← Chapters

အခန်း ၁၇၇

Vol. 9 Ch. 177

အခန်း ၁၇၇

Vol. 9 Ch. 177

အပိုင်း(၁၇၇) လူကောင်းတစ်ကြိမ် လုပ်မိခြင်း၏ အကျိုးဆက်

ထယ်ရှီးကို မြင်တွေ့လိုက်ရချိန်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်နေလိမ့်မည်ဟု ချန်းရီက လုံးဝ ထင်မှတ်မထားခဲ့ချေ။

ထယ်ရှီးက အမျိုးသမီးတစ်ဦး၏ ရှေ့တွင် ကာကွယ်ရပ်တည်နေပြီး သူတို့၏ ရှေ့မှောက်တွင်မူ မရေမရာနှင့် တွန့်လိမ်နေသော ပုံရိပ်များက ပြည့်နှက်နေသည်။

ပုံရိပ်တစ်ခုစီတိုင်းက လွယ်လွယ်နှင့် ရင်ဆိုင်၍ရမည့်ပုံ မပေါ်ဘဲ ချန်းရီ့အတွက် အလွန်ပြင်းထန်သော ဖိအားများကို ဖြစ်ပေါ်စေကာ သူ၏ လက်ဖမိုးပေါ်ရှိ မွေးညင်းများပင် အကုန် ထောင်ထသွားရသည်။

ဒါတွေက အရင်တုန်းက ဟိုအမျိုးသမီး ပြောခဲ့တဲ့ မြူခိုးကျွန်တွေများလား။

စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာတွေလား။

တောက်။

ဘယ်လောက်ပဲ သတိထား ကာကွယ်နေပါစေ၊ ဒီနေရာမှာ လာဆုံတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထယ်ရှီး၏ အခြေအနေကလည်း သိပ်ကောင်းမနေပေ။ လက်တစ်ဖက် ပြတ်နေသည်မှာ မပြောနှင့်တော့၊ ခွန်ရှီး၏ ခေါင်းပင်လျှင် တစ်ဝက်ခန့် ပျောက်ဆုံးနေပြီး ယခုအချိန်အထိ အိပ်မောကျနေဆဲ ဖြစ်သည်။

ထယ်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ကြီးငယ်မရွေး ဒဏ်ရာများစွာ ရှိနေ၏။

တချို့ဒဏ်ရာများက အတော်လေး ကျက်နေပြီဖြစ်သော်လည်း အချို့ဒဏ်ရာများကမူ အသစ်စက်စက်အတိုင်း ရှိနေသေးသည်။

ချန်းရီ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ တစ်ခုတည်းသာ ရှိသည်။ "ပြေးမယ်"

ဒုတိယ တုံ့ပြန်မှုကတော့ ခေါင်းဆောင်ချူဆိုသည့် ခွေးမသား၏ ချောက်ချခြင်းကို ခံလိုက်ရပြီ ဆိုခြင်းပင်။

လမ်းပြသူတစ်ယောက် အနေဖြင့် ဤထူးဆန်းတဲ့အရာများ ရှိနေသည့်နေရာကို မသိနိုင်စရာ အကြောင်းမရှိပေ။

သို့တိုင် သူတို့ ဒီကို လာခဲ့ကြသေးသည်။

ထိုအချက်ကပင် ချန်းရီကို အလွန် ဒေါသထွက်စေခဲ့သည်။

ယခုတစ်ကြိမ်နှင့်ပါ ဆိုလျှင် ဤကာလတိုလေး အတွင်းမှာပင် ထိုခွေးမသား၏ ချောက်ချခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရပြီ ဖြစ်သည်။

ကိစ္စမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လက်စားချေဖို့ အခွင့်အရေး ရလာမှာပါလေ။

ချန်းရီနှင့် ခေါင်းဆောင်ချူတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ အရှေ့လေက အနောက်လေကို လွှမ်းမိုးခြင်း မဟုတ်လျှင်၊ အနောက်လေက အရှေ့လေကို ဖိနှိပ်သည့် ပုံစံမျိုးသာ ဖြစ်သည်။

