အခန်း ၁၇၄
Vol. 9 Ch. 174
အပိုင်း(၁၇၄) ကမ္ဘာပျက်ကပ်က သုံးမိနစ်သာ အချိန်ပေးခဲ့သည်
ကြီးမားလှသော မြွေခေါင်းကြီးက ချန်းရီ၏ မျက်လုံးအပြည့် နေရာယူထားပြီး သူ၏ မျက်စိရှေ့တွင် ကြောက်မက်ဖွယ် မြွေခေါင်းကြီးမှလွဲ၍ အခြား မည်သည့်အရာမျှ မရှိတော့ပေ။
မိုးမခကိုင်းက ချန်းရီ၏ လက်မောင်းကို တင်းကျပ်စွာ ရစ်ပတ်ထား၏။
ချန်းရီ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ ထူထဲသော မီးခိုးငွေ့များ ပန်းထွက်လာသည်။ ဘယ်ဘက် မျက်လုံးရှိ သွေးရောင် သူငယ်အိမ်အတွင်း၌ မှော်စာလုံးများက ရူးသွပ်စွာ လည်ပတ်နေကြ၏။
သွေးမျက်လုံး၏ စွမ်းအားကို အတင်းအဓမ္မ ထုတ်ယူသုံးစွဲလိုက်မှုကြောင့် ချန်းရီ၏ ဘယ်ဘက်မျက်လုံးက ဖောင်းအစ်နာကျင်လာပြီး သွေးများပင် စိမ့်ထွက်လာခဲ့သည်။
ခေါင်းဆောင်ချူသည် ထိုကြီးမားသော မြွေခေါင်းကြီးကို မမြင်နိုင်သော်ငြားလည်း အလွန် ပြင်းထန်သော အကြောက်တရားနှင့် ဖိအားကိုမူ ခံစားနေရသည်။
ချန်းရီ၏ အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းသည် ယုတ္တိအရဆိုလျှင် အသက်ရှူသံနှင့် အာရုံခံနိုင်စွမ်းများကို လုံးဝ ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။
သို့သော် ချန်းရီမှာ လမ်းစဉ် အဆင့် (၂) မျှသာ ရှိနေသေးသည် မဟုတ်ပါလော။
ယခု မျက်စိရှေ့တွင် ရှိနေသော၊ ဒဏ္ဍာရီများထဲတွင်သာ ရှိနိုင်မည့် မြွေကြီး၏ ဖိအားက လွန်စွာ ကြီးမားလွန်းလှသဖြင့် သဘာဝလွန်လမ်းစဉ် အဆင့် (၂) မြူခိုးတားဆီးသူ၏ အကာအကွယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
၎င်း၏ ဖိအားကို ဤမြေပြင်တစ်ဝိုက်တွင် တိုက်ရိုက် ဖြန့်ကြက်ချထား၏။
မမြင်ရ၊ မကြားရခြင်းက ချူချယ် ခံစားနေရသော ဖိအားနှင့် အကြောက်တရားကို ပိုမို ဆိုးရွားလာစေသည်။
ချူချယ်၏ လက်က ရင်ခွင်ထဲသို့ နှိုက်ကာ တစ်စုံတစ်ခုကို ဆွဲထုတ်ရန် ပြင်လိုက်သည်။ ထိုနေရာတွင် သူ၏ နောက်ဆုံး လက်နက်ကို ဖွက်ထားခြင်း ဖြစ်သည်။
၎င်းမှာ အခြားသူများရှေ့တွင် သူ တစ်ခါမျှ ထုတ်မပြဖူးသော အစွမ်းပင် ဖြစ်၏။
အစောပိုင်းက မူလတန်းကျောင်းတွင် ထူးဆန်းသောအရာများ ဝိုင်းရံထားချိန်၌ပင် သူ ထုတ်သုံးရန် နှမြောနေခဲ့သော အရာလည်း ဖြစ်သည်။
ဤတစ်သက်တွင် အသုံးပြုရလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် အသုံးပြုရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
နှမြောစရာကောင်းသည်မှာ ထယ်ရှီးပင် ဖြစ်သည်။ မိမိကိုယ်တိုင် သွားရောက် မကယ်တင်နိုင်ခဲ့သဖြင့် သူလည်း သိပ်ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ချန်းရီ အတွက်ကမူကား၊
သူ့တွင် လျှို့ဝှက်ထားသော အစီအစဉ်များ ရှိနေလောက်သေးသည်။ မိမိတို့ အားလုံး သေဆုံးသွားလျှင်ပင် သူက နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်နိုင်ပေလိမ့်မည်။
