ဆိုရာရဲ့ကူရို (၂)
Vol. 6 Ch. 283
နတ်ကွန်းရဲ့ကွင်းပြင်မှာ ဘုံကျောင်းအပျိုစင်မိန်းကလေးနဲ့ အနက်ရောင်ဝတ်စုံဝတ်လူငယ်လေးတို့က လက်ဗလာနဲ့ အပြန်အလှန်တိုက်ခိုက်နေခဲ့ကြတယ်။ ဆိုရာက လက်ကို ဓားသဏ္ဍာန်ဆုပ်လိုက်ပြီး ကူရိုရဲ့နှာခေါင်းရိုးကို ရိုက်ချိုးဖို့ ဆန့်အထုတ် ကူရိုက လက်ဖျံနဲ့ကာပြီး လွတ်နေတဲ့ညာခြေနဲ့ ဆိုရာရဲ့ခေါင်းကိုတည်ကန်တာပေါ့။
ဆိုရာက နောက်ကို အသာအယာဆုတ်ခွာလိုက်ပြီးတော့ သဘောတကျနဲ့ပဲ ပြုံးကာခေါင်းညိတ်ပြလိုက်လေရဲ့။
“ ကူရို၊ ငါက နင်မတိုက်ခိုက်နိုင်လောက်ဘူးထင်နေတာ။ ဒါပေမဲ့ လက်နက်မဲ့သိုင်းပညာက တကယ့်ကျွမ်းကျင် အဆင့်မှာရှိနေတာပဲ။ ငါမမြင်ဖူးတဲ့ ကိုယ်ခံပညာမျိုး ဆိုပေမဲ့လို့ နှစ်တွေအများကြီးမလေ့ကျင့်ဘဲနဲ့ ဒီလိုရလဒ်မျိုး မရနိုင်ဘူး။”
ဆိုရာပြောတာကို နားထောင်နေတဲ့ကူရိုကတော့ သူ့လက်တွေကို ဆုပ်ကိုင်ကြည့်လို့ပေါ့။ ဆိုရာစကား ဆုံးတဲ့အထိစောင့်ပြီးတဲ့နောက် သူအခုလိုပြောတယ်။
“အတိတ်ကငါက တိုက်ခိုက်တာနဲ့အသက်မွေးတဲ့သူမျိုး ဖြစ်နိုင်မယ်ထင်လား။” ကူရိုက အဲဒီအတွေးနဲ့အတူ ပြန်ပြီးတွေးဖို့စဥ်းစားလိုက်တာပေါ့။
နည်းနည်းအာရုံစိုက်လိုက်တယ်ဆိုရင်ပဲ သူ့စိတ်ထဲမှာ ပုံရိပ်တွေတဖြတ်ဖြတ်ပေါ်လာပြီး မဝေခွဲနိုင်သေးခင်မှာပဲ မေ့ပျောက်သွားခဲ့တယ်။ အဲဲဒီနောက် သူ့ခေါင်းမူးလာပြီး လဲကျတော့မလိုပဲ။ ဆိုရာက ဘေးကနေ ဖေးမထားရတာ။
“အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့။” ဆိုရာက ကူရိုကို အနားကပ်ပြီးပြောလိုက်တယ်။ ဆိုရာရဲ့သင်းပျံတဲ့ ကိုယ်သင်းနံကြောင့် သူ့စိတ်တွေတည်ငြိမ်သွားခဲ့ပေမဲ့ ခဏအကြာမှာတော့ အတွေးတွေက ပိုရှုပ်ထွေးလာတယ်။
“ဒီလိုခံစားချက်မျိုး... အရင်က ငါရဖူးတယ်။”
....
