အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း (၃၄၅) ကျားသစ်ရေ၊ ကျားသစ်ရိုး၊ နှင်းကျားသစ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရတနာပင်
"အဘိုးကျန်း... တော်ပါတော့... ဝေကော်နဲ့ ကျွန်တော်က ညီအစ်ကိုကောင်းတွေပါ... ဒီလောက် အားနာနေစရာ မလိုပါဘူး..."
လီလန်က ဖြန်ဖြေပေးလိုက်သည်။
သူ စကားပြောရင်း ကျန်းဝေကော်ကို အကဲခတ်ကြည့်လိုက်၏။
ထိုအခါမှသာ ကျန်းဝေကော်သည် ခေါင်းငုံ့ကာ မိမိအမှားကို ဝန်ခံလိုက်တော့သည်။
"အဘိုး... ကျွန်တော် မှားမှန်း သိပါပြီ..."
မြေးဖြစ်သူက အမှားကို ဝန်ခံလိုက်သည်နှင့် အဘိုးကျန်း၏ ဒေါသမှာ တစ်ဝက်ခန့် ချက်ချင်းပင် လျော့ကျသွားလေသည်။
သူသည် တိုးတက်မှုမရှိသော ကျန်းဝေကော်ကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်၏။
"အခု အဲဒီကိုမြန်မြန်သွားပြီး မင်းရဲ့ အစ်ကိုလီလန် ပြောတာကို သေချာနားထောင်စမ်း..."
အဘိုးကျန်းက သူ၏ မြေးအပေါ် ဤမျှ တင်းကျပ်ပြီး ကြမ်းတမ်းနေသည်မှာလည်း အံ့သြစရာမဟုတ်ပေ။ အဓိက အကြောင်းရင်းမှာ ဤနေရာသည် ဝက်ဝံနက်တောင်ဖြစ်ပြီး ဝက်ဝံနက်တောင်သည် နှစ်စဉ် မတ်လနှင့် ဧပြီလများတွင် အန္တရာယ်အများဆုံး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သူနှင့် ကျောက်ထျဲ့ကျွင်းကဲ့သို့သော မုဆိုးအိုကြီးနှစ်ဦးပင်လျှင် တောင်ပေါ်တွင် ဝက်ဝံတစ်ကောင်ကောင်နှင့် ဆုံတွေ့မည်ကို စိုးရိမ်သဖြင့် ပေါ့ပေါ့ဆဆ မနေရဲကြပေ။
ဝက်ဝံများသည် အရေထူပြီး ကြံ့ခိုင်လှသည်။ သေနတ်ဖြင့် အချက်အနည်းငယ် ပစ်ရုံမျှဖြင့် မလဲကျသွားပါက သေရမည့်သူမှာ မိမိသာ ဖြစ်သွားပေလိမ့်မည်။
ဝက်ဝံများသည် လူကို အရှင်လတ်လတ် စားတတ်ကြသည်။
ဦးစွာ ခြေထောက်များကို စားပြီး၊ ထို့နောက် ခန္ဓာကိုယ်ကို စားကာ၊ နောက်ဆုံးမှ ခေါင်းကို စားကြခြင်းဖြစ်သည်။
မိမိ၏ ခြေထောက်များကို ဝက်ဝံက စားသောက်နေသည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်နေရသည့် ထိတ်လန့်ကြောက်ရွံ့မှုမျိုးသည် နှလုံးသား နက်ရှိုင်းရာမှ ထွက်ပေါ်လာသော အကြောက်တရားမျိုးပင် ဖြစ်လေသည်။
အဘိုးကျန်းသည်လည်း ဆော့ကစားတတ်သော သူ၏မြေးဖြစ်သူ တောင်ပေါ်တက်လာစဉ် ဝက်ဝံနှင့် ဆုံတွေ့မည်ကို စိုးရိမ်သဖြင့် ပြင်းထန်သော သင်ခန်းစာတစ်ခုပေးရန် လီလန်၏ ရှေ့တွင်ပင် ဤမျှပြင်းပြင်းထန်ထန် ဆုံးမနေခြင်းဖြစ်သည်။
