အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) ဟင်းလင်းပြင်တံဆိပ်တော်နှင့် ကိုယ့်ကိုယ်ကိုယ် နာကျင်စေသော ကမ္ဘာဦးသစ်ပင်
မကြာမီမှာပင် “ဒင်” ခနဲ မြည်သံနှင့်အတူ ပေါင်းစပ်ဖန်တီးမှု အောင်မြင်သွားခဲ့လေသည်။
ထိုအသံကို ကြားသည်နှင့် လင်းဖန်သည် မီးဖိုကို ဖွင့်ရန် မစောင့်နိုင်တော့ပေ။ မီးဖိုအတွင်းရှိ နှမ်းစေ့ခန့် ရှိသော အရာများကို မြင်သောအခါ လင်းဖန်သည် စစ်ဆေးခြင်းလုပ်ဆောင်ချက်ကို ချက်ချင်း အသက် သွင်းလိုက်လေသည်။
[ဟင်းလင်းပြင်တံဆိပ်တော် - ကန့်သတ်ချက်ရှိသော အင်မော်တယ်ရတနာ]
[ဖော်ပြချက် : ဟင်းလင်းပြင်အဆောင်ပြား၏ တည်နေရာမှတ်စွမ်းအားနှင့် (၅၀၂) ကော်၏ ကပ်ငြိမှုစွ မ်းအားတို့ကို ပေါင်းစပ်ထားသော ထုတ်ကုန်တစ်ခု ဖြစ်သည်။]
[လုပ်ဆောင်ချက် : ပစ်မှတ်ပေါ်တွင် တည်နေရာမှတ်ကို အတင်းအကျပ် ရိုက်နှိပ်ပေးနိုင်ပြီး တိုက်ရိုက် တယ်လီပို့နိုင်စွမ်း ရှိသည်။]
[ဘေးထွက်ဆိုးကျိုး : တံဆိပ်ရိုက်နှိပ်ထားသည့်နေရာမှာ သိသိသာသာ မြင်တွေ့နိုင်သည်။]
ဟင်းလင်းပြင်တံဆိပ်တော်၏ အကျဉ်းချုပ်ကို ကြည့်ပြီး လင်းဖန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤဟင်းလင်းပြင်တံဆိပ်တော်၏ လုပ်ဆောင်ချက်က သူ၏လိုအပ်ချက်နှင့် အပြည့်အဝ ကိုက်ညီပေ သည်။
ဤရတနာသည် အဘယ်ကြောင့် ကန့်သတ်ချက်ရှိသော အမျိုးအစားဖြစ်နေရသည်ကို လင်းဖန် ချက် ချင်း နားလည်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် တည်နေရာမှတ် လုပ်ဆောင်ချက်ကို သူကိုယ် တိုင်သာ ဟင်းလင်းပြင် အင်မော်တယ်ဘုံအတွင်း အသုံးပြုနိုင်သောကြောင့် ဖြစ်ပေသည်။
ဤနေရာတွင် ကန့်သတ်ချက် နှစ်မျိုးရှိနေ၏။ ပထမတစ်ခုမှာ သူကိုယ်တိုင်သာ အသုံးပြုနိုင်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ပစ်မှတ်ထားရာနေရာသို့ တယ်လီပို့လိုပါက ဟင်းလင်းပြင် အင်မော်တယ်ဘုံသို့ အရင် ပြန်လာရမည်ဟူသော အချက်ပင် ဖြစ်သည်။
ဤဒုတိယကန့်သတ်ချက်မှာ လင်းဖန်အတွက် ဘာမှမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် အင်မော်တယ်ဘုံသို့ ပြန်လာခြင်းမှာ စိတ်ကူးလိုက်ရုံမျှဖြင့် ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဘေးထွက် ဆိုးကျိုးနှင့် ပတ်သက်၍မူ လင်းဖန်၏ စိတ်ထဲတွင် အချို့ကို ခန့်မှန်းမိပြီးသား ဖြစ်လေသည်။
သူ၏ ခန့်မှန်းချက် မှန် မမှန် အတည်ပြုရန်အတွက် လင်းဖန်သည် အကျဉ်းချခံထားရသော ဝိညာဉ် ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင် ရှိရာသို့ တိုက်ရိုက်သွားကာ စမ်းသပ်ရန် ပြင်လိုက်လေသည်။ လင်းဖန်သည် သူ၏ အင်မော်တယ်စွမ်းအားများကို ဟင်းလင်းပြင်တံဆိပ်တော်ထဲသို့ စီးဝင်စေကာ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ကို ပစ်မှတ်အဖြစ် ရွေးချယ်လိုက်လေသည်။
လင်းဖန်၏လက်ထဲရှိ နှမ်းစေ့အရွယ် ဟင်းလင်းပြင်တံဆိပ်တော်သည် ချက်ချင်းပင် ပျောက်ကွယ်သွား ခဲ့လေသည်။ တံဆိပ်ရိုက်နှိပ်ခြင်း အောင်မြင်သွားသည်ကို ခံစားမိပြီးနောက် လင်းဖန်သည် ဝိညာဉ်ချုပ် နှောင်ခြင်း အင်မော်တယ်ဘုရင်ကို ဂရုတစိုက် စတင်ကြည့်ရှုလေတော့သည်။
“ဟာ... ဒါကတော့ သိသာလွန်းတယ်လေ...”