ကူရိုရဲ့တိုက်ခိုက်နိုင်စွမ်းကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ဆိုရာက ကူရိုကို လက်နက်တိုက်ဆီခေါ်သွားပေးခဲ့ပါတယ်။ အမြင့်တစ်နေရာမှာချိတ်ထားတဲ့ ကာတာနာဓားတစ်လက်ကို ဆိုရာလှမ်းယူလိုက်ပြီး ကူရိုရဲ့လက်ထဲကိုထည့်ပေးတယ်။
“ ကူရိုက တိုက်ခိုက်ရေးအတွေ့အကြုံရှိပြီးသားဆိုတော့ ဒါကိုရော သုံးတတ်နေမလားပဲ။”
ဆိုရာပြောတဲ့အတိုင်းပဲ ကူရိုက ကာတာနာကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့ သူ့ဓားကိုင်ထားတဲ့ လက်ပုံစံကို မြုင်လိုက်ရချိန်မှာ ဆိုရာ မျက်မှောင်ကြုတ်လိုက်လေရဲ့။
“အဲဒီလက်အနေအထားက ကာတာနာကိုင်ဖို့အတွက် မဟုတ်ဘူး။ ကူရို၊ နင်က ဒီလက်နက်ကို သုံးနေကျမဟုတ်ဘူး။”
“ဒါဆို ငါဘာဆက်လုပ်ရမလဲ။”
“ ဒီမှာ လက်နက်တွေ အများကြီးရှိနေတာပဲလေ။ လိုက်ကြည့်ကြည့်ပေါ့။” ဆိုရာက စိတ်မပူပါနဲ့ဆိုတဲ့ မျက်နှာပေးနဲ့ခေါင်းကိုစောင်းပြီး နှစ်သိမ့်ပေးလိုက်တယ်။
ကူရိုက လက်နက်သုံးလေးငါးမျိုးကို စမ်းကြည့်ပြီးနောက် အခန်းထောင့်တစ်နေရာမှာရှိနေတဲ့ ကြိုးတပ်တံစဥ်ဆီကို ရောက်သွားပြီး ကောက်ကိုင်လိုက်တယ်။
“ ကူရို၊ အဲဒါက လက်နက်တစ်ခုဆိုပေမဲ့ လူသုံးနည်းတယ်။ တခြားတစ်ခုစမ်းကြည့်ပါ့လား။”
ဒါပေမဲ့ ကူရိုကတော့ လက်နက်လက်ထဲရောက်တာနဲ့ စမ်းကြည့်ပြီးနေပြီ။ ကြိုးတပ်တံစဥ်ရဲ့နောက်မှာရှိတဲ့ ကြိုးအဆုံးက အလေးတုံးကို ချာလည်လှည့်ပြီးတော့ အိမ်ထုပ်တန်းပေါ်ကို လှမ်းပစ်လိုက်တယ်။ သံချိန်းကြိုးက အလေးတုံးကြောင့် တုပ်တန်းနဲ့ချိတ်မိသွားပြီးတဲ့နောက် ကူရိုက ဆိုရာရဲ့ခါးကိုပွေ့ပြီးတော့ ကြိုးတန်းကိုအမှီပြုကာ ထုပ်တန်းပေါ်ကို ခုန်တက်လိုက်တော့တာပေါ့။
“ကူ... ကူရို....” ဒီရုတ်တရက်ဆန်တဲ့အပြုအမူက ဆိုရာကို အငိုက်မိသွားစေခဲ့ပြန်တယ်။ ကူရိုကိုယ်တိုင်ကတော့ မြေပေါ်ကို ပြန်ဆင်းလိုက်ပြီး ခေါင်းညိတ်ပြပါတယ်။
“ဒီလက်နက်က အဆင်ပြေတယ်လို့ထင်တယ်။”
....
