← Chapters

အခန်း ၁၇၉

Vol. 9 Ch. 179

အခန်း ၁၇၉

Vol. 9 Ch. 179

အပိုင်း(၁၇၉) ဘယ်သူက မြူခိုးသခင်လဲ

ဤထင်းခုတ်ဓားမက အဆင့်သတ်မှတ်ချက် နိမ့်ပေမယ့် ချန်းရီက သူ့ကိုယ်ကနေ တစ်ခါမှ အကွာမခံခဲ့ပေ။

ကားမောင်းနေသည့် အချိန်၌ပင် ချန်းရီက ဓားမကို ကျောဘက်တွင် ထားလေ့ရှိသည်။ ကားမောင်းရသည်မှာ အနည်းငယ် သက်သောင့်သက်သာ မရှိဖြစ်စေသော်လည်း ထိုအကျင့်ကို သူ အမြဲတမ်း ဆုပ်ကိုင်ထားခဲ့၏။

အဘယ်ကြောင့်ဆိုသော် အရေးပေါ် အခြေအနေမျိုး ကြုံလာသည့်အခါ အသင့်သုံးနိုင်မည့် လက်နက် ရှာမတွေ့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မရဏသွေး ထင်းခုတ်ဓားမက ထူးဆန်းသည့် အရာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ဤဓားမဖြင့် တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု ချန်းရီက မမျှော်လင့်ထားသော်လည်း အနည်းနှင့်အများတော့ အသုံးဝင်မည်မှာ သေချာသည်။

မိုးမခကိုင်း၏ တစ်ဖက်စွန်းကို ဓားရိုးတွင် ချည်နှောင်ထားပြီး အခြားတစ်ဖက်ကိုမူ လက်မောင်းတွင် ပတ်ချည်ထား၏။

မိုးမခကိုင်းက ချန်းရီ၏ လက်မောင်းကို ဆက်လက် ဆန့်ထုတ်ထားသကဲ့သို့ ဖြစ်နေသည်။ ကားထဲသို့ ဝင်ရောက်ရန် ပြင်နေသော မြူခိုးကျွန်ကို ဓားမဖြင့် ခုတ်ထစ် မွှေနှောက်လိုက်ရာ မြူခိုးများ လှိုင်းထသွားပြီးနောက် ဓားမက မိုးမခကိုင်း၏ ဆွဲငင်မှုဖြင့် နောက်ထပ် ပစ်မှတ်တစ်ခုဆီသို့ ဆက်လက် တိုက်ခိုက်သွားလေသည်။

မြူခိုးကျွန်များ၏ တိုက်ခိုက်ရေးပုံစံက အလွန် ရိုးရှင်းလှပြီး ကာကွယ်နိုင်စွမ်းကလည်း သိပ်မမြင့်မားလှပေ။

သို့သော် ၎င်းတို့၏ ပြန်လည်မွေးဖွားနိုင်စွမ်း တစ်ခုတည်းကပင် လူအများအပြားကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်နေခဲ့သည်။

လုံးဝကို သတ်ဖြတ်၍ မရနိုင်ပေ။

ဓားမဖြင့် ခုတ်ထစ်ခံလိုက်ရသော မြူခိုးကျွန်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်းရီ၏ ကားထဲ၌ ပြန်လည် ရှင်သန်လာပြန်သည်။ ထို့နောက် ချန်းရီကို ဆွဲကိုင်ကာ ကားအပြင်ဘက် မြူခိုးများထဲသို့ ဆွဲထုတ်သွားရန် ကြိုးစားတော့သည်။

ချန်းရီက လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ယမ်းလိုက်ရာ ဓားမက လက်ထဲသို့ ချက်ချင်း ပြန်ရောက်လာပြီး ထိုမြူခိုးကျွန်ကို ထပ်မံ ခုတ်ထစ်ပစ်လိုက်ပြန်သည်။

