အခန်း ၃
Vol. 1 Ch. 3
အခန်း (၃) သုံးချောင်းထောက်စက်ဘီးကို အရှိန်ပြင်းပြင်းနင်းရင်း၊ မျက်လုံးဝိုင်းဝိုင်းနှင့် ချစ်စရာ ကောင်းသော မိန်းကလေးကို ဝင်တိုက်မိခြင်း
ပျံသန်းနိုင်သော သုံးချောင်းထောက်စက်ဘီးသည် လင်းဖန်၏ နင်းအားအောက်တွင် အရှိန်အဟုန်အသစ် တစ်ခုသို့ ရောက်ရှိသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်မှလိုက်လာသော ဝူယုံမှာ ဖုန်မှုန့် များ ကြားတွင် ပြတ်ကျန်ရစ်ခဲ့လေတော့သည်။
ထိုအချိန်တွင် မြေပြင်ပေါ်၌ ကျန်ရစ်ခဲ့သော ဝူယုံမှာ ပျံသန်းနိုင်စွမ်း မရှိသဖြင့် လင်းဖန် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ကာ မခံမရပ်နိုင်ဖြစ်၍ ဒေါသများဖြင့်သာ ကျန်ရစ်ခဲ့လေသည်။
ရန်သူကို ဖြတ်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်း လင်းဖန်သည် စက်ဘီးနင်းနှင်ခြင်းကို မရပ်တန့်ခဲ့ပေ။ သာမန် လူသားတစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ် ပျံသန်းရသည့် အရသာကို ခံစားလိုက်ရသဖြင့် လင်းဖန် မှာ မရပ်တန့်ချင်တော့ဘဲ ကောင်းကင်ယံထက်တွင် အရှိန်ပြင်းပြင်း နင်းနှင်နေတော့သည်။
အရှိန်မြှင့်နင်းနေရင်း သူသည် နာမည်မရှိသော သီချင်းတစ်ပုဒ်ကိုပင် ညည်းဆိုနေလိုက်သေး၏။
"သော့ကိုကောက်ကိုင် တံခါးကိုပိတ်၊ သုံးချောင်းထောက်စက်ဘီးကို ဂျုန်းဂျုန်းဂျိန်းဂျိန်းနဲ့ နင်းလိုက် မယ်..."
"ဂီယာငါးချက်ချိန်းပြီး အရသာခံ၊ ဘရိတ်ပေါ်လက်တင် အရှိန်ကိုတော့ ကျွမ်းကျင်စွာ မြှင့်ထားမယ်..."
"ဟွန်းကိုတီးမယ် တီတီတီ၊ အရှိန်တွေတက်လို့ အငွေ့အမည်းတွေ နောက်မှာကျန်ခဲ့ပြီ..."
"ရှေ့ကကားတွေ ဘေးကပ်ပေး၊ နောက်မှာ ယာဉ်တန်းကြီး လာနေတယ်ဟေ့…"
လင်းဖန် တစ်ယောက် အရှိန်ပြင်းပြင်း နင်းရသည့် အရသာတွင် နစ်မျောနေစဉ် စက်ဘီးဦးတည် ရာ လမ်းကြောင်းတွင် 'ဓားပျံ'ကို စီးနင်းလာသည့် မျက်လုံးဝိုင်းဝိုင်းနှင့် ချစ်စရာကောင်း သော မိန်းကလေး တစ်ဦး ရှိနေလေသည်။ ထိုဓားပေါ်တွင် ယိမ်းထိုးနေသော သူမ၏ ပုံစံကို ကြည့်ရုံနှင့်ပင် ဓားစီးပျံသန်း ခြင်းတွင် ကျွမ်းကျင်မှု မရှိသေးကြောင်း သိသာလှ၏။
လီလဲ့ယန်သည် ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းနေသည်။ 'အခြေခံအုတ်မြစ်တည်ဆောက် ခြင်း'အဆင့်သို့ ခုလေးတင် တက်လှမ်းနိုင်ခဲ့သဖြင့် သူမ၏ဖခင်ဖြစ်သူ ဂိုဏ်းချုပ်ထံမှ ဓားပျံတစ်လက်ကို လက်ဆောင်ရရှိခဲ့ရာ ခိုးထွက်၍ လေ့ကျင့်နေပျံသန်းခြင်း ဖြစ်သည်။
အမြင့်ကြောက်တတ်သူဖြစ်သော်လည်း ယခုကဲ့သို့ ပထမဆုံးအကြိမ် အမြင့်ကြီးတွင် ပျံသန်းနေရခြင်း က သူမ၏စိတ်ကို ဂုဏ်ယူမှုများဖြင့် ပြည့်နှက်စေခဲ့လေသည်။
"ဟင်... အဲဒါ ဘာကြီးလဲ…."
