← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉) ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုး

အရှုံးပေါ်နိုင်ခြေရှိသည်ကို တွက်ချက်ကြည့်လျှင်ပင် နောက်ဆုံးကျန်ရှိသည့် အမြတ်မှာ အလွန်များပြား နေသေးသည်။ သို့သော် အရှုံးမရှိဘဲ ထုတ်လုပ်နိုင်စွမ်းမြင့်မားသည့် လင်းဖန်နှင့် နှိုင်းယှဉ်လျှင်မူ များစွာ နိမ့်ကျနေသေးသည်။

“ပစ္စည်းလက်ကျန် အကုန်လျှော့ဈေးဗျို့... ဆေးလုံးတွေ အပေါဆုံး ရောင်းပေးနေပြီ။ အဆာရှောင်ဆေး တစ်ပုလင်းမှာ(၁၀) လုံးပါတာကိုမှ စိတ်ဝိညာဉ်ကျောက်တုံး (၉) တုံးပဲ၊ ချီစုဆောင်းခြင်းဆေး ကတော့ တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက်တုံး (၄၅) တုံးပဲ ပေးပါဗျို့...”

ဆေးလုံးများကို ခင်းကျင်းပြီးသည်နှင့် လင်းဖန်က လည်ချောင်းကွဲမတတ် အော်ဟစ်ရောင်းချလေတော့ သည်။ ဖောက်သည်များကို ဆွဲဆောင်ရန်အတွက် (၁၀) ရာခိုင်နှုန်း လျှော့ဈေးကိုပါ သူက ကမ်းလှမ်းထား သေးသည်။

လင်းဖန်၏ အော်သံကြောင့် ထိုနားမှ ဖြတ်သွားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် ခြေလှမ်းရပ် သွားပြီး လင်းဖန်၏ ဆိုင်ခန်းဆီသို့ လျှောက်လာခဲ့သည်။ သူမကို မြင်လိုက်ရသောအခါ လင်းဖန်၏ မျက်လုံးများက အရောင်တောက်သွားပြီး သူမ၏ ရင်ဘတ်ဆီသို့ မရည်ရွယ်ဘဲ စိုက်ကြည့်လိုက်မိသည်။

“နတ်မိမယ်လေး... ဘယ်ဆေးလုံးလေးတွေ ဝယ်ချင်ပါသလဲဗျ။ ကျွန်တော့်ဆီက အဆာရှောင်ဆေးနဲ့ ချီစုဆောင်းခြင်းဆေးတွေက အရမ်းကို ဈေးသက်သာပါတယ်….။”

အမျိုးသမီးကျင့်ကြံသူသည် ဈေးနှုန်းသက်သာကြောင်း ကြားသောကြောင့် ပစ္စည်းစုဆောင်းရန် လာခဲ့ ခြင်း ဖြစ်သော်လည်း ဆိုင်ရှင်ဖြစ်သူ၏ ရာဂစိတ် ပြည့်နှက်နေသော အကြည့်များကို မြင်လိုက်ရသော အခါ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း လိုအပ်သော ဆေးလုံးများအတွက် စက်ဆုပ်ရွံရှာ စိတ်ကို အောင့်အည်းမျိုသိပ်ပြီး မေးလိုက်၏။

“ဆိုင်ရှင်... ဈေးတွေက အရမ်းပေါနေတော့ ဒါတွေက အရည်အသွေးနိမ့်တဲ့ ဆေးလုံးတွေတော့ မဟုတ် ပါဘူးနော်….။”

အမျိုးသမီးကျင့်ကြံသူ၏ မေးခွန်းကို ကြားသော်လည်း လင်းဖန်၏ အကြည့်များက သူမ၏ ရင်သားထံမှ ဖယ်ခွာသွားခြင်းမရှိသေးပေ။

“စိတ်ချပါ နတ်မိမယ်လေးရယ်... ဒီဆေးလုံးတွေက မီးဖိုထဲက ထွက်တာမကြာသေးဘူး အရည်အသွေး ကတော့ ရှယ်ပဲ။ နတ်မိမယ်လေး စမ်းကြည့်လိုက်ဦး အငွေ့တောင် မပြယ်သေးဘူး…။”