ဤနေရာသည် ဝက်ဝံနက်တောင်ဖြစ်ပြီး သူတို့ မိသားစု၏ ဟင်းသီးဟင်းရွက် စိုက်ခင်း မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ ကျောက်ထျဲ့ကျွင်းသည် သူ၏မြေး ကျောက်လျူကို သိပ်မဆူပူခဲ့ပေ။ လျူဇီသည် အနည်းငယ် မဆင်မခြင် နိုင်သော်လည်း စကားနားထောင်တတ်သူ ဖြစ်သည်။ အရှေ့သို့ သွားခိုင်းလျှင် သူသည် အနောက်သို့ လုံးဝ သွားမည့်သူ မဟုတ်ပေ။
တောင်ပေါ်သို့ တိတ်တဆိတ် ပြန်တက်လာခြင်းမှာ ကျန်းဝေကော်၏ အကြံအစည်သာဖြစ်ကြောင်း ထင်ရှားနေလေသည်။
ကျောက်ထျဲ့ကျွင်းသည် သူ၏မြေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"လျူဇီ... မင်း ဝေကော်နား သွားရပ်နေလိုက်... မင်းတို့နှစ်ယောက် ခဏနေရင် အလုပ်များလိမ့်မယ်..."
လျူဇီသည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး သေနတ်ကို ကိုင်ကာ လိမ္မာစွာဖြင့် ဘေးတွင် သွားရပ်နေသည်။
ကျောက်ထျဲ့ကျွင်းနှင့် ကျန်းတာပေါင်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် နှင်းကျားသစ်၏ အလောင်းရှိရာသို့ သတိကြီးစွာဖြင့် တိတ်တဆိတ် လျှောက်သွားကြသည်။
အဝေးမှကြည့်လျှင် သိပ်မသိသာသော်လည်း အနီးကပ်ကြည့်လိုက်မှသာ ဤနှင်းကျားသစ်မှာ မည်မျှ အံ့မခန်း ကြီးမားကြောင်းကို သူတို့ သိလိုက်ရတော့သည်။
၎င်း၏ ခန္ဓာကိုယ်မှာ ကြီးမားလှပြီး ရုပ်သွင်မှာလည်း ကြမ်းကြုတ်ကာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ အကိုက်ခံရ၍ သေဆုံးသွားပြီ ဖြစ်သော်လည်း ၎င်း၏ တောရိုင်းဆန်သော အငွေ့အသက်နှင့် သားရဲတစ်ကောင်၏ မွေးရာပါ ခြိမ်းခြောက်နိုင်စွမ်းတို့က ကြက်သီးထဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။
ကျန်းတာပေါင်သည် အသက်ခြောက်ဆယ်ကျော် နေထိုင်လာခဲ့သော်လည်း နှင်းကျားသစ်တစ်ကောင်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူသည် နှင်းကျားသစ်ကို မမြင်ဖူးသော်လည်း ၎င်းတို့အကြောင်းကိုကား ကြားဖူးခဲ့လေသည်။ လွန်ခဲ့သော ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်က အိမ်နီးချင်းရွာမှ မုဆိုးတစ်ဦး တောင်ပေါ်တွင် အမဲလိုက်သွားစဉ် ကတိုးကောင်ကို ဖမ်းယူစားသောက်နေသည့် မီးခိုးရောင် အမွေးအမျှင်များနှင့် အစက်အပြောက်များ ပါရှိသော သားရဲတစ်ကောင်နှင့် ဆုံတွေ့ခဲ့ဖူးသည်။
