အခန်း ၂၂၁
Vol. 23 Ch. 221
အခန်း (၂၂၁) နောက်ထပ် အဆင့်တက်ခြင်း၊ စတုတ္ထအတိဒုက္ခအဆင့်
“ဒါက အမှန်ပါပဲ...။ နဝမတန်းစား အင်အားစုသုံးခု ပူးပေါင်းထားတာမို့လို့ ဘယ်သူက ခေါင်းဆောင်လုပ် လုပ် မသင့်တော်ဘူးလေ...။”
“ရုပ်သေးရုပ်တစ်ရုပ်ကို မြင့်မြတ်သောအရှင်အဖြစ် ခန့်အပ်လိုက်တာက အသင့်တော်ဆုံး ဖြစ်လိမ့် မယ်...။”
“ကောင်းပြီ...၊ ခင်ဗျားက လူတိုင်းကို တကယ်ကိုယ်စားပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်...။”
“ဒီကိစ္စကို ဆွေးနွေးဖို့ ဂိုဏ်းကို ကျွန်တော် ပြန်သွားပြီးရင် အဖြေတစ်ခု အမြန်ပေးပါ့မယ်...။”
“နောက်မှ နောင်တမရဖို့တော့ မျှော်လင့်ပါတယ်...။ သွားကြစို့...။”
ထိုသို့ပြောပြီးနောက် လင်းယုံယွမ်သည် သူ၏လက်အောက်ငယ်သား အချို့နှင့်အတူ ထွက်ခွာသွား ခဲ့လေတော့သည်။
သူတို့သည် ဆေးမီးဖိုမျှော်စင်သို့ ပြန်မသွားဘဲ ထျန်းယွမ်မြို့၏ မြို့တံခါးဆီသို့ တိုက်ရိုက် ဦးတည်သွား ခဲ့ကြလေသည်။
ရှင်းနေသည်မှာ သူတို့သည် သူတို့၏ဂိုဏ်းဆီသို့ တိုက်ရိုက်ပြန်ရန် ရည်ရွယ်ထားပုံပေါ်လေသည်။
ဆေးမီးဖိုဂိုဏ်းမှ လူများ ထွက်ခွာသွားပြီးနောက် လင်းဖန်သည် တံခါးအပြင်ဘက်ရှိ ဖောက်သည်များကို ဆက်လက်ကြိုဆိုနေခဲ့တော့သည်။
“တာအိုရောင်းရင်းတို့...၊ ဒါက ခင်ဗျားတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အသေးအမွှား ကိစ္စလေးတစ်ခုပါပဲ...။”
“ကောင်းပါပြီ...၊ လူတိုင်းကို ပြန်လည်ကုစားပေးတဲ့အနေနဲ့ ဒီနေ့မှာ ကျွန်တော်တို့ဆိုင်က ပစ္စည်းအားလုံး ကို လျှော့ဈေးနဲ့ ရောင်းချပေးပါ့မယ်...။”
“အရင်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း တန်ဖိုးရှိတဲ့ ကြီးမြတ်သောပြန်လည်ကုသ ခြင်း ဆေးလုံး က အခုဆိုရင် (၉,၉၉၉) တည်းသာ ကျသင့်တော့မှာပါ...။”
“ဘာတွေစောင့်နေကြသေးတာလဲ...။ ဒီအခွင့်အရေးကို မြန်မြန်ဆွဲကိုင်လိုက်ကြပါ...။”
လင်းဖန် ပေးသော လျှော့ဈေးအကြောင်းကို ကြားလိုက်ရသောအခါ လူတိုင်း၏ နှုတ်ခမ်းများ တွန့်ချိတ် သွားကြလေတော့သည်။
ဘယ်လောက်တောင် ရက်ရောလိုက်ပါသလဲ။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းသာ လျှော့ပေးထား ခြင်းသာဖြစ်ပေသည်။
“ဆိုင်ရှင်...၊ ခင်ဗျားက စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းသာ လျှော့ပေးထားတာ ဆိုတော့ လျှော့ဈေးမပေးတာနဲ့ ဘာမှမကွာပါဘူး...။”
သံသယများနှင့် ရင်ဆိုင်ရချိန်တွင် လင်းဖန်က မှန်ကန်ပြတ်သားစွာ ပြောလိုက်လေသည်။
“ခင်ဗျားတို့ ဤအရာကို သိချင်မှသိမှာပါ... ကျွန်တော့်ရဲ့ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး ကို ဖန်တီးရတဲ့ ကုန်ကျစရိတ်က အရမ်းမြင့်မားပါတယ်...”
