အခန်း ၁၂၁
Vol. 11 Ch. 121
အခန်း။ ၁၂၁
ရှေ့နေရုံးခန်းအတွင်းတွင် ဂူချန်သည် မျက်လုံးများ နီရဲနေသော လျူရှောင်နန်ကို ကြည့်နေသည်။
"ရေလေး သောက်လိုက်ဦး စိတ်မပူပါနဲ့။ ဖြည်းဖြည်းချင်း အသေးစိတ် ပြောပြပေးပါ။ စိတ်တည်ငြိမ်အောင် အရင်ထားပြီးမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါ"
ဂူချန်က နှစ်သိမ့်လိုက်သည်။
လျူရှောင်နန် ရေတစ်ငုံသောက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ပြုလုပ်သည်။
ထို့နောက် သူမ ဖြစ်စဉ်အစအဆုံးကို ဂူချန်အား နာရီဝက်ကျော်ကြာကြာအောင် ရှင်းပြလိုက်သည်။
ဂူချန်လည်း ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားသည်။
လျူဂျွန် မြစ်ထဲခုန်ချရခြင်း၏ အကြောင်းအရင်းမှာ ရိုးရှင်းသော်လည်း ဂူချန်ကို အနည်းငယ် အံ့အားသင့်စေသည်။
ရည်းစားဖြစ်သူ ဝမ်ကျူးက လမ်းခွဲချင်၍ စကားမပြောဘဲ ရှောင်နေခြင်းကိုသာ ပြုလုပ်နေသည်။
လျူဂျွန်က ပြန်လည်စေ့စပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
ဘဝမှာ အဓိပ္ပာယ်မရှိတော့ဟု ခံစားရပြီးနောက် မြစ်ထဲခုန်ချကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ခြင်းပင်။
အရေးကြီးဆုံးအချက်မှာ မြစ်ထဲမခုန်ချမီ လျူဂျွန်သည် ဝမ်ကျူးကို ယွမ် ၈၈,၀၀၀ ထပ်မံလွှဲပေးခဲ့သည်။
ပိုက်ဆံပေးပြီး သူမစိတ်ကို ပြောင်းလဲစေရန် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် စိတ်ပျက်အားငယ်ကာ မြစ်ထဲ ခုန်ချသွားခဲ့သည်။
လူတွေ သိရှိချိန်တွင် လျူဂျွန်မှာ ဤလောကမှ ထွက်ခွာသွားပြီ ဖြစ်ပြီး ကျန်ရစ်သူမိသားစုမှာ ဝမ်းနည်းကြေကွဲလျက် ရှိသည်။
ဂူချန်အဖို့ လျူဂျွန်၏ အဖြစ်ကို နားထောင်ပြီးနောက် အံ့အားသင့်ရဆဲပင်။
လျူဂျွန်မှာ အချစ်ကို အလွန်အမင်း ရူးသွပ်သူ တစ်ယောက်ဖြစ်သည်။
တကယ်တမ်းတွင် လျူဂျွန်မှာ ရုပ်ရည်သန့်သန့်နှင့် ပိုက်ဆံရှာနိုင်သူ တစ်ယောက်ဖြစ်သည်။
ဂိမ်းကစားရာတွင် ကျွမ်းကျင်သူဖြစ်ပြီး တစ်နှစ်လျှင် ယွမ် ၂ သိန်းမှ ၃ သိန်းအထိ ဝင်ငွေရှိသည်။
တစ်လလျှင် ယွမ် ၂ သောင်းခန့် ဝင်ငွေရှိသူတစ်ယောက်အနေဖြင့် အေးအေးဆေးဆေး နေထိုင်နိုင်သော်လည်း လျူဂျွန်မှာမူ ယွမ် ၁၀ ကျော်တန်သော အစားအစာကိုပင် မစားရဲအောင် ချွေတာနေခဲ့ရသည်။
သူရှာသမျှ ပိုက်ဆံအကုန်လုံးကို ရည်းစားဖြစ်သူ ဝမ်ကျူးထံ လွှဲပေးခဲ့ခြင်းပင်။
ဝမ်ကျူးမှာမူ လျူဂျွန်ကို အမြတ်ထုတ်ကာ ငွေတွေကိုရူးသွပ်စွာ တောင်းဆိုနေခဲ့သူ ဖြစ်သည်။
ဂူချန် ဝမ်ကျူးနှင့် လျူဂျွန်တို့၏ Chat Log များကို ကြည့်လိုက်သည်။
[ကိုကိုရေ ၉၉၉ လွှဲပေးပါဦး]
[ကိုကို ဒီတစ်ပတ်အတွက် အသုံးစရိတ် နည်းနည်းလောက် ထပ်ပေးလို့ရမလား။ ဒီရက်ပိုင်း ၇,၀၀၀၊ ၈,၀၀၀ လောက် သုံးရမှာမို့လို့။ သုံးလိုက်ရင် ကျန်တော့မှာ မဟုတ်ဘူး]
[ကိုကို အသုံးစရိတ်လေး လွှဲပေးပါဦး BBQ စားချင်လို့]
[ကိုကို ပိုက်ဆံလေး ရှိသေးလား။ ၁၀,၀၀၀ ပြည့်အောင် လုပ်ချင်လို့ ၄,၀၀၀ လိုနေသေးတယ်]
[ကိုကို နှစ်နှစ်ရှိပြီ အိတ်အသစ် မဝယ်ပေးတာ။ ဖုန်းအသစ်လည်း လိုချင်တယ်]