ပြင်ဆင်တာအားလုံးပြီးစီးချိန်မှာတော့ ဆိုရာက ကူရိုကို တောင်ပေါ်ကနေ ခေါ်ထုတ်ပြီး တောအုပ်တစ်လျှောက်နဲ့ ရွာအပြင်ဘက် လယ်ကွင်းပြင်တွေတစ်ဝိုက် ကင်းလှည့်ဖို့ ခေါ်သွားပေးတယ်။ လမ်းတစ်လျှောက်မှာ သားရိုင်းတွေနဲ့ ရင်ဆိုင်ရတယ်ဆိုပေမဲ့ ဆိုရာနဲ့ကူရိုတို့က အတွဲညီညီနဲ့ပဲ ဖြေရှင်းနိုင်ခဲ့ကြတယ်။
အထူးသဖြင့် ကူရိုက သားရိုင်းကောင်နှစ်ကောင်ကို တစ်ခါတည်းရင်ဆိုင်ပြီးသတ်နိုင်ခဲ့တယ်။
“ကူရိုက တကယ့်ကို အံ့ဩစရာပဲ။ ကူဆာရီဂါမာ (ကြိုးတပ်တံစဥ်)တစ်ခုက အဲဒီလောက်အသုံးဝင်မယ် မျှော်လင့်မထားခဲ့ဘူး။”
နေ့လယ်ပိုင်းရောက်တော့ ဆိုရာက ကူရိုနဲ့အတူတူ အနားယူဖို့အတွက်ဆုံးဖြတ်လိုက်ပြီး သစ်ရိပ်ကောင်း တစ်ခုကိုရှာကာ အတူတူသစ်ပင်ကြီးကိုမှီပြီးထိုင်ဖြစ်တယ်။
“နင်က သားရဲရဲ့ခြေလက်တွေကို အလေးတုံးနဲ့ပစ်ချုပ်ပြီး အနားကိုဆွဲယူတယ်။ ပြီးမှတံစဥ်နဲ့ပိုင်းပစ်တာ။ ထွက်ပြေးဖို့ လုံးဝမဖြစ်နိုင်ဘူးပဲ။”
ဆိုရာကလည်း တိုက်ခိုက်ရေးသမားတစ်ယောက်ဆိုပေမဲ့ ကူရိုရဲ့ကျွမ်းကျင်မှုတွေကိုကြည့်ရင်း အံ့ဩမိတယ်။ ကူရိုက သူ့ထက်တောင် ပိုပြီးတော့စွမ်းအားကြီးနေသလိုပဲ။
“ဆိုရာလည်း တော်ပါတယ်။ တိုက်ခိုက်နေတဲ့အချိန်ဆိုရင် နတ်သမီးလေးလိုပဲ။” ကူရိုက သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ ပြောလိုက်တယ်။ နာဂီနာတာကိုကိုင်ထားတဲ့ကူရိုက တကယ့်ကို ဒဏ္ဍာရီထဲက စစ်နတ်သမီးတစ်ပါးနဲ့တူတယ်။
“ ကူရိုကတော့လေ...” ဆိုရာက ကူရိုကို ဘေးကိုတွန်းထုတ် လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့ သစ်သားထမင်းသေတ္တာကို စဖွင့်လိုက်ပြီ။ အတွင်းမှာတော့ စီစီရီရီနဲ့အိုနီဂီရီထမင်းလုံး တချို့ကိုမြင်နိုင်တယ်။
“ရော့... အထဲမှာ မနေ့ကဖမ်းမိတဲ့ ငါးနည်းနည်းထည့်ပြီး လုပ်ထားတာ။”
ကူရိုနဲဆိုရာတို့ စားလို့ပြီးတဲ့နောက်မှာတော့ နေ့မွန်းလွဲချိန် ရောက်စပြုနေပါပြီ။ ဆိုရာကတော့ မောပန်းနေပုံမရပေမဲ့ ကူရိုကို ကြည့်လိုက်ပြီးတော့ သက်ညှာတဲ့အနေနဲ့ ပြောခဲ့တယ်။
“ ကူရိုက လူသားတစ်ယောက်မဟုတ်လား။ လူသားတွေက မောပန်းလွယ်တယ်တဲ့။ ခဏလောက် တရေးအိပ်ရင် မကောင်းဘူးလား။”