ရှေ့တည့်တည့်မှ ရုတ်တရက် ပေါ်လာသော မည်သည့်အရာမှန်းမသိသည့် ပျံသန်းနေသော အရာဝတ္ထု ကြီးကြောင့် လီလဲ့ယန် ကြောင်သွားရသည်။ သို့သော် ထိုအရာက တဖြည်းဖြည်း နီးကပ်လာသောအခါမှ လီလဲ့ယန် ထိတ်လန့်သွားတော့သည်။
"မဟုတ်ဘူး... ရပ်လိုက်ပါ…. မဟုတ်ဘူး... ရပ်ဦး….။"
လီလဲ့ယန်သည် ထိတ်လန့်တကြားဖြစ်သွားပြီး သူမထိန်းချုပ်ထားသော ပျံသန်းသည့်ဓားမှာ ရပ်တန့် မသွားသည့်အပြင် ပို၍ပင် အရှိန်မြှင့်သွားသည်။ တစ်ချိန်တည်းမှာပင် အရှိန်ပြင်းပြင်း နင်းလာသော လင်းဖန်မှာလည်း ခေါင်းတရမ်းရမ်းဖြင့် သီချင်းကို စည်းချက်ကျကျ အော်ဆိုနေဆဲ ဖြစ်သည်။
ထို့အပြင် သူသည် ယခုအချိန်တွင် သာမန်လူသားတစ်ဦးသာ ဖြစ်သေးသဖြင့် 'အခြေခံအုတ်မြစ်တည် ဆောက်ခြင်း' အဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ အဝေးကို မမြင်နိုင်ချေ။ လင်းဖန်သည် မျက်နှာချင်းဆိုင်မှ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဓားကို မြင်လိုက်ရသည့်အချိန်တွင် အားလုံး နောက်ကျသွားပြီ ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးချောင်းထောက်စက်ဘီးနှင့် ပျံသန်းသည့်ဓားတို့ တိုက်မိကြလေ တော့သည်။
"အား... ကယ်ကြပါဦး…. မဟုတ်ဘူး…."
၎င်းမှာ တိုက်မိပြီးနောက် ထွက်ပေါ်လာသော လီလဲ့ယန်၏ အသံဖြစ်သည်။
ပျံသန်းသည့်ဓားသည် သုံးချောင်းထောက်စက်ဘီးကို တိုက်မိကာ တစစီ ကျိုးပဲ့သွားတော့သည်။ ကောင်းကင်ယံ အမြင့်ကြီးထက်တွင် သူမ၏ဓား ကျိုးသွားသဖြင့် အမြင့်ကြောက်သော လီလဲ့ယန်မှာ ကြောက်လန့် တကြား အော်ဟစ်နေတော့သည်။
"ဟာ... သွားပြီ….ဝုန်း… အု... အု…"
၎င်းမှာ လူတစ်ဦးကို တိုက်မိပြီးနောက် ထွက်ပေါ်လာသော လင်းဖန်၏ အသံဖြစ်သည်။
ခြေဖဝါးအောက်မှ ဓားကို ဆုံးရှုံးလိုက်ရသော လီလဲ့ယန်သည် အရှိန်ကြောင့် လင်းဖန်၏ ကိုယ်ပေါ်သို့ တန်းပြီး ပြေးကပ်သွားသည်။ လင်းဖန်၏ မျက်နှာသည် ကြီးမားလှသော အဖုအထစ်နှစ်ခုကြားထဲသို့ တိုက်ရိုက် နစ်ဝင်သွားသဖြင့် "အု... အု" ဆိုသော အသံများသာ ထွက်နိုင်တော့သည်။
စိတ်ထဲတွင် အတော်လေး ရုန်းကန်လိုက်ရပြီးနောက် လင်းဖန်သည် ထိုဖိအားများကြားမှ ရုန်းထွက် နိုင်ခဲ့ပြီး သူတိုက်မိသည့်သူကို မြင်လိုက်ရသည်။
ဝိုင်းစက်သော မျက်လုံးများ၊ ရှည်လျားသော မျက်တောင်များ လှပသော နှာတံလေးအောက်ရှိ ချယ်ရီ သီးကဲ့သို့သော နှုတ်ခမ်းလေး...။