တချို့အချိန်များတွင် ချန်းရီက အနစ်နာခံရသည်။

တချို့အချိန်များတွင် ခေါင်းဆောင်ချူက အနစ်နာခံရသည်။

သေချာသည်ကတော့ ယခုအချိန်သည် ခေါင်းဆောင်ချူကို ပြဿနာရှာရမည့် အချိန် လုံးဝ မဟုတ်ပေ။

နေပါဦး၊ ဒီလောက်များပြားတဲ့ ထူးဆန်းတဲ့အရာတွေ ရှိနေတာတောင် ငါ့ခန္ဓာကိုယ်က ဘာလို့ တုံ့ပြန်မှု မရှိတာလဲ။

ဒါက စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာတွေ ဖြစ်နေလို့လား၊ ဒါမှမဟုတ် မြူခိုးကျွန်တွေရဲ့ ထူးခြားချက် တစ်ခုများလား။

"တောက်... ငမိုက်ကောင်... မင်း ရူးများရူးနေပြီလား"

"အမြန်ပြေးလေ"

ထယ်ရှီး၏ နောက်ကွယ်တွင် ကာကွယ်ပေးထားသော အမျိုးသမီးကို ချန်းရီ မြင်တွေ့လိုက်သော်လည်း သူ၏ စိတ်ထဲတွင် လုံးဝ အရေးမစိုက်ခဲ့ပေ။

ဘယ်သူ့အသက်မှ ကိုယ့်အသက်လောက် အရေးမကြီးချေ။

"ချန်းရီ... မင်း... မင်း မသေသေးဘူးပဲ"

ထယ်ရှီးက နောက်လှည့်ကြည့်စရာ မလိုဘဲနှင့်ပင် ထိုသူက မည်သူဖြစ်ကြောင်း သိလိုက်သည်။

ချန်းရီမှလွဲ၍ အခြား ဘယ်သူ ရှိနိုင်မည်နည်း။

ထယ်ရှီး၏ မျက်နှာပေါ်ရှိ အမူအရာက အားကိုးရာ တောင်ကြီးတစ်လုံးကို တွေ့လိုက်ရသည့်အလား တစ်ခဏချင်းမှာပင် သက်သာရာရသွား၏။

အကယ်၍ ခေါင်းဆောင်ချူသာ ထယ်ရှီး၏ စိတ်တွေးကို ကြားလိုက်ရပါက ထယ်ရှီး ထပ်ပြီး အသွားပြန်ပြီဟု သေချာပေါက် တွေးမိပေလိမ့်မည်။

ထိုကဲ့သို့သော နိမိတ်မကောင်းသည့် စကားကို ကြားလိုက်ရချိန်တွင် ချန်းရီ၏ တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်သွားရသည်။

သို့သော်လည်း အံကြိတ်ကာ ဆဲဆိုလိုက်သည်။

"ဒီအရူးကောင်... ဘာလိုတွေ နှုတ်ဆက်နေတာလဲ... မြန်မြန်လုပ်"

မည်သူက သိမည်နည်း၊ ထယ်ရှီးသည် တစ်စက်လေးမျှ လှုပ်ရှားခြင်း မရှိဘဲ အမျိုးသမီး၏ ရှေ့တွင် အသေအလဲ ကာကွယ်ရပ်တည်နေရင်း...

"မ... မဖြစ်ဘူး... သူ... သူ့မှာ ကိုယ်ဝန်ရှိနေတယ်"

ထိုစကားကို ပြောလိုက်ချိန်တွင် ထယ်ရှီး တစ်ကိုယ်လုံးက အလွန်တရာ ပြတ်သားခိုင်မာနေ၏။

"ကိုယ်ဝန်ရှိနေတယ်"

ချန်းရီက အမျိုးသမီး၏ အနည်းငယ် စူထွက်နေသော ဗိုက်ကို အကဲခတ်ကြည့်လိုက်ရာ ခဏချင်းမှာပင် သူ၏ ဦးနှောက်ထဲ၌ ရှုပ်ထွေးနောက်ကျိသွားသည်။

ဒါက ကမ္ဘာပျက်ကပ်ကြီး ဖြစ်သည်။ ဤကဲ့သို့သော ကမ္ဘာကြီးထဲတွင် သေမထူး နေမထူးနှင့် အသက်အသစ်တစ်ခုကို ချန်ထားရစ်ချင်သူများ ရှိနေသေးသည်ပေါ့။

သဲကန္တာရ လွင်တီးခေါင်ပြင်ထဲတွင် ပွင့်လန်းလာသော မျှော်လင့်ချက် ပန်းပွင့်ငယ်လေး တစ်ပွင့်လိုပင်။

ရက်စက်လွန်းရာ မကျဘူးလား။

ကိုယ်ဝန်ရှိနေတယ်ပေါ့...

