အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆) တောင်အောက်ဆင်းရာမှ ရင်ဖိုစရာမြင်ကွင်း၊ သစ်ခေါက်ပင်ပေါ်မှ ကုတ်ခြစ်ရာများနှင့် ဝက်ဝံခြေရာများ
ခွေးနှစ်ကောင်က လမ်းပြကာ နှင်းကျားသစ်အသေကောင်ကို ထမ်းလာသော လူငယ်မုဆိုးနှစ်ဦးဖြစ်သည့် ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့က နောက်မှလိုက်လာကြသည်။
သူတို့နောက်တွင် ဂျပန်ဆန့်ကျင်ရေးစစ်ပွဲနှင့် အမေရိကန်ကျူးကျော်မှုကို ဆန့်ကျင်ကာ ကိုရီးယားကို ကူညီခဲ့သော စစ်ပွဲတို့မှ သူရဲကောင်းအိုကြီးနှစ်ဦးဖြစ်သည့် ကျန်းတာပေါင်နှင့် ကျောက်ထျဲ့ကျွင်းတို့ ပါလာကြသည်။
သူတို့နောက်တွင်တော့ တောကြောင်ရိုင်းဇနီးမောင်နှံနှင့် လီလန်တို့ ရှိနေကြသည်။
လီလန်သည် အနောက်ဆုံးမှ လျှောက်လာရင်း အခြားသော တောရိုင်းတိရစ္ဆာန်များ ချုံခိုတိုက်ခိုက်မည်ကို ကာကွယ်ရန် ပတ်ဝန်းကျင်ကို အထူးဂရုစိုက်နေလေသည်။
သို့သော်လည်း တောကြောင်ရိုင်းဇနီးမောင်နှံ ရှိနေခြင်းနှင့် နှင်းကျားသစ်၏ အနံ့အသက်တို့ကြောင့် သာမန်တောရိုင်းတိရစ္ဆာန်များက အနားကပ်ရဲမည် မဟုတ်ပေ။
သို့ရာတွင် ဝက်ဝံနက်တောင်၌ မတ်လနှင့် ဧပြီလတို့သည် ဝက်ဝံများ သောင်းကျန်းသောကာလဖြစ်သည်။ လပေါင်းများစွာ ဆောင်းခိုပြီးနောက် ဝက်ဝံများသည် အလွန်ဆာလောင်နေသဖြင့် အစာရှာရန် တောင်အောက်သို့ ဆင်းလာတတ်ကြသည်။
ဘေးကင်းစေရန်အတွက် လီလန်သည် သူ၏ပတ်ဝန်းကျင်ရှိ တရှပ်ရှပ်မြည်သံတိုင်းကို သတိထားနားစွင့်နေ၏။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထင်ပါက သူသည် အဘိုးကြီးနှစ်ဦးကို သတိပေးရန် ချက်ချင်း သေနတ်ဖောက်မည် ဖြစ်သည်။
လူအုပ်စုသည် ခဏခန့် လမ်းလျှောက်ပြီးနောက် ယခင်က သစ်ခေါက်မှို တွေ့ရှိခဲ့သော သစ်ခေါက်ပင်တောအုပ်ဆီသို့ ရောက်ရှိလာကြသည်။
"ကျွန်တော် အရမ်းပင်ပန်းနေပြီ အဘိုး…ဆက်မထမ်းနိုင်တော့ဘူး..နားကြရအောင်..."
ကျန်းဝေ့ကော်သည် အမောတကောဖြင့် သူ၏ပခုံးပေါ်မှ ထမ်းပိုးကို ချကာ နေရာတစ်နေရာရှာ၍ အနားယူရန် ထိုင်ချလိုက်လေသည်။
အဘိုးကျန်းက သူ့ကို စိတ်မရှည်စွာဖြင့် ဆူပူလိုက်၏။
"မင်းလိုကောင်က အခက်အခဲ နည်းနည်းလေးကိုတောင် သည်းမခံနိုင်ဘူး၊ ဒီလောက် ခရီးတိုလေးကိုတောင် ပင်ပန်းတယ်လို့ ညည်းနေပြီ..."
