အခန်း ၁၃၁
Vol. 11 Ch. 131
အခန်း။ ၁၃၁
ဝမ်ကျူးက ပါးစပ်ဟကာ "ကျွန်မ စိတ်ကျရောဂါ အပြင်းအထန် ခံစားနေရတာ လျူရှောင်နန်က ဒါအတွက် တာဝန်ယူရမယ်။ လျူဂျွန် သတ်သေတာနဲ့ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ကျွန်မကို အသရေဖျက်တာ၊ ကောလာဟလတွေ ဖြန့်တာတွေ အကြာကြီး ခံခဲ့ရပြီ။ လျူရှောင်နန်ကို ထောင်ချရမယ် လျူရှောင်နန်နဲ့ သူ့မိသားစုတစ်ခုလုံး ထောင်ထဲ ပို့လိုက်။ သူတို့ ဘာအကြောင်းပြချက်နဲ့ ကျွန်မကို ဒီလောက် အနိုင်ကျင့်ရတာလဲ။ ကျွန်မ ဘာမှားလုပ်မိလို့လဲ။ ဟီး... ကျွန်မ စိတ်ကျရောဂါ အပြင်းအထန် ခံစားနေရပြီလေ ကျွန်မဆီက ဘာတွေ ထပ်လိုချင်သေးတာလဲ" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် ဇောင်ဘင်းချီက "တရားသူကြီးချုပ်ခင်ဗျာ ကျွန်တော်တို့ဘက်က တရားစွဲဆိုချက်က ရိုးရှင်းပါတယ်။ လျူရှောင်နန်က TikTok လို လူမှုကွန်ရက်တွေမှာ ဝမ်ကျူးအကြောင်းတွေ တင်ပြီး အင်တာနက် သုံးသူတွေကို လှုံ့ဆော်ခဲ့တာက ကျွန်တော်တို့အမှုသည် ဝမ်ကျူးရဲ့ အခွင့်အရေးကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ အဲ့ဒါအပြင် လျူရှောင်နန်က ဝမ်ကျူးရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်ပြီး အသရေဖျက်ခဲ့တဲ့အတွက် လျူရှောင်နန်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ယွမ် ၂ သိန်း လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်"
"ကျွန်တော်တို့အမှုသည် ဝမ်ကျူးက စိတ်ကျရောဂါ အပြင်းအထန် ခံစားနေရပြီး သူ့ဘဝကို အကြီးအကျယ် ထိခိုက်နေပါတယ်။ သတင်းဌာနကြီးတွေ အားလုံး ဝမ်ကျူးရဲ့ အခွင့်အရေးကို ထိခိုက်စေတာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ တရားစရိတ်အားလုံးကို တရားလို လျူရှောင်နန်က ကျခံဖို့ တောင်းဆိုပါတယ်။ ပြီးပါပြီ" ဟု ပြောကာ အထောက်အထားများကို တင်ပြလိုက်သည်။
ဇောင်ဘင်းချီမှာ ယုံကြည်မှု အပြည့်ရှိနေသည်။
ဤအထောက်အထားဖြင့် လျူရှောင်နန် ထောင် ၃ နှစ် ကျတော့မည်ဟု သူ ထင်နေသည်။ ဂူချန်ကို အနိုင်ယူပြီး နာမည်ကျော်ကြားတော့မည့် အခွင့်အရေးဟုလည်း ယူဆနေသည်။
ဂူချန်က "တရားသူကြီးချုပ်ခင်ဗျာ စိတ်ကျရောဂါ ဖြစ်တယ်ဆိုတဲ့ အထောက်အထားကို စစ်ဆေးခွင့်ပြုပါ"