သို့သော် ထိုအချိန်မှာပင် ကြီးမားသော မြွေခေါင်းကြီးက မီးခိုးမြူများကို ရူးသွပ်စွာ လှုပ်ခတ်သွားစေရင်း သူတို့နှစ်ဦး၏ ကားခေါင်မိုးပေါ်မှ တိုက်ရိုက် ကျော်ဖြတ်သွားလေသည်။
မီးခိုးမြူ အကာအကွယ်သည်လည်း မြွေကြီး ယူဆောင်လာသော လေလှိုင်းကြီးကြောင့် အပေါက်တစ်ပေါက် ပွင့်သွားခဲ့သည်။
ထိုအခါမှသာ ချူချယ်သည် ကားရှေ့လေကာမှန်မှတစ်ဆင့် မြွေကြီး၏ ဝမ်းဗိုက်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
၎င်းမှာ မြွေတစ်ကောင် ဖြစ်နေခဲ့သည်။
အလွန် ကြီးမားလှသော မြွေကြီးပင်။
တစ်ချက်မျှသာ မြင်လိုက်ရပြီး မီးခိုးမြူများက တစ်ဖန် ပြန်လည် လှုပ်ခတ်လာကာ ခေါင်းဆောင်ချူ၏ အမြင်အာရုံကို ဖုံးကွယ်သွားစေပြီး တစ်ချိန်တည်းမှာပင် သက်ရှိလူသားများ၏ အငွေ့အသက်ကိုလည်း လုံးဝ ပိတ်လှောင်သွားစေသည်။
မြွေကြီးသည် လမ်းကြမ်းမောင်းကား နှစ်စီးကို ကျော်ဖြတ်သွားပြီး ကြီးမားသော မြွေလျှာကြီးကို ထုတ်ကာ စောစောက ချန်းရီ မြေပြင်ပေါ်သို့ ပစ်ချခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားကို ရစ်ပတ်၍ ပါးစပ်ထဲသို့ မျိုချလိုက်သည်။
လူလတ်ပိုင်း အမျိုးသားသည် မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်ဟလျက် အကြောက်တရား၏ လုံးဝ လွှမ်းမိုးမှုကို ခံထားရသဖြင့် ရုန်းကန်ရန်ပင် မတတ်နိုင်တော့ဘဲ မိမိကိုယ်မိမိ မှောင်မိုက်နေသော မြွေပါးစပ်ထဲသို့ ဆွဲသွင်းခံရသည်ကို ကြောင်တောင်တောင်ဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။
ထိုအချိန်ရောက်မှသာ ထိုအမျိုးသားသည် တစ်စုံတစ်ခုသော ပိတ်ဆို့မှုကို ဖောက်ထွက်သွားသကဲ့သို့ မြွေ၏ ပါးစပ်ထဲတွင် အဓိပ္ပာယ်မဲ့သော အော်ဟစ်သံများကို ပြုလုပ်လာခဲ့သည်။
မြွေကြီးသည် ထိုအမျိုးသားကို မျိုချလိုက်ပြီးနောက် ထူးဆန်းသော သက်ရှိလူသား အငွေ့အသက် တစ်ခုကိုပါ အာရုံခံမိသွားပုံရသည်။
ချန်းရီက လန့်ဖျပ်ကာ မျက်လုံးများ ပြူးကျယ်သွားသော်လည်း အသက်တစ်ချက်မျှပင် ပြင်းပြင်း မရှူရဲပေ။
ခုနက မြွေကြီး ဖန်တီးလိုက်သော လေလှိုင်းကြောင့် အပေါက်ပွင့်သွားကာ သက်ရှိလူသား အငွေ့အသက် အချို့ ယိုစိမ့်ထွက်သွားခြင်း ဖြစ်တန်ရာသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူက လျင်မြန်စွာ သတိထားမိခဲ့သောကြောင့် ဤအရာကြီးက သတိမထားမိလောက်ပေ။
ခေါင်းဆောင်ချူကလည်း ဤအချိန်တွင် အသက်အောင့်ထား၏။
ကြီးမားသော မြွေမျက်လုံးကြီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရသဖြင့် တဖြည်းဖြည်းချင်း ပြန်လည် ဆုတ်ခွာသွားတော့သည်။
မြွေကြီး ဆုတ်ခွာသွားချိန်တွင် လွင့်စဉ်လာသော ရေပေါက်များက တံတားမျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ပက်ဖျန်းသွားသည်။