"မင်းရဲ့ အစ်ကိုလီလန်ကို ကြည့်စမ်း သူလည်း ကျင်းဆယ်ဂဏန်းလောက် လေးတဲ့ အိတ်ကို ထမ်းထားတာပဲ မဟုတ်ဘူးလား ပင်ပန်းတယ်လို့ မညည်းဘူး မင်းနဲ့ လျူဇီက ကျင်းတစ်ရာလောက်ရှိတဲ့ ကျားသစ်ကို နှစ်ယောက်ပေါင်းပြီး ထမ်းတာကို ဘာတွေ ညည်းညူနေတာလဲ..."
ကျန်းတာပေါင်သည် သူ့အား ဆူပူကြိမ်းမောင်းစကားများဖြင့် မိုးရွာချသကဲ့သို့ ပြောဆိုလိုက်တော့သည်။
ကျန်းဝေ့ကော်သည် သစ်ရွက်အဆုပ်နှစ်ဆုပ်ကို ယူ၍ နားထဲတွင် ဆို့ထားကာ မျက်စိမှိတ်၍ အနားယူနေလိုက်သည်။
သူသည် အဘိုးကို ကျောခိုင်း၍ လျှာထုတ်ကာ မျက်နှာပြောင်ပြလိုက်ပြီးနောက် စကားဆိုလိုက်၏။
"ကျွန်တော်က အစ်ကိုလီလန်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ..."
"အဘိုးက မြေးကို နဂါးတစ်ကောင်ဖြစ်စေချင်တာ သိပေမယ့် ကျွန်တော့်ကို အစ်ကိုလီလန်နဲ့ သွားမယှဉ်ပါနဲ့..."
"အစ်ကိုလီလန်က အမွှေးဖြူဝံပုလွေဘုရင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တဲ့ မီးနဂါးမုဆိုးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်လေ၊ ကျွန်တော်က ဘာမှမဟုတ်ဘူး..."
ကျန်းဝေ့ကော်မှာ ပြောစရာစကားပင် မရှိတော့ပေ။ အဘိုးဖြစ်သူက ဘာကြောင့် မကြာသေးမီကမှ သူ့ကို လီလန်နှင့် အလွန်အမင်း နှိုင်းယှဉ်နေရသနည်း။
သူတို့က ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ။ ယှဉ်လို့မရနိုင်ပါချေ။
လီလန်ကမူ ဘာမှမပြောဘဲ ပြုံးသာနေလိုက်သည်။
သူထမ်းထားသော အိတ်ထဲတွင် သစ်ခေါက်မှို သို့မဟုတ် အဝါရောင်မှိုများ လုံးဝမပါဘဲ ပေါင်းပင်များသာ ပါရှိသည်ကို အဘိုးကျန်း သိရှိခြင်းမရှိပေ။
လေးလံသော ပစ္စည်းအားလုံးကို သူ၏ အာကာသလက်စွပ်ထဲသို့ ပြောင်းရွှေ့ထားပြီး ဖြစ်သည်။
ယခုအခါတွင် သူသည် အိတ်လွတ်တစ်လုံးကိုသာ ထမ်းထားသကဲ့သို့ ဖြစ်နေသဖြင့် တောင်အောက်သို့ ဆင်းရသည်မှာ သဘာဝကျကျပင် သက်တောင့်သက်သာ ရှိနေလေသည်။
လျူဇီသည်လည်း အနားယူရန် နေရာတစ်ခုကို ရှာတွေ့သွားပြီး သစ်ခေါက်ပင်တစ်ပင်ကို မှီကာ ကျောကို အနားပေးထားလိုက်သည်။
နောက်သို့ မမှီခင်အထိ အဆင်ပြေနေသော်လည်း မှီလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကျောပြင်မှာ သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရ၏။
ထို့နောက် လျူဇီသည် သူ့နောက်ရှိ သစ်ခေါက်ပင်ကို လှည့်ကြည့်လိုက်လေသည်။
လီလန်သည် ဤမြင်ကွင်းကို အမှတ်မထင် မြင်လိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။
"လျူဇီ ဘာဖြစ်လို့လဲ..."
လျူဇီက သစ်ခေါက်ကို ကိုင်တွယ်ရင်း ပြောလိုက်၏။
"အစ်ကိုလီလန် လာကြည့်ပါဦး..."