“မူလက ကျွန်တော်တို့ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ အမြတ်ကျန်တာပါ...။ အခု အဲဒီ စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကိုပါ လူတိုင်းကို ပေးလိုက်ပြီဆိုတော့ ကျွန်တော်တို့ ဘာအမြတ်မှ မရတော့ပါ ဘူး...။”
“ခင်ဗျားတို့ကိုတော့ အရှုံးခံခိုင်းလို့ မရဘူးလေ...၊ ဟုတ်တယ်မလား...။”
လင်းဖန် အဓိပ္ပါယ်မရှိ ပြောနေမှန်း လူတိုင်း သိကြသော်လည်း သူတို့သည် ဆိုင်ထဲသို့ ဝင်သွားကြဆဲ ပင်ဖြစ်ချေသည်။
မည်သို့ပင်ဆိုစေကာမူ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး နှင့် ဟင်းလင်းပြင်လက်စွပ် နှစ်ခုလုံး သည် သူတို့အတွက် အလွန်ဆွဲဆောင်မှု ရှိနေခဲ့သည်ပင်။
ဆေးမီးဖိုဂိုဏ်းမှ လူများပင် ဤကဲ့သို့သော အရာမျိုးကို မဖန်တီးနိုင်သည်ကို မြင်ဘူးခဲ့ခြင်းမရှိခဲ့သည်ပင် မဟုတ်ပါလား။
လင်းဖန် ဖောက်သည်များကို စိတ်အားထက်သန်စွာ ဧည့်ခံနေစဉ်။
သူ့စိတ်ထဲတွင် စနစ်၏ အသိပေးသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
[ဒင်...၊ အထွတ်အထိပ် ဝိညာဉ်ကြောကို စုပ်ယူခြင်း ပြီးစီးသွားပါပြီ...။ စတုတ္ထအတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်...။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ လုပ်ဆောင်ချက် အသစ်တစ်ခု ပွင့်သွားပါပြီ...။]
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ လင်းဖန် အလွန်ဝမ်းသာသွားခဲ့လေသည်။
ရက်ပေါင်းများစွာ ကြာပြီးနောက်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် ဝိညာဉ်ကြောများကို ဝါးမြိုခြင်း ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
ဆေးမီးဖိုဂိုဏ်းကို သိမ်းပိုက်မည့် အစီအစဉ်ကို အရှိန်မြှင့်ရန် လိုအပ်နေပုံရလေသည်။
မည်သို့ပင်ဆိုစေ စုပ်ယူစရာ ဝိညာဉ်ကြောများ မရှိတော့သဖြင့် ၎င်းတို့ကို အမြန်ဆုံး ဖြည့်တင်းရန် လိုအပ်ပေသည်။
ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ အခြားအဖွဲ့ဝင်များကို ဧည့်သည်များအား ဧည့်ခံရန် စီစဉ်ပေးပြီးနောက် လင်းဖန်သည် မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပြန်သွားခဲ့လေသည်။
“ငတုံးလေး...၊ အဆင့်တက်ပြီး နောက်လုပ်ဆောင်ချက်အသစ်က မှော်လက်နက်စိတ်ဝိညာဉ် နိုးထလာ တာ ဖြစ်ရမယ်...။ ဟုတ်တယ်မလား...။”
[ပိုင်ရှင်ကိုယ်တိုင်ပဲ စစ်ဆေးကြည့်လိုက်ပါ...။]
ထင်ထားသည့်အတိုင်းပင် လင်းဖန်၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့ပေသည်။
လုပ်ဆောင်ချက်အသစ်မှာ မှော်လက်နက်၏ စိတ်ဝိညာဉ် နိုးထလာခြင်းပင် ဖြစ်ပြီး အထူးသဖြင့် ခရမ်း ရွှေနတ်နဂါးထီး ၏ မှော်လက်နက်စိတ်ဝိညာဉ် နိုးထလာခြင်း ဖြစ်သည်။
“ဟားဟား...၊ ငါ ခန့်မှန်းတာ မှန်သွားပြီ...။ နောက်ထပ် အဆင့်တက်ရင် သုံးဘီးစက်ဘီးရဲ့ စိတ်ဝိညာဉ် နိုးထလာတာ ဖြစ်ရမယ်...။”
ကမ္ဘာပေါင်းများစွာရတနာသေတ္တာ ကို သူမခန့်မှန်းရသည့် အကြောင်းရင်းမှာ ဤသေတ္တာဟောင်းသည် အချိန်အကြာကြီး ဖုန်တက်နေခဲ့သောကြောင့် ဖြစ်လေသည်။
အခြားမှော်လက်နက် လေးခု၏ စိတ်ဝိညာဉ်များ နိုးထလာချိန်တွင် ရတနာသေတ္တာအတွက် နောက်ကျ သွားမည်ကိုပင် လင်းဖန် စိုးရိမ်မိသည်။
*စိတ်ဝိညာဉ်ကို မနိုးထစေဘဲ မဖြစ်အောင်လို့ ရတနာသေတ္တာကို ငါ ပိုပြီး အသုံးပြုရမည့်ပုံပဲ…။*
“ကောင်းပြီ...၊ ငါတို့တွေ ဆက်သွယ်နိုင်ဖို့ အရင်ဆုံး တစ်ယောက်အကြောင်း တစ်ယောက် နားလည်ထား ဖို့ လိုတယ်မလား...။”
“ငါ မင်းအတွက် နာမည်တစ်ခု စဉ်းစားထားပြီးပြီ...၊ မင်းကို နဂါးလေး လို့ ခေါ်မယ်...။”
“နဂါးလေး... နဂါးလေး... မင်း အဲဒီမှာ ရှိလား...။ ငါ့အသံ ကြားရင် ပြန်ထူးပါဦး...”
