အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆) သတင်းကောင်းများ ဆင့်ကဲ ရောက်ရှိလာခြင်း
ထို့ကြောင့် သူတို့သည် ထျန်းယွမ်မြို့ရှိ အာဏာကို စွန့်လွှတ်လိုက်မည်ဆိုပါက သူတို့ ခံစားနေရသော အဆင်ပြေမှုအချို့နှင့် အကျိုးအမြတ် အနည်းငယ်မျှကိုသာ ဆုံးရှုံးရမည် ဖြစ်သည်။
ထို့အပြင် သူတို့အနေဖြင့် သဘောမတူဘဲ ငြင်းပယ်ခဲ့လျှင်ပင် အဓိကဂိုဏ်းကြီး လေးဂိုဏ်းဖြင့် ဖွဲ့စည်း ထားသော ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသည် ထျန်းယွမ်မြို့တွင် အခြားဂိုဏ်းများထက် များစွာ သာလွန်သော အင်အားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူတို့၏ အင်အားမှာ အဓိက မြင့်မြတ်နယ်မြေ လေးခုပြီးလျှင် ဒုတိယအဆင့်၌သာ ရှိနေလေပြီဖြစ်၏။
သူတို့အတွက်မူ အလျော့ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ထူးခြားသော ကွာခြားမှုတော့ မရှိပေ။ ထျန်းယွမ်မြို့အပေါ်ရှိ မပြောပလောက်သော အာဏာကို စွန့်လွှတ်ပြီး အင်မော်တယ် တစ်ပါးနှင့် လဲလှယ်ခြင်းမှာ မည်သို့ပင် ကြည့်စေကာမူ ထိုက်တန်သော အရောင်းအဝယ်တစ်ခုပင် ဖြစ်ပေသည်။
သို့သော် ထိုက်တန်သည်ဟု သိကြသော်လည်း သူတို့သည် စျေးနှုန်းကို အနည်းငယ် ထပ်၍ ဆစ်ရန် ကြံရွယ်နေကြသေးသည်။
သို့သော် သူတို့ စကားမပြောနိုင်ခင်မှာပင် အသံတစ်ခုက အရင်ဆုံး ထွက်ပေါ်လာခဲ့လေသည်။
“ငါ့ရဲ့ ရွှမ်းထျန်းဂိုဏ်းက မင်းရဲ့ အခြေအနေကို သဘောတူပါတယ် ရောင်းရင်း...။”
ထိုအသံလာရာဘက်သို့ ကြည့်လိုက်သောအခါ စကားပြောလိုက်သူမှာ ရွှမ်းထျန်းဂိုဏ်းမှ ဂိုဏ်းချုပ်ကိုယ် တိုင် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကံမကောင်းစွာဖြင့် သူတို့၏ ရွှမ်းထျန်းဂိုဏ်းသည် လက်ရှိ တွင် အရည်အချင်းရှိသော ဆက်ခံသူ ရှားပါးမှုနှင့် ရင်ဆိုင်နေရပေသည်။
ဂိုဏ်း၏ အင်မော်တယ်ဘိုးဘေးမှာလည်း သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သလို သူ လျာထားသော ဆက်ခံသူမှာလည်း မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။
အကယ်၍ သူတို့သည် သူတို့၏ ဘိုးဘေးကို အချိန်မီ သက်တမ်းမတိုးပေးနိုင်ပါက ရွှမ်းထျန်းဂိုဏ်းသည် ကျဆုံးအင်မော်တယ်၏ အကာအကွယ်မရှိသော ကာလတစ်ခုကို ဖြတ်သန်းရပေလိမ့်မည်။ ထိုကာလ အတွင်း အခြားဂိုဏ်းများက သူတို့ကို စောင့်ကြည့် အမြတ်ထုတ်ကြမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့် ရွှမ်းထျန်းဂိုဏ်းချုပ်သည် ဤနေရာသို့ မလာခင်ကတည်းကပင် မည်သည့်စျေးနှုန်းကိုမဆို ပေးရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပေသည်။