ထိုမုဆိုးသည် သားရဲကို မမှတ်မိသဖြင့် ရွာရှိ မုဆိုးအိုကြီးများကို မေးမြန်းကြည့်မှသာ ၎င်းမှာ နှင်းကျားသစ် ဖစ်ကြောင်း သိခဲ့ရခြင်း ဖြစ်သည်။
နှင်းဖုံးတောင်တန်းများပေါ်မှ ဆင်းသက်လာသော နှင်းကျားသစ်ပင် ဖြစ်သည်။
နှင်းကျားသစ်များသည် တောကြောင်ရိုင်းများထက် ပိုမိုကြမ်းကြုတ်ပြီး အရွယ်အစားလည်း ပိုမိုကြီးမားကြသည်။ ၎င်းတို့၏ မျိုးနွယ်တူ အရှေ့မြောက်ပိုင်းကျားသစ်လောက် အစွမ်းမထက်သော်လည်း ၎င်းတို့သည် အရှေ့ပိုင်းပြည်နယ်သုံးခုတွင် ကြီးစိုးနိုင်သော အင်အားတစ်ခု ဖြစ်နေဆဲပင်။
သို့သော် ဤကဲ့သို့သော သားရဲမျိုးသည် အမြင့်ပိုင်းရှိ နှင်းဖုံးတောင်တန်းများမှ အောက်သို့ ဆင်းလာလေ့ အလွန်နည်းပါးပေသည်။
ယနေ့ ဤနှင်းကျားသစ်ကို မြင်တွေ့လိုက်ရခြင်းမှာ သူတို့အတွက် တကယ့်ကို ရှားပါးလှသော အဖြစ်အပျက်ပင် ဖြစ်လေသည်။
ထိုအချိန်တွင် လီလန်သည်လည်း သူ၏ရှေ့ရှိ နှင်းကျားသစ်ကို သေချာစွာ စစ်ဆေးနေလေသည်။
ကျန်းတာပေါင်သည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် စကားစလိုက်၏။
"လီလန်... ဒီနှင်းကျားသစ်ကို ငါတို့ ဘယ်လို လုပ်ကြမလဲ..."
အဘိုးကျန်းသည် စကားပြောရင်း တံတွေးမြိုချလိုက်ပြီး သူ၏မျက်လုံးများထဲတွင် လောဘရိပ် အနည်းငယ် ဖြတ်ပြေးသွားလေသည်။
နှင်းကျားသစ်တစ်ကောင်လုံး၏ ခန္ဓာကိုယ်သည် ရတနာတစ်ခုပင်ဖြစ်သည်။
နှင်းကျားသစ်ရေ၊ ကျားသစ်ရိုး၊ ကျားသစ်အမြီး စသည်ဖြင့် အားလုံးမှာ တန်ဖိုးရှိလှသည်။
အရေခွံကို အဝတ်အစားများ၊ လက်အိတ်များနှင့် အပေါ်အင်္ကျီများအဖြစ် ဖန်တီးနိုင်ပြီး၊ အမြီးကို ခါးပတ်အဖြစ် ပြုလုပ်နိုင်ကာ၊ အရိုးနှင့် သွေးတို့ကိုမူ အရက်စိမ်ရာတွင် အသုံးပြုနိုင်ပေသည်။
ဤနှင်းကျားသစ်သည် ကျားသစ်အမ ဖြစ်နေခြင်းကသာ နှမြောစရာ ကောင်းနေလေသည်။ မဟုတ်ပါက ကျားသစ်အထီး၏ လိင်အင်္ဂါကို အရက်စိမ်သောက်ပါက ကျောက်ကပ်ကို အားကောင်းစေပြီး ယန်စွမ်းအင်ကို တိုးပွားစေကာ ကြီးမားသော အားဆေးတစ်ခွက် ဖြစ်လာမည်မှာ အသေအချာပင်။
"ဘယ်လို လုပ်ရမှာလဲ... အိမ်ကို ပြန်သယ်သွားရမှာပေါ့..."
လီလန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
"အိမ်ပြန်သယ်သွားမလို့လား..."
အဘိုးကျန်းမှာ မှင်သက်သွားတော့သည်။
"သူတို့ သဘောတူပါ့မလား..."