ရုတ်တရက်ဆိုသလို အစောပိုင်းက သန့်ရှင်းနေသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်တွင် နှမ်းစေ့အရွယ် တံဆိပ်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုတံဆိပ်မှာ တစ်ဖက်လူ၏ မျက်ခုံးနှစ်ခုကြား တည့်တည့်တွင် တည်ရှိနေခြင်းပင်။
“ကံကောင်းလို့ ဟင်းလင်းပြင်အဆောင်ပြားကို နှမ်းစေ့အရွယ်လောက်ထိ အနုစိတ် ဖန်တီးလိုက်လို့ ပေါ့... ဒီထက်သာ ကြီးသွားရင်တော့ တစ်ဖက်လူမှာ တတိယမျက်လုံး ပေါက်လာပြီလို့ ထင်နေတော့မှာ ပဲ...”
ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ မျက်ခုံးကြားရှိ တံဆိပ်ကို ကြည့်ရင်း လင်းဖန် တစ် ယောက် ပြောစရာစကား မရှိအောင် ဖြစ်သွားခဲ့ရလေသည်။ အကယ်၍ ထိုတံဆိပ်က အမည်းရောင်သာ ဆိုလျှင် မျက်ခုံးကြားရှိ မှည့်တစ်လုံးဟုပင် အကြောင်းပြ၍ ရနိုင်သေး၏။ သို့သော် ဤတံဆိပ်က ရွှေ ရောင် ဖြစ်နေခဲ့ပေသည်။
လင်းဖန်တွင် ရွှေရောင် ရေရှည်သုံးအဆောင်ပြားနှင့် မီးခိုးရောင် တစ်ကြိမ်သုံးအဆောင်ပြားဟူ၍ ဟင်း လင်းပြင်အဆောင်ပြား နှစ်မျိုးရှိ၏။ လင်းဖန်သည် ဤလက်နက်ဖန်တီးမှုက အလွန်အရေးကြီးသည်ဟု ခံစားရသဖြင့် ထိုရွှေရောင် ရေရှည်သုံး အဆောင်ပြားများကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
*သွားပြီ... ငါ မီးခိုးရောင် တစ်ကြိမ်သုံး အဆောင်ပြားကိုပဲ သုံးလိုက်သင့်တာ...*
*ဒါပေမဲ့လည်း... တစ်ကြိမ်သုံးအဆောင်ပြားနဲ့ ဖန်တီးထားတဲ့ ဟင်းလင်းပြင်တံဆိပ်တော်ဆိုရင် တစ်ခါ တယ်လီပို့ပြီးတာနဲ့ ပျောက်သွားမယ့် တံဆိပ်မျိုးပဲ ဖြစ်မှာပေါ့... *
*ထားလိုက်ပါတော့... သိသာလည်း ဘာဖြစ်လဲ... သူတို့ သိသွားရင်တောင် ဒါကို ဖယ်ရှားနိုင်မှာ မဟုတ် ပါဘူး... ဒီ (၅၀၂) ကော်ရဲ့ ကပ်ငြိမှုစွမ်းအားက နောက်စရာတော့ မဟုတ်ဘူးလေ... *
*ဒါပေမဲ့ နောက်ကျလို့ လူတွေအများကြီးကို ဒီတံဆိပ် ရိုက်နှိပ်လိုက်ရင်တော့ ထူးဆန်းတဲ့ အဖွဲ့အစည်း တစ်ခုလို ဖြစ်မသွားဘူးလား... *
လင်းဖန်သည် ခေါင်းကိုခါယမ်းကာ ထိုအကြောင်းများကို ဆက်မတွေးတော့ဘဲ နောက်ထပ်လုပ်ဆောင် ရမည့် ကိစ္စကို စဉ်းစားလိုက်သည်။ ၎င်းမှာ သူဖမ်းဆီးထားသည့် အင်မော်တယ်ဘုရင် နှစ်ပါးကို မည်သို့ ကျွန်ပြုရမည်နည်း ဟူသော အချက်ပင်။
