← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) ကိုယ့်လှံနဲ့ ကိုယ့်ဒိုင်းကို ပြန်တိုက်ခြင်း

"သူ့ရဲ့ ရှေ့ခြေနှစ်ချောင်းက လူတိုင်းမှာရှိတဲ့ လက်နှစ်ဖက်နဲ့ အတူတူပါပဲ…။"

လင်းဖန်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက်တွင် ပြိုင်ပွဲဝင်များအားလုံး အခြေအနေမှန်ကို သဘော ပေါက်သွားကြလေတော့သည်။

"အေးလေ ဟုတ်သားပဲ... ငါ ဘာလို့ အဲ့ဒါကို မစဉ်းစားမိရတာလဲ…။"

"ဟားဟား... ဒါဆိုရင်တော့ လုံးဝကို တရားမျှတသွားပြီပေါ့…။"

"လျိုချွမ်းဖုက ခွေးဖြစ်သွားမှတော့ ငါ ကျောက်ဖေးလည်း လူအဖြစ် ဆက်မနေတော့ဘူးဟေ့…။"

"ဆိုင်ရှင်... ကျွန်တော့်ကို နောက်ထပ် ဖိနပ်တစ်စုံ ပေးပါဦး…။"

ထိုသို့ဖြင့် လင်းဖန်၏ ကောက်ရိုးဖိနပ် အရောင်းအဝယ်မှာ နှစ်ဆတက်သွားသဖြင့် သူသည် အလွန်ပင် ဝမ်းသာသွားတော့သည်။ လျိုချွမ်းဖုဆိုသော 'လာဘ်ကောင်' လေးကိုလည်း သူ၏ စိတ်ထဲတွင် အခိုင် အမာ မှတ်သားထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဤအရောင်းအဝယ်မှာ လျိုချွမ်းဖုကြောင့် ဖြစ်လာ ရခြင်း မဟုတ်ပါလား။

ကောက်ရိုးဖိနပ်တွေ ရောင်းပြီးနောက်တွင် နောက်ထပ်ရောင်းရန်မှာ ဆေးလုံးများပင်။ လင်းဖန်က ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်းကို ထုတ်ယူကာ လူအုပ်ကို စတင်ရှင်းပြလေသည်။

"လူကြီးမင်းတို့... ဒီကောက်ရိုးဖိနပ်တွေရဲ့ နိုက်ထရိုအရှိန်မြှင့်စနစ်က စွမ်းအင်လိုအပ်ပါတယ်။ အဲ့ဒီ စွမ်းအင်ကို နှစ်မျိုးခွဲထားတယ်။ တစ်မျိုးက ဖိနပ်ထဲမှာ ထုတ်ပေးတဲ့ ဓာတ်ငွေ့ဖြစ်ပြီး နောက်တစ်မျိုး ကတော့ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အညစ်အကြေးဓာတ်ငွေ့တွေပဲ ဖြစ်ပါတယ်…။"

"ဒီ ချီစုဆောင်းခြင်းဆေးလုံးက မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးဓာတ်ငွေ့တွေကို စွန့်ထုတ် ပေးဖို့ ကူညီပေးမှာဖြစ်ပြီး မင်းတို့ရဲ့ နိုက်ထရိုအရှိန်မြှင့်မှုကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင် ပေးနိုင်ပါလိမ့်မယ်…။"

ဤနေရာတွင် လင်းဖန်က ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကျောက်ဖေးကို လှည့်ကြည့်လိုက်သည်။

"သခင်လေးကျောက်... မင်းက ဒီပစ္စည်းနှစ်ခုပေါင်းစပ်မှုကို စမ်းသပ်ဖူးတယ်မလား။ အဲ့ဒါ ဘယ်လောက် တောင် မြန်သလဲဆိုတာ လူတိုင်းကို ပြောပြပေးပါဦး…။"

