အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) စီနီယာလင်း... ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့။
စွန့်ပစ်ခံလိုက်ရပြီးနောက် လျူချွမ်းဖုသည် ယခုအခါ သူ၏ စိတ်ခံစားချက်ကို ပြန်လည်ထိန်းချုပ်ထားနိုင် ပြီဖြစ်၏။
"အဖေ... အဆင်သင့်ဖြစ်ပြီလား။ ကျွန်တော် စလိုက်တော့မယ်နော်... အာ မဟုတ်ဘူး၊ ကျွန်တော် လှုပ်ရှားတော့မယ်နော် လို့ ပြောတာ…။"
ဘေးတွင် ရပ်နေသော လျူကျန့်ဟွာက ဖြည်းညင်းစွာ ပြောလိုက်၏။
"ပုရွက်ဆိတ်တစ်ကောင်လို မင်းရဲ့ ကျင့်ကြံမှုအဆင့်လေးနဲ့ မင်းအဖေက ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ် တယ်လို့ ထင်နေတာလား…။"
"အချိန်ဆွဲမနေနဲ့တော့။ ခံစားကြည့်ဖို့ ငါ စောင့်နေတာ…။"
ယင်းကိုကြားသောအခါ လျူချွမ်းဖု၏ နှုတ်ခမ်းများက တွန့်သွားပြီးနောက် အမိန့်စကားလုံးကို အော်ဟစ် ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။ သူ၏ဖခင်ကို ကြည့်ရင်း အဝတ်အစားများပေါ်ရှိ ညွှန်ကြားချက်များ ကို စဉ်းစားမိသောအခါ လျူချွမ်းဖု၏ စိတ်ထဲတွင် ရုတ်တရက် မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။
"ခဏလေး... စီနီယာလင်း၊ ဒီတိုက်ခိုက်ရေးအမိန့်က အဝတ်အစားလား ဒါမှမဟုတ် ခေါင်းကိုင်ဖခင် လား။ နောက်တစ်ခုလို့ပဲ ကျွန်တော်ကတော့ ခံစားနေရတယ်…။"
လျူချွမ်းဖု၏ မေးခွန်းက လင်းဖန်ကို ချက်ချင်းပင် တစ်ခုခု အလွန်မှားယွင်းနေကြောင်း ခံစားသွားစေ သည်။ သေချာပေါက်ပင် ပရိသတ်ထဲရှိ ဖောက်သည်များစွာကလည်း ဘာဖြစ်နေသလဲဆိုတာကို သတိပြုမိသွားကြသည်။
"ချီးတဲ့မှပဲ... တစ်ခုခု မှားနေပြီလို့ ငါ သိသားပဲ။ အဝတ်အစား…၊ ခေါင်းကိုင်ဖခင်…"
"သူ အော်လိုက်တဲ့ တိုက်ခိုက်ရေးအမိန့်သံက သူ့ရဲ့ ခေါင်းကိုင်ဖခင်ကို ခေါ်နေသလိုပဲ အတိအကျ ကြားနေ ရတယ်…။"
"တိုက်ပွဲ မစခင်ကတည်းက တစ်ယောက်ယောက်ကို 'ခေါင်းကိုင်ဖခင်' လို့ ခေါ်လိုက်ရတာက တိုက်ပွဲ မစခင်ကတည်းက အားနည်းချက်တစ်ခု ဖြစ်နေပြီပေါ့…။"
လူအုပ်ကြားရှိ တီးတိုးပြောဆိုသံများက ပို၍ပို၍ ကျယ်လောင်လာခဲ့သည်။
လင်းဖန်က သူ့ဘာသာသူ တွေးလိုက်သည် -
*မင်းလို ခေါင်းမာတဲ့ ငတုံးကောင်... ဖြေရှင်းနည်းတစ်ခုကို မြန်မြန်စဉ်းစားစမ်း…။*
