အခန်း ၁၈၀
Vol. 9 Ch. 180
အပိုင်း(၁၈၀) ဆရာက လူကောင်းတစ်ယောက်ပါ
ချန်းရီက ရှောင်ဟွာဆိုသည့် အမျိုးသမီး သူ့ကို လိမ်သွားပြီဟု ထင်မှတ်လိုက်မိသည့် အချိန်မှာပင်။
ရုတ်တရက် မြူခိုးကျွန်အားလုံးက အချိန်ရပ်တန့်ခလုတ် နှိပ်ခံလိုက်ရသကဲ့သို့ သူတို့၏ လှုပ်ရှားမှုများကို တစ်ပြိုင်နက်တည်း ရပ်တန့်ပစ်လိုက်ကြသည်။
ချန်းရီနှင့် ထယ်ရှီးတို့နှစ်ယောက်က ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်ကြ၏။
ထိုမျက်တောင်တစ်ခတ် အချိန်လေးအတွင်းမှာပင်။
သဲများဖြင့် တည်ဆောက်ထားသော ရဲတိုက်ကြီးများ ပြိုကျသွားသကဲ့သို့ မြူခိုးကျွန်များ အားလုံးက မြူခိုးငွေ့များအဖြစ်သို့ ချက်ချင်း ပြိုကျပျက်စီးသွားကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားကြသည်။
ထိုဖြစ်စဉ်တစ်ခုလုံးက မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
အသံတိတ်ပြဇာတ် တစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ပင်။
သုံးမိနစ်။
ပြည့်သွားခဲ့ပြီ။
ချန်းရီက မြေပြင်ပေါ်သို့ ဝုန်းခနဲ ထိုင်ချလိုက်သည်။ သူ၏ လက်နှစ်ဖက်က အနည်းငယ် တုန်ယင်နေပြီး ထင်းခုတ်ဓားမကိုပင် မြဲမြံစွာ မကိုင်ထားနိုင်တော့ပေ။ သူ၏ ခြေထောက်များကလည်း ထိန်းချုပ်မရအောင် တဆတ်ဆတ် တုန်ယင်နေ၏။
အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာပြီးကတည်းက ချန်းရီသည် တိုက်ပွဲဝင်ရတိုင်း အင်အားချွေတာနိုင်သမျှ ချွေတာခဲ့ပြီး လျှို့ဝှက်အစွမ်းများကိုလည်း ဖုံးကွယ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်။
အခြေအနေမဟန်သည်ကို သတိထားမိသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးရန် အမြဲတမ်း အဆင်သင့် ပြင်ထားတတ်၏။
သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် မြူခိုးကျွန်များနှင့် မျက်နှာချင်းဆိုင် အသေအလဲ တိုက်ခိုက်ခဲ့ရသည်။
အကယ်၍ အချိန်သာ နောက်ထပ် အနည်းငယ် ပိုကြာသွားခဲ့လျှင် သူနှင့် ထယ်ရှီးတို့နှစ်ယောက်လုံး ဒုက္ခလှလှ တွေ့သွားနိုင်ပေသည်။
စည်းမျဉ်းသတ်မှတ်ချက်များ ရှိနေသော ထူးဆန်းသည့်အရာများက တကယ်ကို အကြောက်မက်ဖွယ် အကောင်းဆုံးသော တည်ရှိမှုများပင် ဖြစ်သည်။
သုံးမိနစ်တည်းသော အချိန်လေးက ချန်းရီနှင့် ထယ်ရှီးတို့ကို ဤနေရာတွင် အသက်စွန့်သွားရလုနီးပါး ဖြစ်စေခဲ့သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသာ တိမ်းမှောက်မသွားခဲ့ပါက ချန်းရီအနေဖြင့် ဤမြူခိုးကျွန်များနှင့် အသေအလဲ တိုက်ခိုက်ရန် လုံးဝ ရွေးချယ်ခဲ့မည် မဟုတ်ပေ။
မြူခိုးကျွန်များတွင် သုံးမိနစ်စာ တိုက်ခိုက်နိုင်စွမ်းသာ ရှိကြောင်းကို ကြိုသိမထားခဲ့လျှင်လည်း...
