေ့က ဝူကျန်းတံတားအောက်မှာ အကောင်ကြီး တစ်ကောင် ရှိနေတယ်လို့ ငါ ခံစားနေရတယ်"
စကားပြောစက်ထဲရှိ ခေါင်းဆောင်ချူ၏ အသံက အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။
"ဘယ်လောက်တောင် ကြီးလို့လဲ"
"မသိဘူး... အရမ်းကြီးတယ်"
ချန်းရီလည်း စိုးရိမ်လာကာ တံတွေးတစ်ချက် မျိုချလိုက်ပြီး စကားပြောစက်ကို ကိုင်ကာ ခြောက်ကပ်နေသော အသံဖြင့် "ဒါဆို အဲဒီအကောင်ကြီး ထွက်သွားတဲ့အထိ စောင့်ပြီးမှ ငါတို့ ဆက်သွားကြတာပေါ့"
"အဆင်ပြေမယ် မထင်ဘူး"
ခေါင်းဆောင်ချူ၏ ဤစကားကို နားထောင်ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်ချူ ကိုယ်တိုင်လည်း ယခုအချိန်တွင် ထိုင်မရ ထမရ ဖြစ်နေကြောင်း သိသာလှသည်။
"ဘာဖြစ်လို့လဲ"
"ငါတို့ရဲ့ အနောက်မှာလည်း ထူးဆန်းတဲ့အရာတွေ လိုက်လာနေပြီ... ငါတို့တွေ ဝူကျန်းတံတားကို အမြန်ဆုံး ဖြတ်သန်းသွားမှ ရတော့မယ်"
ချန်းရီ "..."
ဆက်ရန်...