ရွှမ်းထျန်းဂိုဏ်းက အရင်ဆုံး သဘောတူလိုက်သဖြင့် စျေးဆစ်ရန် ပြင်နေသော အခြားအင်အားစုများ အပေါ် ဖိအားများ ကျရောက်သွားတော့သည်။ သူတို့သည် ရွှမ်းထျန်းဂိုဏ်းချုပ် မြန်မြန်ဆန်ဆန် သဘော တူလိုက်သည်ကို စိတ်ထဲမှ မကျေမနပ် ဖြစ်နေကြသော်လည်း နောက်ဆုံးတွင်တော့ မတတ်သာဘဲ လိုက်၍ သဘောတူလိုက်ရတော့ပေသည်။
“ဟဲဟဲ...။ ရွှမ်းထျန်းဂိုဏ်းက ရောင်းရင်းက ငါတို့ထက် အရင်ဦးသွားတာပဲ...၊ ငါ့ရဲ့ ယွီကျန့်ဂိုဏ်းကလည်း ဒီအခြေအနေကို သဘောတူပါတယ်...။”
“ငါတို့ရဲ့ ထျန်းကျီးဂိုဏ်းကလည်း မင်းရဲ့ အခြေအနေတွေကို သဘောတူပါတယ် ရောင်းရင်း...။”
“သဘောတူတယ်...။ မင်း အဆိုပြုထားတဲ့ အချက်တွေအတိုင်းပဲ အရောင်းအဝယ်ကို ဆက်လုပ်ကြ ရအောင်...။”
ထို့ကြောင့် အရောင်းအဝယ်မှာ အလွန်ပင် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ ယနေ့ ရောက်ရှိလာသော အဆင့်ေကိုးဂိုဏ်း ငါးဂိုဏ်းစလုံးသည် လင်းဖန်၏ အခြေအနေများကို သဘောတူညီခဲ့ကြလေသည်။ နှစ်ဖက်စလုံး စာချုပ် လက်မှတ်ရေးထိုးပြီးနောက် လင်းဖန်သည် အင်မော်တယ်ရုပ်သေးဆေးလုံးများကို ထုတ်ယူကာ ဂိုဏ်းငါးဂိုဏ်းမှ လူများထံ လွှဲအပ်ပေးလိုက်လေတော့သည်။
“ရောင်းရင်းတို့က ပွင့်လင်းလှချည်လား...။ အာဏာလွှဲပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ ပြန် ရောက်တာနဲ့ မင်းတို့ဆီကို တစ်ယောက်ယောက် လွှတ်ပြီး စီစဉ်ပေးပါ့မယ်...။”
“ဟားဟား...၊ မင်းက ငါတို့ကို ဒီလောက်တောင် ယုံကြည်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး...။ အာဏာ လွှဲပြောင်းမှု ပြီးဆုံးတဲ့အထိ စောင့်ပြီးမှ ဆေးလုံးကို ပေးမယ်လို့ ငါ ထင်နေတာ...။”
“ဟုတ်ပါရဲ့...။ ငါတို့ကပဲ စိတ်ထား နည်းနည်း ကျဉ်းမြောင်းနေခဲ့တာပါ...။”
အကြောင်းပြချက်မရှိသော ချီးမွမ်းမှုများကို ကြားလိုက်ရသဖြင့် လင်းဖန်မှာ စကားပင် မဆိုနိုင်တော့ ပေ။ သူသည် ထိုမျှအထိ ဝေးဝေးလံလံ မစဉ်းစားခဲ့ဘဲ တစ်ဖက်လူကို ဆေးလုံးများ အမြန်ဆုံး ပေးလိုက် ကာ ထိုဂိုဏ်းများ၏ ဘိုးဘေးများကို ကျေးကျွန်ပြုလိုရုံသက်သက်သာ ဖြစ်ချေသည်။