လျူဇီ၏ အာမေဍိတ်သံကြောင့် ထိုနေရာရှိ လူအနည်းငယ်၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားတော့သည်။
လီလန်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး သူ့ထံသို့ အမြန်လျှောက်သွားလေသည်။
"လျူဇီ…ဘာဖြစ်တာလဲ..."
လီလန်က လျူဇီ၏ ကြောက်ရွံ့နေသော မျက်လုံးများကိုကြည့်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
လျူဇီမှာ စကားမပြောနိုင်ဘဲ မျက်နှာအနည်းငယ် ဖြူရော်နေကာ သစ်ခေါက်ပင်ကိုသာ လက်ညိုးထိုးပြနေတော့သည်။
လီလန်သည် သစ်ခေါက်ပင်ကို ကြည့်လိုက်ရာ သစ်ပင်ပေါ်ရှိ နက်ရှိုင်းသော ကုတ်ခြစ်ရာတစ်ခုကို သတိထားမိလိုက်သည်။
ဤကုတ်ခြစ်ရာမှာ အလွန်နက်ရှိုင်းပြီး သစ်ခေါက်ပေါ်တွင် အလွန်ထင်ရှားနေလေသည်။
လျူဇီသည် ဤကုတ်ခြစ်ရာကို မြင်လိုက်ရသဖြင့် ကြောက်လန့်သွားခြင်းပင် ဖြစ်သည်။
သာမန်ကုတ်ခြစ်ရာတစ်ခုသာဆိုလျှင် ပြဿနာမရှိသော်လည်း ဤကုတ်ခြစ်ရာမှာ နက်ရှိုင်းရုံသာမက ကြီးမားနေခြင်းကြောင့် ဖြစ်၏။
အလွန်ကြီးမားသော တောရိုင်းတိရစ္ဆာန်တစ်ကောင်သာလျှင် သစ်ခေါက်ပင်ပေါ်တွင် ဤကုတ်ခြစ်ရာကို ချန်ထားနိုင်မည် ဖြစ်သည်။
ဝက်ဝံ၊ သို့မဟုတ် ဆိုက်ဘေးရီးယား ကျားတစ်ကောင်ကဲ့သို့သော အကောင်မျိုးသာ ဖြစ်လိမ့်မည်။
တောကြောင်ရိုင်းနှင့် နှင်းကျားသစ်ကဲ့သို့သော တောရိုင်းတိရစ္ဆာန်များသည် သစ်ခေါက်ပင်၏ အခေါက်ပေါ်တွင် နက်ရှိုင်း၍ ကြီးမားသော ကုတ်ခြစ်ရာများ မချန်ထားနိုင်ချေ။
"ဝက်ဝံခြစ်ရာလား..."
လီလန်၏ မျက်မှောင်များမှာ တင်းကျပ်စွာ စုကျုံ့သွားပြီး သူ၏ အမူအရာမှာ အနည်းငယ် လေးနက်သွားတော့သည်။
သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဤနေရာသည် ဝက်ဝံနက်တောင်ဖြစ်ပြီး မတ်လ သို့မဟုတ် ဧပြီလဖြစ်သဖြင့် ဝက်ဝံများ သောင်းကျန်းသော လများဖြစ်သည်။
ဤသစ်ခေါက်ပင်ပေါ်ရှိ ကုတ်ခြစ်ရာမှာ ဝက်ဝံတစ်ကောင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်နိုင်ခြေ အများဆုံးပင်ဖြစ်သည်။
လီလန်သည် သစ်ခေါက်ပင်ကို စစ်ဆေးကြည့်ပြီး အပေါ်သို့ မော့ကြည့်လိုက်သောအခါ သစ်ပင်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါက ငါ သစ်ခေါက်မှို ရှစ်ကျင်းလောက် ရှာတွေ့ခဲ့တဲ့သစ်ပင် မဟုတ်ဘူးလား..."
"ဒါပေမယ့် အဲဒီတုန်းက ဒီသစ်ပင်ပေါ်မှာ ကုတ်ခြစ်ရာ မရှိခဲ့တာ သေချာတယ်..."
