အခန်း ၁၇၃
Vol. 9 Ch. 173
အပိုင်း(၁၇၃) ဒဏ္ဍာရီလာ သတ္တဝါ
ကားနှစ်စီးက တုန်လှုပ်ချောက်ချားစွာဖြင့် တံတားပေါ်သို့ တက်လာခဲ့ကြ၏။
ချန်းရီက သူ၏ နှလုံးသားသည် "ဒုတ်ဒုတ် ဒုတ်ဒုတ်" ဟု ပြင်းထန်စွာ ခုန်ပေါက်နေသံကိုပင် ကြားနေရသည်။
နောက်တစ်စက္ကန့်တွင် နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်ကာ ခြေထောက်ပေါက်ပြီး ထွက်ပြေးတော့မည့်အလား ထင်မှတ်ရ၏။
မြူနှင်းများ ထူထပ်နေသည့် ရာသီဥတုကြောင့် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ လျှပ်စစ်စနစ်က အလုပ်မလုပ်တော့သည်မှာ ကြာပြီဖြစ်ပြီး ကျန်ရှိနေသော လျှပ်စစ်စွမ်းအင် အနည်းငယ်မှာလည်း လုံးဝ အသုံးမခံတော့ပေ။
သို့မဟုတ်ပါက ချန်းရီသည် လျှပ်စစ်မောင်းနှင်မှုစနစ်ကို သေချာပေါက် ဖွင့်ထားမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လျှပ်စစ်မောင်းနှင်မှုစနစ်ကို အသုံးပြုခြင်းက ဆူညံသံကို အများကြီး လျော့ကျစေသောကြောင့် ဖြစ်၏။
ခေါင်းဆောင်ချူ၏ ကားက ဘေးနားတွင် ရှိနေပြီး ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်ရုံဖြင့် ခေါင်းဆောင်ချူ၏ ဖြူရော်နေသော မျက်နှာနှင့် နားထင်မှ စီးကျနေသော ချွေးစေးများကို မြင်တွေ့နိုင်လေသည်။
ရှောင်ဝမ်ကမူ ထိုအချိန်တွင် ယာဉ်မောင်းဘေးခုံ၌ လှဲလျောင်းနေပြီး မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူလျော့နေပြီ ဖြစ်သည်။
သူတို့နှစ်ဦး၏ မြန်နှုန်းမှာ လမ်းလျှောက်သည်ထက် သိပ်မမြန်လှဘဲ ကားနှစ်စီး၏ ရှေ့ပိုင်းက မျက်စိရှေ့ရှိ မြူခိုးထူထူများကို ဖြည်းညင်းစွာ တွန်းဖယ်သွားပြီး ကားနောက်ပိုင်းတွင်မူ မြူခိုးငွေ့တန်း တစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။
ကားမီးများကို ဖွင့်ထားလျှင်ပင် သိပ်ဝေးဝေးအထိ မမြင်ရချေ။
ချန်းရီသည် လက်ကောက်ဝတ်ရှိ စမတ်နာရီကို တစ်ချက် ကြည့်လိုက်ရာ အချိန်မှာ ညနေ ငါးနာရီကျော်နေပြီ ဖြစ်၏။
ဆောင်းရာသီတွင် ပုံမှန်အားဖြင့် အမှောင်ကျတာ ပိုစောလေ့ရှိသည်။
မကြာမီ အချိန်အတွင်း မှောင်သွားတော့မည်ဟု ခန့်မှန်းရပြီး ထိုအချိန်ရောက်လျှင် အမြင်အာရုံကို ပို၍ပင် ထိခိုက်စေမည်မှာ အသေအချာပင်။
ချန်းရီက ကားကို အရင်ရပ်နားထားပြီး မနက်ဖြန် မိုးလင်းမှ ဆက်သွားရန် အကြံပြုချင်သော်လည်း ခေါင်းဆောင်ချူက သဘောတူမည် မဟုတ်သည်မှာ ထင်ရှားနေသဖြင့် ချန်းရီလည်း ထိုကိစ္စအတွက် အားမထုတ်ချင်တော့ပေ။
"ခေါင်းဆောင်ချူ... ဟိုအကောင်ကြီး ရောက်လာပြီလား"
ချန်းရီက ခေါင်းဆောင်ချူအား လေသံတိုးတိုးဖြင့် မေးလိုက်၏။