ထိုအခါမှသာ ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးသည် အဆုတ်ထဲမှ လေဟောင်းများကို ဖြည်းညင်းစွာနှင့် သတိကြီးစွာဖြင့် ရှူထုတ်လိုက်ကြသည်။
ယခုအချိန်အထိပင် သူတို့နှစ်ဦးသည် အသက်ကို ဝဝ မရှူရဲကြသေးပေ။
ကားနှစ်စီးမှာ တံတားပေါ်တွင် ရပ်နားထားဆဲဖြစ်ပြီး လုံးဝ မလှုပ်ရှားရဲကြချေ။
ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာသည်။
ပတ်ဝန်းကျင်မှ ထူထပ်သော မြူခိုးများနှင့် ပေါင်းစပ်လိုက်သောအခါ ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးသည် ယခုအချိန်တွင် အလွန် တိတ်ဆိတ်ငြိမ်သက်နေသော နေရာတစ်ခု၌ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ကြရ၏။
အထူးသဖြင့် ချူချယ်အတွက်မူ ပတ်လည်ဝိုင်းရံနေသော မြူခိုးများက အကြား၊ အမြင်နှင့် အနံ့ အာရုံများကို လုံးဝ ဖြတ်တောက်ထားလေသည်။
ယခုအချိန်ရောက်မှသာ ချန်းရီ၏ အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းသည် မည်မျှ ကြောက်စရာကောင်းကြောင်းကို ချူချယ် သဘောပေါက်သွားတော့သည်။
အကယ်၍သာ ချန်းရီက ရည်ရွယ်ချက်ရှိရှိဖြင့် တိုးညင်းသော အသံလေးများ ပြုလုပ်ကာ ချူချယ်ကို သတိမပေးခဲ့ပါက၊ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အချိန်ကြာမြင့်စွာ နေထိုင်ရပါလျှင် သူ မည်သို့ ဖြစ်သွားမည်ကို ချူချယ် ကိုယ်တိုင်ပင် မသိနိုင်ပေ။
ချန်းရီသည် နားရွက်များကို ထောင်ကာ ရေလှိုင်းသံများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို နားထောင်ပြီးမှသာ သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်သည်။
အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းသည် မိမိမှလွဲ၍ အခြားသူများအားလုံး၏ အကြားအာရုံကို ဖုံးကွယ်ထားနိုင်စွမ်း ရှိသော်လည်း သူကိုယ်တိုင်မှာမူ ၎င်းအတွင်း၌ လွတ်လပ်စွာ နေထိုင်နိုင်၏။
သို့သော် ချန်းရီသည် ချူချယ်၏ အကြားအာရုံနှင့် အမြင်အာရုံတို့ကို အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်မှု အတွင်း၌ လွတ်လပ်ခွင့် ပေးနိုင်စွမ်း မရှိသေးပေ။ ပိုမိုမြင့်မားသော လမ်းစဉ် အဆင့်သို့ ရောက်ရှိလာပါက ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။
မိနစ် သုံးဆယ်ခန့် ကြာပြီးနောက်တွင်မှ ချန်းရီက မြူခိုးများကို သတိကြီးစွာဖြင့် ပြန်လည် ရုပ်သိမ်းလိုက်သည်။
မီးခိုးငွေ့များ ကင်းစင်သွားသောအခါ နားများက ပြင်ပမှ အသံများကို ပြန်လည် ကြားရလာပြီး မျက်လုံးများကလည်း မြူခိုးပြင်ကြီးကို ပြန်လည် မြင်တွေ့လာရသည်။
နှာခေါင်းကပင် လေထုထဲမှ စိုစွတ်ပြီး ပုပ်ဟောင်နေသော အနံ့ကို စတင် ရလာခဲ့သည်။