ထိုသို့ပြောရင်း လင်းဖန်က အဆာရှောင်ဆေးတစ်ပုလင်းကို ကောက်ကိုင်ကာ သူမ၏ ရင်ဘတ်ဆီသို့ လှမ်းပေးလိုက်သည်။ လင်းဖန်၏ ရုတ်တရက် အပြုအမူကြောင့် အမျိုးသမီးကျင့်ကြံသူမှာ လန့်သွားပြီး နောက်သို့ ခပ်သွက်သွက် ဆုတ်လိုက်သည်။

“ရှင်... ဒါ ဘာလုပ်တာလဲ၊ ရှင်လို လူမျိုးတောင် ဒီဈေးကွက်ထဲမှာ ဆိုင်ဖွင့်ခွင့်ရနေတာလား။ ကျွန်မ အခု ပဲ ဈေးကွက်ရဲ့ စည်းကမ်းထိန်းသိမ်းရေးသမားကို သွားတိုင်ပြီး ရှင်းခိုင်းလိုက်မယ်…။”

ပြောပြီးသည်နှင့် သူမသည် ချက်ချင်းပင် လှည့်ထွက်သွားလေတော့သည်။

သူမ ထွက်သွားမှ လင်းဖန်တစ်ယောက် သတိပြန်ဝင်လာသည်။

“ငါ... ငါ ခုနက ဘာဖြစ်သွားတာလဲ။ ဒါမျိုး မဖြစ်သင့်ဘူးလေ….။”

သူ၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် လင်းဖန် ဇဝေဇဝါ ဖြစ်သွားသည်။ သူက နဂိုကတည်းက မိန်းကလေးများကို ခုံမင်တတ်သော်လည်း ယခုလောက်အထိတော့ မရူးသွပ်ပေ။ ထိုအမျိုးသမီး ကျင့်ကြံသူကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများမှာ ထိန်းချုပ်မရဘဲ ရင်ဘတ်ဆီသို့သာ ရောက်နေခဲ့ ခြင်းမှာ တစ်စုံတစ်ဦး၏ အောက်လမ်းနည်းနှင့် ပြုစားခံထားရသလိုပင်။

*အဲ့ဒီ အမျိုးသမီးက ငါ့ကို ညှို့ဓာတ်နဲ့ ပြုစားလိုက်တာလား။ ဒါပေမဲ့ သူမရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ တော့ အဲ့လိုပုံစံ မဟုတ်ပါဘူး….။*

ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်သည် သူရောင်းချနေသည့် အဆင့်မြင့်ရင်စီး၏ ဘေးထွက်ဆိုးကျိုးကို ရုတ်တရက် သတိရသွားသည်။ ထို့နောက် လက်ထဲက အစာရှောင်ဆေးဆေးလုံးဘူးကို ငုံ့ကြည့်လိုက်မိသည်။

“ကုန်စည်အမှိုက်ပုံး…. ထွက်လာစမ်း။ ငါ ခုနက ဖြစ်သွားတဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက... ဒီအဆာ ရှောင်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်များလား….။”

[အိမ်ရှင်က တော်တော်ပါးနပ်တာပဲ။ ဟုတ်ပါတယ်၊ ဒါက အဆာရှောင်ဆေးရဲ့ သေးငယ်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခုပါပဲ။]

စနစ်၏ အဖြေကို ကြားလိုက်ရချိန်တွင် လင်းဖန် ဒေါသချောင်းချောင်း ထွက်သွားသည်။

“မင်း... မင်း ငါ့ကိုတောင် လိမ်တယ်ပေါ့ ကုန်စည်အမှိုက်ပုံးရ။ ဘာလို့ စောစောက မပြောခဲ့တာလဲ…။”

[အိမ်ရှင်ကမှ မမေးတာ။ နောက်ပြီး မေးခဲ့ရင်တောင် ကျွန်တော်က ပြောပြမှာ မဟုတ်ဘူးလေ။]

“ဘာလို့လဲ။ အဲ့ဒါဆို ဒီချီစုဆောင်းခြင်းဆေးတွေမှာကော ဘေးထွက်ဆိုးကျိုးတွေ ရှိနေဦးမှာလား…/”