တစ်စုံတစ်ယောက်သည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားလျှင် ၎င်းတို့ကို ကျွန်ပြုရန်မှာ အလွန်ခက်ခဲသွားပြီ ဖြစ်သည်။ ထျန်းယွမ်တိုက်ကြီးတွင် သူအသုံးပြုခဲ့ဖူးသော စိတ်ဝိညာဉ်ထိန်းချုပ် ဆေးလုံးနှင့် နတ်ဘုရားသတ်နှင်တံတို့မှာ လုံးဝ အသုံးဝင်တော့မည် မဟုတ်ပေ။ အလုပ်ခန့်ထားမှု စာချုပ်သည်ပင် အင်မော်တယ်ဘုရင်အတွက် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိပေလိမ့်မည်။
ခဏတာ စဉ်းစားပြီးနောက် လင်းဖန်သည် မည်သည့် လမ်းစမှ မရသဖြင့် ကမ္ဘာဦးသစ်ပင်၏ သစ်ရွက် များဆီသို့သာ အကြည့်ပို့လိုက်ရတော့သည်။ လင်းဖန်သည် ကမ္ဘာဦးသစ်ပင်အနီးသို့ ချဉ်းကပ်သွားပြီး မျက်နှာထားကို တင်းမာထားကာ ဖြည်းညင်းစွာ ပြောလိုက်လေ၏။
“သစ်ပင်လေး... ငါ့မှာ အင်မော်တယ်တွေကို ကျွန်ပြုဖို့ ရတနာတစ်ခု အရေးတကြီး လိုအပ်နေတယ်... ဒါပေမဲ့ ဘယ်လို ဖန်တီးရမလဲဆိုတာ လမ်းစမရသေးဘူး... ဒါကြောင့် မင်းရဲ့ သစ်ရွက်တွေကို ရတနာနဲ့ လဲလှယ်ပြီး ကံစမ်းကြည့်ရတော့မှာပဲ...”
“မင်းလည်း မင်းရဲ့ခေါင်းပေါ်က ဆံပင်တွေကို ငါ ဆွဲနှုတ်တာမျိုး မခံချင်ဘူးမလား...”
“ဒါကြောင့် အခုကစပြီး လိမ္မာစမ်းပါ... ငါ ပထမဆုံးအကြိမ် ကြိုးစားတာနဲ့တင် ငါလိုချင်တဲ့ ရတနာ ရအောင် လုပ်ပေးစမ်း...”
လင်းဖန် ပြောပြီးသည်နှင့် ကမ္ဘာဦးသစ်ပင်မှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ ၎င်းမှာ လင်းဖန်၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်နေခြင်းလော သို့မဟုတ် ကြောက်လန့်နေခြင်းလော ဆိုသည်မှာတော့ မသဲကွဲပေ။
လင်းဖန်ကမူ ထိုအရာကို ဂရုမစိုက်ဘဲ သစ်ရွက်တစ်ရွက်ကို ဆွဲနှုတ်လိုက်ကာ သူလိုချင်သော ရတနာနှင့် လုပ်ဆောင်ချက်ကို စိတ်ထဲတွင် ပုံဖော်၍ ချက်ချင်း လဲလှယ်လိုက်လေ၏။ ခဏကြာသည်အထိ လင်းဖန် ၏ လက်ထဲရှိ သစ်ရွက်မှာ မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ ငြိမ်သက်နေဆဲပင်။
“ဘာလဲ... မင်းက အလျှော့ပေးလိုက်ပြီပေါ့လေ... ငါ့ကို မယုံဘူးလား... မင်း ပြောင်သလင်းခါသွားတဲ့ အထိ ငါ လုပ်ပစ်လိုက်မယ်နော်...”