ချန်းရီက ကလေးဆိုးများကို မနှစ်သက်သော်လည်း မြေအောက်ရထားပေါ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို တွေ့လျှင် နေရာမဖယ်ပေးတတ်သူမျိုးတော့ မဟုတ်ပေ။

ကလေးဆိုး ဆိုသည်မှာ လူကို စကားပြောစရာမရှိအောင် ဆွံ့အစေပြီး အလွန်တရာ စက်ဆုပ်ရွံရှာဖွယ် ကောင်းသော သတ္တဝါမျိုး ဖြစ်သည်။

သို့သော် အချို့ကလေးများက ချန်းရီကို မြင်သောအခါ အလွန်ချိုသာသော အသံလေးဖြင့် နှုတ်ဆက်တတ်ကြသည်။

"အစ်ကိုကြီး မင်္ဂလာပါ"

အချို့ကလေးငယ်လေးများမှာ အလွန် ချစ်စရာကောင်းကြသည်။ သင်က သူတို့ကို ပြုံးပြလျှင် သူတို့ကလည်း သင့်ကို ပြန်လည် ပြုံးပြတတ်ကြပြီး ထိုအရာက လူကို ကောင်းမွန်လှပသော အရာများစွာကို တကယ်ကို တွေးတောမြင်ယောင်မိစေသည်။

ကလေးဆိုးများနှင့်ဆိုလျှင်တော့ လုံးဝကို ကွဲပြားခြားနားသော သတ္တဝါ နှစ်မျိုးပင် ဖြစ်သည်။

ကယ်မလား၊ မကယ်ဘူးလား။

ချန်းရီသည် သူ၏ ဦးနှောက်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ဦးနှောက်ထဲရှိ အနက်ရောင် မိစ္ဆာပုဂ္ဂိုလ်လေးက အလွန်တရာ တစ်ကိုယ်ကောင်းဆန်စွာဖြင့် ပြောလာသည်။

"မင်းကိုယ်မင်းတောင် မကယ်နိုင်တာကို... သူများတွေကိုများ ကယ်ချင်နေသေးတယ်... မင်း ရူးနေတာလား"

အခြား အဖြူရောင် ပုဂ္ဂိုလ်လေးကမူ ဝင်ပြောသည်။

"ငါတို့မှာ လူတွေ သိပ်မကျန်တော့ဘူး... သူ့ဗိုက်ထဲမှာ သက်ရှိအသစ်လေး တစ်ခု ရှိနေသေးတယ်... အဲဒါ အသက်အသစ်လေး တစ်ခုပဲ"

"တောက်... မင်းတို့နှစ်ယောက်စလုံး အရူးတွေပဲ... ထယ်ရှီး ငါ့နောက်လိုက်ခဲ့... ချန်းရီ... မင်း နောက်ကနေ ကာကွယ်ပေး"

ထိုအချိန်မှာပင် ခေါင်းဆောင်ချူက အမျိုးသမီးကို ယာဉ်မောင်းဘေးခုံတွင် အတင်းဆွဲထည့်ကာ ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။

ထယ်ရှီးက အမိန့်ကို အလိုအလျောက် နာခံလိုက်ပြီး ခေါင်းဆောင်ချူ၏ လမ်းကြမ်းမောင်းကားပေါ်သို့ တန်း၍ ခုန်တက်သွားကာ သူ၏ တစ်ကိုယ်လုံးက ပင့်ကူကြီး တစ်ကောင်အလား ကားပေါ်တွင် တွယ်ကပ်နေတော့သည်။

ချန်းရီက ဘာမှ ပြန်လည်မချေပနိုင်ခင်မှာပင် မီးခိုးပြင်းပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