ချန်းရီက ဤမြူခိုးကျွန်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင်တော့ သူ တကယ်ကို ပေါ့ဆသွားခဲ့မိသည်။
အထူးသဖြင့် နောက်ဆုံးအချိန်၌ မြူခိုးကျွန်များနှင့် အင်အားပြိုင်ကာ တိုက်ခိုက်ခဲ့ရသည့် အချိန်တွင် ဖြစ်သည်။
သူ၏ အစွမ်းများက ရေစီးကြောင်းတစ်ခုကဲ့သို့ အလဟဿ ကုန်ခမ်းသွားခဲ့၏။
ယခုအချိန်တွင် ချန်းရီ၏ ခန္ဓာကိုယ်ထဲရှိ အစွမ်းများအားလုံး ခန်းခြောက်သွားခဲ့ပြီ ဖြစ်သည်။
ထယ်ရှီးမှာလည်း ချန်းရီထက် သိပ်ပိုမကောင်းလှပေ။ သူ အမြဲတမ်း ဝတ်ဆင်လေ့ရှိသော အစိမ်းရင့်ရောင် စွပ်ကျယ်အင်္ကျီမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး ဆံပင်များကလည်း ဦးရေပြားပေါ်တွင် ကပ်နေကာ အလွန်တရာ စုတ်ပြတ်သတ်နေသည့်ပုံ ပေါက်နေသည်။
သွေးသား လေအမြောက်ကလည်း ပုံမှန် လက်မောင်းတစ်ဖက်ပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။
လက်မောင်းပေါ်တွင်မူ ပေါက်ပြဲနေသော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးသံရဲရဲ ဖြစ်နေသည်။
သူကလည်း မြေပြင်ပေါ်သို့ ဝုန်းခနဲ ထိုင်ချလိုက်ရာ အသားတုံးတောင်ကြီး တစ်တောင်နှင့်ပင် တူနေတော့သည်။
လူ့ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသည့် အစွမ်းကို အသုံးမပြုခဲ့သော်လည်း ဤတစ်ကြိမ် စွမ်းအင်ကုန်ခမ်းမှုက သူ့ကို အလွန်ပင်ပန်းနွမ်းနယ်သွားစေခဲ့သည်။
"ချန်းရီ... ပြီး... ပြီးသွားပြီလား"
"ပြီးသွားပြီ ထင်တယ်"
ချန်းရီက လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နားထဲတွင် ကိုယ့်နှလုံးခုန်သံကိုသာ ပြန်ကြားနေရ၏။
အသစ်စက်စက် ဟွာဇီး ဆေးလိပ်ဘူးကို ဖောက်ကာ တစ်လိပ်ထုတ်၍ မီးညှိပြီး ပါးစပ်ထဲသို့ ခဲလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ရန်အတွက်သာ ဆေးလိပ်သောက်ခြင်း ဖြစ်သည်။
"လူသန်ကြီး... တစ်လိပ်လောက် သောက်ဦးမလား"
ထယ်ရှီးက ခေါင်းခါယမ်းလိုက်ပြီး...