ခဏအကြာတွင် ကလေးငယ်တစ်ဦး၏ အသံလေးက လင်းဖန်၏ စိတ်ထဲ၌ ထွက်ပေါ်လာခဲ့လေသည်။
“နဂါးလေးဆိုတာက ကျွန်တော့်ကို ခေါ်နေတာလား...။ ရှိပါတယ်...၊ ရှိပါတယ်...။”
နဂါးလေး၏ အဖြေကို ကြားလိုက်ရသောအခါ လင်းဖန် အလွန်ဝမ်းသာသွားခဲ့လေသည်။
ဤနဂါးလေးသည် မြည်းလေးထက် များစွာ ပို၍ ဉာဏ်ရည်ထက်မြက်ပုံရပေသည်။ ဉာဏ်ရည်အဆင့် သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အရွယ်အစားပေါ်တွင် မူတည်သည်ဟု စနစ်က ပြောထားခဲ့သည် မဟုတ်လား။ ခရမ်းရွှေနတ်နဂါးထီး သည် ထိုမျှလောက် မကြီးမားပေ။
၎င်းသည် စနစ်က လုပ်ကြံဖန်တီးထားသည့် အရာတစ်ခုသာ ဖြစ်ပုံရပြီး လက်နက်၏ အမှန်တကယ် အရွယ်အစားနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။
ထို့ကြောင့် အကြောင်းရင်းသည် မြည်းလေး အပေါ်တွင်သာ မူတည်နေဆဲဖြစ်သည်။ ၎င်းသည် တစ်ခု တည်းသော စိတ်ဝိညာဉ်ဖြစ်ပြီး ၎င်း၏ ဉာဏ်ရည်မှာလည်း မမြင့်မားပေ။
စဉ်းစား၍မရသောကြောင့် လင်းဖန်သည် ထိုအကြောင်းအရာအပေါ်တွင် ဆက်၍ စွဲလန်းမနေတော့ပေ။
ထို့အစား သူသည် နဂါးလေး၏ စွမ်းရည်များကို မေးမြန်းခဲ့လေသည်။
“နဂါးလေး...၊ ခရမ်းရွှေနတ်နဂါးထီး ရဲ့ စိတ်ဝိညာဉ်အနေနဲ့ မင်းမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲ...။”
“သခင်...၊ တိုက်ပွဲဝင်တဲ့အခါ ခရမ်းရွှေနတ်နဂါးထီး ကို ကျွန်တော် ထိန်းချုပ်နိုင်တယ်...။ အဲဒါကော အကျုံးဝင်လား...။”
ထိုစွမ်းရည်ကို ကြားလိုက်ရသောအခါ လင်းဖန်သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ၎င်းကို အတော် လေး ကောင်းမွန်သော စွမ်းရည်တစ်ခုအဖြစ် မှတ်ယူကာ ခေါင်းညိတ်လိုက်လေသည်။
ရိုးရိုးသားသား ပြောရလျှင် လင်းဖန်ကိုယ်တိုင်တွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မှ မရှိပေ။ ထို့ကြောင့် တိုက်ပွဲတွင် ခရမ်းရွှေနတ်နဂါးထီး ကို အသုံးပြုသည့်အခါ ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
ခရမ်းရွှေနတ်နဂါးထီး သည် ကိုယ်တိုင် တိုက်ခိုက်နိုင်သောကြောင့် သူ အသုံးပြုခဲ့စဉ်ကထက်ပင် ပို၍ အားကောင်းလာနိုင်ပေသည်။
“အင်း... အဲဒါက အတော်လေး ကောင်းတဲ့ စွမ်းရည်ပဲ...။ တခြားကော ရှိသေးလား...။”
“ကျွန်တော် လုပ်နိုင်တာတွေ ရှိပါသေးတယ်...။”
လင်းဖန်နှင့် နဂါးလေးတို့ စကားပြောနေစဉ်။
လင်းယုံယွမ်သည်လည်း ဆေးမီးဖိုဂိုဏ်းသို့ ပြန်လည်ရောက်ရှိသွားခဲလေသည်။ ဂိုဏ်းထဲသို့ ဝင်ဝင်ချင်း ပင် လင်းယုံယွမ်သည် လောင်းကြေးအကြောင်းကို ဂိုဏ်းချုပ်အား ချက်ချင်း သတင်းပို့ခဲ့လေသည်။