ခေါင်းဆောင်ချူသည် လူ့လောကသို့ ပြန်လည်ရောက်ရှိလာခြင်း၏ အလှတရားကို ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။
ကမ္ဘာပျက်ကပ် ဖြစ်နေလျှင်ပင် လူကို ဝမ်းသာကျေနပ်မှု တစ်စွန်းတစ်စ ဖြစ်ပေါ်လာစေသည်။
ချူချယ်က မျက်လုံးများကို မှိတ်ကာ သေချာစွာ အာရုံခံလိုက်ပြီးနောက် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"အဲဒါကြီး ထွက်သွားပြီ"
ထိုအခါမှသာ ချန်းရီက သက်ပြင်းကြီးကြီး တစ်ချက် ချလိုက်နိုင်တော့သည်။
ကားနောက်ခန်းထဲရှိ သာမန်လူ နှစ်ဦးမှာမူ သတိလစ် မေ့မြောနေကြပြီ ဖြစ်သည်။
ယခုလေးတင် ကြုံတွေ့ခဲ့ရသော ဖိအားသည် သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိသော အတိုင်းအတာထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီး ထူထပ်သော မြူခိုးများကြောင့် မြင်ကွင်းမှာ ပို၍ပင် ဆိုးရွားလာသည်။
ခေါင်းဆောင်ချူက ကားရှေ့မီးကြီးများကို ဖွင့်လိုက်လျှင်ပင် မြင်ကွင်းကို အနည်းငယ်မျှ ပိုမို ရှင်းလင်းလာစေခြင်း မရှိပေ။
ကံကောင်းသည်မှာ ဝူကျန်း တံတားကြီးပေါ်တွင် လမ်းတစ်လမ်းတည်းသာ ရှိသဖြင့် တံတားအတိုင်း ဆက်မောင်းသွားရုံသာ ဖြစ်သည်။
တံတားပေါ်တွင် ကားများစွာ ရှိနေသည်။
တစ်ခါတစ်ရံ မောင်းနှင်နေရင်း ကားကိုယ်ထည်က တုန်ခါသွားတတ်ရာ ၎င်းမှာ တံတားပေါ်ရှိ အခြားကားများကို ဝင်တိုက်မိခြင်း ဖြစ်၏။
ကပ်ဘေးကြီး ကျရောက်ချိန်တွင် ဝူကျန်း တံတားကြီးပေါ်၌ ယာဉ်များ သွားလာနေဆဲ ဖြစ်တန်ရာသည်။
ဤအချိန်တွင် ချန်းရီသည် ထိုကားများပေါ်မှ အပိုပစ္စည်း အချို့ကို ဖြုတ်ယူကာ သူ၏ကားတွင် အရန်အဖြစ် သိမ်းဆည်းထားချင်စိတ် ပေါ်လာသည်။
သို့သော် ယခုအချိန်က လုံးဝ မသင့်တော်သဖြင့် နားခိုရန် နေရာတွေ့ချိန်ရောက်မှသာ စဉ်းစားရတော့မည်။
ကားနောက်ခန်းမှ မိန်းကလေး သတိရလာသောအခါ ချန်းရီက သူမကို ယာဉ်မောင်းဘေးခုံသို့ ပြန်လည် နေရာယူစေပြီး ခေါင်းဆောင်ချူနှင့် အချိတ်အဆက်ရယူကာ လမ်းကြောင်းကို အချိန်နှင့်တပြေးညီ ဆက်သွယ်စေသည်။
မိန်းကလေးသည် ယာဉ်မောင်းဘေးခုံတွင် ထိုင်ရင်း နှာခေါင်းကို ရှုံ့ကာ တင်ပါးကို ကြွလိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အလွန် ကြည့်ရဆိုးနေ၏။
အစောပိုင်းက ထိုလူလတ်ပိုင်း ဦးလေးကြီးသည် ဘောင်းဘီထဲ သေးထွက်ကျသွားခဲ့သည်။
ချန်းရီ၏ ကားထိုင်ခုံများမှာ သားရေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အထည်သားဖြင့် ပြုလုပ်ထားသဖြင့် ထိုဦးလေးကြီး၏ ဆီးများအားလုံးကို စုပ်ယူထားမိလျက်သား ဖြစ်နေသည်။
ချန်းရီသည် ထိုထိုင်ခုံများအားလုံးကို လွှင့်ပစ်လိုက်ချင်စိတ် ပေါက်လာသည်။
သို့သော် အချိန်မရသေး၍သာ ဖြစ်၏။
မိန်းကလေးမှာမူ ညည်းညူရန် မဝံ့ရဲသဖြင့် တစ်ကိုယ်လုံး မသက်မသာဖြင့်သာ ထိုင်နေရရှာသည်။
"ရှဲ... ရှဲ..."