[အိမ်ရှင် သိချင်တယ်ဆိုရင် စမ်းစစ်ခြင်းစနစ်ကို သုံးပြီး ဆေးလုံးသတင်းအချက်အလက်ကို စစ်ကြည့် နိုင်ပါတယ်။ စစ်လိုက်တာနဲ့ ချက်ချင်း သိရမှာပါ။]

စနစ်၏ စကားကို ကြားမှ လင်းဖန် ဘာဖြစ်နေသည်ကို နားလည်သွားသည်။ ဒီကောင်က ငါ့ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို နှိုက်ချင်နေတာပဲ။

သို့သော် သူ၏ ဝေဒနာမှာ မည်သည့်ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း သိရန် လင်းဖန် စိတ်ဝိညာဉ် ကျောက်တုံးအကုန်ခံပြီး စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မစစ်ဆေးမီ ဤဈေးကွက်မှ အမြန် ထွက်သွားရန် လိုအပ်သည်။ ထိုအမျိုးသမီးက စည်းကမ်းထိန်းသိမ်းရေးသမားကို သွားခေါ်နေပြီ ဖြစ် သောကြောင့် ပြဿနာသစ်နှင့် အဟောင်းပေါင်းလျှင် အလွန်ရှုပ်ထွေးသွားနိုင်သည်။ လီလဲ့ယန် ပေးထား သော တံဆိပ်ရှိသော်လည်း သူတို့က အသိအမှတ်မပြုလျှင် ဒုက္ခရောက်မည် မဟုတ်ပါလား။

ထိုသို့တွေးပြီး လင်းဖန်သည် ပစ္စည်းများကို အမြန်သိမ်းကာ သုံးချောင်းထောက်စက်ဘီးကို နင်းပြီး ဈေးကွက်မှ ထွက်လာခဲ့သည်။ ချင်းယွင်ဈေးကွက်နှင့် မလှမ်းမကမ်းအရောက်တွင် လင်းဖန် ယာဉ်ကိုရပ်လိုက်ပြီး ဆေးလုံးများကို စစ်ဆေးရေးလုပ်ဆောင်ချက်ဖြင့် စတင်စစ်ဆေးတော့သည်။ လင်းဖန် စိတ်သက်သာ ရာရသွားသည်မှာ ဤကဲ့သို့ အဆင့်နိမ့်ဆေးလုံးများကို စစ်ဆေးရန် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး သာ ကုန်ကျခြင်းဖြစ်သည်။

အဆာရှောင်ဆေး (မြည်းတံဆိပ်) - အဆင့် (၁) ဆေးလုံး။ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုမှ ထုတ်လုပ် သည်။

ပုံမှန်အာနိသင်: (၇) ရက်စာ အစာမစားဘဲ နေနိုင်သည်။

မြည်းတံဆိပ်အာနိသင်: (၁၀) ရက်စာ အစာမစားဘဲ နေနိုင်သည့်အပြင် အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး ကျင့်ကြံခြင်းစွမ်းရည်ကို နှစ်ဆ တိုးစေသည်။

ဘေးထွက်ဆိုးကျိုး: "မျက်စိအစာကျွေးခြင်း"၊ "အလှအပဖြင့် ရေငတ်ပြေခြင်း"၊ "စိတ်ကူး ယဉ်မှုဖြင့် ဗိုက်ဖြည့်ခြင်း"။ (အစာစားချင်စိတ်က မိန်းမလှလေးများကို မြင်လိုသည့် ကာမစိတ် အဖြစ် ပြောင်းလဲသွားပြီး အလွန်အမင်း ရာဂစိတ် ထကြွစေသည်။)

“ကုန်စည်အမှိုက်ပုံး... ဒီလို အရည်အသွေးညံ့တဲ့ ဆေးလုံးတွေကို ရောင်းလို့ တကယ်ရော အဆင်ပြေ ပါ့မလား။ ဖောက်သည်တွေက ငါ့ကို ဝိုင်းရိုက်ကြမှာ မဟုတ်ဘူးလား….။”

[ဘယ်နေရာက ညံ့လို့လဲ။ ပုံမှန်ဆေးလုံးက (၇) ရက်ပဲ ခံတာကို ကျွန်တော်တို့ဟာက (၁၀) ရက်တောင် ခံတာလေ။ အာနိသင်က (၅၀) ရာခိုင်နှုန်း ပိုသာတဲ့အပြင် အပိုစွမ်းဆောင်ရည်တောင် ပါသေးတယ်။]