ခဏအကြာတွင် လင်းဖန်က ရုတ်တရက် အပြစ်ကင်းစင်ဟန်ဖြင့် လျူချွမ်းဖုကို ဒေါသတကြီး အော်ဟစ် လိုက်သည်။
"ရှောင်ဖု... မင်းအဖေနဲ့ ပြဿနာရှိတယ်ဆိုရင်တောင် ငါ့ရဲ့ မှော်လက်နက်ကို မစော်ကားပါနဲ့…။"
လင်းဖန်၏ အော်ဟစ်သံကို ကြားသောအခါ လူတိုင်းက စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး လင်းဖန်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။
လင်းဖန်က ဆက်ပြောလိုက်လေသည်။
"ရှောင်ဖု... ခုနက မင်းအဖေကို ကြည့်လိုက်တဲ့အချိန်မှာ ခေါင်းကိုင်ဖခင် ဆိုတဲ့ စကားလုံးကို မင်း ဘာလို့ တွေးမိတာလဲ။ မင်းမှာ အသိစိတ်မရှိဘူးလား…။"
"မင်းအဖေက မင်းအပေါ် နည်းနည်းလေး တင်းကျပ်ရုံနဲ့ မင်းက သူ့ရဲ့သားအရင်းမဟုတ်ဘူးလို့ ခံစားနေ ရတာလား။"
"ဒါကြောင့် သူ့ကို မင်းရဲ့ ဖခင်အရင်းလို့တောင် မခေါ်ချင်တော့ဘဲ အဲ့ဒီအစား ခေါင်းကိုင်ဖခင်လို့ ခေါ်နေ တာမဟုတ်လား…။"
လင်းဖန်၏ စကားများကို ကြားသောအခါ လျူချွမ်းဖုအပေါ် ကြည့်နေသော လျူကျန့်ဟွာ၏ အကြည့်က အနည်းငယ် အန္တရာယ်ရှိလာခဲ့လေသည်။
လျူချွမ်းဖုမှာလည်း ဤရှင်းပြချက်ကြောင့် မှင်သက်သွားခဲ့လေသည်။
"ကျစ်... အဖေ၊ အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော် အဲ့ဒီလို သဘောမထားပါဘူး။ ကျေးဇူးပြုပြီး အများ ကြီး လျောက်မတွေးပါနဲ့နော်…။"
သူ့ဘေးတွင် ရပ်နေသော လင်းဖန်က အကြောင်းအရာ ပြောင်းသွားသည်ကို မြင်သောအခါ သက်ပြင်းချ လိုက်လေ၏။
*ရှောင်ဖု... ငါ့ကို အပြစ်မတင်နဲ့နော်။ မင်း စကားအရမ်းများတဲ့ မင်းရဲ့အမှားပဲ…။*
"ရှောင်ဖု... မင်း ဘာတွေပြောနေတာလဲဆိုတာ စဉ်းစားစမ်း။ ဘုရားရေ... ဒါက ဘယ်သူလဲ…။"
လင်းဖန်က မီးလောင်ရာလေပင့်နေသည်ကို ကြားသောအခါ လျူချွမ်းဖုမှာ ငိုချတော့မတတ် ဖြစ်သွားခဲ့ လေသည်။
"စီနီယာလင်း... ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့…။"
လျူချွမ်းဖုက သူ၏အမှားကို ဝန်ခံရန် အစပြုလာသည်ကို မြင်သောအခါ လင်းဖန်က မီးလောင်ရာ လေပင့်ခြင်းကို ရပ်တန့်လိုက်လေတော့သည်။
"ကောင်းပြီ... မင်းတို့ သားအဖ နှစ်ယောက် အိမ်ပြန်ပြီး ကိုယ့်ပြဿနာ ကိုယ်ရှင်းကြတော့။ ငါ့ရဲ့ မှော်လက်နက်အကြောင်း မှတ်တမ်းကို ငါ ပြန်ပြီး တည့်မတ်ပေးဖို့ လိုသေးတယ်…။"