"ရှောင်ရီ... ရှောင်ဝမ်နဲ့ ဦးလေးအားပေါင်တို့ ပျောက်သွားပြီ"
စကားပြောစက်ထဲမှ ကြောက်လန့်တကြား အသံများ ထွက်ပေါ်လာသည်။
ဘေးချင်းယှဉ်၍ မောင်းနှင်လာသော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားကြီးသည် ရုတ်တရက် အရေးပေါ် ဘရိတ်အုပ်လိုက်လေသည်။
"ပျောက်သွားပြီ ဟုတ်လား"
"ဟုတ်တယ်... ငါ... ငါ သူတို့ ဆင်းသွားတာကို မမြင်လိုက်ရဘူး... ပြီးတော့ ဦးလေးအားပေါင်ရဲ့ အခြေအနေနဲ့ ရှောင်ဝမ်ကလည်း အဲဒီလောက် ချောင်းဆိုးနေတာ... သူတို့ဘာသာ သူတို့ ဘယ်လိုလုပ် ဆင်းနိုင်မှာလဲ"
"ရှောင်ရီ... မင်းရော... သူတို့ ကားပေါ်က ဆင်းသွားတာကို မြင်လိုက်မိလား"
စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံမှာ အလွန်တရာ ထိတ်လန့်နေပုံရသည်။
ချန်းရီလည်း အနည်းငယ် လန့်သွားသည်။
အသက်ရှင်နေသော လူကြီးနှစ်ယောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။
အစကနေ ယခုအချိန်အထိ သူ ကားတံခါးကို နှစ်ကြိမ် ဖွင့်ခဲ့သည်မှလွဲ၍ ချူချယ်၏ ကားတံခါး ဖွင့်သွားသည်ကို သူ လုံးဝ မမြင်ခဲ့ရချေ။
"အဟွတ်... အဟွတ်... ခေါင်းဆောင်... စိတ်မကောင်းပါဘူး... ဦးလေးအားပေါင်နဲ့ ရှောင်ဝမ်က... သေသွားလောက်ပြီ"
ဘေးနားရှိ မိန်းကလေးက စကားပြောလိုက်သည်။
ချူချယ်ကို ခေါ်ဝေါ်သည့် အသုံးအနှုန်းကလည်း ခေါင်းဆောင် ဟု ပြောင်းလဲသွားခဲ့သည်။
"ဘာအဓိပ္ပာယ်လဲ"
ချူချယ်က မိန်းကလေး၏ စကားထဲမှ အမင်္ဂလာ စကားလုံးများကြောင့် ဒေါသတကြီး ပေါက်ကွဲထွက်လာခြင်း မရှိပေ။
"အရင်တုန်းကလည်း ကျွန်မတို့ ဒီလို အခြေအနေမျိုး ကြုံခဲ့ဖူးတယ်... ဒီနေရာမှာ သေဆုံးသွားတဲ့ သူတိုင်းက မြူခိုးကျွန်တွေ ဖြစ်သွားတတ်တယ်"
"မြူခိုးကျွန်"
စကားပြောစက်ထဲမှ ချူချယ်၏ စိတ်ဓာတ်ကျနေသော အသံ ထွက်ပေါ်လာပြီးနောက် အသံများ တိတ်ဆိတ်သွားလေသည်။
အစပိုင်းတွင် ချန်းရီက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသော်လည်း နောက်ပိုင်းတွင်မူ သူ၏ မျက်ခွံများက ရူးသွပ်စွာ လှုပ်ခတ်လာတော့သည်။
သေစမ်း... ဒီကောင်က တကယ်ကို ခိုးနားထောင်နေတာပဲ။ မြူခိုးကျွန် ဆိုတဲ့ စကားလုံးကို ဒီမိန်းမက ခုနလေးတင် သူ့ကို ပြောပြထားခဲ့တာ ဖြစ်သည်။