“ဟဲဟဲ... ဒါက ငါတို့ ဟင်းလင်းပြင်မျှော်စင်က ဝယ်ယူသူတွေအပေါ် အမြဲတမ်း ဆက်ဆံနေကျ ပုံစံပါပဲ..၊ အနာဂတ်မှာလည်း ငါတို့ရဲ့ စီးပွားရေးကို ဆက်ပြီး အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။”
ထိုစကားကို ကြားသောအခါ အားလုံးက အလျင်အမြန်ပင် ပြန်လည် တုံ့ပြန်ကြလေသည်။
“ဟားဟား...။ ရောင်းရင်း စိတ်ချပါ... ၊အခုကစပြီး ငါ ဆေးလုံးတွေနဲ့ မှော်လက်နက်တွေ ဝယ်မယ်ဆိုရင် ဟင်းလင်းပြင်မျှော်စင် တစ်ခုတည်းကိုပဲ ရှာတော့မှာပါ...။”
အားလုံး၏ စကားများကို နားထောင်ရင်း လင်းဖန်သည် ပျော်ရွှင်နေစဉ်မှာပင် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်လာပြန်သည်။ ထို့နောက် သူက ဟင်းလင်းပြင်တိုကင်ပြား ငါးခုကို ထုတ်ယူကာ လူအုပ်ထံသို့ ပေးအပ်လိုက်လေသည်။
“ရောင်းရင်းတို့က ဒီလောက်တောင် ရက်ရောမှတော့ ငါလည်း တစ်ခုခု ပြန်ပေးသင့်တာပေါ့...။”
“ဒါက ငါ့ရဲ့ ဟင်းလင်းပြင်မျှော်စင် အဆောင်ပြားပဲ...။ ဒီအဆောင်ပြားနဲ့ဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင် မျှော်စင်မှာ အထူးအခွင့်အရေးတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်...။”
အားလုံးက စူးစမ်းလိုစိတ်ဖြင့် ဟင်းလင်းပြင်တိုကင်ပြားကို လက်ခံလိုက်ကြပြီးနောက် လင်းဖန်က ဆက်လက် ပြောဆိုလိုက်လေသည်။
“မင်းတို့အားလုံး ငါတို့ ဟင်းလင်းပြင်မျှော်စင်က ပေးနေတဲ့ တယ်လီပို့ အစီအရင် ဝန်ဆောင်မှု အကြောင်း သိကြမှာပါနော်...။”
လူတိုင်းက ထောက်ခံလိုက်လေသည်။
“သိတာပေါ့... သိတာပေါ့... ရောင်းရင်းရဲ့ လုပ်ဆောင်ချက်တွေက ကျုံးကျိုးက ကျင့်ကြံသူတွေအတွက် တကယ်ကို အကျိုးရှိစေပါတယ်...။”
လင်းဖန်က ခေါင်းခါယမ်းကာ နှိမ့်ချစွာ ပြောလိုက်လေသည်။
“ရောင်းရင်းတို့က ငါ့ကို မြှောက်ပင့်နေကြပြန်ပြီ...၊ ငါက စီးပွားရေး လုပ်နေတာပါ...။”
“ဒီအဆောင်ပြားနဲ့ဆိုရင် မင်းတို့က ငါ့ရဲ့ မြင့်မြတ်နယ်မြေကို ကြားစခန်းအနေနဲ့ အသုံးပြုပြီး ဟင်းလင်း ပြင်မျှော်စင် ရှိတဲ့ ဘယ်နေရာကိုမဆို တယ်လီပို့ လုပ်နိုင်မှာ ဖြစ်ပါတယ်...။”
လင်းဖန်၏ မိတ်ဆက်မှုက လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပေသည်။ ဤရတနာမှာ ဟင်းလင်းပြင် မျှော်စင်၏ တယ်လီပို့ အစီအရင်ထက်ပင် ပို၍ အဆင်ပြေနေသည်ပင်။ ၎င်းမှာ လက်ကိုင် တယ်လီပို့ အစီအရင်တစ်ခုကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလား။
ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် လင်းဖန်သည် အားလုံးကို ပြန်လည် ပို့ဆောင်ပေးခဲ့လိုက်လေသည်။ လင်းဖန်သည် ထွက်ခွာသွားသော လူအုပ်ကို ကြည့်ကာ ပြုံးလိုက်၏။