ဤကဲ့သို့ နုနယ်လှပသော လိုလီမျက်နှာလေးကြောင့် လင်းဖန်၏ရင်မှာ အနည်းငယ် ခုန်သွားရသည်။ ခုန က သူ၏မျက်နှာပေါ်မှ ဖိအားကို ပြန်တွေးကြည့်ရင်း သူတကယ်ပင် သဘောကျမိသွားသည်။
ကောင်းကင်ယံထက်တွင် အမြဲနေ၍ မရသဖြင့် လင်းဖန်သည် သုံးချောင်းထောက်စက်ဘီးကို မြေပြင်သို့ ဖြည်း ဖြည်းချင်း ဆင်းသက်ရန် ထိန်းချုပ်လိုက်သည်။ မြေပြင်သို့ နီးကပ်လာသောအခါ လင်းဖန်၏ စိတ် ထဲ တွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုအကြံကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် လင်းဖန်သည် သူ၏ကိုယ်ပေါ်တွင် မှောက် လျက်သားရှိနေသော မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းကလေးကို လက်တစ်ဖက်ဖြင့် မလိုက်ပြီး ကျန်လက် တစ်ဖက်က စက်ဘီးပေါ်ရှိ 'နေကာထီး' ကို ဆွဲယူလိုက်သည်။
ထို့နောက် လင်းဖန်သည် လီလဲ့ယန်ကို ပွေ့ချီလျက် စက်ဘီးပေါ်မှ ခုန်ချလိုက်တော့သည်။ ထီးကြီး ပွင့်သွားပြီးနောက် လင်းဖန်သည် လီလဲ့ယန်ကို ပွေ့ချီကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက် လာခဲ့သည်။
ဆင်းသက်နေစဉ်အတွင်း လင်းဖန်သည် ချစ်စရာကောင်းသော မိန်းကလေးကို ပွေ့ချီလျက် ကောင်းကင် ယံထက်တွင် တဖြည်းဖြည်း လည်ပတ်နေသည်။ ဤမြင်ကွင်းသည် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲထဲ တွင်ဆိုလျှင် အလွန်ပင် စွဲမက်ဖွယ်ကောင်းသော အခန်းတစ်ခု ဖြစ်ပေလိမ့်မည်။
"နတ်မိမယ်လေး... အဆင်ပြေရဲ့လား…. ဘယ်နားများ ထိခိုက်သွားလဲ…. ငါ တစ်ကိုယ်လုံးကို စစ်ဆေး ပေးရမလား….။"
အောင်မြင်စွာ ဆင်းသက်နိုင်ပြီးနောက် လင်းဖန်သည် လီလဲ့ယန်ကို စိုးရိမ်စကား ပြောလိုက်ပြီး လက် တွေ့ စစ်ဆေးရန် ပြင်လိုက်သည်။ သို့သော် လီလဲ့ယန်၏ အာရုံမှာ ယခုအချိန်တွင် သူမ၏ ဓားပျံ ပေါ်၌ သာ ရှိနေသည်။
"အား... ကျွန်မရဲ့ ဓားလေး။ ဘာလို့ ကျိုးသွားရတာလဲ…. ဒါက ကျွန်မအဖေ ခုနတင် ပေးထားတဲ့ ဓား လေးလေ…။"
မြေပြင်ပေါ်တွင် ထိပ်ပိုင်းကျိုးနေသော ဓားကိုကြည့်ကာ လီလဲ့ယန်မှာ ငိုချလိုက် လေတော့သည်။ ပျက်စီးသွားသော ဓားကို ကောက်ကိုင်ပြီး ကျိုးသွားသော ဓား၏ ထိပ်ပိုင်းကို လိုက်ရှာတော့သည်။
"ဟူး... တကယ့်ကို ရှုပ်ပွေတာပဲ။ ဒီလို ထူးဆန်းတဲ့ ယာဉ်တိုက်မှုကို တစ်ခါမှ မမြင်ဖူးဘူး..နတ်မိမယ် လေး မငိုပါနဲ့။ ဒါက ငါ့အမှားပါ၊ မင်းအတွက် ငါ တာဝန်ယူပေးပါ့မယ်…။"
ငိုယိုနေသော လီလဲ့ယန်ကို ကြည့်ရင်း လင်းဖန် ဘယ်လိုချော့ရမှန်းမသိဘဲ အပြစ်ကိုသာ ဝန်ခံလိုက် ရသည်။ သို့သော် လင်းဖန် စဉ်းစားရခက်နေသည်မှာ... ဤနတ်မိမယ်လေးက ဤမျှအထိ ငိုတတ်ပါသ လား…။