ဤကဲ့သို့ အကြောင်းအရာ ပြောင်းလဲလိုက်ခြင်းက အခြေအနေကို ယာယီ တည်ငြိမ်သွားစေ သော် လည်း ဘာဖြစ်သွားသလဲဆိုတာကို လူတိုင်း နားလည်သွားသည်နှင့်တစ်ပြိုင်နက် လျူချွမ်းဖု အစပိုင်း တွင် ပြောခဲ့သည့် စကားများ၏ တိကျမှန်ကန်မှုကို သူတို့က ဆက်လက်၍ ခန့်မှန်းနေကြမည်မှာ မလွဲ ဧကန်ပင်။
ထို့ကြောင့် လူတိုင်း၏ ထင်ကြေးပေးမှုများကို ဖယ်ရှားရန်အတွက် တိုက်ခိုက်ရေးအမိန့်နှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်တစ်ခု ပေးရန် လင်းဖန်က စီစဉ်လိုက်သည်။
"တိုက်ခိုက်ရေးအမိန့်က ဘာလို့ အဝတ်အစား ဖြစ်ရတာလဲဆိုရင် အဝတ်အစားကို တိုက်ခိုက်မယ့် ပစ်မှတ်အဖြစ် သတ်မှတ်ထားလို့ပါပဲ..။"
"ဒါဆို တချို့လူတွေက မေးကြလိမ့်မယ်... လူကို တိုက်ရိုက် မသတ်မှတ်ဘဲ အဝတ်အစားကို ဘာလို့ သတ်မှတ် ရတာလဲဆိုပြီးပေါ့…။"
"ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ကို တိုက်ရိုက် သတ်မှတ်လိုက်ရင် သူတို့ရဲ့ အန္တရာယ်အာရုံခံ နိုင်စွမ်းက သိရှိသွားလိမ့်မယ်။ အဝတ်အစားကို သတ်မှတ်တာကတော့ အဲ့ဒီလို မဖြစ်ဘူးလေ…။"
"ရန်သူရဲ့ အဝတ်အစားကို သတ်မှတ်ခြင်းအားဖြင့် သူတို့က သတိထားမိမှာ မဟုတ်ဘူး။ ဒါက ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ဖို့အတွက် အများကြီး ပိုလွယ်ကူသွားစေတယ်…။"
ဤရှင်းပြချက်ကို ကြားသောအခါ ရောက်ရှိနေသူအားလုံး ရုတ်တရက် နားလည်သွားကြသည်။
"ချီးတဲ့မှပဲ... အဲ့ဒီလိုကိုး။ လုံးဝကို အဓိပ္ပာယ်ရှိတယ်…။"
"အင်း... အဲ့ဒီလိုဆိုရင်တော့ ငါတို့တွေ တကယ်ကို အတွေးလွန်နေခဲ့ကြတာပဲ…။"
"တကယ်တော့ ကျင့်ကြံသူတွေအနေနဲ့ ငါတို့က အန္တရာယ်ကို အတော်လေး အာရုံခံနိုင်စွမ်းရှိတယ်။ ပစ်မှတ်ကို တိုက်ရိုက် သတ်မှတ်လိုက်ရင် သေချာပေါက် သတိထားမိမှာပဲ။ ဒါပေမယ့် အဝတ်အစား ဆိုရင်တော့ သိမှာမဟုတ်ဘူး။ ဒါက တော်တော်သပ်ရပ်တဲ့ လှုပ်ရှားမှုတစ်ခုပဲ…။"
စကားလမ်းကြောင်းပြောင်းနေသော လူအုပ်၏ ပြောနေကြသံများကို ကြားသောအခါ လင်းဖန်က ကျေနပ်စွာ ပြုံးလိုက်သည်။
သို့သော် လျူချွမ်းဖုက မသင့်လျော်သော မေးခွန်းတစ်ခု မမေးခင်အချိန်အထိ ထိုအပြုံးက ကြာကြာ မခံခဲ့ပေ။