အဘိုးကျန်းသည် အနီးနားတွင် မိမိတို့၏ ဒဏ်ရာများကို လျက်ကာ လှဲလျောင်းနေကြသော တောကြောင်ရိုင်း အထီးနှင့် အမတို့ကို လှမ်းကြည့်လိုက်လေသည်။
"ပြဿနာမကြီးပါဘူး... တောင်အောက်ရောက်ရင် သူတို့ကို အသားနည်းနည်း ပေးလိုက်ရုံပါပဲ..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
တောကြောင်ရိုင်းအထီးနှင့် တောကြောင်ရိုင်းအမတို့မှာ အကျင့်စရိုက်ကောင်းမွန်ပြီး အစာအပေါ်တွင် သိပ်ပြီး ပိုင်စိုးပိုင်နင်း မလုပ်တတ်ကြပေ။ ဤနှင်းကျားသစ်မှာ အနည်းဆုံး ကျင်းတစ်ရာခန့် အလေးချိန်ရှိသဖြင့် နောက်မှ အသားအချို့ဖြတ်၍ သူတို့ကို ကျွေးနိုင်ပေသည်။
အသားသည် သူတို့အတွက် အသုံးဝင်သော်လည်း၊ သားမွေး၊ အရိုးနှင့် သွေးတို့မှာ သူတို့အတွက် များစွာ အသုံးမဝင်လှပေ။
မည်သို့ပင်ဆိုစေကာမူ တောကြောင်ရိုင်းများသည် ဝမ်းဝရန်အတွက်သာ သားကောင်များကို အမဲလိုက်လေ့ရှိကြသည်။
လီလန်သည် အနီးနားတွင် စောင့်ကြည့်နေဆဲဖြစ်သော အမည်းနှင့် အဖြူရောင် ခွေးနှစ်ကောင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
နှင်းကျားသစ်ကို သတ်ရန် တောကြောင်ရိုင်းဇနီးမောင်နှံနှင့် ပူးပေါင်းခဲ့ကြသော်လည်း ဤနှင်းကျားသစ် အမဲလိုက်ပွဲတွင် ဟေးလုံနှင့် ပိုင်လုံတို့သည် များစွာ အထောက်အကူ ပြုခဲ့ကြသည်။
သို့သော် ဟေးလုံနှင့် ပိုင်လုံတို့မှာ ပြင်းထန်စွာ ဒဏ်ရာရထားဆဲပင် ဖြစ်သည်။
ပိုင်လုံမှာ ကိုယ်အလေးချိန် စီးပြီး အရေထူသောကြောင့် ကြီးကြီးမားမား ပြဿနာ မရှိလှသော်လည်း ဟေးလုံမှာမူ အဓိက စိုးရိမ်စရာ ဖြစ်နေလေသည်။
ဟေးလုံ၏ ခန္ဓာကိုယ်ပေါ်တွင် ကုတ်ခြစ်ခံထားရသော ဒဏ်ရာများနှင့် သွေးစွန်းမှုများ ရှိနေရုံသာမက ၎င်း၏ လည်ပင်းမှာလည်း နှင်းကျားသစ်၏ အကိုက်ခံထားရသဖြင့် အရေပြားနှင့် အသားများ စုတ်ပြဲကာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး သွေးများ အဆက်မပြတ် ထွက်နေဆဲပင် ဖြစ်သည်။
"ဟေးလုံ... ငါ့ဆီ လာခဲ့..."
လီလန်က ဟေးလုံကို လက်ယမ်းပြလိုက်သည်။
ကျန်းဝေကော်၊ ကျန်းတာပေါင်နှင့် အခြားသူများ အာရုံမစိုက်မိချိန်တွင် သူသည် လက်ကောက်ဝတ်ကို လျင်မြန်စွာ လှည့်၍ အံ့ဖွယ်ကုသရေးဆေး ပုလင်းကို တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။
သူသည် လက်ပေါ်တွင် ဆေးမှုန့်အချို့ကို တင်၍ ဟေးလုံ၏ လည်ပင်းတွင် သုတ်လိမ်းပေးလိုက်သည်။
ဟေးလုံ၏ လည်ပင်းဒဏ်ရာပေါ်သို့ ဆေးမှုန့်များ ဖြူးပေးပြီးနောက် သွေးထွက်ခြင်းမှာ လျင်မြန်စွာ ရပ်တန့်သွားပြီး ဒဏ်ရာမှာလည်း စတင်ပျောက်ကင်းလာတော့သည်။
"ကျန်တဲ့ဒဏ်ရာတွေအတွက် စိတ်မပူနဲ့... တောင်အောက်ရောက်ရင် ကုသဖို့ ရှောင်ဖုန်းကို ရှာကြတာပေါ့..."