သုံးမိနစ်။

သုံးမိနစ်သာ လိုအပ်သည်။

မြူခိုးကျွန်များ ပေါ်လာသည့် အချိန်က သုံးမိနစ်သာ ရှိပြီး သုံးမိနစ်ကြာပြီးနောက် သူတို့ ပြန်လည် ထွက်ခွာသွားလိမ့်မည်ဟု ထိုအမျိုးသမီး ပြောခဲ့ဖူးသည်။

သုံးမိနစ်သာ တောင့်ခံနိုင်လျှင် ရပြီ။

မီးခိုးငွေ့များက အလွန် လျင်မြန်သော အရှိန်နှုန်းဖြင့် ပျံ့နှံ့သွားပြီး မရေမရာ ပုံရိပ်အချို့ကို ဖုံးလွှမ်းသွားသည်။

ဖုံးလွှမ်းခံလိုက်ရသော ထိုမရေမရာ ပုံရိပ်များသည် ခဏချင်းမှာပင် ပစ်မှတ် ပျောက်ဆုံးသွားကြပြီး အငွေ့အသက်များကို လုံးဝ ကွယ်ဝှက်ထားသော မီးခိုးမြူများကြားတွင် ယောင်ချာချာဖြင့် လမ်းလျှောက်နေကြသည်။

သို့သော် ပတ်ဝန်းကျင်ရှိ ပုံရိပ်များက အလွန်တရာ များပြားလွန်းနေ၏။

ချန်းရီ၏ မီးခိုးငွေ့များ ပျံ့နှံ့သွားရန်အတွက်လည်း အချိန်တစ်ခု လိုအပ်ပေသည်။

ချန်းရီက ဤမြူခိုးကျွန်များနှင့် အသေအကြေ တိုက်ခိုက်ရန် လုံးဝ မတွေးထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် မီးခိုးငွေ့များထဲမှ သွယ်လျသော ပုံရိပ်တစ်ခု ရုန်းထွက်လာသည်။

ထိုပုံရိပ်တစ်ခုလုံးကို မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားပြီး အရပ်အမောင်းမှာ ခြောက်ပေခန့်သာ ရှိသည်။ ဆယ်ပေခန့် မြင့်မားသော မရဏနတ်သမီး၏ ပုံကြီးချဲ့ထားသည့် အရပ်အမောင်းမျိုး မရှိသော်လည်း မရဏနတ်သမီး၏ အငွေ့အသက် အနည်းငယ်တော့ ရှိနေသေးသည်။

ယခင်က ချန်းရီသည် ရိုးရှင်းစွာ အတုခိုးရုံသာ တတ်ကျွမ်းခဲ့သော်လည်း ယခုအခါတွင်မူ ပုံတူကူးယူခြင်းနှင့် ပတ်သက်၍ ချန်းရီ့တွင် ကိုယ်ပိုင် နားလည်သဘောပေါက်မှုများ ရှိလာခဲ့ပြီ ဖြစ်သည်။

ဆယ်ပေခန့်ရှိသော အရပ်အမောင်းကို သာမန်လူ၏ အချိုးအစားအတိုင်း ကျစ်လစ်သွားစေသော်လည်း မီးခိုးငွေ့များဖြင့် ပုံဖော်ထားသော မရဏနတ်သမီး၏ တိုက်ခိုက်နိုင်စွမ်းက ပိုမို အားကောင်းလာမည် ဖြစ်သည်။

ထိုမရေမရာနှင့် တွန့်လိမ်နေသော ပုံရိပ်များက တစ်သီတစ်တန်းကြီး ဝိုင်းရံလာကြသည်။

မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော မရဏနတ်သမီးက သူ၏ လက်ထဲရှိ သေမင်းတံစဉ်ကြီးကို ဝှေ့ယမ်းကာ အရှေ့ဆုံးမှ ပုံရိပ်ကို အားကုန် ခုတ်ပိုင်းလိုက်သည်။

သေမင်းတံစဉ်ကြီး အနားကပ်လာချိန်မှာပင် ထိုပုံရိပ်၏ ခန္ဓာကိုယ်ပေါ်မှ ပါးစပ်တစ်ပေါက် ရုတ်တရက် ထွက်ပေါ်လာပြီး တံစဉ်၏ ဓားသွားကို အသေအလဲ ကိုက်ထားလိုက်သည်။