"စီနီယာလင်း... ရန်သူက ဘာအဝတ်အစားမှ မဝတ်ထားဘူးဆိုရင် ငါတို့ ဘာလုပ်ရမလဲ…။"
လျူချွမ်းဖုက အရာရာကို နောက်တစ်ကြိမ် ဖျက်ဆီးရန် ကြိုးစားနေသည်ကို မြင်သောအခါ လင်းဖန်မှာ အံကြိတ်လိုက်မိသည်အထိ ဒေါသထွက်သွားခဲ့လေသည်။
"ငါတို့ ဘာလုပ်နိုင်မှာလဲ။ သူ့ကို လမ်းအလယ်မှာ သွားချပေါ့…။"
ကံကောင်းထောက်မစွာပင် လျူချွမ်းဖု၏ ပြဿနာက အာရုံစိုက်မှုကို သိပ်မရရှိခဲ့ပေ။ သူက နောက်ပြောင်ခြင်းအဖြစ်သာ ယူဆလိုက်လေသည်။
မည်သို့ပင်ဆိုစေပါမူ ဘယ်ကျင့်ကြံသူကများ အဝတ်အစား မဝတ်ဘဲ တိုက်ခိုက်မှာတဲ့လဲ။
"ဟားဟား... သခင်လေးလျူက တော်တော်လေး ဟာသဉာဏ်ရွှင်တာပဲ။ အဝတ်အစား မဝတ်တဲ့ ရန်သူ ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ…။"
"ရိုးရိုးသားသား ပြောရရင် အဲ့ဒီလိုရန်သူမျိုးနဲ့ ငါ ကြုံတွေ့ချင်တယ်။ အထူးသဖြင့် အဲ့ဒီရန်သူက နတ်သမီးလေးတစ်ပါး ဖြစ်နေရင် ပိုကောင်းတာပေါ့…။"
"အကောင်းဆုံးပဲ… ဒါဆို လူကြီးမင်းက ကိစ္စမရှိဘူးပေါ့လေ…။"
စင်အောက်ရှိ ဆွေးနွေးပြောဆိုမှုများက ပို၍ပို၍ လွန်ကျူးလာသည်နှင့်အမျှ လင်းဖန်က အကြောင်း အရာကို လျင်မြန်စွာ ဖြတ်တောက်လိုက်လေသည်။
"ကောင်းပြီ ရှောင်ဖု... ဖန်းထျန်းလှံရှည်ကို မြန်မြန် သရုပ်ပြလိုက်တော့…။"
ထိုအချိန်မှသာ လျူချွမ်းဖုက သူ နောက်တစ်ကြိမ် စကားမှားသွားပြန်ပြီဖြစ်ကြောင်း သတိပြုမိသွား ခဲ့ပြန်၏။
သူ ဘာမှ ထပ်မပြောရဲတော့ဘဲ သရုပ်ပြမှုကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ပြီး ဤနေရာမှ ထွက်ပြေးရန်ကိုသာ တွေးနေတော့သည်။
"အဖေ... အဆင်သင့်ဖြစ်ပြီလား။ ကျွန်တော် စတော့မယ်နော်…။"
ထို့နောက် လျူကျန့်ဟွာ၏ အဖြေကို မစောင့်တော့ဘဲ လျူချွမ်းဖုက သူ့ထံသို့ အမိန့်စကားလုံးကို အော်ဟစ်လိုက်တော့သည်။
"အဝတ်အစား (ခေါင်းကိုင်ဖခင်)…"
သူ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏လက်ထဲရှိ လှံရှည်က သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ချက်ချင်း ဆွဲဖြဲကာ ပျောက်ကွယ်သွားခဲ့၏။
ဤမြင်ကွင်းက လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေသည်။
"ချီးတဲ့မှပဲ... ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ပျောက်ကွယ်သွားတာလား။ ဒီလှံရှည်က ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်တဲ့ စွမ်းရည်တောင် ပါသေးတာပဲ…။"
