အခန်း ၁၃၂
Vol. 11 Ch. 132
အခန်း။ ၁၃၂
အင်တာနက် အသုံးပြုသူအားလုံးမှာ "……"
ဇောင်ဘင်းချီက တကယ်ပဲ ဒီလိုမျိုး ပြောထွက်လိုက်တာလား။
[ဟမ်]
[လောကကြီးက အရမ်း ရူးသွပ်လာတာလား။ နေ့တိုင်း ဘားတွေ၊ KTV တွေသွားတာက စိတ်ဖြေတာတဲ့လား။]
[လျူဂျွန် ဆုံးတာ ၂ ရက်ပဲ ရှိသေးတယ်။ သူက ယောက်ျားတစ်ယောက်နဲ့ ဟိုတယ်သွားတာကို ဝမ်းနည်းနေတာလို့ ခေါ်မှာလား]
[ဒီရှေ့နေက ဘာယုတ္တိမှ မရှိဘဲ ပြောနေတာပဲ။ ဒီဇာတ်လမ်းကို အတင်းဖန်တီးနေတာ မဟုတ်ဘူးလား]
[ဝမ်ကျူးသာ ဒီအမှုမှာ နိုင်သွားရင် ကျွန်တော် ချက်ချင်း တိုင်ကြားချက်သွားတင်မယ်]
[ဝမ်ကျူးကို ပိုက်ဆံပြန်လျော်ခိုင်း ပိုက်ဆံမလျော်ချင်ရင် နေပါစေ။ ဒါပေမဲ့ လျူရှောင်နန်ကို ထောင်ချခိုင်းတာက ဘာသဘောလဲ]
လီခန်းက ဂူချန်ကို ကြည့်ပြီး "တရားလို ရှေ့နေဘက်က တုံ့ပြန်စရာ ရှိပါသလား" ဟု မေးလိုက်သည်။
ဂူချန်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"တရားသူကြီးချုပ်ခင်ဗျာ ကာကွယ်ရေးရှေ့နေရဲ့ ပြောဆိုချက်တွေမှာ ဘာယုတ္တိမှ မရှိဘူးလို့ ကျွန်တော် ယူဆပါတယ်"
"ဝမ်ကျူးရဲ့ စိတ်ကျရောဂါ ကိစ္စကို ခဏဖယ်ထားပြီး လျူရှောင်နန်ရဲ့ Douyin အကောင့်အကြောင်းကို ဆွေးနွေးချင်ပါတယ်"
"ဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာ လျူရှောင်နန်က သူမရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့အစ်ကို ဆုံးပါးသွားတဲ့အတွက် အရမ်းနာကျင်နေပြီး လျူဂျွန်နဲ့ ဝမ်ကျူးတို့ကြားက စကားပြောမှတ်တမ်းတွေကို အွန်လိုင်းမှာ တင်ဖို့ ရွေးချယ်ခဲ့တာပါ"
"ဒါဟာ အခွင့်အရေး ချိုးဖောက်မှုလည်း မဟုတ်သလို ဝမ်ကျူးရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်ကိုလည်း ချိုးဖောက်တာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါတွေက ရိုးရိုး စကားပြောမှတ်တမ်းတွေသာ ဖြစ်ပြီး အဲဒီမှတ်တမ်းတွေထဲက အကြောင်းအရာအားလုံးက ဝမ်ကျူးက လျူဂျွန်ဆီကနေ ပိုက်ဆံတောင်းနေတာတွေပါ။ တခြား ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ထားတာ မရှိပါဘူး"
"ဒါကြောင့် ဝမ်ကျူးရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်က မတည်ရှိပါဘူး"
ဂူချန် စကားပြောနေစဉ် တစ်ဝက်မှာပင် Live လွှင့်ချက်ထဲရှိ မှတ်ချက်များ ပေါက်ကွဲထွက်လာသည်။
[ကောင်းလိုက်တာ ရှေ့နေဂူ]
[၆၆၆၆၆၆၆၆]
[ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု မရှိဘူးတဲ့ကြားလား အရူးမ ဝမ်ကျူး။ ဝမ်ကျူးကို ပြစ်ဒဏ်ပေးနိုင်မလား]
ဂူချန်က ဆက်ပြောသည်။