“ဒါပေမဲ့ ကင်းလှည့်တာကရော။”
“အဆင်ပြေပါတယ်၊ ငါက သားရိုင်းတွေကို အာရုံခံနိုင်စွမ်း မြင့်တယ်လေ။ လောလောဆယ်တော့ ရွာနဲ့အနီးတစ်ဝိုက်မှာ အန္တရာယ်ရှိတဲ့ကောင်တွေ တစ်ကောင်မှရှိမနေဘူး။”
ဆိုရာရဲ့ဖျောင်းဖျချက်ကြောင့် ကူရိုလည်းငြင်းမနေဘဲ သူ့လက်မောင်းကို သူခေါင်းအုံးလုပ်ပြီး ကောင်းကင်ပြာကို မော့ကြည့်ဖြစ်တယ်။ နေလုံးကြီးမရှိပေမဲ့ ရွေ့လျားနေတဲ့ တိမ်တိုက်တွေကိုတော့ သူမြင်နိုင်သေးပြီး ကောင်းကင်က သာမန်အချိန်ကာလအတိုင်းပဲ အလင်းအမှောင်ပြောင်းလဲ နေပါတယ်။
‘ကောင်းကင်ပေါ်မှာ နေရှိတဲ့နေရာက ငါ့အတိတ်မှာ နေခဲ့တဲ့နေရာပေါ့။ ဆိုရာပြောသလိုပဲ ငါက ဒီနေရာက မဟုတ်ဘူးပဲ။'
ကူရိုက အဲဒီအတွေးနဲ့အတူ သစ်ပင်ကိုမှီပြီးထိုင်နားနေတဲ့ မိန်းမလှလေးကိုကြည့်လိုက်တယ်။ ဆိုရာက ရှေးကျပေမဲ့ နားထောင်ကောင်းတဲ့ နတ်တေးကဗျာ တစ်ပုဒ်ကိုတီးတိုးသီဆိုရင်း လှံသွားကို ပုဝါနဲ့သန့်ရှင်းရေးလုပ်နေခဲ့တာ။
လေတစ်ချက်အတိုက်မှာတော့ သစ်ရွက်ကြွေတွေနဲ့အတူ ဆိုရာရဲ့ပန်းနုရောင်ဆံနွယ်တွေက လှိုင်းတွန့်တွေလိုမျိုး လူးလိန့်လှုပ်ရှားသွားခဲ့တာပေါ့။
“အတိတ်ဘဝကို မှတ်မိနိုင်စွမ်း ငါ့မှာမရှိတော့ဘူးဆိုရင်လဲ။ ဆိုရာနဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး အတူရှိနေခွင့် ရမယ်ဆိုရင်....”
....
အမိုက်မှောင်ဂူအတွင်းက ထွက်လှည့်ပါ၊ နေနတ်သမီးအရှင်။ လူသားတို့ကို အလင်းရောင် ပေးတော်မူပါ။
အရှင်မရဲ့သားသမီးများကို ထွေးပိုက်တော်မူပါ၊ တောက်ပသော နေမင်းအရှင်မ။
အမှောင်ထုကိုခွင်း၍ မျှော်လင့်ချက်များကို ပေးသနားတော်မူပါ။
....
ကူရို အိပ်ပျော်သွားခဲ့တယ်။
သူ့အိပ်မက်ထဲမှာ ကမ္ဘာကြီးတစ်ခုလုံးက မှောင်မိုက်နေပြီး လောကကြီးတစ်ခုလုံးမှာ သူတစ်ယောက်ပဲရှိသလိုမျိုး ခံစားရတယ်။ အမှောင်ထုနဲ့အသားကျလာတဲ့အချိန်မှာ သူဟာ ကျောင်းခန်းတစ်ခန်းထဲကိုရောက်နေပြီးတော့ ကျောင်းသားပေါင်းများစွာရဲ့ဝိုင်းရံခြင်းကိုခံထားရမှန်း သတိပြုလိုက်မိတယ်။
“မင်းက အသေကောင်တွေနဲ့ကစားနေတာဆို။”
“နတ်ဆိုးကောင်ပဲ....”