လီလန်သည် အံ့ဖွယ်ကုသရေးဆေး ပုလင်းကို သိမ်းဆည်းလိုက်လေသည်။
အံ့ဖွယ်ကုသရေးဆေးသည် အလွန်တန်ဖိုးကြီးပြီး အနည်းငယ်မျှသာ ကျန်ရှိတော့ကာ အသက်ကယ်ရန်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။
သာမန်အပေါ်ယံဒဏ်ရာများအတွက်မူ ကျန်းရှောင်ဖုန်းကိုသာ ကြည့်ခိုင်းလိုက်မည် ဖြစ်သည်။ ကျန်းရှောင်ဖုန်းသည် တိရစ္ဆာန်ကုဆရာဝန်လုံ ထံတွင် ရက်အနည်းငယ်ကြာ ပညာသင်ယူခဲ့ဖူးသဖြင့် အပေါ်ယံဒဏ်ရာများကို ကုသခြင်းမှာ သူမအတွက် ခက်ခဲသော အလုပ်တစ်ခု မဖြစ်နိုင်ပေ။
"မင်းတို့နှစ်ကောင်လည်း မင်းတို့ရဲ့ သားပေါက်လေးကို သွားကြည့်ဖို့ ငါနဲ့အတူ လိုက်ခဲ့ကြ..."
လီလန်က တောကြောင်ရိုင်းအမကို တောင်အောက်ဆင်းရန် အချက်ပြလိုက်သည်။
တောကြောင်ရိုင်းအမက ပျင်းရိပျင်းတွဲဖြင့် မြောင်ခနဲ မြည်လိုက်ပြီးနောက် လီလန်ကို ဂရုမစိုက်ဘဲ ဆက်၍သာ လှဲလျောင်းနေတော့သည်။
လီလန်က တောကြောင်ရိုင်းနှစ်ကောင်ကို တောင်အောက်သို့ ခေါ်သွားမည်ဟု ကြားသောအခါ အဘိုးကျန်းက စိုးရိမ်တကြီး အမူအရာဖြင့် မေးလိုက်လေသည်။
"သူတို့ကို တောင်အောက် ခေါ်သွားရင် ရွာသားတွေ မြင်တဲ့အခါ သေလောက်အောင် လန့်သွားကြမှာ မဟုတ်ဘူးလား..."
အဘိုးကျန်းသည် တောကြောင်ရိုင်းအထီးကို လှမ်းကြည့်လိုက်၏။
ဤတောကြောင်ရိုင်းအထီးသည် ယခုလေးတင် နှင်းကျားသစ်တစ်ကောင်ကို တစ်ကိုက်တည်းဖြင့် သေအောင် ကိုက်သတ်နိုင်ခဲ့သည် မဟုတ်ပါလော။
၎င်းသည် အလွန်အမင်း ရိုင်းစိုင်းပြီး ကြမ်းကြုတ်သော သားရဲတစ်ကောင်ပင် ဖြစ်လေသည်။
လီလန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“အဘိုးကျန်း... သူတို့က တောင်အောက်ဆင်းပြီး ရွာထဲကို ရောက်ဖူးတာ ရေတွက်လို့တောင် မရတော့ပါဘူး... ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ လတိုင်း နှစ်ရက်လောက် သူတို့က တောကြောင်ရိုင်းပေါက်စလေးကို ကြည့်ဖို့ ကျွန်တော့်အိမ်ဆီ ဆင်းလာတတ်ကြပါတယ်..."
"တစ်ခုခု ဖြစ်မယ်ဆိုရင်လည်း စောစောကတည်းက ဖြစ်နေလောက်ပြီပေါ့... ဒီနေ့အထိ စောင့်နေစရာ အကြောင်းမှ မရှိတာ..."