"ဒါက လျူရှောင်နန်ရဲ့ Douyin အကောင့်ပါ။ သူမတင်ခဲ့တဲ့ ဗီဒီယိုတွေ အကုန်လုံး ဒီမှာရှိပါတယ်။ ဗီဒီယိုတွေထဲမှာ အင်တာနက် အသုံးပြုသူတွေကို ဝမ်ကျူးကို အွန်လိုင်းမှာ အနိုင်ကျင့်ဖို့ လမ်းညွှန်ထားတာ မရှိပါဘူး။ ဝမ်ကျူးအပေါ် အင်တာနက် အသုံးပြုသူတွေရဲ့ စွပ်စွဲချက်တွေနဲ့ မှတ်ချက်တွေက သူမကိုယ်တိုင်ရဲ့ အပြုအမူတွေကြောင့် ဖြစ်လာတာပါ"
"မှတ်ချက်ပေးသူတွေက ကောလာဟလ ဖြန့်နေတာလည်း မဟုတ်သလို အွန်လိုင်းမှာ အနိုင်ကျင့်နေတာလည်း မဟုတ်ပါဘူး။ သူတို့က အချက်အလက်တွေအပေါ် အခြေခံပြီး သူတို့ရဲ့ အမြင်တွေကို ဖော်ပြနေကြတာပါ။ သူတို့ ဒေါသထွက်နေကြတာက လျူဂျွန်က ဝမ်ကျူးလို မိန်းမမျိုးနဲ့ တွေ့ဆုံခဲ့မိလို့ပါ။ လျူရှောင်နန်က အမှန်တရားကို အွန်လိုင်းမှာ တင်ပြလိုက်တာသာ ဖြစ်ပြီး ကျန်တာတွေကတော့ အင်တာနက် အသုံးပြုသူတွေရဲ့ အမြင်တွေပါ"
"ဒီရလဒ်တွေက ဝမ်ကျူးရဲ့ ကိုယ်ပိုင်အပြုအမူတွေရဲ့ ရလဒ်တွေ ဖြစ်တာကြောင့် သူမရဲ့ စိတ်ကျရောဂါနဲ့ လျူရှောင်နန်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဝမ်ကျူးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးတောင်းဆိုချက်ကလည်း အကျုံးမဝင်သလို၊ လျူရှောင်နန်ကို ထောင်ချဖို့ တောင်းဆိုတာကတော့ ပိုလို့တောင် အခြေအမြစ် မရှိပါဘူး"
"လျူရှောင်နန်က ဝမ်ကျူးနဲ့ လျူဂျွန်တို့ရဲ့ စကားပြောမှတ်တမ်းတွေကို တင်ပြလိုက်တာကို အသရေဖျက်တယ်လို့ သတ်မှတ်မှာလား။ သူမကို ထောင်ဒဏ် ၃ နှစ် ချရမယ်တဲ့လား။ ကာကွယ်ရေးရှေ့နေအနေနဲ့ အခြေခံဥပဒေကိုတောင် နားမလည်ရင် တရားရုံးမှာ ကိုယ့်ကိုကိုယ် ရယ်စရာမဖြစ်စေဖို့ အကောင်းဆုံးပါပဲ"
တရားခံဘက်မှ ရှေ့နေ ဇောင်ဘင်းချီမှာ စကားပြောဖို့ ပြင်ဆင်လိုက်သည်။
ဇောင်ဘင်းချီမှာ အလွန် ဒေါသထွက်နေသည်။
ငါ့ကို အခြေခံဥပဒေကို နားမလည်ဘူးလို့ စွပ်စွဲရအောင် ဂူချန်က ဘယ်သူမို့လို့လဲ။
ဇောင်ဘင်းချီမှာလည်း အမှုပေါင်းများစွာ ကိုင်တွယ်ခဲ့ပြီး နာမည်ကြီး ရှေ့နေသြဇာရှိသူ တစ်ဦးလည်း ဖြစ်သည်။
ငါက ဗီဒီယိုတွေကနေ နေ့တိုင်း ငွေရှာနေတာ ဂူချန်ထက်တောင် ပိုရနိုင်သေးတယ်။
ဂူချန်ဆိုတာ အမှု ၄ မှုပဲ ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိတဲ့ သင်တန်းသားရှေ့နေလေးပဲဟာ ဘယ်လောက်တောင် ဝင်ငွေရှိမှာလဲ။
ဇောင်ဘင်းချီမှာ Douyin ပေါ်တွင် Follower ပရိသတ် ၃ သိန်းကျော် ရှိပြီး ကြော်ငြာများနှင့် ဗီဒီယိုများမှတစ်ဆင့် ဝင်ငွေကောင်းစွာ ရရှိနေသူ ဖြစ်သည်။
ဂူချန်မှာမူ တရားရင်ဆိုင်မှုအမှု ၄ မှုသာ တာဝန်ယူထားရသေးသည်။
ဇောင်ဘင်းချီအနေဖြင့် ဂူချန်အကြောင်းကို ဘာမှ မသိရှိထားပေ။
ဂူချန်သည် ကိုယ်ပိုင်ဥပဒေရုံးခန်းကို ဖွင့်လှစ်ထားပြီး ၎င်း၏ လုပ်ငန်းမှာ လျင်မြန်စွာ ကြီးထွားလာနေသည်ဆိုသည့် အချက်ကိုလည်း သူ လုံးဝ သတိမမူမိခဲ့ချေ။
ဂူချန်က ပြောလိုက်သည်။