သို့သော် လင်းဖန်၏ ခြိမ်းခြောက်မှုကို ကမ္ဘာဦးသစ်ပင်၏ ပင်စည်မှာ ပြင်းထန်စွာ တုန်ခါခြင်းဖြင့်သာ တုံ့ပြန်ခဲ့လေသည်။ ထိုအချိန်တွင် စနစ်၏အသံမှာလည်း လင်းဖန်၏ စိတ်ထဲတွင် မြည်လာခဲ့ပေသည်။
စနစ် :[ ခဏလေး ပိုင်ရှင်... ဘယ်လိုရတနာမျိုးကို တွေးနေတာလဲ... ဘာလို့ လဲလှယ်တဲ့ လုပ်ဆောင်ချက် က ရပ်တန့်နေရတာလဲ...]
စနစ်၏ ညည်းညူသံကို ကြားရသောအခါ လင်းဖန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက် လေသည်။
“အမ်... ငါက သေခြင်းရှင်ခြင်းစာအုပ်လိုမျိုး တစ်ခုခုကို လိုချင်လို့ပါ... အဲဒီပေါ်မှာ လူတစ်ယောက်ရဲ့ နာမည်ကို ရေးလိုက်တာနဲ့ သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်နိုင်မယ့်ဟာမျိုးလေ...”
“စဉ်းစားကြည့်စမ်း... ရန်သူနဲ့ တွေ့တဲ့အခါ စစ်ဆေးခြင်းလုပ်ဆောင်ချက်ကို သုံးပြီး သူတို့နာမည်ကို သိအောင်လုပ်မယ်... ပြီးရင် သေခြင်းရှင်ခြင်းစာအုပ်ထဲမှာ သူတို့နာမည်ကို ရေးပြီး သူတို့ရဲ့ အသက်ကို တိုက်ရိုက် ထိန်းချုပ်လိုက်မယ်... ဒါက သူတို့ကို ကျွန်ပြုဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလား...”
[...]
လင်းဖန်၏ စိတ်ကူးကြောင့် စနစ်မှာ စကားပင် မဆိုနိုင်တော့ပေ။ ဤမျှအဆင့်အတန်း မြင့်မားလှသော အရာကို အလွယ်တကူ လဲလှယ်၍ ရနိုင်မည်ဟု ထင်နေပါသလော။
စနစ် စကားမပြောနိုင်ခင်မှာပင် လင်းဖန်က ဆက်ပြောလိုက်လေ၏။
“နောက်ထပ် အစီအစဉ်တစ်ခုလည်း ငါ စဉ်းစားထားသေးတယ်... နတ်ဘုရားခန့်အပ်ခြင်းစာရင်း အကြောင်း ကြားဖူးလား... သေခြင်းရှင်ခြင်းစာအုပ်နဲ့ လဲလို့မရရင် နတ်ဘုရားခန့်အပ်ခြင်းစာရင်းနဲ့ လဲပေးလည်း အဆင်ပြေပါတယ်...”
“တစ်ခါတည်းနဲ့ ငါ့ရဲ့ နတ်ဘုရားစာရင်းထဲမှာ မင်းတို့နာမည် ပါသွားပြီဆိုတာနဲ့ မင်းတို့အားလုံး ငါ့ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားမှာပဲ...”
[...]
စနစ် :[ ကျွန်တော် တကယ်ပဲ လေးစားသွားပါပြီ ပိုင်ရှင်... ခင်ဗျား တကယ်ကို မဖြစ်နိုင်တာတွေကို တွေးရဲတာပဲ...]
စနစ် :[ ဒါက နုပျိုသေးတဲ့ ကမ္ဘာဦးသစ်ပင်လေးပဲ ရှိပါသေးတယ်... ခင်ဗျားဆီမှာ ရှိတာကလည်း သစ်ရွက်နုလေး တစ်ရွက်တည်းပါ... အဲဒီလို အရာမျိုးနဲ့ လဲလှယ်လို့ ရမယ်လို့ တကယ်ပဲ ထင်နေတာ လား...]