အမည်အဖော်ခံလိုက်ရသော ကျောက်ဖေးမှာ ထိုနေ့က အဖြစ်အပျက်ကို တစ်ဖန်ပြန်၍ သတိရသွား လေတော့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက လင်းဖန်၏ မေးခွန်းကို အမှန်အတိုင်း ပြန်ဖြေလိုက် သည်။

"ဆိုင်ရှင်ပြောတာ မှန်ပါတယ်။ ကောက်ရိုးဖိနပ်နဲ့ ချီစုဆောင်းခြင်းဆေးလုံးကို တွဲသုံးလိုက်ရင် မြန်နှုန်းက နေရာကူးပြောင်းခြင်း အဆင့်ကို ရောက်သွားသလိုပဲ ရပ်​ေလို့ကို မရတော့ဘူး..။"

ကံကောင်းထောက်မစွာဖြင့် လူတိုင်း၏ အာရုံမှာ နေရာကူးပြောင်းခြင်း ဆိုသည့် အချက်ပေါ်တွင်သာ ရောက်နေကြသည်။ ကျောက်ဖေး၏ နောက်ဆုံးစကားဖြစ်သော "ရပ်လို့ကို မရတော့ဘူး" ဆိုသည်ကို တော့ မည်သူမှ သတိမထားမိကြပေ။

ကျောက်ဖေးကလည်း "ငါတောင် မိုးမိနေပြီပဲ၊ တခြားသူရဲ့ ထီးကိုလည်း ဆွဲဖြဲပစ်လိုက်မယ်" ဆိုသည့် စိတ်ဓာတ်မျိုးဖြင့် ဆေးလုံးသောက်ပြီးနောက် ဖြစ်လာမည့် ဘေးထွက်ဆိုးကျိုးများကိုတော့ လုံးဝ ထုတ်မပြောခဲ့ပေ။

မကြာမီမှာပင် လင်းဖန်၏ ချီစုဆောင်းခြင်းဆေးလုံး များမှာလည်း ဟော့ဖြစ်သွားကာ အရောင်းရဆုံး ပစ္စည်းဖြစ်လာခဲ့သည်။ ဤအားကစားသမားများအားလုံးမှာ နေရာကူးပြောင်းခြင်းကဲ့သို့သော မြန်နှုန်း ကို ကိုယ်တိုင် ခံစားကြည့်ချင်နေကြသည်။ လူတိုင်းက တစ်ပုလင်းစီ ဝယ်ယူရန် ဆန္ဒပြုကြတော့သည်။

ချီစုဆောင်းခြင်းဆေးလုံးတွေ အကုန်ရောင်းပြီးနောက် လင်းဖန်က အဆိပ်ငွေ့ဆေးလုံး တစ်ပုလင်းကို ထပ်မံထုတ်ယူကာ ကြော်ငြာပြလေသည်။

"လူကြီးမင်းတို့... ဒါကတော့ အဆိပ်ငွေ့ဆေးလုံးပဲ။ ပစ်လိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားမှာဖြစ်ပြီး အဆိပ်ငွေ့တွေနဲ့ အညစ်အကြေးဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးလိမ့်မယ်…။"

"အဆိပ်ငွေ့က မင်းတို့ရဲ့ ပြိုင်ဘက်ကို နှောင့်ယှက်ပေးနိုင်တယ်။ မင်းရဲ့ပြိုင်ဘက်က အဆိပ်မိနေရင် မင်းကို ဘယ်လိုယှဉ်ပြိုင်နိုင်တော့မှာလဲ ဟုတ်တယ်မလား…။"

"ဒါ့အပြင် အဲ့ဒီကထွက်လာတဲ့ ဓာတ်ငွေ့တွေက မင်းရဲ့ မြန်နှုန်းကိုလည်း ပိုမြန်စေဦးမှာ။ ဒါဟာ တစ်ချက် ခုတ် နှစ်ချက်ပြတ်ပဲ…။"