ပိုမိုများပြားသော မြူခိုးများက ကားထဲသို့ လိမ့်ဝင်လာကြသည်။

မြူခိုးကျွန် အကောင်ရေ အတော်များများက ကားထဲတွင် ပုံပေါ်လာတော့မည့် အနေအထား ဖြစ်နေ၏။

ချန်းရီက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရာ ဖွဲ့စည်းလုဆဲဆဲ မြူခိုးကျွန်များကို ကားပြင်ပသို့ တိုက်ရိုက် တွန်းထုတ်ပစ်လိုက်သည်။

"ချန်းရီ... မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားရင် ငါတို့အကုန် သေကုန်လိမ့်မယ်"

"ဝုန်း... ဝုန်း... ဝုန်း..."

ဆက်တိုက် ပစ်ခတ်လိုက်သော လေအမြောက်များကြောင့် ကားကြီးမှာ ဘယ်ညာ ယိမ်းထိုး တုန်ခါသွားလေသည်။

"ဒုံး"

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးက လမ်းဘေးရှိ ပန်းခုံကို ဝင်တိုက်မိသွားပြီး ကားတစ်စီးလုံး ဘေးတစောင်း မှောက်ကျသွားတော့သည်။

ချန်းရီက ကိုယ်ကို တစ်ချက်ယိမ်းကာ ယာဉ်မောင်းခန်းထဲမှ တိုက်ရိုက် ခုန်ထွက်လိုက်၏။

ထယ်ရှီးကလည်း မြေပြင်ပေါ်သို့ လိမ့်ဆင်းလာပြီး သွေးသားများဖြင့် ဖွဲ့စည်းထားသော လေအမြောက်က ဆက်တိုက် ပစ်ခတ်နေဆဲပင်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အောက်ခြေမှ ပြတ်တောက်နေသော သံကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး မြူခိုးကျွန်တစ်ကောင်ကို ရစ်ပတ်ကာ ကားအောက်သို့ ဆွဲသွင်းသွားသည်။

ဒါက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အရိပ်ဆွဲယူခြင်း အစွမ်းပင်။

ချန်းရီ အန္တရာယ် ပိုများလာလေလေ၊ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ၎င်း၏ အစွမ်းကို အလိုအလျောက် ပိုမို အသက်ဝင်လာစေလေလေ ဖြစ်သည်။

ဤအချက်က ချန်းရီကို အနည်းငယ် အံ့သြသွားစေရုံသာမက စိတ်လှုပ်ရှားမှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

သဘာဝလွန်ပစ္စည်း အနည်းငယ်သာလျှင် သူတို့၏ အစွမ်းများကို အလိုအလျောက် အသက်ဝင်စေနိုင်စွမ်း ရှိကြောင်း သိထားရမည်။

ဒါက သုံးဘီးစက်ဘီးကနေ ယခုလက်ရှိ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားအထိ သူကိုယ်တိုင် အဆင့်မြှင့်တင်ထားခဲ့သော ကားကြီးပင်။

သံကြိုး ပြတ်တောက်နေသော်လည်း အခြေခံ ဆွဲယူနိုင်စွမ်းကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

အဝေးမှ မြူခိုးကျွန်များကို မတတ်နိုင်သော်လည်း အနီးအနားရှိ မြူခိုးကျွန်များကမူ သံကြိုး၏ ဆွဲယူမှုမှ မလွတ်မြောက်နိုင်ကြပေ။

သို့သော် မြူခိုးကျွန်များက အလွန်တရာမှ များပြားလွန်းနေသည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ပြတ်တောက်နေသော သံကြိုးများက မနားတမ်း လှုပ်ရှားနေသော်လည်း တိုက်ပွဲ အခြေအနေကိုမူ များစွာ ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေ။

"ထွက်ပြေးလို့ မလွတ်နိုင်မှတော့... စမ်းကြည့်ရတာပေါ့"

"စမ်းကြည့်လိုက်မယ်"

"တကယ်တမ်း ဘယ်သူက အစစ်အမှန် မြူခိုးသခင်လဲ ဆိုတာကို ကြည့်တာပေါ့"