ချူချယ်၏ အသံနေအသံထားကို နားထောင်ရသလောက် သူ ဝမ်းနည်းနေသော်လည်း အံ့ဩသွားခြင်းတော့ မရှိပေ။
"သေစမ်း"
ဆိုလိုသည်မှာ ခုနက သူသည် ကားနောက်ဖုံးထဲရှိ သေနတ်ကို ကြည့်ချင်နေခဲ့သော်လည်း ဒီကောင်က အမြဲတမ်း ဝင်နှောင့်ယှက်နေခဲ့ခြင်း ဖြစ်သည်။
ချန်းရီသည် ချူချယ်ကို ဆဲဆိုပြီး သေနတ်ကို တောင်းချင်စိတ် ပေါက်သွားသည်။
သို့သော် ယခုအချိန်တွင် ခေါင်းဆောင်ချူမှာ အရေးကြီးသော လူနှစ်ဦးကို ရုတ်တရက် ဆုံးရှုံးလိုက်ရသဖြင့် ချန်းရီက သူ၏ စိတ်ထဲမှ အတွေးများကို ဖိနှိပ်ထားကာ လောလောဆယ် သည်းခံထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
ခေါင်းဆောင်ချူ၏ ကားမှာ ထိုနေရာတွင် သုံးမိနစ်တိတိ ရပ်တန့်နေခဲ့သည်။
ထိုအခါမှသာ ကားကို ပြန်လည် စက်နှိုးလိုက်၏။
အသက် နှစ်ချောင်း၊ သုံးမိနစ်။
ကမ္ဘာပျက်ကပ်က ဝမ်းနည်းငိုကြွေးရန်အတွက် သုံးမိနစ်သာ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။
ကားများက ရှေ့သို့ ဆက်လက် မောင်းနှင်သွားကြသည်။
စကားပြောစက်ထဲမှ ချူချယ်နှင့် မိန်းကလေးတို့၏ အပြန်အလှန် စကားပြောသံများ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည်။
ကြည့်ရသည်မှာ တံတားပေါ်မှ ဆင်းပြီးနောက် သွားရမည့် လမ်းကြောင်းကို စီစဉ်နေကြခြင်း ဖြစ်ပုံရသည်။
ချူချယ်သည် ထယ်ရှီး၏ အမှတ်အသား ရှိနေသေးသည်ကို အာရုံခံမိလိုက်သဖြင့် ရင်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။
သူက ရင်ထဲမှ ဝမ်းနည်းကြေကွဲမှုများကို အတင်းအဓမ္မ ဖိနှိပ်ထားကာ လက်နှစ်ဖက်ဖြင့် ကားစတီယာရင်ကို တင်းကျပ်စွာ ကိုင်ထားရင်း ချန်းရီ၏ ကားနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
မိန်းကလေးက ချန်းရီ၏ ယာဉ်မောင်းဘေးခုံတွင် ထိုင်နေပြီး တစ်ခါတစ်ရံ ရလာတတ်သော ဆီးနံ့များကြောင့် အလွန် မသက်မသာ ဖြစ်နေသော်လည်း ယခုအချိန်တွင် မည်သို့မျှ မတတ်နိုင်ပေ။
ချန်းရီအတွက်ကမူ မျက်နှာပေါ်ရှိ နှာခေါင်းစည်းက သူ၏ ခံစားချက် အများစုကို ဖုံးကွယ်ထားပေးလေသည်။
မိန်းကလေးက ရုတ်တရက် တိုးညင်းစွာဖြင့် စကားဆိုလိုက်သည်။
"ရှင်တို့ တဝူမြို့ကနေ ထွက်နိုင်တာနဲ့... ကျွန်မလည်း သေရမှာ မဟုတ်လား"
ဆက်ရန်...