သူမသည် ငယ်စဉ်ကတည်းက မိသားစု၏ အလိုလိုက်ခြင်းကို ခံခဲ့ရပြီး လောကအကြောင်း သိပ်မသိ သေးသူ ဖြစ်ဟန်တူသည်။ သို့သော် ဤနတ်မိမယ်လေးကို သူကိုယ်တိုင် ငိုအောင်လုပ်ခဲ့ခြင်းဖြစ်ရာ ပြန်ချော့ရန်မှာ သူ၏တာဝန်ပင် ဖြစ်သည်။
*ကျိုးသွားတဲ့ နတ်ဓားတစ်လက်ပဲ မဟုတ်လား…။ ငါက ရင်စီးအတွင်းခံတွေ ရောင်းရုံတင်မကဘူး၊ လက်နက်ပြင်တဲ့ အလုပ်ကိုလည်း လက်ခံတယ်လေ…။*
ချက်ချင်းပင် လင်းဖန်သည် သုံးချောင်းထောက်စက်ဘီးဆီသို့ လျှောက်သွားပြီး စက်ဘီးပေါ်ရှိ 'ကမ္ဘာ ပေါင်းများ စွာ ရတနာသေတ္တာ' ထဲမှ (၅၀၂) ကော်တစ်ဘူးကို ထုတ်ယူလိုက်သည်။ စနစ်ထံမှ ဤရတနာ သေတ္တာကို ရရှိစဉ်က အထဲတွင် ပစ္စည်းနှစ်ခု ပါဝင်သည် - ၎င်းတို့မှာ (၅၀၂) ကော်တစ်ဘူးနှင့် ကျောက် စဉ်းတစ်ခုတို့ ဖြစ်သည်။
ကျောက်စဉ်းမှာ ဓား၊ လှံ လက်နက်များကို သွေးရန်အတွက် ဖြစ်သော်လည်း (၅၀၂) ကော်မှာမူ ပျံသန်း သည့်ဓားကဲ့သို့သော မှော်ပစ္စည်းများကို ပြုပြင်ရန်အတွက် ဖြစ်သည်။
ထိုအချိန်တွင် လီလဲ့ယန်သည် ကျိုးသွားသော ဓားထိပ်ပိုင်းကို ရှာတွေ့သွားသည်။ နှစ်ပိုင်းကွဲနေသော ဓားကိုကြည့်ကာ သူမ ပို၍ပင် ဝမ်းနည်းစွာ ငိုတော့သည်။
"နတ်မိမယ်လေး... မငိုပါနဲ့တော့။ ငါ အဲဒီဓားကို ပြင်ပေးနိုင်ပါတယ်…။"
လင်းဖန်၏ အသံကြောင့် လီလဲ့ယန်မှာ အငိုတိတ်သွားသည်။
"တ... တကယ်လား…။"
မျက်ရည်ဝိုင်းနေသော နတ်မိမယ်လေးကို ကြည့်ရင်း ဤကျင့်ကြံခြင်းလောကသည် သူမနှင့် မသင့်တော် ကြောင်း လင်းဖန် ခံစားလိုက်ရသည်။
"တကယ်ပေါ့၊ မင်းရဲ့ဓားကို မူလအတိုင်း ဖြစ်အောင် ပြင်ပေးမယ်လို့ ငါ အာမခံတယ်။ ဒါ့အပြင် ပိုတောင် အဆင့်မြင့်သွားဦးမလား မသိဘူး…။"
ပြောပြီးသည်နှင့် လင်းဖန်သည် နတ်မိမယ်လေး၏ လက်ထဲမှ ဓားကို ယူလိုက်သည်။ အရင်ဆုံး ဓားကိုယ် ထည်နှင့် ဓားထိပ်ပိုင်းရှိ ပြတ်နေသော နေရာများတွင် (၅၀၂) ကော်ကို သုတ်လိုက်ပြီး ဓားနှစ်ပိုင်းကို တစ်ခုနှင့်တစ်ခု ဖိကပ်လိုက်သည်။
"နတ်မိမယ်လေး... ငါ မင်းအတွက် မန္တန်တစ်ခု မန်းပေးမယ်။ ဒီပြတ်နေတဲ့ နေရာကို နတ်သက်ချီလေး တစ်ချက်လောက် မှုတ်ပေးပါဦး….။"
လင်းဖန်၏ စကားကို ကြားသောအခါ သူမ ဘာကြောင့် လုပ်ရမှန်းမသိသော်လည်း ခိုင်းသည့်အတိုင်း လုပ် ပေးလိုက်သည်။ နတ်မိမယ်လေး၏ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးမှ ထွက်ပေါ်လာသော အသက် ရှူ သံကို ခံစားရသဖြင့် သူမတွင် ခံတွင်းနံ့မရှိကြောင်း လင်းဖန် အတည်ပြုနိုင်ခဲ့သည်။