စနစ် :[ နတ်သမီးဝတ်စုံ ကိစ္စတုန်းက ခင်ဗျား ခန့်မှန်းမိမှာပါ... ကမ္ဘာပေါင်းများစွာ ရတနာသေတ္တာကနေ လဲလှယ်လိုက်တဲ့ အရာတွေ အားလုံးက ကမ္ဘာဦးသစ်ပင်ဆီကနေ ခိုးယူထားတာတွေချည်းပဲ...]
စနစ် :[ နတ်သမီးဝတ်စုံကို ခိုးယူခွင့်ပြုလိုက်တာက တစ်ပိုင်းပေါ့... ဒါပေမဲ့ သေခြင်းရှင်ခြင်းစာအုပ်နဲ့ နတ်ဘုရားခန့်အပ်ခြင်းစာရင်းကို ခိုးယူခိုင်းတာကတော့... ခင်ဗျား နည်းနည်းတော့ လွန်သွားပြီလို့ မထင်ဘူးလား...]
စနစ်၏ ရှည်လျားလှသော ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းဖန် အနည်းငယ် ရှက်သွားမိသည်။ သူသည် အခြေအနေကို အမှန်တကယ်ပင် အမွှန်းတင်လွန်းခဲ့ခြင်းဖြစ်လေ၏။ ရတနာ၏ အဆင့်အတန်း မှာ မြင့်မားလွန်းသဖြင့် လဲလှယ်မှုလုပ်ဆောင်ချက် ရပ်တန့်သွားသည်မှာ မဆန်းတော့ပေ။
“အဲဒါဆို မင်းက ဘာအကြံပေးချင်လဲ... ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တွေနဲ့ဆိုရင် အများဆုံး ဘယ်အဆင့် ထိ ရတနာမျိုးနဲ့ လဲလို့ရမှာလဲ...”
“သေခြင်းရှင်ခြင်းစာအုပ် ဒါမှမဟုတ် နတ်ဘုရားခန့်အပ်ခြင်းစာရင်းနဲ့ လဲလို့မရဘူးဆိုရင် အဆင့်နည်း နည်းနိမ့်တဲ့ ရှေးဦးဝိညာဉ်ရတနာမျိုးနဲ့ လဲရင်ရော အဆင်မပြေဘူးလား...”
စနစ် :[ ကမ္ဘာဦးသစ်ပင်ဆီကနေ တစ်ခုခု လဲလှယ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ ကိစ္စပါ... ဒါက သစ်ပင် တစ်ပင် သက်သက်ပဲလေ...]
စနစ် :[ ပိုင်ရှင်... ခင်ဗျားဘာသာ နည်းလမ်းတစ်ခုခု ရှာတွေ့အောင် ကြိုးစားကြည့်တာ ပိုကောင်း ပါလိမ့်မယ်...]
“ငါ ဘာလုပ်နိုင်မှာလဲ... ငါ့ရဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ငါလိုချင်တဲ့ ရတနာ ရတဲ့အထိ သစ်ရွက်တွေကို ဆက်နှုတ်နေဖို့ပဲ ရှိတာပေါ့...”
လင်းဖန်၏ စကားကြောင့် ကမ္ဘာဦးသစ်ပင်မှာ ထပ်မံ၍ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြန်လေသည်။ ဤတစ် ကြိမ်တွင် ပို၍ပင် ပြင်းထန်လှပြီး လင်းဖန်ကို အံ့အားသင့်စေသည်မှာ သစ်ပင်၏ သစ်ကိုင်းတစ်ခု ကျိုးကျသွားခြင်းပင် ဖြစ်တော့သည်။
ထိုသစ်ကိုင်းပေါ်တွင် သစ်ရွက်နု ကိုးရွက် ရှိနေဆဲပင်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော သစ်ကိုင်းကို မြင်သောအခါ လင်းဖန် ပြာပြာသလဲ ဖြစ်သွားရလေသည်။
“ဟာ... သစ်ပင်လေး... ငါက စတာပါ... အဲဒီလောက်ထိ မကြောက်ပါနဲ့...”
“ငါ မင်းဆီကနေ အတင်းအကျပ် မယူတော့ပါဘူး... ငါ တခြားနည်းလမ်း ရှာပါ့မယ်... မင်းကိုယ်မင်း တော့ အနာတရဖြစ်အောင် မလုပ်ပါနဲ့တော့ကွာ...”