"မြူခိုးသခင်က မင်းတို့လို မြူခိုးကျွန်တွေလား"

"ဒါမှမဟုတ် ငါ ချန်းရီလား ဆိုတာ"

"ချန်းရီ... ဘယ်လိုလုပ်ကြမလဲ"

ထယ်ရှီးက လေအမြောက်ကို ပစ်ခတ်ရင်း နောက်ဆုတ်လာကာ ချန်းရီ၏ ဘေးတွင် ရပ်လိုက်သည်။

"ခဏနေရင် ငါပြောသလိုလုပ်... လန့်မသွားနဲ့"

ထယ်ရှီးက ချန်းရီ၏ ဆိုလိုရင်းကို နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။

ချန်းရီနှင့် စကားပြောနေစဉ်မှာပင် မြူခိုးကျွန် အများဆုံးရှိရာ နေရာသို့ ချိန်ရွယ်ကာ အမြောက်တစ်ချက် ပစ်ခတ်လိုက်ရန် မမေ့ခဲ့ပေ။

ချန်းရီက ပြင်းပြင်းထန်ထန် တစ်ချက် ရှူရှိုက်လိုက်ရာ ယခုလေးတင်မှ မီးညှိထားသော ဟွာဇီး ဆေးလိပ်တစ်လိပ်က တစ်ခါတည်းနှင့် ကုန်စင်သွားတော့သည်။

မီးခိုးငွေ့များကို ထပ်မံ မှုတ်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ များပြားလှသော မီးခိုးငွေ့များက ချန်းရီ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ တလိပ်လိပ် ထွက်ပေါ်လာ၏။

နားရွက်များဆီမှပင် ရေတွက်၍မရနိုင်သော မီးခိုးငွေ့များ ပန်းထွက်လာသည်။

ပါးစပ်၊ နှာခေါင်းနှင့် နားရွက်များဆီမှ မီးခိုးငွေ့ လမ်းကြောင်းငါးခုက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာလေသည်။

များပြားလှသော မီးခိုးငွေ့များက ချန်းရီ၏ ပတ်လည်တွင် ဖြစ်တည်လာပြီး သေးငယ်သော မီးခိုးတိမ်တိုက်လေး တစ်ခုအဖြစ် ပုံဖော်သွားသည်။

မီးခိုးငွေ့များကြားတွင် ရပ်နေသော ချန်းရီက နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရ၏။

မီးခိုးငွေ့များက ချန်းရီ တစ်ကိုယ်လုံးကို လျင်မြန်စွာ လွှမ်းခြုံသွားပြီး ချန်းရီကို ဗဟိုပြုကာ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

မီးခိုးငွေ့များ လွှမ်းခြုံခံလိုက်ရသူများထဲတွင် ထယ်ရှီးလည်း ပါဝင်သည်။

မိမိ၏ အမြင်အာရုံနှင့် အကြားအာရုံများ ရုတ်တရက် ဆုံးရှုံးသွားသည်ကို ခံစားလိုက်ရသောအခါ ထယ်ရှီးက အနည်းငယ် ထိတ်လန့်သွား၏။

"၁၂ နာရီ အရပ်ကို ပစ်"

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ထယ်ရှီးက တုံဆိုင်းနေခြင်းမရှိဘဲ ၁၂ နာရီ အရပ်သို့ အမြောက်တစ်ချက် ပစ်ခတ်လိုက်သည်။

လေအမြောက်၏ ပေါက်ကွဲသံက သွေးသားများဖြင့် ဖွဲ့စည်းထားသော အမြောက်ပြောင်းဝမှ ထွက်ပေါ်လာသည်နှင့် ချန်းရီ၏ မီးခိုးငွေ့များဖြင့် ဖုံးကွယ်ခြင်း ခံလိုက်ရသည်။

ချန်းရီ၏ ပါးစပ်၊ နှာခေါင်းနှင့် နားရွက်များက မီးခိုးငွေ့များကို ဆက်လက် မှုတ်ထုတ်နေဆဲပင်။