"တရားသူကြီးချုပ်ခင်ဗျာ ဇောင်ဘင်းချီ ရှေ့နေအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုတုန်းက မသမာမှု ပြုလုပ်ခဲ့တဲ့ အထောက်အထား ကျွန်တော့်မှာ ရှိပါတယ်"
"ဒါကတော့ ဇောင်ဘင်းချီ စာမေးပွဲဖြေဆိုချိန်မှာ အဆင့်အမြင့်ဆုံး နိုင်ငံခြား နည်းပညာပစ္စည်းတွေကို သုံးပြီး စာမေးပွဲခန်း အပြင်ဘက်က လူတွေနဲ့ ပူးပေါင်းပြီး မသမာမှု ပြုလုပ်ခဲ့တဲ့ အထောက်အထားပါ။ ရှေ့နေဖြစ်လာပြီးနောက်မှာလည်း သူ့ရဲ့ အရည်အချင်း မရှိမှုကြောင့် အမှုပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီး အမှု ၃၀ ကျော်ထဲမှာ ၈ မှုပဲ နိုင်ခဲ့ပြီး ကျန်တာတွေ အကုန်ရှုံးခဲ့ပါတယ်"
"သူ့ရဲ့ အရည်အချင်းမရှိမှုကြောင့် သူက အတုအယောင်တွေ လုပ်ဖို့ ရွေးချယ်ခဲ့တာပါ။ နောက်ပိုင်းနှစ်တွေမှာ အမှုလိုက်တာ နည်းလာပြီး Douyin ၊ Kuaishou၊ Bilibili တွေမှာ ဗီဒီယိုတွေ တင်၊ Live လွှင့်ပြီး ပိုက်ဆံရှာတဲ့ ဗီဒီယိုဘလော့ဂါ လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ တခြား နာမည်ကြီး ရှေ့နေတွေကို အတုယူပြီး တရားမျှတမှုကို ကိုယ်စားပြုဟန်ဆောင်ပြီး လူကြည့်များအောင် လုပ်နေတာပါ"
"ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၁ အရ သူ့ရဲ့ စာမေးပွဲရလဒ်တွေကို ပယ်ဖျက်ပေးဖို့၊ ဇောင်ဘင်းချီရဲ့ ရှေ့နေလိုင်စင်ကို ပြန်လည်ရုပ်သိမ်းပေးဖို့၊ နိုင်ငံတော် စာမေးပွဲတွေကို တစ်သက်တာ မဖြေဆိုဖို့ ပိတ်ပင်ပေးဖို့နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"
ဂူချန်သည် ပြိုင်ဘက်ရှေ့နေမှာ ဇောင်ဘင်းချီ ဖြစ်ကြောင်း အစကတည်းက သိရှိထားသည်။
အစပိုင်းတွင် ဂူချန်သည် ဇောင်ဘင်းချီ၏ ယခင်က ကျူးလွန်ခဲ့သော မသမာမှုများကို မသိရှိခဲ့ပေ။
သူသည် ဤအမှုအတွက် စနစ်ကိုပင် အသုံးမပြုခဲ့ဘဲ သက်သေအထောက်အထားများကို ကိုယ်တိုင် ရှာဖွေခဲ့ခြင်းပင်။
နောက်ဆုံးတွင် ဂူချန်က ဇောင်ဘင်းချီကို စနစ်ဖြင့် စစ်ဆေးကြည့်ရာတွင် သူသည် လွန်ခဲ့သောနှစ်များက စာမေးပွဲတွင် မသမာမှု ပြုလုပ်ခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
တရားခွင်တွင် ဇောင်ဘင်းချီ၏ ပြောစကားများမှာ ဘာကြောင့် ပရော်ဖက်ရှင်နယ် မဆန်ရသလဲဆိုသည်မှာ ထင်ရှားသွားပြီဖြစ်သည်။
လျူရှောင်နန်က Chat Log အနည်းငယ် တင်လိုက်ရုံဖြင့် ပြိုင်ဘက်ရှေ့နေက ထောင်ချခိုင်းသည်ဆိုသည်မှာ ဂူချန်အဖို့ ကြောင်တောင်တောင် ဖြစ်စရာပင်။
ယခု ဂူချန်မှာ ဟန်ဆောင်နေတော့မည် မဟုတ်ဘဲ ဇောင်ဘင်းချီကို ချက်ချင်း ထောင်ထဲပို့နိုင်မည့် အထောက်အထားများကို ထုတ်ပြလိုက်သည်။
ဇောင်ဘင်းချီမှာ ချက်ချင်းပင် အံ့အားသင့်သွားပြီး မျက်နှာမှာလည်း သွေးမရှိတော့သလို ဖြူဖျော့သွားသည်။
မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်တာ...