လီလန်က တောကြောင်ရိုင်းဇနီးမောင်နှံကို တောင်အောက်သို့ ခေါ်လာခြင်းမှာ အဓိကအားဖြင့် တောကြောင်ရိုင်းပေါက်စလေး အတွက်ပင်ဖြစ်သည်။
တောကြောင်ရိုင်းပေါက်စလေးသည်လည်း ၎င်း၏ဖခင် ပျောက်ဆုံးနေမှန်း သိသဖြင့် အိမ်တွင် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေခဲ့သည်။ ပိုင်ရှင်ဖြစ်သူအနေဖြင့် သူတို့နှစ်ဦးကြားတွင် စိတ်ချင်း ဆက်သွယ်မှု ရှိနေသောကြောင့် တောကြောင်ရိုင်းပေါက်စလေး၏ လက်ရှိ စိုးရိမ်ပူပန်မှုကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။
တောကြောင်ရိုင်းအထီးကို တောင်အောက်ရှိ ရွာထဲသို့ ခေါ်ဆောင်လာခြင်းမှာ ဖခင်နှင့် သားတို့ကို ပြန်လည်ဆုံတွေ့စေရန်နှင့် အကောင်ပေါက်လေးကို စိတ်အေးစေရန်အတွက်လည်း ဖြစ်လေသည်။
လီလန်က ထိုသို့ ပြောလာသဖြင့် ကျန်းတာပေါင်တွင် သဘာဝကျစွာပင် ထပ်ပြောစရာ မရှိတော့ပေ။
ကျန်းတာပေါင်က သွယ်ဝိုက်သောနည်းဖြင့် သဘောတူလိုက်ပြီ ဖြစ်သောကြောင့် ကျောက်ထျဲ့ကျွင်းကလည်း ဘာမှထပ်မပြောတော့ပေ။
"ဝေကော် လျူဇီ... မင်းတို့နှစ်ယောက် သစ်သားနဲ့ နွယ်ပင်တွေ သွားခုတ်ချေ... ငါတို့ ဒီနှင်းကျားသစ်ကို သစ်တုံးနဲ့ ချည်ပြီး တောင်အောက်ကို သယ်သွားကြမယ်..."
ထို့နောက် ကျန်းဝေကော်သည် ကျောက်လျူနှင့် ပုဆိန်တစ်လက်ကို ယူကာ သစ်ခုတ်ရန် ထွက်သွားလေသည်။
မကြာမီတွင် ထိုနှစ်ယောက်သည် ပန်းကန်လုံးတစ်လုံးစာခန့် တုတ်သော သစ်တုံးတစ်တုံးနှင့် နွယ်ပင်အချို့ကို သယ်ဆောင်ကာ ပြန်ရောက်လာကြသည်။
"ငါချည်ပေးမယ်..."
အဘိုး ကျောက်ထျဲ့ကျွင်းက တာဝန်ယူလိုက်လေသည်။
သားကောင်များကို ချည်နှောင်ရာတွင် အဘိုးကျန်းမှာ အလွန်ကျွမ်းကျင်ပြီး ၎င်းမှာ သူ၏ အထူးကျွမ်းကျင်မှုတစ်ခုပင် ဖြစ်သည်။
ဆယ်မိနစ်ခန့် အကြာတွင် နှင်းကျားသစ်မှာ သစ်တုံးတွင် လုံခြုံစွာ ချည်နှောင်ပြီးသား ဖြစ်သွားလေသည်။
"ဝေကော်…လျူဇီ... မင်းတို့နှစ်ယောက် ထမ်းကြ..."
အဘိုးကျန်းက အမိန့်ပေးလိုက်သည်။
သားကောင်ကို တောင်အောက်သို့ သယ်ဆောင်ရမည့် တာဝန်မှာ သဘာဝကျစွာပင် လူငယ်နှစ်ဦးဖြစ်သော ကျန်းဝေကော်နှင့် ကျောက်လျူတို့အပေါ် ကျရောက်သွားတော့သည်။
ကျန်းဝေကော်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သစ်တုံးကို ဆွဲယူကာ သူ၏ ပခုံးပေါ်သို့ တင်လိုက်လေသည်။
သူတို့သည် ဝက်ဝံနက်တောင်၏ အလယ်ပိုင်းမှ ထွက်ခွာကာ တောင်အောက်သို့ ဆင်းလာခဲ့ကြတော့သည်။