ခေါင်းဆောင်ချူက လက်ညှိုးတစ်ချောင်းကို အမြန်ထောင်ပြကာ ချန်းရီကို အသံမထွက်ရန် ဟန့်တားသည့် အမူအရာ လုပ်ပြလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် တင်းမာနေသည်။
ချန်းရီလည်း ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး ခေါင်းဆောင်ချူ၏ ဤလုပ်ရပ်က ထို "အကောင်ကြီး" မှာ အနီးအနားတွင် ရှိနေနိုင်ကြောင်း ဖော်ပြနေ၏။
ခေါင်းဆောင်ချူက ချန်းရီကို အောက်ဘက်သို့ ထပ်မံ လက်ညှိုးထိုးပြလိုက်သည်။
ချန်းရီက နားလည်သွားပြီး စိတ်ထဲတွင် ပို၍ပင် တုန်လှုပ်သွားတော့သည်။
မြူခိုးများကြောင့် မြင်ကွင်းမှာ အလွန်နည်းပါးလွန်းလှပြီး ခေါင်းဆောင်ချူ ပြောသည့် "အကောင်ကြီး" ကို မြင်တွေ့နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ချန်းရီသည်လည်း ကားပေါ်မှဆင်းကာ တံတားဘေးရှိ လက်ရန်းတွင် မှီ၍ အောက်သို့ ငုံ့မကြည့်ချင်တော့ချေ။
သူ၏ စပ်စုချင်စိတ်က ထိုမျှလောက် မပြင်းပြလှပေ။
သို့သော် ဤကဲ့သို့ ဘာမျှ မမြင်ရသည့် ခံစားချက်ကပင် လူ၏ အာရုံကြောများကို ပေါက်ကွဲထွက်မတတ် တင်းမာသွားစေသည်။
သာမန် အသက်ရှင်ကျန်ရစ်သူ သုံးယောက်မှာမူ ထိုအချိန်တွင် ကြောက်လန့်တကြားဖြစ်ကာ မျက်နှာများ ဖြူလျော့နေကြပြီ ဖြစ်၏။
ယာဉ်မောင်းဘေးခုံမှ လူလတ်ပိုင်းအရွယ် အမျိုးသားမှာ နှုတ်ခမ်းများ ဖြူရော်နေပြီး ခန္ဓာကိုယ်ကလည်း တစ်ခါတစ်ရံ အာရုံကြောအားနည်းသကဲ့သို့ တဆတ်ဆတ် တုန်ယင်သွားတတ်သည်။
ထိုအမျိုးသား ကြောက်လန့်ပြီး သေးများပင် ပေါက်ချသွားမည်ကို ချန်းရီက အလွန် စိုးရိမ်မိသည်။
ကားက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်နှင့်အမျှ။
စတီယာရင်ကို ကိုင်ထားသော သူ၏ လက်ဖမိုးပေါ်မှ မွေးညင်းများ တစ်ပင်ချင်း ထောင်မတ်လာသည်ကို ချန်းရီ မြင်တွေ့လိုက်ရပြီး အေးစက်သော ခံစားချက်က ခြေဖဝါးမှသည် ခြေသလုံး၊ ထိုမှတစ်ဆင့် ပေါင်၊ တင်ပါး၊ ခါး၊ ကျောပြင်မှသည် ဆံပင်မွေးညင်းများအထိ စိမ့်ဝင်သွားလေသည်။
ချန်းရီသည် လက်တစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က ထင်းခုတ်ဓားမ၏ ဓားရိုးကို ဆုပ်ကိုင်ထား၏။
ထင်းခုတ်ဓားမ၏ အဆင့်မြှင့်တင်မှုက မပြီးဆုံးသေးကြောင်း သေချာ သိနေသော်လည်း ချန်းရီက ဓားမ၏ အချိန်ရေတွက်မှုကို တစ်ချက် ကြည့်လိုက်သေးသည်။
နောက်ထပ် နာရီပေါင်းများစွာ ကျန်နေသေးသည်ကို မြင်လိုက်ရသောအခါ ချန်းရီသည် ဒေါသတကြီးဖြင့် တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
နံပါတ်စဉ် လေးထောင်ကျော်၊ ငါးထောင်နီးပါး ရှိသော သဘာဝလွန်ပစ္စည်း တစ်ခုက ဤကဲ့သို့သော "အကောင်ကြီး" ကို ခုခံတိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။
သို့သော် အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခု ရရှိစေရန် ချန်းရီက ဆုပ်ကိုင်ထားချင်သေးသည်။