"ဆေးလိပ်သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူး... မင်းလည်း လျှော့သောက်ပါဦးကွာ"
"သောက်ကျိုးနည်း"
ချန်းရီက ထယ်ရှီး၏ ကျောပြင်ကို မှီချလိုက်သည်။ နီကိုတင်း ဓာတ်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ယခင်က တစ်ခါမျှ မခံစားဖူးသော သက်သောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရ၏။
သူ၏ ချွေးများက ဆေးလိပ်စစ်ထုတ်စက္ကူကို ရွှဲနစ်သွားစေခဲ့လျှင်ပင် ထိုခံစားချက်က ပျောက်ပျက်မသွားပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။
ချန်းရီ၏ နားရွက်များ လှုပ်ရှားသွားပြီး ကားစက်သံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။
ထူထပ်သော မြူခိုးများ တဖြည်းဖြည်း ကွဲဟသွားပြီးနောက် သူတို့နှစ်ယောက်ရှေ့တွင် လမ်းကြမ်းမောင်းကား တစ်စီး၏ ခေါင်းပိုင်း ပေါ်ထွက်လာ၏။
ခေါင်းဆောင်ချူ၏ ရွံစရာကောင်းသော မျက်နှာကြီးက မြူခိုးများကြားထဲမှ ပေါ်လာသည်။
မျက်နှာပေါ်ရှိ အစိတ်အပိုင်းများကို သေချာ မမြင်ရသော်လည်း ထိုနားကြားပြင်းကပ်စရာ အသံကိုမူ သူတို့ ကောင်းကောင်း ရင်းနှီးနေကြသည်။
"ဟေး... မင်းတို့နှစ်ယောက်... နားလို့ ဝပြီလား"
"ဒီအချိန်တောင် ရောက်နေပြီ... ငါတို့ ဆက်သွားသင့်ပြီ မဟုတ်ဘူးလား"
"ခွေးကောင်"
ချန်းရီ ဒေါသသူပုန်ထသွားတော့သည်။
......
ယာဉ်တန်းထဲသို့ ထယ်ရှီး ဝင်ရောက်လာခြင်းက ယာဉ်တန်းကို ပို၍ စည်ကားသွားစေသည်။
ကျောင်းကားထဲတွင် အသက်ရှင်ကျန်ရစ်သူ အယောက်သုံးဆယ်ကျော်ပင် ပါလာခဲ့၏။
လောင်လီ၏ အပြောအရဆိုလျှင် မြူခိုးကျွန်များနှင့်သာ မတွေ့ခဲ့ရပါက အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ယခုထက်ပင် ပိုများနိုင်သေးသည်ဟု ဆိုသည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားက ချန်းရီ၏ ကားပေါ်တွင် မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်သောအခါ၊ လူတိုင်းက ချန်းရီကို မိစ္ဆာတစ်ကောင်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်နေကြသည်။
ဒုတိယမူလတန်းကျောင်းမှ ထွက်ပြေးလွတ်မြောက်လာစဉ်က...
ချန်းရီ၏ ကားပေါ်တွင်လည်း အသက်ရှင်ကျန်ရစ်သူ အချို့ ပါလာခဲ့သေးသည် မဟုတ်ပါလော။
သို့သော် ယခုအခါတွင်မူ တစ်ယောက်မှ ရှိမနေတော့ပေ။
ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူများက ချန်းရီကို ကြည့်ရာတွင် ကြောက်ရွံ့မှုများနှင့် စိမ်းသက်မှုများ ပြည့်နှက်နေခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီက လုံးဝ ဂရုမစိုက်ပေ။
လူတိုင်းက ထယ်ရှီးကဲ့သို့ ကိုယ့်အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ အခြားလူများကို ကယ်တင်ရန်သာ စဉ်းစားနိုင်ကြသည်မှ မဟုတ်ဘဲ။
ဒီနေ့သာ သူနှင့် ခေါင်းဆောင်ချူတို့ အချိန်မီ မရောက်လာခဲ့ပါက...
ထယ်ရှီးတစ်ယောက် သေသွားလောက်ပြီ ဖြစ်သည်။
"ဆရာချန်း"
ရုတ်တရက် အနည်းငယ် တုန်ယင်နေသော အသံတစ်ခုက ချန်းရီနှင့် မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။
ချန်းရီ ခြေလှမ်းများကို ရပ်တန့်လိုက်၏။
မိမိ၏ ဗိုက်ကို ပွတ်သပ်ရင်း သူ့ကို ကြောက်လန့်တကြား ကြည့်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
ချန်းရီက သူမဘက်သို့ လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ...