မြူခိုးများ၏ အတိုင်းအတာက ပိုမို ကြီးမားလာသည်။

မီးခိုးငွေ့များအတွင်းသို့ ပြေးဝင်လာသော မြူခိုးကျွန်များက အတွင်းသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်နေကြသည်။ ဗိုင်းရပ်စ် ကိုက်ခံထားရသော ကွန်ပျူတာတစ်လုံးကဲ့သို့ ခဏတာမျှ ဘာလုပ်ရမှန်း မသိဖြစ်နေကြ၏။

မီးခိုးငွေ့များ၏ အတိုင်းအတာက မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေ ၃၀၀ အထိ ကျယ်ပြန့်သွားပြီး ထိုမှတစ်ဆင့် ပေ ၅၀၀ ၊ ပေ ၆၅၀ အထိ ဆက်လက် ကျယ်ပြန့်သွားလေသည်။

မီးခိုးငွေ့များအတွင်းသို့ ဝင်ရောက်လာသော မြူခိုးကျွန်တိုင်းက လိုင်းပျောက်သွားသော လက်ကိုင်ဖုန်းတစ်လုံးကဲ့သို့ မြူခိုးများကြားတွင် ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ရပ်နေကြသည်။

အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းက ချန်းရီနှင့် ထယ်ရှီးတို့ နှစ်ဦး၏ သက်ရှိအငွေ့အသက်များကို ဖုံးကွယ်ပေးထားလေသည်။

သို့တိုင်အောင် မြူခိုးများအတွင်းသို့ ပြေးဝင်လာသော မြူခိုးကျွန်များက ပို၍ ပို၍ များပြားလာသည်။

အစပိုင်းတွင် မြူခိုးကျွန် ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးခိုးငွေ့များအတွင်း ဝင်ရောက်လာသော မြူခိုးကျွန် အရေအတွက်က ရာဂဏန်းအထိ ရှိလာ၏။

ချန်းရီ၏ အမြင်အာရုံတွင် မြူခိုးများကြားရှိ မြူခိုးကျွန်များက ပိုပိုများလာသည်။

သူတို့နှစ်ဦး အနှေးနှင့်အမြန် ဆိုသလို ရှာဖွေတွေ့ရှိသွားကြမည်သာ ဖြစ်သည်။

ချန်းရီ၏ မျက်ဝန်းများက အေးစက်နေပြီး မြူခိုးကျွန် အများဆုံးရှိရာ နေရာသို့ ပစ်ခတ်ရန် ထယ်ရှီးကို အမိန့်ပေးလိုက်သည်။

ထယ်ရှီးက ဘာမှ ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း လိုက်လုပ်လိုက်၏။

သို့သော် မြူခိုးကျွန်များက အလွန်တရာ များပြားနေဆဲပင်။

ချေမှုန်းခံလိုက်ရသော မြူခိုးကျွန်များက မြူခိုးများကြားတွင် ပြန်လည် စုစည်းသွားပြီး မြူခိုးကျွန်အသစ်အဖြစ် ပြန်လည် မွေးဖွားလာကြသည်။

ဒီအတိုင်း ဆက်သွားနေလျှင် မကြာမီမှာပင် မြူခိုးပြင် တစ်ခုလုံးက မြူခိုးကျွန်များနှင့် ပြည့်နှက်သွားတော့မည်။

ထိုအချိန်ရောက်လျှင် ပြေးစရာ မြေရှိတော့မည် မဟုတ်ပေ။

ပုံတူကူးယူထားသော မရဏနတ်သမီး၏ လက်ထဲရှိ တံစဉ်က မနားတမ်း ခုတ်ထစ်နေသော်လည်း အသုံးမဝင်လှပေ။

ထိုသို့ဖြစ်နေမှတော့ ချန်းရီက အံကြိတ်လိုက်သည်။ မျက်စိရှေ့မှ မြူခိုးကျွန်များက ရုံမြို့တွင် ကြုံတွေ့ခဲ့ရသည်များကို ချန်းရီအား ပြန်လည် သတိရစေ၏။