"ဒါပေမယ့် အဲ့ဒါ ဘယ်ရောက်သွားတာလဲ။ အဲ့ဒါက တိုက်ခိုက်မှာ မဟုတ်ဘူးလား။ ဘာလို့ ပျောက်သွား ရတာလဲ…။"
"မင်း ဘာသိလို့လဲ။ ဒါက တစ်ဖက်လူရဲ့ အားနည်းချက်ကို ရှာဖွေနေတာလေ…။"
မျှော်လင့်ထားသည့်အတိုင်းပင် ဤလူ၏ ခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။ လူတိုင်း ဤအကြောင်းကို ဆွေးနွေးနေကြစဉ် ပျောက်ကွယ်သွားသော လှံရှည်က လျူကျန့်ဟွာ၏ အနောက်တွင် ရုတ်တရက် ပြန်လည်ပေါ်လာခဲ့လေသည်။
ထို့နောက် လှံရှည်က လျူကျန့်ဟွာ၏ ပေါင်ခြံဆီသို့ ထိုးစိုက်လိုက်လေတော့သည်။
"ချီးတဲ့မှပဲ... ဒါ... ဒါက တော်တော်လေးနာမယ့်ပုံပဲဟ….။"
"အင်း... ဒီအားနည်းချက်က... မမှားပါဘူး…။"
"စကားမစပ်... ဒီလိုတိုက်ခိုက်မှုမျိုးက နည်းနည်းတော့ မသင့်တော်သလို မဖြစ်နေဘူးလား..။"
"ဟုတ်တယ်... အဲ့ဒီနေရာကို တိုက်ခိုက်မယ်ဆိုရင် ဒီဖန်းထျန်းလှံရှည်က သုံးလို့ရပါဦးမလား…။"
"မင်းရဲ့ စိတ်သန့်နေသရွေ့တော့ အဲ့ဒါကို ဆေးကြောပြီး ဆက်သုံးလို့ ရပါတယ်…။"
ထိုအချိန်တွင် လျူကျန့်ဟွာက လျူချွမ်းဖုကို ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ကြည့်နေ ခဲ့လေ၏။
ဖခင်ဖြစ်သူ၏ မျက်လုံးထဲရှိ အန္တရာယ်ရှိသော အကြည့်ကို မြင်သောအခါ လျူချွမ်းဖုက လျင်မြန်စွာ လက်ယမ်းပြလိုက်သည်။
"မဟုတ်ဘူး.. မဟုတ်ဘူး။ ကျွန်တော် တမင်သက်သက် လုပ်တာ မဟုတ်ဘူး။ သူဟာသူ လုပ်တာ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး…။"
"စီနီယာလင်း... ကျေးဇူးပြုပြီး တစ်ခုခု ပြောပေးပါဦး။ ကျွန်တော် တကယ် မလုပ်ပါဘူး…။"
ဖန်းထျန်းလှံရှည်၏ စွမ်းအားကို လင်းဖန် ကိုယ်တိုင် မျက်မြင်တွေ့ရှိရခြင်းမှာ ဤသည်က ပထမဆုံး အကြိမ်ပင် ဖြစ်၏။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။
ခန်းမတွင်းရှိ မကျေနပ်မှုများ ကြီးထွားလာသည်ကို မြင်သောအခါ လင်းဖန်က ရှင်းပြရန် အလျင်အမြန် စကားပြောလိုက်သည်။
"အဟမ်း... အားလုံးပဲ ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့။ ကျွန်တော်... ရှင်းပြပါရစေ…။"