ထိုအမျိုးသမီးက လန့်ဖျပ်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်သွား၏။
ချန်းရီက မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် အေးစက်စက် ကြည့်နေလိုက်သည်။ ဤအမျိုးသမီးမှာ စောစောက ကိုယ်ဝန်ဆောင် အမျိုးသမီးပင် ဖြစ်သည်။
သူမ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းက သူ၏ ကူညီမှု အနည်းအကျဉ်း ပါဝင်နေသောကြောင့်ဟု ဆိုနိုင်သည်။
သို့သော် ချန်းရီက ဤအမျိုးသမီး သူ့အပေါ် ကျေးဇူးတင်နေရန် သို့မဟုတ် ကျေးဇူးဆပ်ရန်ကို လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူ၏ ကားနောက်သို့ "အမြီး" လို တကောက်ကောက် လိုက်ပါလာပြီး သေဆုံးသွားခဲ့သူများအတွက် တစ်ခါမျှ နောင်တမရ၊ အပြစ်မကင်းသလို မခံစားရသကဲ့သို့ပင် ဖြစ်သည်။
သူ လှည့်ထွက်သွားရန် ပြင်လိုက်စဉ်။
ထိုအမျိုးသမီးက ချန်းရီကို ရုတ်တရက် ခါးညွှတ်၍ အရိုအသေပေးလိုက်ပြီး...
"ကျေးဇူးတင်ပါတယ်... ဆရာချန်း... ဆရာသာ မရှိခဲ့ရင် ကျွန်မ... ကျွန်မနဲ့ ဗိုက်ထဲက ကလေးလေးတို့ သေချာပေါက် သေသွားရလောက်ပါပြီ"
ချန်းရီ၏ ခန္ဓာကိုယ် အနည်းငယ် တန့်သွားပြီး...
"ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး... ခင်ဗျား အဓိက ကျေးဇူးတင်ရမှာက ထယ်ရှီးကိုပဲ... အဲဒီအရူးသာ မရှိရင် ကျွန်တော် ခင်ဗျားကို ကယ်မှာ မဟုတ်ဘူး"
အမျိုးသမီးက ခေါင်းမာစွာဖြင့် ဆက်ပြောလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ်... ဆရာ့လုပ်ရပ်က ကျွန်မကို ကယ်တင်ခဲ့တာပါ... ဒါကြောင့် ဆရာ့ကို ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်"
"ဆရာက လူကောင်းတစ်ယောက်ပါ"
ချန်းရီ တိတ်ဆိတ်စွာပင် လှည့်ထွက်လာခဲ့သည်။
ထိုအမျိုးသမီး၏ ကျေးဇူးတင်စကားက သူ့ကို တစ်မျိုးကြီး ဖြစ်သွားစေသည်။
မှောင်မိုက်သော နေရာတွင် တွားသွားနေသည့် သူ့ကို နေရောင်ခြည် အောက်သို့ ရုတ်တရက် ဆွဲထုတ်ကာ နေပူလှန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့ သေဆုံးသွားသည့် သတင်းက ယာဉ်တန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အသစ်ရောက်လာသော အသက်ရှင်ကျန်ရစ်သူ အချို့က ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့ မည်သူမည်ဝါဖြစ်ကြောင်း မသိကြပေ။
