လင်းဖန်သည် ကျင့်ကြံခြင်းလောကသို့ ကူးပြောင်းလာပြီးနောက် ငွေဖြည့်သွင်းရုံဖြင့် ကျင့်ကြံမှုအဆင့် ကို မြှင့်တင်ပေးနိုင်သည့် ဆန်းကြယ်သော "စနစ်" တစ်ခုကို ပိုင်ဆိုင်ခဲ့လေသည်။ ထိုစနစ်ထဲသို့ ထည့်သွင်းရန် စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိရေးအတွက် သူသည် ဆေးလုံးများနှင့် မှော်ရတနာများကို စတင်ရောင်းချလေတော့သည်။ သို့သော် သူရောင်းသည့် ပစ္စည်းများမှာ အစွမ်းထက် သလောက် အလွန်ပင် ထူးဆန်းလှပေသည်။ ၎င်းတို့တွင် ကြောက်မက်ဖွယ်ကောင်းပြီး ရယ်ချင်စရာ ကောင်းသော ဘေးထွက်ဆိုးကျိုးများ အသီးသီး ပါရှိနေခဲ့ကြပေသည်။ ဝယ်သူများ၏ တိုင်တောမှုများကို ရင်ဆိုင်ရသည့်အခါတိုင်း လင်းဖန်ကတော့ အေးအေးဆေးဆေးပင် ပြန်ပြောလေ့ရှိသည်။ "ဆေးစားပြီး ဗိုက်ပွလို့ လေလည်တာက ဘာဖြစ်လို့လဲ... အဲ့ဒါက မင်းကို ပိုပြီး ဆွဲဆောင်မှုရှိစေ တာလေ..." ဝယ်သူ: "မင်းလို လူလိမ်ကုန်သည်... ဒီလောက်ကောင်းတယ်ဆို မင်းကိုယ်တိုင် ဘာလို့ မစားတာလဲ" လင်းဖန်: "ငါက ကျင့်ကြံဖို့ မလိုဘူးလေ... ဘာလို့ စားရမှာလဲ" ခြေဆီနံ့ကို အသုံးပြုပြီး အရှိန်မြှင့်တင်ပေးနိုင်သည့် ကောက်ရိုးဖိနပ်၊ ဝတ်လိုက်လျှင် ခွေးတစ်ကောင် အဖြစ် ပြောင်းလဲသွားစေသည့် ကိုယ်ပျောက်ဝတ်ရုံ... စသည်ဖြင့် ထူးဆန်းသော ပစ္စည်းများစွာ ရှိနေ သည်။ ဝယ်သူ: "မင်းလို ကောင်လိမ်ကောင်ညာ... ဒီပစ္စည်းတွေက တကယ်ကောင်းရင် မင်းကိုယ်တိုင် ဘာလို့ မသုံးတာလဲ" လင်းဖန်: "စီးပွားရေးသမားဆိုတာ အေးအေးချမ်းချမ်း ပိုက်ဆံရှာရတာ ဝါသနာပါတာ... တိုက်ခိုက်တာ ဝါသနာမပါဘူး… ဒါကြောင့် ငါ့မှာ ဒီပစ္စည်းတွေ မလိုဘူး.." လင်းဖန်: "နောက်ပြီး ငါ့မှာ ကိုယ်ပိုင် ပင်ကိုယ်မှော်ရတနာလည်း ရှိသေးတယ်... ပြီးတော့ ငါ့ဆိုင်မှာ 'အတိဒုက္ခအဆင့်' အထွတ်အထိပ်မှာ ရှိတဲ့ အစောင့်အရှောက်တစ်ယောက်လည်း ရှိတယ်ဆိုတာ မမေ့ နဲ့ဦး…" ဝယ်သူ: (ကြောက်လန့်တကြားဖြင့်) "စီနီယာ... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..." လင်းဖန်: "ငါက ဆေးလုံးနဲ့ မှော်ရတနာပဲ ရောင်းတာ မဟုတ်ဘူးနော်… လူပြန်ပေးဆွဲတာ၊ ဓားပြတိုက် တာ၊ ငွေညှစ်တာ... စတဲ့ ဝန်ဆောင်မှုတွေလည်း ပေးတယ်။ မင်းကော... ငါ့ရဲ့ တခြားလုပ်ငန်းတွေကိုရော အားပေးချင်သေးလား.."