“အာနိသင် သာတာတော့ ဟုတ်ပါပြီ၊ ဘေးထွက်ဆိုးကျိုးက ကြောက်စရာကြီးလေ….။”

[ရာဂစိတ် ရှိတာ ဘာမှားလို့လဲ။ ‘စားသောက်ခြင်းနဲ့ ကာမဂုဏ်ဆိုတာ လူသားတို့ရဲ့ ပင်ကိုယ်သဘာဝပဲ’ လေ။]

စနစ်၏ အဓိပ္ပာယ်မရှိသော ဆင်ခြေများကို ဂရုမစိုက်တော့ဘဲ လင်းဖန်က ချီစုဆောင်းခြင်းဆေးကို ဆက်လက်၍စစ်ကြည့်လိုက်သည်။

ချီစုဆောင်းခြင်းဆေး (မြည်းတံဆိပ်) - အဆင့် (၁) ဆေးလုံး။

ပုံမှန်အာနိသင်: ကျင့်ကြံမှု (၁) ရက်စာ တိုးတက်စေပြီး ကျင့်ကြံနှုန်း (၅၀) ရာခိုင်နှုန်း မြှင့်တင် ပေးသည်။

မြည်းတံဆိပ်အာနိသင်: ကျင့်ကြံမှု( ၂) ရက်စာ တိုးတက်စေပြီး ကျင့်ကြံနှုန်း (၁၀၀) ရာခိုင်နှုန်း မြှင့်တင်ပေးသည်။

ဘေးထွက်ဆိုးကျိုး: ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအားများလွန်းသဖြင့် သဘာဝအတိုင်း "လေလည် ခြင်း" ဝေဒနာကို ခံစားရမည်။ (အလွန်ကျိုးကြောင်းဆီလျော်သည်။)

“ဘာလဲဟ... ဒါက ကျိုးကြောင်းဆီလျော်တယ်ပေါ့ ဟုတ်လား…။”

လင်းဖန်တစ်ယောက် ဤဆေးလုံးကို စမ်းမသောက်ခဲ့မိသည်မှာ ကံကောင်းလှသည်။ အကယ်၍ ဈေး ကွက်ထဲတွင်သာ ဤဆေးကို သောက်မိပြီး တရစပ် လေလည်နေမည်ဆိုပါက တစ်ဈေးလုံး နံစော်သွား ပြီး သူလည်း နာမည်ပျက်စာရင်း သွင်းခံရမည်မှာ သေချာသည်။

အကျိုးသက်ရောက်မှုကလည်း ကြောက်စရာကောင်းသလို ထုတ်လုပ်နိုင်စွမ်းကလည်း အံ့မခန်းပင်။ ဘေးထွက်ဆိုးကျိုးကတော့ အဆိုးဆုံးမဟုတ်ပါလား။

“ဒီမီးဖိုကပဲ ချို့ယွင်းနေတာလား၊ ဒါမှမဟုတ် မြည်းသူတော်စင်ဆိုတဲ့သူကပဲ စိတ်မမှန်တာလား။ ဘယ် လိုလုပ် ဒီလို ထူးဆန်းတဲ့ ဆေးလုံးမျိုးတွေကို ဖော်စပ်ခဲ့တာလဲ…။”

လင်းဖန် ညည်းညူနေစဉ်မှာပင် စနစ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

[ဟူး... ဒါကတော့ မြည်းသူတော်စင်ရဲ့ ဂန္ထဝင်မြောက်တဲ့ အတွေ့အကြုံတွေကနေ အစပြုခဲ့တဲ့ ရှည်လျား တဲ့ ပုံပြင်တစ်ပုဒ်ပေါ့...]

“ပုံပြင်တစ်ပုဒ်” ဟူသော စကားကို ကြားလိုက်ရချိန်တွင် လင်းဖန်၏ စိတ်ဝင်စားမှုမှာ ပျောက်ကွယ်သွား သည်။

“တော်ပြီ၊ ဆက်မပြောနဲ့တော့... ငါ စိတ်မဝင်စားဘူး...။”

All Chapters