အထောက်အထားကို ကြည့်ပြီးနောက် ဂူချန်က "ဒီအထောက်အထားက အွန်လိုင်းဝဘ်ဆိုက်တစ်ခုက စမ်းသပ်ချက်သာ ဖြစ်တဲ့အတွက် ဥပဒေအရ တန်ဖိုးမရှိပါဘူး။ မေးခွန်းတွေကို တမင်ရွေးဖြေလိုက်ရင် ဘယ်သူမဆို စိတ်ကျရောဂါ ရှိတယ်ဆိုတဲ့ ရလဒ် ထွက်လာမှာပါ။ ဒါက တရားဝင် ဆေးရုံက ထုတ်ပေးတဲ့ လက်မှတ် မဟုတ်တဲ့အတွက် ဥပဒေအရ အတည်မပြုနိုင်ပါဘူး" ဟု ပြောသည်။
ဇောင်ဘင်းချီက "ရှေ့နေဂူ ကျွန်တော်တို့ဘက်က ရက်ပိုင်းအတွင်းကပဲ ဆေးရုံသွားပြီး စစ်ဆေးချက် ယူထားပါတယ်။ ဒါက ဆေးရုံရဲ့ တရားဝင် အထောက်အထားပါ။ စိတ်ကျရောဂါ ရှိတယ်လို့ ဆေးရုံက အတည်ပြုထားတာမို့ ဥပဒေအရ အကျုံးဝင်ပါတယ်။ ဝမ်ကျူး စိတ်ကျရောဂါ ဖြစ်တာ လျူရှောင်နန်နဲ့ လျူဂျွန်တို့ကြောင့်ပါပဲ" ဟု ပြောကာ ဆေးရုံစစ်ဆေးချက် အစီရင်ခံစာကို တင်ပြလိုက်သည်။
ယခုအခါ ဝမ်ကျူးမှာ သူမကိုယ်သူမ နစ်နာသူဟု သရုပ်ဆောင်ကာ လျော်ကြေးရရန် ကြိုးစားနေသည်။
[တောက်၊ ဒီဝမ်ကျူးက တကယ့်ကို ရွံစရာကောင်းတယ်။ အမှုရှုံးတော့မှာမို့လို့ မျက်ရည်ခံထိုးပြီး အနိုင်ယူချင်နေတာပေါ့လေ]
[ပုံစံဟောင်းပါလား မျက်ရည်ခံထိုးပြန်ပြီ]
[လျူဂျွန် ဆုံးပြီး ၃ ရက်လောက်မှာပဲ တခြားယောက်ျားနဲ့ ပရောပရည်လုပ်နေတာ မဟုတ်ဘူးလား။ ဝမ်ကျူးမှာ စိတ်ကျရောဂါ ရှိတဲ့ပုံ မပေါက်ပါဘူး အရမ်းကို ပျော်နေပုံပဲ]
[ဝမ်ကျူးက မျက်ရည်ခံထိုးပြီး ပိုက်ဆံတောင်းဖို့ပဲ သိတယ် ဟားဟား]
[လျူရှောင်နန်တော့ ပိုက်ဆံလျော်ပေးရတော့မှာပဲ။]
ဂူချန်က တည်ငြိမ်စွာပင် "လျူဂျွန် မြစ်ထဲခုန်ချပြီးနောက် နောက်တစ်နေ့မှာပဲ ဝမ်ကျူးက KTV၊ နိုက်ကလပ်၊ ဘားတွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စကားပြောဆိုနေတာကို CCTV မှတ်တမ်းတွေအရ တွေ့ရပါတယ်"
"လျူဂျွန် သေဆုံးတဲ့ညမှာတင် ဝမ်ကျူးက အမည်မသိ အမျိုးသားတစ်ယောက်နဲ့ ဟိုတယ်တစ်ခုကို ဝင်သွားခဲ့ပြီး တစ်ညလုံး မထွက်လာခဲ့ပါဘူး။ Galaxy ဟိုတယ်ရဲ့ CCTV မှတ်တမ်းမှာ ဝမ်ကျူးနဲ့ အဲဒီအမျိုးသားက ရယ်မောစကားပြောရင်း အခန်းထဲဝင်သွားတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဟိုတယ်မှတ်ပုံတင် စာရင်းအရ သူတို့နှစ်ယောက် ဟိုတယ်အခန်းထဲမှာ တစ်ညလုံး အတူနေခဲ့ကြတာပါ"
"လျူဂျွန် သေဆုံးပြီး တတိယမြောက်နေ့မှာတော့ ဝမ်ကျူးက အွန်လိုင်းက အမျိုးသားတစ်ယောက်ကို အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါတွေကတော့ သူတို့နှစ်ယောက်ရဲ့ Chat Log တွေပါ။ လေးရက်မြောက်နေ့မှာတော့ ဘားတစ်ခုမှာ အကကနေပြန်တာကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ်"