“ငါတို့ကျောင်းကနေ ထွက်သွားစမ်းကွာ။”
အဲဒီကလေးတွေက သူ့ကျောင်းစာအုပ်တွေကိုဖြဲပစ်ပြီး သူ့စားပွဲခုံမှာ မြင်မကောင်းတဲ့စာတွေရေးကြတယ်။ သူ့ကို တွန်းထိုးနေကြပြီး သူ့လွယ်အိတ်ထဲက စားစရာတွေကို ယူဆောင်သွားကြတယ်။ နောက်တော့ သူ့ဝမ်းဗိုက်ထဲက ခံစားချက်တွေလှိမ့်တက်လာပြီးတော့ အဲဒီကလေးတွေရဲ့ကြောက်လန့်တကြား အော်သံတွေကို သူကြားရတယ်။
“ငါက အမှောင်ထုပဲ၊ အဲဒီတော့ ဘာဖြစ်လဲ။ ငါ့ဘဝမှာ ဘယ်သူမှ ရှိမနေလည်းဖြစ်တယ်။”
အထီးကျန်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ မုန်းတီးမှုတွေနဲ့ မကျေနပ်ချက်တွေက သူ့ခန္ဓာကိုယ်ကိုလွှမ်းခြုံထားသလို ခံစားရပြီးတော့ လက်မြှောက်လိုက်ချိန်မှာ အဲဒီကလေးတွေ ကြမ်းပြင်ပေါ်ကို တွန့်လိမ်ပြိုလဲကျကုန်တယ်။
“ဟုတ်တယ်၊ မင်းက နတ်ဆိုးဝင်စားတဲ့သူပဲ။ မင်းက အမှောင်ထုပဲ။” အမှောင်ထုရဲ့အောက်နက်ရှိုင်းတဲ့ တစ်နေရာကနေ တစ်ယောက်ယောက်က သူ့ကို သွေးဆောင်တဲ့စကားတွေပြောနေခဲ့ပြီး သူကလည်းပဲ လက်ခံလုနီးပါးပဲ။
ဒါပေမဲ့ အဲဲဒီအချိန်မှာပဲ အေးစက်တဲ့အထိအတွေ့နဲ့အတူ တစ်ယောက်ယောက်က သူ့ကိုနောက်ကနေ ဖက်ထားတာ သတိထားလိုက်မိတယ်။
“သခင်လေး၊ အမှောင်ထုထဲကို ဒီထက်ပိုပြီးနစ်မြုပ် မသွားလိုက်ပါနဲ့။ သခင်လေးက တစ်ယောက်တည်း မဟုတ်ပါဘူး။”
....
“ ကူရို.... ကူရို.... အဆင်ပြေရဲ့လား.....”
သူသတိဝင်လာတော့ သူ့တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ပြီး ကြောက်စရာကောင်းလောက်အောင် ချမ်းစိမ့်နေတာကို သူခံစားမိလိုက်တယ်။ တစ်ယောက်ယောက်က သူ့ကိုဖက်ထားပြီး သူ့ခန္ဓာကိုယ်ကိုထွေးပွေ့ထားတယ်။ သူမျက်စိဖွင့်ကြည့်လိုက်တော့ သူလုံးဝမမှတ်မိတဲ့ မိန်းကလေးတစ်ယောက်။
ပန်းနုရောင်ဆံပင်တွေရှိပြီး ခရမ်းရောင်ဒေါင်လိုက် မျက်လုံးတွေနဲ့။ ချွန်ထက်တဲ့သွားတွေလည်းရှိနေပြီး ဘုံကျောင်းအပျိုစင်ဝတ်စုံကို ဝတ်ဆင်ထားတာ။
“ခင်ဗျားက... ဘယ်သူလဲ....”