အခြားသော မရေမရာ ပုံရိပ်များကလည်း ခဏချင်းမှာပင် ပြုံတက်လာကြသည်။

မရဏနတ်သမီးက အားတစ်ချက် စိုက်လိုက်ရာ တံစဉ်က ပုံရိပ်ကို ဖောက်ထွင်းသွားပြီး ခန္ဓာကိုယ် ပတ်လည်တွင် လေဆင်နှာမောင်း ဓားသွားများ ဖြစ်ပေါ်လာစေသည်။

ချန်းရီ၏ ဘယ်ဘက် မျက်လုံးကလည်း အားမနေပေ။ အနီရောင် မျက်တောင်အိမ်က ဖြည်းညင်းစွာ လည်ပတ်နေပြီး မျက်တောင်အိမ်အတွင်းရှိ သင်္ကေတများက နိုးကြားလာကြသည်။

မရေမရာ ပုံရိပ်များထဲမှ တစ်ခု၏ ခန္ဓာကိုယ်ပေါ်တွင် မီးပွားလေးများ ထွက်ပေါ်လာသည်။

"အား"

နားကွဲမတတ် စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

လိမ္မော်ရောင် မီးတောက်များက မရေမရာ ပုံရိပ်တစ်ခုကို လောင်ကျွမ်းစေလိုက်သည်။

ပတ်ဝန်းကျင်ရှိ မရေမရာ ပုံရိပ်များက မီးတောက်ကို အလွန်တရာ ကြောက်ရွံ့ပုံရပြီး အသီးသီး လူစုခွဲသွားကြသည်။

ချန်းရီ၏ ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားသော်လည်း သူ၏ လှုပ်ရှားမှုကမူ လုံးဝ ဆန့်ကျင်ဘက် တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပြီး လှည့်ထွက်ကာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဆီသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက သူ့အနီး ပေအနည်းငယ်အကွာမှာတင် ရပ်ထားခြင်း ဖြစ်သည်။

ထူးဆန်းသည့်အရာများနှင့် တိုက်ခိုက်ခြင်းက အဆင့်နိမ့် လမ်းစဉ် အစွမ်းပိုင်ရှင်များအတွက် အမိုက်မဲဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။

ချန်းရီ စဉ်းစားထားသည်မှာ အချိန်ဆွဲရန်သာ ဖြစ်ပြီး တိုက်ခိုက်ရန် မဟုတ်ပေ။

လုပ်ငန်းစဉ် တစ်ခုလုံးက အလွန် လျင်မြန်လှသည်။ ချန်းရီက မီးခိုးမြူများကို မှုတ်ထုတ်လိုက်သည့် အချိန်မှစ၍ ယခု ကားပေါ်တက်သည့် အချိန်အထိ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

မီးခိုးမြူများပင် လုံးဝ အပြည့်အဝ မပျံ့နှံ့သေးချေ။

လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမရာ ပုံရိပ်အချို့က သူ့ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ကာ သူနှင့် လက်တစ်ကမ်း အကွာအဝေးမှာသာ ရှိတော့ကြောင်း တွေ့လိုက်ရသည်။

ချွေးအေးများက ချန်းရီ၏ ကျောပြင်ကို ခဏချင်းမှာပင် ရွှဲနစ်သွားစေသည်။

ဒီသရဲတစ္ဆေကောင်တွေ ဘယ်အချိန်တုန်းက ရောက်လာတာလဲ၊ သူ ကိုယ်တိုင်တောင် လုံးဝ သတိမထားမိလိုက်ချေ။

ဒါ ဒုတိယအကြိမ် ရှိနေပြီ။

ချန်းရီက သူ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရကြောင်း ခံစားလိုက်ရပြီး မြူခိုးကျွန် နှစ်ကောင်က သူ့ကို ဖမ်းဆွဲကာ မြူခိုးများ၏ အနက်ရှိုင်းဆုံးဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားရန် ပြင်ဆင်နေကြသည်။

ရှောင်ဟွာဟု ခေါ်သော ထိုအမျိုးသမီး ပြောခဲ့ဖူးသည်မှာ... မြူခိုးကျွန်များ၏ ဆွဲခေါ်ခြင်းကို ခံရပြီး မြူခိုးများ၏ အနက်ရှိုင်းဆုံးဆီသို့ ရောက်သွားပါက နောက်တစ်ကြိမ် ပြန်ပေါ်လာသည့်အခါ အသစ်စက်စက် မြူခိုးကျွန်တစ်ကောင် ဖြစ်သွားလိမ့်မည်တဲ့။