Chat Log တွေမှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။
သူတို့ တွဲနေသည့် ကာလအတွင်းမှာပင် ဝမ်ကျူးသည် လျူဂျွန်ထံမှ ယွမ် ၅ သိန်းကျော်အထိ တောင်းယူခဲ့သည်။
ဖုန်း၊ အိတ်၊ အသုံးစရိတ်၊ လက်ကောက်၊ အလှကုန်၊ ရွှေ၊ ဝယ်ချင်တာ အကုန် ဝယ်ခိုင်းသည်။
တကယ်တော့ လျူဂျွန်က ဝမ်ကျူးကို အစကတည်းက သိသူမဟုတ်ပေ။
လျူဂျွန် ပိုက်ဆံရှာနိုင်သည်ကို သိသွားသည့်အခါ ဝမ်ကျူးက စတင်ချဉ်းကပ်ခဲ့ခြင်းပင်။ ဝမ်ကျူးသည် ဆိုရှယ်မီဒီယာပေါ်တွင် ခန္ဓာကိုယ်အလှအပများကို ပြသသည့် ဓာတ်ပုံများ အမြဲတင်သည်။
ဓာတ်ပုံပြင်ဆင်ခြင်းနှင့် စကားပြော ကျွမ်းကျင်မှုတို့ကြောင့် အချစ်အတွေ့အကြုံနည်းသော လျူဂျွန်မှာ သူမ၏ အလှကွက်တွင် အပြည့်အဝ ပိတ်မိသွားပြီး သူမကို စစ်မှန်သော အချစ်ဟု ထင်မှတ်မှားသွားခဲ့ရခြင်းပင်။
တွဲပြီးသည့်နောက် ဝမ်ကျူးက လျူဂျွန်ကို စတင်ထိန်းချုပ်တော့သည်။
လျူဂျွန်မှာမူ ဘာမျှမသိရှာပေ။
အမှန်စင်စစ် လျူဂျွန်သည် လူမိုက်တစ်ဦး မဟုတ်သည့်အတွက် မည်သို့သောအမျိုးသမီးမျိုးက ငွေကြေးတောင်းခံတတ်သည်ကို သူ ကောင်းစွာသိသည်။
သို့သော် လျူဂျွန်မှာ အချစ်တွင် နစ်မွန်းနေသူဖြစ်ပြီး ဝမ်ကျူးအတွက် အရာအားလုံးကို ပေးဆပ်ရန် အသင့်ရှိနေသူ ဖြစ်သည်။
သူ့ထံတွင် ဘာမျှမကျန်ရှိတော့သည်အထိ ဝမ်ကျူးကို ပေးအပ်ခဲ့သော်လည်း သူမကမူ လမ်းခွဲရန်အတွက် အကြောင်းပြချက် အမျိုးမျိုး ရှာဖွေနေခဲ့သည်။
တွဲခဲ့သည့် သုံးနှစ်အတွင်းမှာပင် သူမသည် ငွေကြေး ၆ သိန်းကျော်ကို ယူဆောင်သွားခဲ့သည်။
ဒါ လူတစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်လား။
လျူဂျွန်သည် ဝမ်ကျူးကို မိသားစုကတ်ပေးထားခဲ့သဖြင့် ဝမ်ကျူးမှာ လျူဂျွန်၏ ဘဏ်ကတ်မှတစ်ဆင့် ငွေကြေးများကို တိုက်ရိုက် သုံးစွဲနိုင်ခဲ့သည်။
ဝမ်ကျူးက ထိုကတ်ကို အသုံးပြု၍ သူငယ်ချင်းများနှင့်အတူ နေ့စဉ်နှင့်အမျှ အသုံးအဖြုန်းကြီးစွာ နေထိုင်ခဲ့ကြသည်။
လျူဂျွန်မှာမူ ယွမ် ၁၀ ကျော်တန်ဖိုးရှိ အစားအစာကိုပင် မှာယူရန် ဝန်လေးသည့်အထိ ချွေတာနေခဲ့ရသည်ကို သူမ လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဤကိစ္စမှာ Weibo တွင် ပျံ့နှံ့သွားပြီး အင်တာနက်လောကတစ်ခုလုံး ပေါက်ကွဲသွားခဲ့ရသည်။ လူအများစုမှာ လျူဂျွန်အတွက် စာနာကြသော်လည်း အချို့မှာ လျူဂျွန်၏ အပြုအမူကို အဓိပ္ပာယ်မဲ့သည်ဟု ဝေဖန်ကြသည်။
အချို့ကမူ ဝမ်ကျူးဘက်မှ ရပ်တည်ကာ ၎င်းမှာ အပြန်အလှန် သဘောတူညီချက်သာဖြစ်ပြီး အမျိုးသားများအနေဖြင့် ဤမျှ ကပ်စေးမနည်းသင့်ကြောင်း ငြင်းခုံကြသည်။
ဤအမှု၌ ဝမ်ကျူးကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန်မှာ အတော်ပင် ခက်ခဲနေသည်။
လျူဂျွန်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ခြင်းဖြစ်ရာ ဝမ်ကျူးကို တမင် လူသတ်မှုဖြင့် စွပ်စွဲရန်မှာ လက်ရှိ အထောက်အထားများဖြင့် မဖြစ်နိုင်ပေ။
ငွေကြေးကိစ္စနှင့် ပတ်သက်၍လည်း အခြားရှေ့နေများမှတစ်ဆင့် တရားစွဲဆိုနိုင်သော်လည်း...