“ ကူရို၊ ဒါနောက်စရာမဟုတ်ဘူးနော်။” မိန်းကလေးက သူ့စကားတွေကြားတာနဲ့ပိုစိတ်ပူလာပြီး သူ့နဖူးနဲ့ ကူရိုရဲ့နဖူးကို ထိကပ်လိုက်တယ်။
“တစ်ကိုယ်လုံးအေးစက်နေတာပဲ၊ နတ်ကွန်းကို မြန်မြန်ပြန်မှဖြစ်မယ်။”
မိန်းကလေးက ကူရိုကိုကုန်းပိုးဖို့ကြိုးစားတယ်။ ဒီတော့မှ မိန်းကလေးရဲ့ကိုယ်သင်းနံကို သူအမှတ်တမဲ့ရှုလိုက်မိပြီး ဝေးကွာနေတယ်လို့ထင်ရတဲ့မှတ်ဉာဏ်တချို့က သူ့ဆီ ပြန်လည်ဝင်ရောက်လာခဲ့တယ်။
“ဆိုရာ... ငါအဆင်ပြေပါတယ်။” ကူရိုက ဆိုရာကို နောက်က သိုင်းဖက်ထားရင်းနဲ့ပြောလိုက်တယ်။ ဆိုရာကတော့ ငိုနေပြီ။
“ငါ... ငါက... နင်ငါ့ကို မေ့သွားပြီလို့ထင်နေတာ။ ထပ်အတိတ်မေ့သွားပြီး ငါသိတဲ့ကူရိုမရှိတော့ဘူးလို့ ထင်နေတာ။”
“စိတ်ပူအောင် လုပ်မိတဲ့ အတွက်တောင်းပန်ပါတယ်။”
ကူရိုက စိတ်ရင်းနဲ့တောင်းပန်လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေရှိနေဆဲပါပဲ။ အဲဒီပုံရိပ်တွေက အိပ်မက်နဲ့မတူဘဲ တကယ်ကြုံတွေ့ခဲ့ရတဲ့ အရာတွေလိုပဲ။
‘ငါ့ရဲ့အတိတ်တုန်းက အကြောင်းအရာတွေလား။' အထီးကျန်စရာကောင်းတဲ့ အမှောင်ထု၊ အေးစက်ပေမဲ့ ကြင်နာတဲ့အထိအတွေ့နဲ့ ကြောက်စရာကောင်းလှတဲ့ သူ့ရဲ့စွမ်းအားတွေ။ နိုးထလာပြီးတာတောင် အဲဒီပုံရိပ်တွေ သူ့စိတ်ထဲကနေ ထွက်မသွားခဲ့ဘူး။
တကယ်တော့ ပိုပြီးတော့တောင် ထင်ရှားလာခဲ့တာ။ နောက်ပြီး အဲဒီပုံရိပ်တွေက ပိုထင်ရှားလာတာနဲ့အမျှ တခြားတစ်ခုက ပိုပိုပြီးမှေးမှိန်လာသလိုပဲ။ အပြန်လမ်းမှာ ကူရိုက ဆိုရာရဲ့လက်ကိုကိုင်ထားပြီး ရှေ့ကဦးဆောင်လို့ ကျောက်လှေကားတွေအတိုင်း တက်ခဲ့တယ်။ ဆိုရာရဲ့လက်ကအနွေးဓာတ်က သူ့စိတ်ကို တည်ငြိမ်စေခဲ့ပေမဲ့ သူစိတ်မထိန်းနိုင်ဘဲ ပြောခဲ့မိတာက...
“ဆိုရာ... ငါတို့ဘယ်လိုတွေ့ခဲ့ကြတာလဲ၊ ပြန်ပြောပြ ပေးနိုင်မလား။”
“ဟင်...” နောက်ကလိုက်လာနေတဲ့ ဆိုရာရဲ့ခြေလှမ်းတွေ ရပ်တန့်သွားပြီးတော့ ကူရိုကို နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တော့တာပေါ့။
“ဘာဖြစ်လို့လဲဟင်....”
“ငါက... ဆိုရာပြောပြတာကို ကြားချင်လို့။ ဆိုရာပြောပြတာကို နားထောင်ချင်လို့။”
ကူရိုရဲ့အဖြေကြောင့် ဆိုရာနည်းနည်းအံ့အားသင့်သွားပုံ ရပေမဲ့လို့ ခေါင်းညိတ်လိုက်ပြီး လက်ကိုနောက်ပစ်ကာ ရှေ့ကို ကြိုလျှောက်သွားလိုက်တယ်။ အဲဒီနောက်တော့ ခန္ဓာကိုယ်ကိုလှည့်ကာ ကူရိုကို မျက်လုံးချင်းဆုံ ကြည့်လိုက်ပြီး