ရုံမြို့တွင် ချန်းရီကို အမှတ်ရဆုံး ဖြစ်စေခဲ့သည်မှာ မရဏနတ်သမီး အပြင် အဆုံးအစမရှိ များပြားလှသော တွားသွားကောင်များပင် ဖြစ်သည်။

ထိုတွားသွားကောင်များမှာ အသက်ရှင်စဉ်က သက်ရှိထင်ရှား လူသားများ ဖြစ်ခဲ့ကြသည်။

သေဆုံးပြီးနောက် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ တစ်ကိုယ်လုံး အဖြူရောင် လွှမ်းနေသော တွားသွားကောင်များအဖြစ် ပြောင်းလဲသွားခဲ့ကြခြင်း ဖြစ်သည်။

တွားသွားကောင်များတွင် လူသားများကဲ့သို့ တွေးခေါ်နိုင်စွမ်း မရှိဘဲ အလွန် ရိုးရှင်းသော စိတ်ခံစားမှု အချို့သာ ရှိသည်။ ပုံတူကူးယူထားသော တောခွေးထက်ပင် ပို၍ ရိုးရှင်းနေသေး၏။

သို့သော် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အားနည်းလွန်းလှသည်။

သို့တိုင် ဤအချိန်တွင် မြူခိုးကျွန်များကို ရင်ဆိုင်ရန်အတွက်မူ အသင့်တော်ဆုံးပင် ဖြစ်နေသည်။

တွားသွားကောင် တစ်ကောင်က မီးခိုးငွေ့များထဲမှ ရုန်းကန်ထွက်ပေါ်လာပြီး အနီးဆုံးရှိ မြူခိုးကျွန်ဆီသို့ တိုက်ရိုက် ခုန်အုပ်သွားလေသည်။

တိုက်ခိုက်ခံလိုက်ရသော မြူခိုးကျွန်က ဗီဇအရ တွားသွားကောင်ကို ဖမ်းဆွဲကာ မြူခိုးများကြားသို့ ဆွဲခေါ်သွားရန် ကြိုးစားတော့သည်။

တွားသွားကောင်ကလည်း မြူခိုးကျွန်ကို ရူးသွပ်စွာ ပြန်လည် တိုက်ခိုက်လေသည်။

မြူခိုးကျွန်က တွားသွားကောင်ကို မြူခိုးများကြားသို့ မဆွဲခေါ်နိုင်မီမှာပင် တွားသွားကောင်၏ ကိုက်ဖြတ်မှုကြောင့် မြူခိုးများအဖြစ် ပြိုကွဲသွားကာ မလှမ်းမကမ်းတွင် ပြန်လည် မွေးဖွားလာပြန်သည်။

နောက်ထပ် မြူခိုးကျွန် နှစ်ကောင်က တွားသွားကောင်ကို ဖမ်းဆွဲပြီး မြူခိုးများကြားသို့ ပြေးဝင်သွားကြသည်။

ဤသို့ဖြင့် ကောင်းကျိုးတစ်ခု ရှိလာသည်။ ချန်းရီ၏ မီးခိုးငွေ့များအတွင်းရှိ မြူခိုးကျွန်များက လျင်မြန်စွာ လျော့နည်းလာ၏။

တွားသွားကောင်များက ၎င်းတို့ကို မြူခိုးနယ်မြေ ပြင်ပသို့ ဆွဲဆောင်သွားခြင်း ဖြစ်သည်။

ချန်းရီက မီးခိုးငွေ့များကို ထိန်းချုပ်လိုက်ရာ များပြားလှသော တွားသွားကောင်များက မြူခိုးများထဲမှ လျင်မြန်စွာ တွားသွားထွက်ပေါ်လာပြီး မြူခိုးကျွန်များဆီသို့ ပြေးဝင်သွားကြသည်။