ကားအတွင်း၌လည်း မီးခိုးငွေ့များ လွင့်ဝဲနေပြီး အခြေအနေ တစ်ခုခု မှားယွင်းသွားသည်နှင့် ချန်းရီက သေမင်းကို ချက်ဆင့် ခေါ်ယူလိုက်မည် ဖြစ်၏။
ယာဉ်မောင်းဘေးခုံမှ လူလတ်ပိုင်း ဦးလေးကြီးမှာမူ ထိုအချိန်၌ တစ်ကိုယ်လုံး တုန်ယင်နေသည်မှာ ဆန်ကောလှိုင်းထနေသကဲ့သို့ပင်။
ပစ်ကပ်ကား နောက်ခန်းထဲမှ လူနှစ်ယောက်မှာလည်း သိပ်မထူးခြားလှပေ။
၎င်းမှာ အဆင့်မြင့် ထူးဆန်းသောအရာများက လူသားများအပေါ် သက်ရောက်စေသော ဖိအားပေးမှုမျိုး ဖြစ်ပြီး ယုန်ဖြူလေးများအပေါ် သက်ရောက်သော သိမ်းငှက်တစ်ကောင်နှင့် တူလှသည်။
ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း လူများကို အထွတ်အထိပ်သို့ ရောက်အောင် တင်းမာသွားစေခဲ့ပြီ ဖြစ်သည်။
ခေါင်းဆောင်ချူမှာလည်း ထိုအချိန်တွင် မျက်နှာအမူအရာ သိပ်မကောင်းလှချေ။
ယခုကြုံတွေ့နေရသော ဤတုန်လှုပ်ချောက်ချားဖွယ် ခံစားချက်မှာ ကမ္ဘာပျက်ကပ် စတင်ကတည်းက ခေါင်းဆောင်ချူ ကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အဆိုးရွားဆုံးအကြိမ် ဖြစ်၏။
ခေါင်းဆောင်ချူ သတိမထားမိခဲ့သည့် အချက်မှာ ယာဉ်မောင်းဘေးခုံနှင့် ကားနောက်ခန်းမှ လူနှစ်ဦးသည် အသက်ရှင်သန်မှု၏ အစွန်းအဖျားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းပင်။
နောက်ခန်းရှိ ဦးလေးအားပေါင်သည် ရုတ်တရက် တုန်ယင်နေမှုများ ရပ်တန့်သွားကာ မျက်လုံးများ ပြူးကျယ်လျက် ကားအမိုးကို စိုက်ကြည့်နေပြီး သူ၏ ရင်ဘတ်က တဖြည်းဖြည်း ချိုင့်ဝင်သွားလေသည်။
ယာဉ်မောင်းဘေးခုံရှိ ရှောင်ဝမ်၏ မျက်လုံးအစုံမှာလည်း တဖြည်းဖြည်း အာရုံစိုက်နိုင်စွမ်း ပျောက်ဆုံးသွား၏။
ထိုနှစ်ယောက်မှာ မူလကတည်းက ထွက်သက်ဝင်သက် တစ်ချက်ဖြင့်သာ အသက်ဆက်နေရခြင်း ဖြစ်သည်။
ဤမျှ ကြီးမားလှသော ထူးဆန်းသည့် ဖိအားကြီးအောက်တွင် သူတို့သည် နောက်ထပ် နိုးထလာနိုင်ခြင်း မရှိတော့ပေ။
မြူခိုးငွေ့များ လွင့်ဝဲလာပြီး သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တစ်ခါမှ မရှိခဲ့ဖူးသည့်အလား ဖြစ်သွားလေသည်။
ထိုအချိန်တွင်မူ ခေါင်းဆောင်ချူသည် ထိုသူနှစ်ဦး ပျောက်ကွယ်သွားခြင်းကို လုံးဝ သတိမထားမိခဲ့ချေ။
သူတို့ ဖြတ်သန်းလာခဲ့သော ဝူကျန်း တံတားထိပ် အဝင်ဝတွင် မှုန်ဝါးဝါး အရိပ်အယောင် အများအပြား ထပ်မံ ပေါ်ပေါက်လာခဲ့သော်လည်း ထိုအရိပ်များသည် တံတားထိပ်တွင် တုံ့ဆိုင်းကာ စိုးရိမ်တကြီး လှုပ်ရှားနေကြပြီး တံတားပေါ်သို့ တစ်လှမ်းမျှပင် မတက်ရဲကြပေ။
တံတားအောက်မှ ရေစီးသံများကို ချန်းရီ ကြားနေရ၏။