ကျင့်ကြံခြင်းလောကမှ နတ်မိမယ်တစ်ဦး ဖြစ်သည့်အတိုင်း သူမ၏ အသက်ရှူသံလေးကပင် မွှေးပျံ့နေ သည်။
"ကဲ... ရပြီ။ နတ်မိမယ်လေး ကြည့်လိုက်ဦး မင်းရဲ့ဓားက အသစ်အတိုင်း ပြန်ဖြစ်သွားပြီ…။"
လင်းဖန်၏ စကားကို ကြားပြီးနောက် လီလဲ့ယန်သည် ဓားကို အမြန်ယူ၍ သေချာ စစ်ဆေးကြည့်လိုက် သည်။
"ဝါး... တကယ် ပြုပြင်ပြီးသွားပြီပဲ။ ဘာအနာအဆာမှတောင် မတွေ့ရတော့ဘူး…။"
"ဟင်... ဓားက ဘယ်လိုလုပ်ပြီး 'ထိပ်တန်းအဆင့်' မှော်ပစ္စည်း ဖြစ်သွားတာလဲ။ ခုနက 'အဆင့်မြင့်' ပဲ ရှိသေးတာလေ…။"
ထျန်းယွမ်တိုက်ကြီးတွင် မှော်ပစ္စည်း အဆင့်များကို အနိမ့်၊ အလတ်၊ အဆင့်မြင့် နှင့် ထိပ်တန်း ဟူ၍ လေးမျိုး ခွဲခြားထား၏။ မှော်ပစ္စည်းများထက် ပိုမိုမြင့်မားသော မှော်ရတနာ များကိုမူ အဆင့် (၁) မှ (၉) ထိ ခွဲခြားထားသည်။
ချီစုဆောင်းခြင်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသည် မှော်ပစ္စည်းများ ကိုသာ အသုံးများကြပြီး ရွှေအမြုတေအဆင့်သို့ ရောက်မှသာ မှော်ရတနာများကို စတင် အသုံးပြုနိုင် ကြသည်။
ထို့အပြင် မှော်ပစ္စည်းနှင့် မှော်ရတနာများအပြင် 'အဆောင်ရတနာ'ဟုခေါ်သော အထူးပစ္စည်းတစ်မျိုး လည်း ရှိသေးသည်။ ၎င်းတို့ကို အဆောင်များ ပြုလုပ်သည့် နည်းလမ်းဖြင့် မှော်ပစ္စည်းအချို့တွင် မှော်ရတနာ၏ ဂုဏ်သတ္တိများ ထည့်သွင်း၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုအဆောင်ရတနာ များသည် အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် ကန့်သတ်ချက် ရှိတတ်သည်။
လင်းဖန် ရောင်းချနေသော ထိပ်တန်းအဆင့် ရင်စီးမှာ အမှန်တကယ်တွင် ဤအမျိုးအစားထဲ၌ ပါဝင် သည်။
သူမ၏ အဆင့်မြင့် မှော်ပစ္စည်းသည် (၅၀၂) ကော်ဖြင့် ပြုပြင်လိုက်ပြီးနောက် ထိပ်တန်းအဆင့် ဖြစ်သွား သည်ကို မြင်သောအခါ လင်းဖန်ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ အံ့သြပြီးနောက်တွင် သူ သည် နတ်မိမယ်လေးထံမှ ဂုဏ်ယူမှုကို ချက်ချင်း ခံယူလိုက်တော့သည်။
"အဟမ်း... နတ်မိမယ်လေးရဲ့ ဓားကို ပြင်ပေးဖို့အတွက် ငါ နှစ်ပေါင်းများစွာ တန်ဖိုးထား သိမ်းဆည်း ထားတဲ့ 'ထိပ်တန်း ကုန်ကြမ်း' တွေကို သုံးလိုက်ရတာဗျ။ ဒါကြောင့် အဆင့်တက်သွားတာက သဘာဝ ကျပါတယ်….။"
လင်းဖန်၏ စကားကို ကြားသောအခါ လီလဲ့ယန်သည် အပြင်လောကကြီးမှာ သူမ၏ဖခင် ဂိုဏ်းချုပ် ပြောသလောက် မရက်စက်ကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။