“ ကူရိုက တောင်းဆိုတာဆိုတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ နတ်ကွန်းကို ပြန်ရောက်တဲ့အထိတော့ စောင့်ပါဦး။”
အဲဒီနောက်တော့ သူတို့ရဲ့အချိန်တွေက သာမန်လိုပဲ ပြန်ဖြစ်သွားခဲ့တယ်။ နတ်ကွန်းကိုသန့်ရှင်းရေးလုပ်၊ ကိုယ်လက်သန့်စင်၊ ထမင်းအတူစားကြပြီး အားလပ်ချိန်ရတော့ ဆိုရာဖို့ ကူရိုက ဓားသွေးပေးဖို့ တောင်းဆိုခဲ့တယ်။ ဆိုရာကတော့ ကူရိုရဲ့နောက်က သစ်သားကြမ်းခင်းပေါ်မှာထိုင်ရင်း သူတို့စတွေ့တုန်းက အကြောင်းတွေကနေစလို့ ယနေ့အချိန်အထိကိစ္စတွေကို ပြန်ပြောပြရတာပေါ့။
“အဲဒီတုန်းက ချောင်းထဲမှာ လူသေအလောင်း မျောလာတယ်ထင်ပြီး လန့်နေခဲ့တာ။ သေလောက် အောင်လန့်သွားတာပဲ။”
“ ကူရို့ကို အသက်ကူရှုပေးဖို့လုပ်ပေမဲ့ ကူရိုကနိုးနေပြီး ကျွန်မကို ဖယ်ထုတ်ခဲ့တာလေ။ ဒါပေမဲ့ သတိလစ်သလို ဟန်ဆောင်မနေခဲ့တဲ့အတွက် ကူရိုကလူကောင်းလေးမှန်း ကျွန်မသိခဲ့ရတာ။”
ကူရိုက ဆိုရာပြောသမျှကို ပြုံးပြုံးလေးနဲ့ပဲ နားထောင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှကို နားထောင်ပေမဲ့၊ စိတ်ကူးနဲ့ပုံရိပ်တွေကို ပြန်မှတ်မိဖို့ကြိုးစားခဲ့ပေမဲ့ အရာအားလုံးက သူ့အတွက်ဝေဝါးနေခဲ့တယ်။ အိပ်မက်ထဲက ပုံရိပ်တွေလောက် ဒီအဖြစ်အပျက်တွေက သူ့အတွက်ထင်ရှားမနေခဲ့ဘူး။
သူကြောက်စရာကောင်းတဲ့အရာတစ်ခုကို တွေးမိပြီးနောက် သူ့အပြုံးတွေ ပျောက်ကွယ်သွားခဲ့တယ်။
“ ကူရို၊ ဘာဖြစ်လို့လဲ။” ကူရို့မျက်နှာအပြောင်းအလဲကို ဆိုရာလည်းသတိထားမိသွားပြီ။
“ဘာမှမဟုတ်ပါဘူး၊ ဆိုရာနဲ့ဖြတ်သန်းခဲ့ရတဲ့အချိန်တွေက ကျွန်တော့်အတွက် ရတနာစီခြယ်ထားတဲ့သဲနာရီလေးထဲက သဲပွင့်လေးတွေလိုပဲ တန်ဖိုးရှိတယ်လို့ ခံစားမိလို့ပါ။”
ကူရိုက ဆိုရာနားကိုတိုးကပ်သွားလိုက်ပြီး ဆိုရာ့ရှေ့မှာ ကိုယ်ကိုကိုင်းညွှတ်ပြီး တောင်းဆိုတဲ့အနေအထားနဲ့ ပြောလိုက်တယ်။
“ဆိုရာ၊ ဖြစ်နိုင်ရင် နောက်နေ့ကျရင် အတူတူရွာထဲ သွားလို့ရမလား။ လည်စရာရှိတဲ့နေရာတွေအားလုံး လျှောက်လည်ကြမယ်၊ ပျော်စရာကောင်းတာတွေ အကုန်လုံး လုပ်ကြည့်ကြမယ်။ အတူတူအမှတ်တရတွေ ဖန်တီးကြမယ်လေ။”
“ကူ.... ကူရို.... ဒါပေမဲ့... ရွာကလူတွေက....” ဆိုရာက ကူရိုရဲ့တောင်းဆိုမှုကြောင့် အခက်အခဲတွေ့နေခဲ့ပုံရပေမဲ့ နောက်ဆုံးတော့ သက်ပြင်းရှည်ကြီးချလိုက်ပြီး ကူရိုကို ပြုံးပြလိုက်တော့တာပေါ့။
“ ကူရိုသာ အလိုရှိမယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ရတယ်။”