ဤရေစီးသံသည် မြစ်ရေစီးဆင်းသည့် အသံ လုံးဝ မဟုတ်ဘဲ ရေထဲတွင် ကူးခတ်နေသော ဧရာမ ငါးကြီးတစ်ကောင်ကြောင့် ဖြစ်ပေါ်လာသည့် ရေလှိုင်းသံနှင့် ပိုတူကြောင်း ချန်းရီ ရဲရဲကြီး အာမခံရဲသည်။
ရေသံကို ကြားရုံမျှဖြင့် တံတားအောက်ရှိ "အကောင်ကြီး" သည် မည်မျှ ကြီးမားမည်ကို တွေးကြည့်နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် ချန်းရီသည် လီဗာကို အဆုံးထိ နင်းချလိုက်ပြီး ပြေးနိုင်သမျှ အဝေးဆုံးသို့ ပြေးထွက်သွားချင်မိသည်။
သို့သော် သူ ထိုသို့ မလုပ်နိုင်ပေ။
အင်ဂျင်မှ ထွက်ပေါ်လာမည့် ကျယ်လောင်သော ဟိန်းဟောက်သံကို မပြောနှင့်ဦး၊ တံတားပေါ်တွင် ရှုပ်ယှက်ခတ်နေအောင် ရပ်တန့်နေသော လူစီးကားများနှင့် ကုန်တင်ကား အမျိုးမျိုးကပင် လမ်းကို ပိတ်ဆို့ထားရန် လုံလောက်နေပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် ရှေ့သို့ ဆက်လက် မောင်းနှင်သွားကြ၏။
စောစောက အမြန်နှုန်းကို ဆက်လက် ထိန်းသိမ်းထားသည်။
"ဂတ်... ဂတ်... ဂတ်... ဂတ်"
ရုတ်တရက် အံကြိတ်သံများက နားထဲသို့ ဝင်ရောက်လာသည်။
ချန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး ယာဉ်မောင်းဘေးခုံမှ လူလတ်ပိုင်း ဦးလေးကြီးမှာ ကြောက်လန့်လွန်းသဖြင့် အပေါ်သွားနှင့် အောက်သွား ရိုက်ခတ်ကာ တုန်ယင်နေခြင်းဖြစ်ပြီး သူ၏ သွားများမှ ထွက်ပေါ်လာသော အသံပင် ဖြစ်သည်။
ချန်းရီ စိတ်ထဲတွင် ဒေါသထွက်သွားသည်။ ကျုပ်က ဒီလောက် ဂရုတစိုက် လုပ်နေတာကို ခင်ဗျားက ဘာသဘောလဲ။
မီးခိုးငွေ့များ လွင့်ဝဲနေစဉ်အတွင်း ကားတံခါးက တဖြည်းဖြည်း ပွင့်လာခဲ့၏။
လူလတ်ပိုင်း ဦးလေးကြီးကို မီးခိုးငွေ့များက ဝိုင်းရံကာ ကားထဲမှ အပြင်သို့ ပင့်ချီထုတ်သွားပြီး ကားထိုင်ခုံပေါ်တွင်မူ ဆီးနံ့နံနေသော အရည်ကွက်ကြီး တစ်ကွက်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။
ချန်းရီက ဆဲဆိုပစ်ချင်စိတ် ပေါက်လာသော်လည်း ထိုအချိန်တွင် အသံထွက်ရန် လုံးဝ မဝံ့ရဲချေ။
လူလတ်ပိုင်း ဦးလေးကြီးမှာ တံတားအလယ်သို့ မီးခိုးငွေ့များဖြင့် လွှင့်ပစ်ခံလိုက်ရသည်။
လူလတ်ပိုင်း ဦးလေးကြီး ကားပေါ်မှ အပစ်ချခံလိုက်ရသည်ကို မြင်သောအခါ ကားနောက်ခန်းမှ လူနှစ်ယောက်သည်လည်း အပိုစကား တစ်ခွန်းမျှ မပြောရဲတော့ပေ။
ဦးလေးကြီးမှာ ထင်ရှားစွာပင် အသိဝင်လာပြီး ကားပေါ်သို့ ပြန်တက်ရန် ရုန်းကန်ကြိုးစားသော်လည်း ခန္ဓာကိုယ်က ထိန်းချုပ်၍မရတော့ဘဲ လုံးဝ အားမထုတ်နိုင်တော့ချေ။
ရုတ်တရက် အပေါ်တည့်တည့်မှ မြူခိုးငွေ့များ လှိုင်းထနေသည်ကို ချန်းရီ ခံစားလိုက်ရပြီး တစ်စုံတစ်ရာက အောက်သို့ ကျဆင်းလာတော့မည့်အလား ပင်။
ချန်းရီသည် ဘရိတ်ကို ချက်ချင်းနင်းလိုက်ပြီး ကားအင်ဂျင်ကို တိုက်ရိုက် ပိတ်ကာ ပိတ်၍ရသမျှ အရာအားလုံးကို ပိတ်ပစ်လိုက်၏။