သို့သော် ယာဉ်တန်းတွင် လိုက်ပါလာသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်နေပြီဖြစ်သော အသက်ရှင်ကျန်ရစ်သူများကမူ ဝမ်းနည်းကြေကွဲသော မျက်နှာများ ဖြစ်နေကြသည်။
ထိုအသက်ရှင်ကျန်ရစ်သူများနှင့် အထိတွေ့ အဆက်ဆံဆုံးသူများမှာ အစွမ်းပိုင်ရှင်များ မဟုတ်ကြပေ။
ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့သာ ဖြစ်သည်။
ယာဉ်တန်း၏ နေ့စဉ်ကိစ္စရပ်များကို အခြေခံအားဖြင့် ထိုသူနှစ်ယောက်ကသာ စီစဉ်ပေးခဲ့ကြခြင်း ဖြစ်၏။
ဦးလေးအားပေါင်နှင့် ရှောင်ဝမ်တို့၏ ကြိုးပမ်းအားထုတ်မှုများကြောင့်သာ ယာဉ်တန်းတစ်ခုလုံး ယခုကဲ့သို့ အေးချမ်းစွာ ရှိနေနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးကို အခြားသော ယာဉ်တန်းများတွင် တွေ့မြင်နိုင်ရန် အလွန် ခဲယဉ်းလှသည်။
ဥပမာအားဖြင့် ယခင်က ကုလားအုတ် ယာဉ်တန်းတွင်ဆိုလျှင် အသက်ရှင်ကျန်ရစ်သူ အများစုမှာ ကျွန်များအဖြစ်သာ ရှိနေခဲ့ကြသည် မဟုတ်ပါလော။
ခေါင်းဆောင်ချူက တက္ကသိုလ်ကျောင်းသား ရှောင်ဖူကို ယာဉ်တန်း၏ လက်ထောက်အသစ်အဖြစ် ရွေးချယ်လိုက်သည်။
ထိုလူငယ်လေးသည် ယာဉ်တန်းထဲတွင် နာမည်ကောင်းရှိသူ ဖြစ်သည်။ သို့သော် သူ၏ ဦးနှောက်က သိပ်မထက်မြက်လှဘဲ အနည်းငယ်ပင် ရိုးအလွန်းနေသေး၏။
ထိုအကြောင်းရင်းကြောင့်ပင် ယာဉ်တန်းထဲရှိ လူအချို့က ဤတက္ကသိုလ်ကျောင်းသားလေးကို မကြာခဏဆိုသလို နောက်ပြောင် ကျီစယ်တတ်ကြသည်။
ထိုကောင်လေးက အစခံရလျှင်လည်း စိတ်မဆိုးတတ်ဘဲ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်သာ နေတတ်သူ ဖြစ်သည်။
ဥပမာ - ယခင်က သဲကန္တာရထဲတွင် ရှိနေစဉ်က လူတိုင်း၌ သောက်ရေ အလုံအလောက် မရှိခဲ့ကြပေ။
သို့သော် အချို့သူများက ရှောင်ဖူ့ရှေ့တွင် သနားစရာကောင်းဟန်ဆောင်ကာ သူရရှိမည့် ရေဝေစုလေးကိုပင် လိမ်လည် ယူငင်သွားခဲ့ကြသေး၏။
သဲကန္တာရထဲတွင် ရေငတ်မသေခဲ့ခြင်းက ရှောင်ဖူတစ်ယောက် ကံကောင်းလွန်း၍သာ ဖြစ်သည်။
ခေါင်းဆောင်ချူက နေ့စဉ် လမ်းပြရသည့်အပြင် ကားကိုလည်း ကိုယ်တိုင် မောင်းနှင်ရသေးသဖြင့် ထိုအလုပ်များအားလုံးကို သူတစ်ယောက်တည်း မလုပ်နိုင်ပေ။
ထို့ကြောင့် ရှောင်ဖူက ယာဉ်တန်း၏ လက်ထောက်အသစ် ဖြစ်လာခြင်းက လူအများအပြားကို မေးရိုးပြုတ်ကျမတတ် အံ့သြသွားစေခဲ့သည်။
ထို့အပြင် ခေါင်းဆောင်ချူက ယာဉ်တန်းကို ကြီးကြပ်ရန်အတွက် လူတစ်ယောက်ကိုလည်း ထပ်မံ ရွေးချယ်လိုက်သေး၏။
ထိုသူမှာ ယာဉ်တန်းထဲတွင် နာမည်ကြီးနေသော ရုပ်ဆိုးဆိုးလူ ရွှီနန်ပင် ဖြစ်သည်။