ချန်းရီသည် သူ၏ လက်မောင်းကို ဖမ်းဆွဲထားသော မြူခိုးကျွန် နှစ်ကောင်ကိုပင် မြင်တွေ့လိုက်ရသည်။ တစ်ကောင်က ကြည့်ရသည်မှာ ဦးလေးအားပေါင်နှင့် အနည်းငယ် တူနေပြီး၊ အခြားတစ်ကောင်ကမူ သူ ကိုယ်တိုင် ချန်ရစ်ထားခဲ့သော ရှောင်ဟွာနှင့် အနည်းငယ် ဆင်တူနေသည်။

တကယ်ပါပဲ၊ လူကောင်း လုပ်လို့ မရပါလား။

လူကောင်းလုပ်လိုက်တာနဲ့ ပြဿနာ တက်တော့တာပဲ။

နောက်ဆိုရင် ကိုယ်ကိုယ်တိုင် သွေးအေးအေးနဲ့ နေတာ ပိုကောင်းလိမ့်မယ်။

ခုနကတည်းက လှည့်ပြီး ပြေးခဲ့ရင် ကောင်းသား။

ထယ်ရှီးကိုတောင် ဝင်မပါသင့်ဘူး။

အကယ်၍ စွန်းချန်းချန်းကသာ ချန်းရီ၏ အတွေးများကို သိသွားပါက သေချာပေါက် သူ့မျက်နှာကို တံတွေးနှင့် ထွေးလိမ့်မည်။

ကမ္ဘာပျက်ကပ်ကြီးထဲတွင် ပထမဆုံးအကြိမ် လူကောင်း ဝင်လုပ်မိလိုက်ခြင်းက ချန်းရီကို ဤကဲ့သို့သော အကျိုးဆက်မျိုး ခံစားလိုက်ရစေသဖြင့် ချန်းရီ့အတွက် အလွန် နက်နဲသော အမှတ်ရစရာ တစ်ခု ဖြစ်သွားစေသည်။

သို့သော် ဤအချိန်တွင် ချန်းရီက လုံးဝ ထိတ်လန့်တုန်လှုပ်နေခြင်း မရှိပေ။

သူ့တွင် အနည်းဆုံးတော့ ဖဲချပ်ဝှက် နှစ်ချပ် ကျန်နေသေးသည်။

ထိုအချိန်၌...

ထယ်ရှီးက ခေါင်းဆောင်ချူ၏ ကားပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူတို့ ရှေ့မှောက်ရှိ မြူခိုးများက ချန်းရီ၏ ပုံရိပ်ကို တဖြည်းဖြည်း ဖုံးကွယ်သွားသည်ကို ကြည့်ကာ ရင်ထဲတွင် မလုံခြုံမှုနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

ရုတ်တရက် ခေါင်းဆောင်ချူက ကားလေး ပေါ့သွားသလို ခံစားလိုက်ရပြီး ကြီးမားလှသော အရိပ်ကြီးတစ်ခု ကားပေါ်မှ ခုန်ဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

"အရူးကောင်... မင်း ဘာလုပ်မလို့လဲ"

"ငါ... ငါ ချန်းရီကို သွားကူညီမလို့... ခေါင်းဆောင်... မင်း အရင်သွားနှင့်... ငါတို့ အမီ လိုက်ခဲ့မယ်"

ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထယ်ရှီးက မြူခိုးများထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် တရှိန်ထိုး ပြန်ဝင်သွားရာ မရေမရာ ကျောပြင်တစ်ခုကိုသာ မြင်တွေ့လိုက်ရတော့သည်။

ခေါင်းဆောင်ချူက ဒေါသတကြီးဖြင့် မရပ်မနား ဆဲဆိုနေတော့သည်။

"အရူး... အရူးကောင်... ငါတို့ အကုန်လုံး သေရင်တောင် သူက သေမယ့်ကောင် မဟုတ်ဘူးဟ... အရူး... ငတုံးကောင်"

ဆက်ရန်...

All Chapters