ဂူချန်သည် အထောက်အထားများကို တစ်ခုပြီးတစ်ခု တင်ပြသည်။
အချို့မှာ Chat Log များဖြစ်ပြီး အချို့မှာ ဗီဒီယိုမှတ်တမ်းများ ဖြစ်သည်။
ဤအထောက်အထားများအားလုံးကို ဂူချန်က စေ့စပ်သေချာစွာ စုဆောင်းထားခြင်းပင်။ လျူဂျွန် ဆုံးပါးသွားပြီးနောက် ဝမ်ကျူး၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် ထင်ရှားနေသည်။
"လျူဂျွန် ဆုံးပြီးနောက်မှာ ဝမ်ကျူး ဝမ်းနည်းနေတဲ့ အရိပ်အယောင် တစ်စုံတစ်ရာကို ကျွန်တော် မတွေ့ခဲ့ရပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူမက နေ့တိုင်းလိုလို ပျော်ရွှင်နေခဲ့ပြီး အွန်လိုင်းက အမျိုးသားတွေနဲ့ ပြောဆိုရာမှာလည်း ဝမ်းနည်းတဲ့ ပုံစံမျိုး လုံးဝ မရှိခဲ့ပါဘူး"
ဂူချန်က ပြောလိုက်သည်။
လူတိုင်းသည် ဝမ်ကျူး မည်သို့သောသူ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်သွားကြသည်။
"လျူဂျွန် သေဆုံးသွားလို့ ရင်ကွဲပက်လက် ဖြစ်နေပါတယ်ဆိုတဲ့လူက... KTV မှာ သွားပြီး ပျော်ပါးနေတယ် ဟုတ်လား။
လမ်းခွဲပြီး တစ်ရက်ပဲ ရှိသေးတယ်...
တခြားယောကျာ်းနဲ့ ဟိုတယ်မှာ အတူတူ အိပ်ခဲ့တဲ့ မိန်းမကများ အခုကျမှ အင်တာနက်ပေါ်မှာ အနိုင်ကျင့်ခံနေရပါတယ်ဆိုပြီး လာဟန်ဆောင်ပြီး ပိုက်ဆံတောင်းနေသေးတယ်။
တကယ့်ကို ရွံစရာကောင်းလွန်းတယ်..."
ဇောင်ဘင်းချီကမူ အရှက်မရှိဘဲ ဆက်ပြောသည်။
"ဒီဗီဒီယိုတွေက ဘာသက်သေပြနိုင်လဲ။ ဝမ်ကျွန်က လျူဂျွန်နဲ့ လမ်းခွဲပြီးသားလေ။ သူ သေသွားလို့ ဝမ်ကျူးက ဝမ်းနည်းပြရမှာလား။ လျူဂျွန် သေတာနဲ့ ဝမ်ကျူးနဲ့ ဘာမှမဆိုင်ပါဘူး။ ဝမ်ကျူးက စိတ်ဓာတ်ကျနေလို့ ဘားသွားတာ ဘာဖြစ်လဲ။ ဘားသွားတာ ဥပဒေနဲ့ မညီဘူးလား"
"ဘာပဲပြောပြော လျူရှောင်နန်က ဝမ်ကျူးကို လျော်ကြေးပေးရမယ်။ လျူရှောင်နန်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ရမယ်။ ဥပဒေဆိုတာ တရားမျှတရမယ်။ ဝမ်ကျူးက တကယ့်နစ်နာသူပါ။ ဝမ်ကျူးက အပြင်ပန်းမှာ သန်မာသယောင် ဟန်ဆောင်ပေမဲ့ တကယ့်တကယ်တော့ အလွန်နုနယ်တဲ့သူပါ။ လျူဂျွန် ဆုံးသွားတော့ ရင်ထဲမှာ အရမ်းခံစားရလို့သာ ဘားတွေ၊ KTV တွေသွားပြီး စိတ်ဖြေတာ ဒါကို နားလည်ပေးသင့်ပါတယ်" ဟု တင်ပြသည်။