ငါ စာမေးပွဲတုန်းက မသမာမှု လုပ်ခဲ့တာကို... ဂူချန်က ဘယ်လိုလုပ် သိသွားတာလဲ...
ပြီးတော့ ဒီအထောက်အထားတွေကိုကော သူ ဘယ်လိုနည်းနဲ့ ရှာတွေ့သွားတာလဲ...
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ ပိုက်ဆံတွေ အပုံလိုက်ပုံပြီး လမ်းကြောင်းခင်း၊ ဖုံးဖိခဲ့တာတွေကိုတောင် ဂူချန်က ရှာနိုင်တာလား။
အထောက်အထားတွေနဲ့တကွ ငါ နောက်ကွယ်ကနေ လုပ်ခဲ့သမျှ ညစ်ပတ်တဲ့ အမှုမှန်သမျှကို သူက အသေးစိတ်ကြီးကို ဖွင့်ချလိုက်တာပဲ...
ဇောင်ဘင်းချီက "အတု အကုန်လုံး အတုတွေ မင်း ငါ့ကို အသရေဖျက်နေတာ။ ငါ အမှုပေါင်းများစွာ လိုက်ခဲ့တာလေ။ ငါက ရှေ့နေ မဟုတ်ဘူးလား။ အင်တာနက်မှာတောင် Follower တွေ အများကြီး ရှိတာကို မင်း ဒီလိုမျိုး အသရေဖျက်လို့ မရဘူး. တရားသူကြီးချုပ်ခင်ဗျာ ဂူချန်ကို အရေးယူပေးဖို့ တောင်းဆိုပါတယ်" ဟု အော်ဟစ်လိုက်သည်။
တရားသူကြီးက စကားမပြောဘဲ ဂူချန် ပေးအပ်လိုက်သော စာရွက်စာတမ်းများကိုသာ လက်ခံယူလိုက်သည်။
ဤကိစ္စမှာ အလွန်ပင် လေးနက်နေပြီ ဖြစ်သည်။
ဇောင်ဘင်းချီ မသမာမှု လုပ်ခဲ့သည်ဆိုပါက သူ၏ ရှေ့နေလိုင်စင်မှာ ပြဿနာရှိနေပြီဖြစ်သည်။
အထောက်အထားများကို လက်ခံရရှိပြီးနောက် တရားသူကြီးက ချက်ချင်း စုံစမ်းစစ်ဆေးမှု စတင်တော့သည်။
တရားရုံးကို ချက်ချင်း ၂ နာရီ ခေတ္တရပ်နားလိုက်ပြီး ဇောင်ဘင်းချီကို စုံစမ်းစစ်ဆေးရန် ယာယီ ထိန်းသိမ်းလိုက်သည်။
Live လွှင့်ချက်မှာ ပေါက်ကွဲထွက်သွားသည်။
အင်တာနက် အသုံးပြုသူအားလုံးမှာ ဂူချန်က ဤအမှုကို မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို စောင့်ကြည့်နေကြသည်။
ပြိုင်ဘက်ရှေ့နေ ဇောင်ဘင်းချီမှာ အစကတည်းက မာန်ဖီပြီး ဂူချန်ကို အထင်အမြင်သေးခဲ့သော်လည်း အမှုစတင်သည်နှင့် အားလုံး၏ ရှေ့မှောက်တွင်ပင် ဂူချန်၏ အရေးယူခြင်းကို ခံလိုက်ရသည်။
[ဟမ် တောက်]
[ဥပဒေမဲ့မိုက်ရူးရဲက တရားခံရှေ့နေကို တကယ်ပဲ ဖမ်းခိုင်းလိုက်တာလား]
[ဒါက Meme လောက်ပဲ ထင်ခဲ့တာ. ဂူချန်က တကယ်ပဲ ဖမ်းခိုင်းလိုက်တာပဲ]
[တောက်... ဥပဒေမဲ့မိုက်ရူးရဲကို မစ နောက်နဲ့လို့ ငါပြောသားပဲ။ ကြည့် အခုလည်း ပြိုင်ဘက်ရှေ့နေတောင် ပါသွားပြန်ပြီ]
[တောက်... ငါက Live ကြည့်နေတာလေ။ ကြည့်မိလို့ ငါပါ အဖမ်းခံရမှာလား]