နှစ်ဖက်စလုံးက လျင်မြန်စွာပင် အကြိတ်အနယ် အခြေအနေသို့ ရောက်ရှိသွားကြ၏။

သတ်ဖြတ်ခံလိုက်ရသော မြူခိုးကျွန်များက လျင်မြန်စွာ ပြန်လည် မွေးဖွားလာကြသည်။

ထိုတွားသွားကောင်များကလည်း မြူခိုးကျွန်များ၏ ဆွဲငင်မှုဖြင့် မြူခိုးများထဲသို့ ပါသွားကြသည်။

ထူထပ်သော မြူခိုးများထဲသို့ ဆွဲသွင်းခံလိုက်ရသည့် တွားသွားကောင်များမှာ လျင်မြန်စွာပင် ချန်းရီနှင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်။

ထို့နောက် မြူခိုးများထဲမှ နောက်ထပ် တွားသွားကောင် တစ်ကောင် ထပ်မံ ဖြစ်တည်လာပြန်သည်။

နှစ်ဖက်စလုံးက ဂိမ်းထဲတွင် စစ်သားများ အဆက်မပြတ် ထုတ်လုပ်နေသကဲ့သို့ ဖြစ်နေသည်။ စစ်သားတစ်ယောက် ဆုံးရှုံးသွားတိုင်း သူတို့၏ မြူခိုးများထဲမှ တစ်ယောက်ကို ပြန်လည် အစားထိုး ဖြည့်တင်းပေးနေ၏။

ယခုအချိန်တွင် ချန်းရီက မီးခိုးငွေ့ အားလုံးကို တွားသွားကောင်များ ပုံတူကူးယူရန်အတွက်သာ အသုံးပြုထားသည်။

ထိုကြောင့် ဖုံးကွယ်ခြင်း အစွမ်းတွင် ဟာကွက်များ ဖြစ်ပေါ်လာပြီး နှစ်ဖက် အကြိတ်အနယ် ဖြစ်နေသော စစ်မြေပြင်ကို မြင်လိုက်ရသောအခါ ထယ်ရှီးပင် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

သို့သော် ထိုကောင်က သူ၏ ကျန်ရှိနေသော တစ်ဖက်တည်းသော လက်ဖြင့် ဖွဲ့စည်းထားသည့် သွေးသား လေအမြောက်ကို အဆက်မပြတ် ပစ်ခတ်နေဆဲပင်။ သိပ်အသုံးမဝင်လှလျှင်တောင်မှ ထယ်ရှီးက လက်မလျှော့ခဲ့ပေ။

သူ မသေချင်သလို ချန်းရီကိုလည်း အသေမခံနိုင်ပေ။

"ချန်းရီ... ဘယ်လိုလုပ်ကြမလဲ"

"တောင့်ခံထား... ထပ်ပြီး တောင့်ခံထားစမ်းပါ"

"ကောင်းပြီလေ"

ထယ်ရှီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လေအမြောက် ပစ်ခတ်သံများက ပို၍ စိပ်လာသည်။ ရေတွက်၍မရနိုင်သော တွားသွားကောင်များနှင့် မြူခိုးကျွန်များက စစ်မျက်နှာပြင် တစ်ခုကို ဖန်တီးထားပြီး ချန်းရီနှင့် ထယ်ရှီးတို့ နှစ်ဦးကို လမ်းဘေးရှိ အဆောက်အအုံနားတွင် ပိတ်လှောင်ထားကြ၏။

ကျောဘက်ရှိ အဆောက်အအုံမှလွဲ၍ ကျန်မျက်နှာပြင် သုံးဖက်စလုံးက တွားသွားကောင်များနှင့် မြူခိုးကျွန်များ၏ စစ်မြေပြင် ဖြစ်နေသည်။

စက္ကန့် ၃၀ သာ ကုန်ဆုံးသွားသေးသော်လည်း ချန်းရီအဖို့ တစ်နှစ်လောက် ကြာသွားသကဲ့သို့ ခံစားနေရသည်။