တစ်ဖက်လူများ ဂိုဏ်းသို့ အမြန်ဆုံး ပြန်ရောက်ကာ သူတို့၏ ဘိုးဘေးများကို ဆေးတိုက်ကျွေးလိမ့်မည် ဟု သူ မျှော်လင့်နေမိခဲ့လေတော့သည်။
“ဟဲဟဲ...၊ မကြာခင်မှာ ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှာ အစွမ်းထက်တဲ့ စစ်သူကြီး ငါးယောက် ထပ်တိုးလာတော့မယ်...။”
“ဒီဂိုဏ်း ငါးဂိုဏ်းရဲ့ ဘိုးဘေးတွေထဲက ဘယ်သူက အရင်ဆုံး ဆေးသောက်မလဲဆိုတာ ကြည့်ကြတာ ပေါ့...။”
သူသည် အင်မော်တယ်ရုပ်သေးဆေးလုံးကို သန့်စင်နေစဉ်မှာပင် ဆက်သွယ်မှု တစ်ခုကို တည်ဆောက် ရန်အတွက် ကောက်ရိုးရုပ်ပေါ်တွင် စုတ်တံဖြင့် ပုံတစ်ပုံ ဆွဲခဲ့လေသည်။ ထို့ကြောင့် တစ်ဖက်လူ ဆေး သောက်လိုက်သည်နှင့် လင်းဖန်က ချက်ချင်း သိရှိနိုင်မည် ဖြစ်ချေသည်။
တစ်ဖက်လူကို ဟင်းလင်းပြင်တိုကင်ပြား ပေးလိုက်ရခြင်း၏ အကြောင်းရင်းမှာလည်း ကျေးကျွန်ဖြစ် သွားသော ဂိုဏ်းအကြီးအကဲများ မိမိထံသို့ လာရောက် အလေးပြုရန် လွယ်ကူစေရန်ပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် သူတို့၏ ဂိုဏ်းများကို ပေါင်းစည်းရန် ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူသွားပေလိမ့်မည်။
[ဒင်…၊ အဆင့်မြင့် ဝိညာဉ်ကြောကို အောင်မြင်စွာ ဝါးမြိုပြီးပါပြီ။ ပိုင်ရှင်အနေနဲ့ ပဉ္စမမြောက် အတိ ဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။]
[ဒင်…။ အဆင့်မြင့် ဝိညာဉ်ကြောကို အောင်မြင်စွာ ဝါးမြိုပြီးပါပြီ။ ပိုင်ရှင်အနေနဲ့ ဆဌမမြောက် အတိ ဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ...။]
လင်းဖန်သည် ထိုဂိုဏ်းအကြီးအကဲများကို ကျေးကျွန်ပြုနိုင်မည့် သတင်းကို စောင့်စားနေစဉ်မှာပင် စနစ် ထံမှ အကြောင်းကြားချက်များ ဆက်တိုက် ရောက်ရှိလာခဲ့လေသည်။
ထို့အပြင် ၎င်းမှာ အဆင့်နှစ်ဆင့် ဆင့်ကဲ တက်လှမ်းသွားကြောင်း ဖော်ပြနေသည့် အကြောင်းကြားချက် ပင် ဖြစ်လေသည်။
မှန်ပေသည်။ ဆေးမီးဖိုဂိုဏ်း၏ အဆင့်မြင့် ဝိညာဉ်ကြော နှစ်ခုမှာ မူလကတည်းက တစ်နေရာတည်း တွင် ရှိနေခြင်းဖြစ်သဖြင့် လင်းဖန်က ဝိညာဉ်ကြော နှစ်ခုစလုံးကို တစ်ပြိုင်တည်း ဝါးမြိုပစ်ခဲ့ခြင်း ဖြစ်ချေသည်။
“ဟားဟား...၊ သတင်းကောင်းတွေ တစ်ခုပြီးတစ်ခုပါလား...။ အခု ဆဌမမြောက် အတိဒုက္ခအဆင့်ကို ရောက်ပြီဆိုတော့ အင်မော်တယ် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်...။”