ယခင်က ရုပ်ချောချော လူငယ်လေးတစ်ယောက်က ယခုအခါတွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် အိပ်မက်ဆိုး မက်စေနိုင်သည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်မှာ ကံကြမ္မာ၏ လှောင်ပြောင်မှုတစ်ခုဟုပင် ဆိုရမည်။
ရွှီနန်ကလည်း ယာဉ်တန်းထဲတွင် အလွန် နာမည်ကြီးသူ ဖြစ်သည်။
သို့သော် မျက်နှာ အလှပျက်သွားပြီးနောက် ရွှီနန်က အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်လာသဖြင့် သာမန် အသက်ရှင်ကျန်ရစ်သူများက သူ့အနားသို့ လုံးဝ မကပ်ရဲကြပေ။
ယာဉ်တန်းထဲရှိ အချို့သူများက သူသည် ချန်းရီ၏ နောက်လိုက်ခွေးတစ်ကောင် ဖြစ်ပြီး ချန်းရီ၏ အမူအကျင့်များကို လိုက်တုပနေသည်ဟု တိတ်တဆိတ် ပြောဆိုနေကြသေး၏။
ယာဉ်တန်းကို အုပ်ချုပ်ရန်အတွက် ဤကဲ့သို့သော လူမျိုးက အတိအကျ လိုအပ်နေခြင်း ဖြစ်သည်။
ရွှီနန်က ယာဉ်တန်း ကြီးကြပ်ရေးမှူး ဖြစ်လာကြောင်း ကြားသိရသောအခါ လူအများအပြား၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကြပြီး သူတို့၏ ကောင်းမွန်သော နေ့ရက်များ ကုန်ဆုံးသွားပြီဟုသာ ခံစားလိုက်ကြရတော့သည်။
ချန်းရီက ထင်းခုတ်ဓားမ၏ ရေတွက်ချိန်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ နောက်ထပ် ခုနစ်နာရီ ကျန်နေသေးသည်။
ဤတစ်ကြိမ်တွင် ထင်းခုတ်ဓားမလေးက အနည်းငယ် အသုံးဝင်ခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် နံပါတ်စဉ် ငါးထောင်နီးပါး ရှိသော ထင်းခုတ်ဓားမလေး၏ အသုံးဝင်မှုက အလွန် ကန့်သတ်ချက် ရှိနေသည်။
ထို့အပြင် ခေါင်းဆောင်ချူကဲ့သို့ ကောက်ကျစ်စဉ်းလဲသော ကောင်ဆီမှ မယူရသေးသည့် ပစ္စည်းများ ကျန်ရှိနေသေး၏။
ဤတစ်ကြိမ် မြူခိုးကျွန်များနှင့် တိုက်ခိုက်မှုတွင်လည်း သတ်ဖြတ်မှတ် အများအပြားကို ရရှိခဲ့သည်။
ဆက်ရန်...
နောက်အပိုင်းတွေမှာတော့... ချန်းရီတို့အဖွဲ့ဒီနှင်းကမ္ဘာကြီးကနေ ထွက်နိုင်မှာလား၊ လူစုကွဲသွားတဲ့ စွန်းချန်းချန်းတို့နဲ့ရော ပြန်တွေ့မှာလား၊ လူတွေပြောတဲ့ ရွာတည်ထားတဲ့ နတ်ဆင်ကြီးဆိုတာကရော သဘာဝလွန်အရာတစ်ခုလား၊ ချန်းရီတို့အဖွဲ့ အဲ့ဒီဆင်ကြီးနဲ့ သွားတွေ့မှာလား၊ ချန်းရီကရော စနစ်ကနေ အစွမ်းတိုးစေတဲ့ ဘယ်လိုဆေးဝါးတွေ ရဦးမှာလဲ၊ ရှေ့ဆက်ခရီးမှာ နားလည်ဖို့ခက်တဲ့ ဘယ်လိုအံ့သြစရာတွေ စောင့်ကြိုနေသေးလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။