ဘေးနားရှိ ခေါင်းဆောင်ချူသည်လည်း အလားတူပင် လုပ်ဆောင်လိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကားများမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ချန်းရီက မီးခိုးငွေ့ တစ်ချက် မှုတ်ထုတ်လိုက်ရာ မီးခိုးငွေ့များက လျင်မြန်စွာ လွင့်ဝဲသွားပြီး သေးငယ်သော မြူခိုးနယ်မြေတစ်ခုကို ဖြစ်ပေါ်စေကာ ချန်းရီနှင့် ခေါင်းဆောင်ချူတို့ နှစ်ဦး၏ ကားများကို တိုက်ရိုက် ဖုံးအုပ်သွားလေသည်။
ခေါင်းဆောင်ချူသည်လည်း ငြိမ်မနေဘဲ လက်ဖဝါးကို တစ်ချက်လှန်လိုက်ရာ ဖောက်ထွင်းမြင်ရသော အကာအကွယ်တစ်ခုက သူတို့နှစ်ဦး၏ ကားများကို တိုက်ရိုက် ဖုံးအုပ်သွား၏။
ချန်းရီ၏ အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်း မြူခိုးနှင့် ခေါင်းဆောင်ချူ၏ လျှို့ဝှက်အကာအကွယ်တို့ ပေါင်းစပ်သွားသည်။
ဤအချိန်တွင် သူတို့နှစ်ဦးသည် ပြုလုပ်နိုင်သမျှ အပြင်းထန်ဆုံးသော ကွယ်ဝှက်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ပြီး သက်ရှိလူသား အငွေ့အသက် တစ်စက်မျှပင် မယိုစိမ့်တော့ချေ။
ခေါင်းဆောင်ချူနှင့် ကားနောက်ခန်းမှ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးမှာလည်း ထိုအချိန်တွင် ဘာမျှမမြင်ရ၊ ဘာမျှမကြားရတော့သော်လည်း သူတို့မှာ ဘာစကားမှမပြောဘဲ အသာတကြည် ဝပ်နေကာ ငြိမ်သက်နေကြသည်။
သို့သော် ချန်းရီကမူ အငွေ့အသက် အကာအကွယ် နှစ်ခုကို ဖောက်ထွင်း၍ မြင်တွေ့နိုင်လေသည်။
မြူခိုးငွေ့များ လွင့်ဝဲနေစဉ်အတွင်း ပြိုင်ဘက်ကင်း ဧရာမ မြွေခေါင်းကြီး တစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။
တကယ်ကို ကောင်းကင်ပေါ်မှ ကျဆင်းလာခြင်းပင်တည်း။
အမြင်အာရုံ အားနည်းနေမှုကြောင့် ချန်းရီသည် ဤမြွေခေါင်း၏ အစိတ်အပိုင်း အားလုံးကို မမြင်တွေ့ရသော်လည်း မြင်တွေ့ရသော အစိတ်အပိုင်း အနည်းငယ်မျှကပင် ချန်းရီ၏ စိတ်ထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်ကို ဖြစ်ပေါ်စေရန် လုံလောက်နေပြီ ဖြစ်သည်။
ဧရာမ မြွေကြီး၏ မျက်လုံးအိမ်မှာ လူစီးကားလေး တစ်စီးနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး မြွေခေါင်း တစ်ခုလုံးကမူ အိပ်ခန်း လေးခန်းနှင့် ဧည့်ခန်း သုံးခန်းပါသော ကြီးမားသည့် တိုက်ခန်းကျယ်ကြီး တစ်ခုနှင့် နှိုင်းယှဉ်နိုင်လေသည်။
ထိုအခိုက်အတန့်တွင် ချန်းရီသည် သူ၏ သေးငယ်မှု၊ အရေးမပါမှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
ယခင်က လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းနိုင်ခဲ့မှုကြောင့် အနည်းငယ် ဂုဏ်ယူနေခဲ့သမျှမှာလည်း ဤမျက်တောင်တစ်ခတ် အတွင်းမှာပင် ပြာကျ ပျောက်ကွယ်သွားခဲ့ရ၏။