မီးခိုးငွေ့များထဲမှ ရုန်းကန်ထွက်ပေါ်လာသော ရေတွက်၍မရသည့် တွားသွားကောင်များကို သူက ထိန်းချုပ်ထား၏။

ဤပုံတူကူးယူထားသော တွားသွားကောင်များက ရုံမြို့မှ တွားသွားကောင်များနှင့် အနည်းငယ် ကွာခြားမှု ရှိသော်လည်း ကံကောင်းသည်မှာ မြူခိုးကျွန်များ၏ တိုက်ခိုက်ရေးစွမ်းရည်က သိပ်မမြင့်မားလှခြင်းပင်။

မြူခိုးကျွန်များက သူတို့ ဖမ်းမိသမျှ ပစ်မှတ်အားလုံးကို မြူခိုးများထဲသို့ ဆွဲသွင်းရန်သာ ခေါင်းမာစွာ ကြိုးစားနေကြသည်။

ယခု နှစ်ဖက်စလုံးက ဘယ်သူ့ရဲ့ စစ်သားထုတ်လုပ်နိုင်စွမ်း ပိုမြန်သလဲ ဆိုသည်ကို အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

တွားသွားကောင် တစ်ကောင် ဆွဲသွင်းခံရတိုင်း ချန်းရီက တုံဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း စွန့်လွှတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် တွားသွားကောင် အသစ်တစ်ကောင်က စစ်မြေပြင်သို့ ထပ်မံ ပြေးဝင်ကာ မြူခိုးကျွန်များနှင့် ကိုက်ဖြတ် တိုက်ခိုက်တော့သည်။

နှုတ်ခမ်းထောင့်ရှိ ဆေးလိပ်ကို ဘယ်နှစ်လိပ်မြောက် သောက်နေမိမှန်းပင် သူ မသိတော့ပေ။

ယခုလေးတင်မှ ဖွင့်ထားသော ဟွာဇီး ဆေးလိပ်ဘူးလေးက လျင်မြန်စွာပင် မြူခိုးကျွန်များဆီသို့ ပြေးဝင်သွားသော ရေတွက်မရနိုင်သည့် တွားသွားကောင်များအဖြစ် ပြောင်းလဲသွားလေပြီ။

ချန်းရီက အခွံလွတ်သွားသော ဆေးလိပ်ဘူးကို လုံးချေ၍ အဝေးသို့ လွှင့်ပစ်လိုက်သည်။

ဓားမက မိုးမခကိုင်း၏ ဆွဲငင်မှုဖြင့် တိုက်ပွဲအခြေအနေ အန္တရာယ်အများဆုံး နေရာဆီသို့ လေခွဲသံနှင့်အတူ တဟုန်ထိုး ပြေးဝင်သွားကာ မြူခိုးကျွန်များကို မူလ မြူခိုးများအဖြစ်သို့ ခုတ်ထစ် ခြေမွပစ်လိုက်သည်။

လူ့စွမ်းအားဆိုသည်မှာ ကုန်ခန်းသွားမည့် အချိန် ရှိစမြဲပင်။

ချန်းရီက တစ်ယောက်တည်း အင်အားဖြင့် မြူခိုးပြင် တစ်ခုလုံးကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

မုန်တိုင်းကို အန်တုရန် ကြိုးစားနေသော သွေးဆူနေသည့် လူငယ်တစ်ယောက်နှင့် တူနေ၏။

ချန်းရီက စမတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်သည်။

နီးပြီ... နီးလာပြီ။

ထယ်ရှီးကို ရှာတွေ့ခဲ့သည့်အချိန်က ၁၂:၃၆ နာရီ။

အခုက ၁၂:၃၉ နာရီ။

သုံးမိနစ်ပဲ ရှိသေးတာကို၊ ဘာလို့ တစ်နှစ်လောက် ကြာနေသလို ခံစားနေရတာလဲ။

သုံးမိနစ်တောင် ရှိနေပြီကို၊ ဒီမြူခိုးကျွန်တွေက ဘာလို့ ဆုတ်မသွားကြသေးတာလဲ။

ဝိုင်းရံထားသော စက်ဝိုင်းက ပို၍ ပို၍ သေးငယ်လာသည်။

ထယ်ရှီးက လေအမြောက်ဖြင့် အဆက်မပြတ် ပစ်ခတ်နေဆဲ ဖြစ်သော်လည်း မြူခိုးများထဲရှိ မြူခိုးကျွန်များက တကယ်ကို များပြားလွန်းနေသည်။