"ဒီလောက် ကောင်းတဲ့ဆေးလုံးမျိုးကို လူတိုင်း အရန်သင့် ပြင်ထားသင့်တယ်နော်။ ပြိုင်ပွဲမှာ မသုံးရင် တောင် နောင်တစ်ချိန် အန္တရာယ်ကြုံလာရင် ရန်သူကို တိုက်ခိုက်ဖို့အတွက် အစွမ်းထက်လက်နက် ဖြစ် လာမှာပဲ…။"

ထိုသို့ဖြင့် လင်းဖန်၏ ဆွယ်တရားအောက်တွင် လူတိုင်းမှာ အဆိပ်ငွေ့ဆေးလုံး တစ်ပုလင်းစီ ထပ်မံ ပိုင်ဆိုင်သွားကြပြန်သည်။

အဆိပ်ငွေ့ဆေးလုံးတွေ ဝယ်ယူပြီးချိန်မှာပင် လင်းဖန်က အဆိပ်ဖြေဆေးလုံးတွေကို အမြန်ထုတ်ယူ လိုက်ပြန်သည်။ ဒါကတော့ မိမိလှံနှင့် မိမိဒိုင်းကို ပြန်တိုက်သည့် သဘောပင်။

"ပြိုင်ပွဲအတွင်းမှာ တစ်ဖက်လူ ပစ်လိုက်တဲ့ အဆိပ်ငွေ့တွေကြောင့် အဆိပ်မိမှာကို လူတိုင်း စိုးရိမ်နေ ကြတယ် မဟုတ်လား…။"

"ဟားဟား... ဒီပြိုင်ပွဲကို စီစဉ်သူတစ်ယောက်အနေနဲ့ မင်းတို့ကို ဒီလောက် အန္တရာယ်ရှိတဲ့ အခြေအနေ မျိုး ဘယ်ကြုံခိုင်းပါ့မလဲ…။"

"ကြည့်လိုက်ပါဦး... ဒါက ငါတို့ဆိုင်ရဲ့ အဆိပ်ဖြေဆေးလုံး ပဲ။ သူ့ရဲ့ အဆိပ်ဖြေနိုင်စွမ်းကတော့ ပြိုင်ဘက် ကင်းပဲ။ ဒါရှိရင်တော့ အဆိပ်မိမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့…။"

လင်းဖန်က ဆက်လက် ရှင်းပြနေသော်လည်း စောစောက အဆိပ်ငွေ့ဆေးလုံးတွေ ဝယ်တုန်းကလို အလုအယက် ဝယ်ကြသည်မျိုး မရှိတော့ပေ။ လင်းဖန်က လူတိုင်းကို လှည့်ကြည့်လိုက်သောအခါ သူတို့အားလုံးက သူ့ကို စကားမပြောနိုင်ဘဲ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

"ဒီဆိုင်ရှင်ကတော့ တကယ်ပဲ။ အဆိပ်ငွေ့ဆေးတွေ ရောင်းပြီးကာမှ အခု အဆိပ်ဖြေဆေးလုံးတွေ ထပ်ရောင်းနေပြန်ပြီ။ ကောင်းတာရော ဆိုးတာရော အကုန်လုပ်နေတာပဲ…။"

ကျန်းလုံညန်းနှင့် ကျောက်ဟူတို့အတွက်မူ ထိုမြင်ကွင်းက သူတို့၏ နာကျင်စရာ အတိတ်က မှတ်ဉာဏ် များကို ပြန်လည် နိုးကြားလာစေသည်။ ထိုသို့ဖြင့် စည်ကားနေသော ပတ်ဝန်းကျင်မှာ တစ်ခဏအတွင်း တိတ်ဆိတ်သွားကာ အနေရခက်သော အခြေအနေသို့ ရောက်သွားတော့သည်။

လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါမှ လင်းဖန်လည်း ပြဿနာကို သတိထားမိသွားတော့သည်။

*ငါက ပိုက်ဆံရဖို့ပဲ အာရုံစိုက်နေတော့ သူတို့ကို လူလို မဆက်ဆံမိသလို ဖြစ်နေပြီလား။ မဟုတ်ဘူး... ငါ့ရဲ့ အပြုအမူက လူမဆန်သလို ဖြစ်နေတာပဲ ..။*

"အဲ... ကဲပါ... စကားပုံတစ်ခု ရှိတယ်မလား...။"

"ချည်တဲ့သူက ဖြေရမယ်၊ ဆေးတိုက်တဲ့သူက ကုပေးရမယ် ဆိုတာလေ…။"

"အဲ... စကားပုံက...။"

လင်းဖန်မှာ အတော်ကြာအောင် ရှင်းပြနေသော်လည်း အချက်အလက် မမိသဖြင့် စိတ်မရှည်တော့ပေ။

"ကဲ... ခင်ဗျားတို့ ဝယ်မှာလား၊ မဝယ်ဘူးလား…။"

ထိုစကားကို ကြားလိုက်ရမှ လူတိုင်း သတိပြန်ဝင်လာကြသည်။ လင်းဖန်၏ စီးပွားရေးနည်းလမ်းက အတော်လေး အောက်တန်းကျသော်လည်း ဆေးလုံးများ၏ အာနိသင်ကတော့ ငြင်းမရအောင် ကောင်းမွန်လှသည်။

"ဝယ်မယ်... ဝယ်ပါ့မယ်။ ဆိုင်ရှင်... မလောပါနဲ့ ကျွန်တော်တို့ ဝယ်မှာပါ…။"

"ဒီအဆိပ်ဖြေဆေးက တကယ်ကောင်းပါတယ်။ လူယုတ်မာတွေရဲ့ အဆိပ်မိမှာကို စိုးရိမ်နေစရာ မလို တော့ဘူးပေါ့…။"

ထိုသို့ဖြင့် လင်းဖန်၏ အဆိပ်ဖြေဆေးလုံးများမှာလည်း ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီ၏ လက်ထဲသို့ ရောက်ရှိသွားပြန်တော့သည်။ အဆိပ်ဖြေဆေးလုံးတွေ ဝယ်ပြီးနောက်တွင် လူတိုင်းက လင်းဖန်၏ သုံးဘီးစက်ဘီးကို မသိမသာ လှမ်းကြည့်နေကြလေသည်။ သူတို့က လင်းဖန် နောက်ထပ် ဘာထုတ်ဦး မလဲဆိုသည်ကို စောင့်နေကြခြင်း ဖြစ်သည်။

ဤအချိန်၌ သူတို့သည် လင်းဖန်၏ ပစ္စည်းအသစ်တွေကို အဆက်မပြတ် ထုတ်ပြတတ်သော အလေ့ အထကို အတော်လေး ယဉ်ပါးနေကြပြီ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း လင်းဖန်က သူတို့ကို စိတ်မပျက်စေခဲ့ပေ။

လင်းဖန်က နောက်ထပ် ဆေးလုံးတစ်ပုလင်းကို ထုတ်ယူကာ မိတ်ဆက်ပေးလိုက်ပြန်လေသည်။

"ဟင်း... ဒါကတော့ မြူခိုးဆေးလုံးပဲ။ အဆိပ်ငွေ့ဆေးလုံးလိုပဲ အပြင်မှာ သုံးရတာ။ ပစ်လိုက်တာနဲ့ ရှေ့က ကိုယ့်လက်ဝါးတောင် ကိုယ်မမြင်ရတော့တဲ့အထိ ထူထပ်တဲ့ မြူခိုးတွေကို ဖြစ်ပေါ်စေပြီး ရန်သူကို ထောင်ချောက်ဆင်ဖို့ သုံးတာပဲ…။"

ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ လင်းဖန် မေးလာမည်ကိုပင် မစောင့်တော့ပေ။ သူတို့သည် အလိုအလျောက်ပင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ယူကာ မြူခိုးဆေးလုံး တစ်ပုလင်းစီ ဝယ်လိုက်ကြတော့သည်။

ထို့နောက် သူတို့က လင်းဖန်ကို ဆက်လက် စောင့်ကြည့်နေကြပြန်သည်။ သို့သော် အတော်ကြာအောင် စောင့်ပြီးနောက်တွင်လည်း လင်းဖန်က ပစ္စည်းအသစ် ထပ်မထုတ်လာသဖြင့် လူတိုင်းမှာ အနည်းငယ် နေမထိထိုင်မသာ ဖြစ်လာကြသည်။ လင်းဖန်က လူတိုင်း၏ မျှော်လင့်တကြီး မျက်နှာများကို ကြည့်ကာ နောင်တရသလိုဖြင့် ပြောလိုက်သည်။

"ဟူး... ဒီပြိုင်ပွဲအတွက် ငါတို့ အလျင်စလို ပြင်ဆင်ခဲ့ရတော့ ဒီပစ္စည်း အနည်းငယ်ပဲ ပြင်ဆင်နိုင်ခဲ့တယ်။ မင်းတို့ အားလုံးက ပျော်နေကြပုံရတော့ နောက်ရက်တွေကျရင် နောက်ထပ် ပြိုင်ပွဲတစ်ခု ထပ်ကျင်းပ ပေးပါဦးမယ်…။"

"အဲ့ဒီအချိန်ကျရင်တော့ ပစ္စည်းစုံစုံလင်လင်လေး ပြင်ဆင်ထားပေးပါမယ်။ မင်းတို့ စိတ်ကြိုက် ဝယ်ယူ နိုင်မှာပါ…။"

လင်းဖန်တွင် ပစ္စည်းအသစ် မရှိတော့ဟု သိလိုက်ရမှ လူတိုင်း သက်ပြင်းချနိုင်တော့သည်။

"ဟားဟား... ဆိုင်ရှင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကို အရင်ပြီးအောင် လုပ်ကြရ အောင်ဗျာ…။"

"ဟုတ်ပါတယ်... ပြိုင်ပွဲအကြို ပြင်ဆင်မှုတွေလည်း ပြီးသလောက် ရှိပြီဆိုတော့ ပြိုင်ပွဲကို အခုပဲ စလို့ ရပြီလား…။"

သူတို့က ဒီလိုပုံစံအတိုင်း ဆက်မသွားချင်ကြတော့ပေ။ အပြေးပြိုင်ပွဲ ဖြစ်ရမည့်အစား လင်းဖန်၏ ပစ္စည်း အရောင်းမြှင့်တင်ရေးပွဲကြီး ဖြစ်နေသည် မဟုတ်ပါလား…။

လူတိုင်း ပြိုင်ပွဲဝင်ချင်စိတ် ပြင်းပြနေသည်ကို မြင်သောအခါ လင်းဖန်လည်း အချိန်မဆွဲတော့ပေ။ ထို့နောက် ပြိုင်ပွဲဝင် (၁၀) ယောက်လုံးကို သူတို့၏ နံပါတ်ပြားများ အသီးသီး ပေးအပ်လိုက်ပြီး ပြိုင်ပွဲမှာ စတင်ရန် အသင့်ဖြစ်သွားတော့သည်။

နံပါတ်ပြားတွေ ပေးပြီးနောက် ပြိုင်ပွဲဝင် (၁၀) ယောက်မှာ တန်းစီလိုက်ကြပြီး လင်းဖန်၏ စတင်မည့် အချက်ပြသံကို စောင့်နေခဲ့ကြသည်။ ဘယ်ဘက်အစွန်ဆုံးတွင် ခွေးပုံစံ ပြောင်းနေသော လျိုချွမ်းဖုမှာ လေးဘက်ထောက်ကာ အသင့်ပြင်နေသည်ကို တွေ့ရသည်။