“လျူဂျွန် လွှဲပေးခဲ့တဲ့ ငွေအားလုံးကို ဆန္ဒအလျောက် ပေးကမ်းမှုလို့ပဲ ပြောကြတယ်။ အဲဒီထဲမှာ သူ မသေဆုံးခင် လွှဲလိုက်တဲ့ ယွမ် ၈၈,၀၀၀ လည်း ပါပါတယ်”
လျူရှောင်နန်က မျက်ရည်စက်လက်ဖြင့် ပြောသည်။
“ကျွန်မ အစ်ကိုက ဝမ်ကျူး စိတ်ပြောင်းမလားဆိုပြီး ပိုက်ဆံတွေ အကုန်ပေးခဲ့တာပါ။ အခု ဝမ်ကျူးက ယွမ် တစ်သိန်းပဲ ပြန်ပေးမယ်တဲ့။ ကျန်တဲ့ ၅ သိန်း ၃ သောင်းကို လုံးဝ မပေးဘူး။ သူက ဒါတွေကို လျူဂျွန်က ဆန္ဒအလျောက် ပေးတာလို့ ပြောပြီး မကျေနပ်ရင် တရားစွဲဖို့ စိန်ခေါ်နေတယ်။ ကျွန်မ တခြားရှေ့နေနဲ့ တိုင်ပင်တော့ ဆန္ဒအလျောက် ပေးကမ်းမှုဖြစ်နေတဲ့အတွက် ပြန်တောင်းလို့ မရဘူးတဲ့။ ဒါပေမဲ့ ကျွန်မ အစ်ကို့ရဲ့ ငွေတွေကို သူမ ဖြုန်းတီးနေတာကို မကြည့်ရက်ဘူး။ ကျွန်မ သူမကို ထောင်ကျစေချင်တယ်။ ငွေတွေ အကုန်ပြန်ရချင်တယ်။ သူတို့နှစ်နှစ်အတွင်းမှာ ၁၀ ကြိမ်တောင် မတွေ့ခဲ့ရဘူး။ နောက်ဆုံး ၆ လမှာ ၂ ကြိမ်ပဲ တွေ့ရတာ။ ဒါပေမဲ့ သူမက ငွေတွေပဲ အမြဲတောင်းနေခဲ့တာ...”
လျူရှောင်နျန်က “ရှေ့နေဂူ ကျွန်မ ရှေ့နေခ ယွမ် ၁ သိန်း ပေးပါ့မယ်။ အမှုနိုင်မလား မနိုင်မလားတော့ မသိဘူး။ ကျွန်မ သူမကို တရာရစွဲမယ်။ သူမက ကျွန်မအစ်ကို ဆုံးပါးသွားပြီးတာတောင် တခြားယောက်ျားတွေနဲ့ ဖောက်ပြန်နေသေးတာ။ သူမက အရမ်း ရွံစရာကောင်းတယ်။ သူမ အပြစ်ပေးခံရတာကိုပဲ မြင်ချင်တယ်” ဟု တောင်းဆို လိုက်သည်။
ဂူချန်လည်း ဤအမှုမှာ အတော်ပင် စိန်ခေါ်မှုရှိနေမှန်း သိလိုက်ရသည်။
လွှဲပေးခဲ့သည့် ငွေအားလုံးကို ဆန္ဒအလျောက် ပေးကမ်းမှုဟု မှတ်သားထားခြင်းက ငွေပြန်ရရန် အတော်ပင် ခက်ခဲစေသည်။
ဝမ်ကျူးကို အပြစ်ပေးရန်ဆိုပါက အထောက်အထားသစ်များ လိုအပ်လိမ့်မည်ပင်။
“မင်း အသက် ဘယ်လောက်ရှိပြီလဲ။ ကျောင်းတက်နေတာလား”
ဂူချန်က မေးလိုက်သည်။
“ရှေ့နေဂူ ကျွန်မ အသက် ၁၈ နှစ်ပါ။ တက္ကသိုလ် ပထမနှစ်ပါ။ ကျွန်မ မိဘတွေက ဒီကိစ္စတွေကို နားမလည်ကြဘူး။ ဒါကြောင့် ကျွန်မ ကျောင်းကနေခွင့်ယူပြီး အစ်ကို့အတွက် တရားမျှတမှု ရှာပေးချင်တာပါ”
လျူရှောင်နျန်က ပြန်ဖြေလိုက်သည်။