"အားနည်းချက်တွေကို တိုက်ခိုက်နိုင်တဲ့ ဖန်းထျန်းလှံရှည်ရဲ့ စွမ်းရည်က လူတွေ ထင်သလောက် မလျော် ကန်တာမျိုး မဟုတ်ပါဘူး…။"
လင်းဖန်၏ စကားကို ကြားသောအခါ အခန်းတွင်းရှိ လူများက သူ့ကို လုံးဝ မယုံကြည်ကြသည်မှာ ထင်ရှားနေလေသည်။
*အဖြစ်မှန်တွေက မျက်မြင်ကိုယ်တွေ့ ဖြစ်နေပြီပဲ... ဘာတွေများ ရှင်းပြစရာ ရှိသေးလို့လဲ…။*
ထို့ကြောင့် လူတိုင်းက လင်းဖန်ကို "မင်း ဘယ်လိုငြင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့" ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။
လူအုပ်ထံမှ သံသယဝင်နေသော အကြည့်များကို ခံစားမိသောအခါ လင်းဖန်က ဆက်လက်ရှင်းပြလိုက် လေသည်။
"အားလုံးပဲ စဉ်းစားကြည့်ပါ။ တာအိုရောင်းရင်း လျူကျန့်ဟွာရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ။ ပြီးတော့ ရှောင်ဖုရဲ့ ကျင့်ကြံမှုအဆင့်ကရော ဘာလဲ…။"
"ဒါ့ကြောင့် ရှောင်ဖုက အားနည်းချက်တွေကို တိုက်ခိုက်မယ်ဆိုရင်တောင် သူတို့ကို ဘာမှလုပ်နိုင်စွမ်း ရှိမှာမဟုတ်ဘူး…။"
"ဒီအခြေအနေကြောင့်ပဲ ဖန်းထျန်းလှံရှည်က သိပ်ပြီး ထိခိုက်မှုမရှိပေမယ့် အလွန်သိမ်ဖျင်းတဲ့ တိုက်ခိုက်ရေးနည်းလမ်းကို ရွေးချယ်ခဲ့တာပါ…။"
"တကယ်လို့ တူညီတဲ့ ကျင့်ကြံမှုအဆင့်ရှိတဲ့ ပြိုင်ဘက်သာဆိုရင် ဖန်းထျန်းလှံရှည်က အဲ့ဒီလိုမျိုး တိုက်ခိုက်မှာ မဟုတ်လောက်ဘူး…။"
လင်းဖန်၏ ရှင်းပြချက်က တစ်ဖန် ပြန်လည်အလုပ်ဖြစ်သွားသည်မှာ ထင်ရှားလေ၏။
"အင်း... မင်း အဲ့ဒီလိုပြောမယ်ဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ်…။"
"ဟုတ်တယ်... ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်က အခြေတည်စိတ်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်ဖို့ဆိုတာ ကျင့်ကြံမှုအဆင့် ကွာခြားချက်က အရမ်းကြီးလွန်းတယ်…။"
"ဒါပေမယ့်... ဒါပေမယ့် ဆိုင်ရှင်လင်းရဲ့ မသေချာမရေရာတဲ့ မေးခွန်းသုံးခုက ဘာကို ဆိုလိုတာလဲ။"
"ငါလည်း သိချင်နေတာ... 'ဖြစ်သင့်တယ်'၊ 'ဖြစ်နိုင်လောက်တယ်'၊ 'ဖြစ်နိုင်တယ်' ဆိုတာက ဘာကို ဆိုလိုတာလဲ။ ဆိုင်ရှင်လင်းကရော သံသယ မရှိဘူးလား…။"
မှန်ပါသည်။ ဖန်းထျန်းလှံရှည်၏ ဖော်ပြချက်တွင် ဤအကြောင်းကို ဖော်ပြထားခြင်း မရှိသောကြောင့် လင်းဖန် ကိုယ်တိုင်လည်း သေချာမသိပေ။