အခြားသူများကလည်း အရှုံးမပေးလိုကြပေ။ သူတို့လည်း လျိုချွမ်းဖု၏ ပုံစံအတိုင်း လိုက်လုပ်ကာ လက်နှစ်ဖက်ကို မြေပြင်ပေါ် ထောက်လိုက်ကြတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး လင်းဖန်မှာ အံ့ဩသွားရသည်။

ဒါက သူ ကမ္ဘာမကူးပြောင်းခင်က တွေ့ခဲ့ရတဲ့ အပြေးပြိုင်ပွဲမှ အားကစားသမားများ၏ အသင့်ပြင်နေတဲ့ ပုံစံနဲ့ အတော်လေး တူနေသည် မဟုတ် ပါလား။

အားကစားသမားတွေက ဤမျှလောက်အထိ အလေးအနက်ထားနေကြသဖြင့် လင်းဖန်ကလည်း စတင်မည့် အချက်ပြသံကို ပိုပြီး ထူးထူးခြားခြား ဖြစ်စေချင်မိသည်။ သူ့မှာ အချက်ပြသေနတ် မရှိ သော်လည်း အခြားနည်းလမ်းတစ်ခုကို သုံးရန် ဆုံးဖြတ်လိုက်သည်။

လင်းဖန်က အဆိပ်ငွေ့ဆေးလုံး အချို့ကို ယူကာ ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ရာ အပေါ်တွင် ပေါက်ကွဲသွားလေတော့သည်။

"ပြိုင်ပွဲဝင်အားလုံး အာရုံစိုက်ပါ... ပေါက်ကွဲသံကို ကြားရတဲ့အချိန်က ပြိုင်ပွဲ စတင်မယ့် အချက်ပြ သံပဲ…။"

ထိုသို့ပြောပြီးနောက် လင်းဖန်က မီးတောက်အဆောင်တစ်ခုကို ထုတ်ယူကာ အဆိပ်ငွေ့ဆေးလုံးများ ကြောင့် ဖြစ်ပေါ်နေသော မြူခိုးအုပ်ကြီးဆီသို့ ပစ်လွှတ်လိုက်လေတော့သည်။

'ဝုန်း…' ဟူသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ အဆိပ်ငွေ့တွေ အကုန် လောင်ကျွမ်းသွား တော့သည်။ ဤသည်မှာ ပြိုင်ပွဲကို တရားဝင် စတင်လိုက်ခြင်းပင် ဖြစ်သည်။

ပြိုင်ပွဲဝင်များစွာထဲတွင် အတွေ့အကြုံ အရှိဆုံးဖြစ်သည့် ကျောက်ဖေးက ပထမဆုံး တုံ့ပြန်နိုင်ခဲ့သည်။ သူက အဆိပ်ငွေ့ဆေးလုံး တစ်လုံးကို သူ၏ နောက်ဘက်သို့ တိုက်ရိုက် ပစ်ချလိုက်၏။

ထို့နောက် ကောက်ရိုးဖိနပ်၏ နိုက်ထရိုအရှိန်မြှင့်စနစ်ကို ချက်ချင်း အသက်သွင်းလိုက်တော့သည်။

ပရိသတ်များ၏ အံ့ဩဘနန်း အော်ဟစ်သံများနှင့်အတူ ကျောက်ဖေးမှာ ရပ်နေသည့် နေရာမှ ချက်ချင်း ပင် ပျောက်ကွယ်သွားတော့သည်။ ချန်ရစ်ခဲ့သည်မှာ ကျယ်လောင်သော လေထုပေါက်ကွဲသံကြီးနှင့် အဆိပ်ငွေ့နံ့များသာ ဖြစ်လေတော့သည်။

All Chapters