လီလန်က ပိုတွေးလေလေ ကြက်သီးထလာလေလေ ဖြစ်တော့သည်။ သူသည် ရုတ်တရက် သတိဝင်လာကာ လက်ထဲရှိ အမဲလိုက်သေနတ်ကို ဆုပ်ကိုင်၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
ဤကုတ်ခြစ်ရာမှာ အသစ်စက်စက် ဖြစ်သည်။
ဆိုလိုသည်မှာ လွန်ခဲ့သော တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း ဝက်ဝံတစ်ကောင် ဤသစ်ခေါက်ပင်တောအုပ်အတွင်း၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
"အနီးနားမှာ ဝက်ဝံတစ်ကောင် ရှိနေတယ်..."
"လီကလေး…ဘာဖြစ်လို့လဲ..."
လီလန်၏ အမူအရာက တင်းမာနေသည်ကို မြင်သောအခါ ကျန်းတာပေါင်က အလျင်အမြန် မေးလိုက်သည်။
အဘိုးအိုသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော မုဆိုးတစ်ဦးဖြစ်သဖြင့် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကိုလည်း ခံစားသိရှိလိုက်သည်။
လီလန်သည် စကားမပြောဘဲ ဘေးသို့ ဖယ်ပေးလိုက်ကာ သစ်ခေါက်ပေါ်တွင် ချန်ထားရစ်ခဲ့သော ကုတ်ခြစ်ရာကို အဘိုးကျန်းအား ပြသလိုက်သည်။
ကျန်းတာပေါင်သည် ကုတ်ခြစ်ရာကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ကျွင်းဇီ လက်နက်တွေ အသင့်ပြင်ထား အနားမှာ ဝက်ဝံတစ်ကောင် ရှိနေတယ်.."
အဘိုးအို၏ အသံမှာ တုန်ယင်နေလေသည်။
"ဘာ... ဝက်ဝံ..."
ကျောက်ထျဲ့ကျွင်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အမဲလိုက်သေနတ်ကို အမြန်ဆွဲယူကာ ကျည်ထိုး၍ ဘေးကင်းလုံခြုံရေးခလုတ်ကို ဖြုတ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဝေ့ကော်၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားတော့သည်။
"ဝက်ဝံ..."
သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး လည်ပင်းကို တောင့်တင်းစွာ လှည့်ကြည့်လိုက်မိသည်။ သူ၏နောက်တွင် နက်ရှိုင်းပြီး မှောင်မိုက်နေသော တောအုပ်ကြီးရှိနေကာ ပြိုင်ဘက်ကင်း သားရဲတိရစ္ဆာန်တစ်ကောင် ပုန်းကွယ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသကဲ့သို့ ခံစားရ၏။
"ဟင့်အင်း…မဖြစ်နိုင်ဘူး..."
ကျန်းဝေ့ကော်၏ ရင်များ တဒိတ်ဒိတ် ခုန်နေပြီး တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေတော့သည်။
သို့သော် အတန်ကြာ စောင့်ဆိုင်းပြီးနောက် တောနက်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှမရှိဘဲ ကြောက်ရွံ့နေရသော အခြေအနေမျိုး ဖြစ်ပေါ်မလာခဲ့ပေ။
"ထင်ယောင်ထင်မှားဖြစ်တာ ထင်ယောင်ထင်မှားဖြစ်တာ သေချာတယ်..."
ကျန်းဝေ့ကော်သည် နဖူးမှ ချွေးများကို သုတ်၍ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
လီလန်၊ ကျန်းတာပေါင်နှင့် အခြားနှစ်ဦးတို့သည် ကျောချင်းကပ်၍ ရပ်ကာ အရပ်လေးမျက်နှာဆီသို့ သေနတ်များဖြင့် ချိန်ရွယ်ထားကြသည်။
အတန်ကြာပြီးနောက် အရာအားလုံး ငြိမ်သက်နေဆဲဖြစ်ပြီး တောအုပ်ထဲမှ မည်သည့် တောရိုင်းတိရစ္ဆာန်မျှ ပြေးထွက်မလာချေ။
"လီ… အဲဒီဝက်ဝံ ထွက်သွားလောက်ပြီ သူ အဝေးကြီးကို ရောက်သွားလောက်ပြီ..."
အဘိုးကျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
သေနတ်ကို ဆုပ်ကိုင်ထားရသဖြင့် သူ၏လက်ဝါးများ ချွေးပြန်နေကာ ထိုအချိန်က သူ မည်မျှ စိုးရိမ်တကြီး ဖြစ်နေကြောင်းကို ပြသနေလေသည်။
အဘိုးအိုမှာ အသက်ခြောက်ဆယ်ကျော်နေပြီ ဖြစ်သည်။ သူသည် ဘဝ၏ ပထမထက်ဝက်ကို စစ်ပွဲများတွင် ကုန်ဆုံးခဲ့ရ၏။ သူသည် အဘိုးအိုတစ်ဦးဖြစ်သဖြင့် ဝက်ဝံအစာ ဖြစ်သွားလျှင်ပင် ကိစ္စမရှိပေ။
သို့သော် လီလန်၊ ဝေ့ကော်နှင့် လျူဇီ၊ ဤကလေးသုံးယောက်မှာ ငယ်ရွယ်နေသေးပြီး အကြီးဆုံးမှာ အသက် ၂၀ သာ ရှိသေးကာ အရွယ်ရောက်မွေးနေ့ပင် မကျင်းပရသေးချေ။ အကယ်၍ သူတို့သာ ဝက်ဝံနှင့် တကယ်တွေ့ခဲ့လျှင် ဘာလုပ်ကြမည်နည်း။
အဘိုးအိုတစ်ဦး၏ အသက်မှာ တန်ဖိုးမကြီးလှသော်လည်း လူငယ်များ၏ အသက်မှာမူ အဖိုးတန်လှသည်။ ကျန်းတာပေါင်သည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မမြင်တွေ့လိုသဖြင့် ဤမျှလောက် စိုးရိမ်နေရခြင်းဖြစ်သည်။
ကျောက်ထျဲ့ကျွင်းသည်လည်း သူ၏ အစ်ကိုအိုကြီးနည်းတူ ခံစားရပြီး ယခုအချိန်တွင် အလွန်စိတ်မသက်မသာ ဖြစ်နေကာ သူ၏ မှုန်ဝါးဝါး မျက်လုံးအိုကြီးများမှာ မြေးဖြစ်သူ ကျောက်လျူထံသို့ အဆက်မပြတ် စိုက်ကြည့်နေတော့သည်။
"လျူဇီ…နောက်ပိုင်း ဘာပဲဖြစ်ဖြစ် မင်း တောင်အောက်ကို ပြေးဆင်းသွား အဘိုး သူတို့ကို တားထားပေးမယ် နားလည်လား..."
ကျောက်ထျဲ့ကျွင်းက ကျယ်လောင်စွာ ပြောလိုက်သည်။
လျူဇီသည် သစ်သားရုပ်ကဲ့သို့ ခေါင်းညိတ်ပြလိုက်၏။
"အဘိုး ကျွန်တော် နားလည်ပါပြီ..."
ထိုအခါမှသာ အဘိုးကျောက်က စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်လေသည်။
သို့သော် သူ၏ စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ် ဖြစ်မလာခဲ့ပေ။ သစ်ခေါက်ပင်တောအုပ်မှာ ငြိမ်သက်နေပြီး သစ်ပင်ထိပ်များမှ ငှက်များ၏ တေးဆိုသံကိုသာ ကြားနေရသည်။
"ဒီနေရာမှာ မရှိဘူးလား..."
လီလန်က မျက်မှောင်ကျုံ့လိုက်သည်။
သူသည် အမဲလိုက်သေနတ်ကို သိမ်းဆည်းလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သစ်ခေါက်ပင်အောက်ရှိ ရှုပ်ပွနေသော ခြေရာများစွာကို သတိပြုမိသွားတော့သည်။
အများစုမှာ လူခြေရာများဖြစ်သော်လည်း လူခြေရာများနှင့် သိသိသာသာ ကွာခြားနေသည့် အလွန်ကြီးမားသော ခြေရာတစ်စုံလည်း ရှိနေလေသည်။
လီလန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝက်ဝံခြေရာများဖြစ်ကြောင်း မှတ်မိသွားတော့သည်။
"ဒီခြေရာတွေက..."
လီလန်သည် ခြေရာများကို လိုက်ကြည့်ရာ ဤခြေရာများမှာ သစ်ခေါက်ပင်တောအုပ်၏ အခြားတစ်ဖက်သို့ ဦးတည်သွားကြောင်း တွေ့ရှိလိုက်ရသည်။
"အဲဒါက..."