“အဲဒီဂိုဏ်း ငါးဂိုဏ်းရဲ့ ဘိုးဘေးတွေကို အောင်မြင်စွာ ကျေးကျွန်ပြုနိုင်ပြီဆိုတာနဲ့ ဒီဂိုဏ်း ငါးဂိုဏ်းကို ပေါင်းစည်းပစ်မယ်...။”
“အဲဒီအခါ ရလာမယ့် အဆင့်မြင့် ဝိညာဉ်ကြောတွေက ငါ အင်မော်တယ် ဖြစ်လာဖို့အတွက် လုံလောက် တာထက်တောင် ပိုနေဦးမှာပဲ...။”
လင်းဖန်သည် တွေးလေ စိတ်လှုပ်ရှားလေ ဖြစ်ကာ အကျယ်ကြီး ရယ်မောလိုက်လေတော့သည်။
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်ဖို့က လက်တစ်ကမ်း အကွာမှာပဲ ရှိပါတော့တယ်...။]
“ဟဲဟဲ...။ အဆင့်နှစ်ဆင့် တက်ပြီးနောက်မှာ ဘယ်လို လုပ်ဆောင်ချက်တွေ ဖွင့်လှစ်လိုက်သလဲဆိုတာ ကြည့်ကြရအောင်...။”
ပဉ္စမမြောက် အတိဒုက္ခအဆင့်သို့ တက်လှမ်းခြင်း၏ လုပ်ဆောင်ချက်မှာ သုံးဘီးစက်ဘီး၏ စိတ်ဝိညာဉ် နိုးထလာခြင်း ဖြစ်မည်ဟု လင်းဖန် ခန့်မှန်းနိုင်ပေသည်။ သို့သော် ဆဌမမြောက် အတိဒုက္ခအဆင့်တွင် ဖွင့်လှစ်သော လုပ်ဆောင်ချက်မှာမူ မသေချာပေ။ အမှန်စင်စစ် ကမ္ဘာဦးသစ်ပင် ရတနာသေတ္တာမှာ ယခု အချိန်အထိ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ငြိမ်သက်နေဆဲပင် ဖြစ်လေသည်။
လင်းဖန်က စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်သောအခါ...၊
မှန်ပေသည်။ ပထမဆုံး ထပ်တိုးလာသော လုပ်ဆောင်ချက်မှာ သုံးဘီးစက်ဘီး၏ စိတ်ဝိညာဉ် နိုးထခြင်း ပင်ဖြစ်လေသည်။ ဒုတိယမြောက် လုပ်ဆောင်ချက်ကမူ လင်းဖန်ကို အံ့အားသင့်သွားစေခဲ့သည်။
“အမြစ်တွယ်ခြင်း...။ အဲဒါက ဘာကို ဆိုလိုတာလဲ...။”
ဒုတိယ လုပ်ဆောင်ချက်မှာ ကမ္ဘာဦးသစ်ပင် ရတနာသေတ္တာနှင့် ပတ်သက်နေသည်။ သို့သော် ၎င်းမှာ စိတ်ဝိညာဉ် နိုးထခြင်း မဟုတ်ဘဲ ထူးဆန်းသော အမြစ်တွယ်ခြင်း လုပ်ဆောင်ချက် ဖြစ်နေခဲ့သည်။
လင်းဖန်သည် ဝိညာဉ်ကြော ငါးခုကို ရရှိတော့မည်ဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ ယခု တစ်ကြိမ်တွင် စနစ်သည် အစပျိုးကာ ရှင်းပြလာခဲ့လေသည်။
[ပိုင်ရှင်...၊ ဒီအမြစ်တွယ်ခြင်း စွမ်းရည်က တကယ်ကို ကောင်းမွန်လှပါတယ်...။ ဒါက ကမ္ဘာဦးသစ်ပင်ရဲ့ တန်ဖိုးကို စတင် ပြသလာတာပါပဲ...။]
[ပိုင်ရှင်အနေနဲ့ ကမ္ဘာဦးသစ်ပင် ရတနာသေတ္တာကို မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်အတွင်းမှာ အမြစ် တွယ်ဖို့ ရွေးချယ်နိုင်ပါတယ်...။]
[ဒါက မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်ရဲ့ ကြီးထွားမှုအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်...။]
စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းဖန်သည် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။
ဤအရာက မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်အတွင်း အမြစ်တွယ်ကာ ဟင်းလင်းပြင်ကို တည်ငြိမ်စေပြီး ၎င်းကို ကမ္ဘာတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစေရန် ကူညီပေးမည် မဟုတ်ပါလား။
“ကောင်းတယ်...၊ ကောင်းတယ်...၊ တကယ့်ကို ကောင်းတယ်... ။'ကမ္ဘာ' ဆိုတဲ့ စကားလုံးပါတဲ့ ရတနာ ဆိုတဲ့အတိုင်း သူ့ရဲ့ နာမည်နဲ့ လိုက်ဖက်လှပါပေတယ်...။ မလှုပ်ရှားခင်အထိ ငြိမ်နေပေမဲ့ လှုပ်ရှားလိုက် တာနဲ့ အားလုံးကို အံ့သြသွားစေတာပါပဲ...။”
“မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်ထဲမှာ ကမ္ဘာဦးသစ်ပင်ရဲ့ ကောင်းချီးပေးမှုသာ ရှိမယ်ဆိုရင် ငါ့ရဲ့ မြင့်မြတ်နယ်မြေက ဒုတိယ အင်မော်တယ်ဘုံ ဖြစ်လာနိုင်တဲ့ အလားအလာ မရှိဘူးလား...။”
“ဘုရားရေ...၊ ဒါဆိုရင် အနာဂတ်မှာ ကျင့်ကြံသူတွေ အင်မော်တယ်အဖြစ် တက်လှမ်းတဲ့အခါ ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို တိုက်ရိုက် ရောက်လာကြတော့မှာပေါ့...။”
ဤသို့ တွေးလိုက်ရုံဖြင့်ပင် လင်းဖန်သည် ကမ္ဘာဦးသစ်ပင် ရတနာသေတ္တာကို ထုတ်ယူရန် မစောင့်နိုင် တော့ပေ။ ထို့နောက် သူသည် မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်အတွင်း သင့်တော်သော နေရာတစ်ခုကို ရှာဖွေကာ ရတနာသေတ္တာ၏ အမြစ်တွယ်ခြင်း လုပ်ဆောင်ချက်ကို တိုက်ရိုက် စတင်လိုက်တော့သည်။
အမြစ်တွယ်ခြင်း လုပ်ဆောင်ချက်ကို စတင်လိုက်သည်နှင့် ကမ္ဘာဦးသစ်ပင် ရတနာသေတ္တာသည် လှုပ်ရှားသက်ဝင်လာသော လက္ခဏာများကို ပြသလာခဲ့သည်။ ရုတ်တရက်ဆိုသလို သေးငယ်သော သစ်မြစ်ပေါင်းများစွာသည် ရတနာသေတ္တာထဲမှ ထွက်ပေါ်လာပြီး မြင့်မြတ်သော ဟင်းလင်းပြင်၏ မြေကြီးအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားကြလေတော့သည်။
ထိုမျှတင် မကသေးပေ။ ရတနာသေတ္တာသည် အမြစ်တွယ်သွားသည်နှင့်အမျှ ၎င်း၏ ပုံသဏ္ဌာန်မှာ လည်း တဖြည်းဖြည်း ပြောင်းလဲလာလေတော့သည်။ မကြာမီမှာပင် ရတနာသေတ္တာမှာ ပျောက်ကွယ် သွားပြီး သစ်ပင်ငယ်လေးတစ်ပင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
“ဒီကမ္ဘာဦးသစ်ပင်က ကြည့်ရတာ တကယ်ကို ရုပ်ဆိုးလှချည်လား...။”