စည်းမျဉ်းဆိုင်ရာ ထူးဆန်းသောအရာတွေ၊ သဘာဝလွန် လမ်းစဉ်တွေ ဆိုတာတွေ အားလုံးက ဤကဲ့သို့ ပုံမှန်သဘာဝကို ချိုးဖောက်ပြီး ဒဏ္ဍာရီလာ သတ္တဝါများအဖြစ် ခွဲခြားသတ်မှတ်နိုင်သည့် အရာများရှေ့တွင် အလကားပင် ဖြစ်လေသည်။
ချန်းရီက အသက်ရှူမှုကိုပင် ဖုံးကွယ်ထားလိုက်ပြီး လက်ထဲတွင် ဓားရိုးကို ဆုပ်ကိုင်ထားကာ ခန္ဓာကိုယ်မှာလည်း မီးခိုးငွေ့အဖြစ် ပြောင်းလဲမည့် အရိပ်အယောင်များ ရှိနေပြီး မြွေခေါင်းကြီးက သူ့ကို တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် ပထမဆုံး အချိန်အတွင်း မီးခိုးငွေ့တန်း တစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးမည် ဖြစ်သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်ချူပဲ ဖြစ်ဖြစ်။
ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။
ဤကဲ့သို့သော အချိန်မျိုးတွင်ပင် ချန်းရီသည် အသက်ရှင်သန်လိုသည့် ပြင်းပြသော ဆန္ဒကို လက်မလွှတ်ခဲ့ပေ။
အသက်ရှင်ရမယ်... အသက်ရှင်ရမယ်... အသက်ရှင်ရမယ်။
ချန်းရီသည် ဓားရိုးကို အသေအလဲ ဆုပ်ကိုင်ထားပြီး သွားများက နှုတ်ခမ်းကို ကိုက်ဖောက်လိုက်သဖြင့် သွေးများက နှုတ်ခမ်းထောင့်မှတစ်ဆင့် မေးစေ့တစ်လျှောက် ခန္ဓာကိုယ်ပေါ်သို့ စီးကျလာသည်။
ချန်းရီ တစ်ကိုယ်လုံးသည် လေးကိုင်းတစ်ခုအလား တင်းမာနေ၏။
ခေါင်းဆောင်ချူမှာမူ။
ချန်းရီသည် သူ ဘာဖြစ်နေသလဲ ဆိုတာကို ကြည့်ဖို့ လုံးဝ ဂရုမစိုက်နိုင်တော့ပေ။
ခေါင်းဆောင်ချူသည် အမြင်အာရုံ ဖုံးကွယ်ခံထားရသဖြင့် လုံးဝ မမြင်ရချေ။
ချန်းရီ၏ အကြွင်းမဲ့ အငွေ့အသက် အကာအကွယ်ကို ဖောက်ထွင်းပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ကြီးမားလှသည့် ဖိအားကြီးကိုသာ ခံစားနေရသည်။
ခေါင်းဆောင်ချူ တစ်ကိုယ်လုံးသည် စတီယာရင်ပေါ်သို့ ဖိချခံထားရပြီး သူ၏ လက်က ရင်ခွင်ထဲသို့ လှမ်းနှိုက်နေ၏။
ဧရာမ မြွေကြီးက မြွေခေါင်းကို ဖြည်းညင်းစွာ နှိမ့်ချလာပြီး ကြီးမားလှသော မြွေလျှာကြီးကို အဆက်မပြတ် ထုတ်လိုက်သွင်းလိုက် လုပ်နေကာ တစ်စုံတစ်ရာကို အာရုံခံနေပုံ ရသည်။
ရုတ်တရက် မြွေခေါင်းကြီးက အနည်းငယ် ရမ်းခါသွားပြီး ချန်းရီနှင့် ခေါင်းဆောင်ချူတို့ရှိရာ ဘက်သို့ ကြည့်လာကာ တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရ၏။
ချန်းရီနှင့် ခေါင်းဆောင်ချူတို့ တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် မြွေခေါင်းကြီးသည် မြောက်မြားစွာသော မြူခိုးများကို မွှေနှောက်ကာ ချန်းရီနှင့် ခေါင်းဆောင်ချူတို့ရှိရာသို့ တိုက်ရိုက် ဦးတည်လာလေတော့သည်။
"သွားပြီ"
ဆက်ရန်...