မြူခိုးများ မကွဲကွာသရွေ့ မြူခိုးကျွန်များကလည်း အဆုံးအစ ရှိမည်မဟုတ်ပေ။

သူတို့နှစ်ဦး ကျောချင်းကပ်နေရပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချန်းရီက တစ်ဖက်မှ မီးခိုးငွေ့များကို ထိန်းချုပ်၍ တွားသွားကောင်အသစ်များ ပုံတူကူးယူကာ အခြားတစ်ဖက်မှ ဓားမကို ထိန်းချုပ်၍ မြူခိုးကျွန်များကို ခုတ်ထစ် သတ်ဖြတ်နေရသည်။

အသူရာ သွေးမျက်လုံးနှင့် ပတ်သက်၍ပြောရလျှင် တစ်ဦးချင်း သတ်ဖြတ်နိုင်စွမ်းက မဆိုးလှသော်လည်း ယခုလို အခြေအနေမျိုးတွင်မူ သိပ်အသုံးမဝင်လှပေ။

ချန်းရီက သွေးမျက်လုံးဖြင့် မြူခိုးကျွန် နှစ်ကောင်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့သေးသော်လည်း "မျိုးစေ့" ချရန် စမ်းသပ်လိုက်သည်နှင့် မြူခိုးကျွန်က မြူခိုးများအဖြစ် ချက်ချင်း ပျောက်ကွယ်သွားလေသည်။

သွေးမျက်လုံးက သဘာဝလွန်အစွမ်းဖြင့် အပြည့်အဝ ပျိုးထောင်ထားသော ပြီးပြည့်စုံသည့် သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်မလာသေးပေ။

ယခုအချိန်တွင် အရန် သဘာဝလွန်ပစ္စည်း အဖြစ်သာ သတ်မှတ်၍ ရနိုင်သေးသည်။

ထို့ကြောင့် သွေးမျက်လုံး၏ အစွမ်းကို အသုံးပြုတိုင်း ချန်းရီက သွေးမျက်လုံးမှ ယူဆောင်လာသော သက်သောင့်သက်သာ မရှိမှုအချို့ကို အမြဲ ခံစားနေရ၏။

အစွမ်းကို အလွန်အကျွံ အသုံးပြုလိုက်ပါက သွေးမျက်လုံးမှ မရဏနတ်သမီးကဲ့သို့ သွေးမျက်ရည်များပင် ကျဆင်းလာနိုင်သည်။

နားထဲတွင် ပေါက်ကွဲသံများက မရပ်မနား ထွက်ပေါ်နေဆဲပင်။

ချန်းရီက ထယ်ရှီးကို ကျောမှီထားရာ ထိုကောင်၏ ကျောပြင်ပေါ်မှ ချွေးများက ချောင်းငယ်လေးတစ်ခုအလား စီးကျနေသည်ကို ခံစားနေရသည်။

စေးကပ်ကပ် အထိအတွေ့က လူကို သက်သောင့်သက်သာ မရှိ ဖြစ်စေ၏။

တောက်။

သုံးမိနစ် ပြည့်သွားပြီ မဟုတ်ဘူးလား။

ဘာလို့ မပြီးသေးတာလဲ။

မမြင်နိုင်တဲ့ မြူခိုးတွေရဲ့ အနက်ရှိုင်းဆုံး နေရာမှာ မြူခိုးကျွန်တွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ။

ဆက်ရန်...

All Chapters