မကြာမီတွင် ဆေးမီးဖိုဂိုဏ်း၏ အစည်းအဝေးခန်းမ၌ အတိဒုက္ခအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံ သူများစွာ စုဝေးကာ ဆွေးနွေးမှုများ စတင်ခဲ့ကြလေတော့သည်။
“အင်မော်တယ်တိမ်တိုက်ဂိုဏ်း၊ ရွှမ်းမင်ဂိုဏ်း နဲ့ လင်းရှောင်းဂိုဏ်း သုံးခုက ဘယ်အချိန်တည်းက ပူးပေါင်းကြံစည်နေကြတာလဲ...။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ငါတို့ သတင်းတစ်ခုမှတောင် မရခဲ့ဘူး...။”
“သူတို့က ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ဆိုပြီး နာမည်ပေးရဲလောက်အောင် အတော်လေး မာနကြီး နေကြတာပဲ...။ ကြီးမြတ်တဲ့ မြင့်မြတ်သောနယ်မြေလေးခုရဲ့ ဝိုင်းရံတိုက်ခိုက်တာကို သူတို့ မကြောက် ကြဘူးလား...။”
“ဟက်...၊ သူတို့က အရမ်း ရိုးအလွန်းနေပါသေးတယ်...။ ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းလိုက်ရုံနဲ့ မြင့်မြတ် နယ်မြေရဲ့ ဂုဏ်ဒြပ်ကို စိန်ခေါ်ရဲမယ်လို့ သူတို့ ထင်နေကြတာလား...။”
ဆွေးနွေးမှုများကို ကြားပြီးနောက် ဆေးမီးဖိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဟန်ရွှမ်က စကားစလိုက်ပြီး စကားဝိုင်းကို အဓိကအကြောင်းအရာဆီသို့ လမ်းကြောင်းလွှဲလိုက်လေသည်။
“အခုက သူတို့ရဲ့ နာမည်တွေကို ဂရုစိုက်နေရမယ့် အချိန်မဟုတ်ဘူး...။ လောင်းကြေးအကြောင်းကို ဆွေးနွေးရအောင်...။”
ဂိုဏ်းချုပ်၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းသည် စကားဝိုင်း လမ်းကြောင်းလွဲသွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
“အဟမ်း...၊ ဂိုဏ်းချုပ်ပြောတာ မှန်တယ်...။ ကျွန်တော်တို့ ဒီလောင်းကြေးကို လက်ခံနိုင်တယ်လို့ ထင်ပါတယ်...။”
“ကျွန်တော် သဘောတူတယ်...။ ဆေးသန့်စင်တာနဲ့ လက်နက်ဖန်တီးတာကို ယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်တော်တို့ ဆေးမီးဖိုဂိုဏ်းက ဘယ်သူ့ကိုမှ မကြောက်ဘူးလေ...။”
“ဒါဟုတ်တယ်...။ အဲဒီ ဂိုဏ်းသုံးဂိုဏ်းက အရမ်း မောက်မာလွန်းလို့ အနှေးနဲ့အမြန် မြင့်မြတ်နယ်မြေရဲ့ နှိမ်နင်းတာကို ခံရမှာပဲ...။ ဒါဆိုရင် မြင့်မြတ်နယ်မြေ မလှုပ်ရှားခင် ကျွန်တော်တို့ လက်ထဲ အရင်ထည့် ထားလိုက်ရင် မကောင်းဘူးလား...။”
လင်းယုံယွမ် ပြန်ပြောပြသော လောင်းကြေးအကြောင်းကို သူတို့ ကြားပြီးဖြစ်ကြသည်။ ယှဉ်ပြိုင်မှုတွင် ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့သည် ရှုံးနိမ့်နိုင်ခြေကိုပင် ထည့်မတွေးကြတော့ပေ။
လူတိုင်း သဘောတူကြသည်ကို မြင်သောအခါ ဟန်ရွှမ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ စဉ်းစားရမည့်အရာများစွာ ရှိနေသည်မှာ သေချာပေသည်။
“အကြီးအကဲလင်း...၊ သူတို့က ဒီအရာအားလုံးကို လောင်းကြေးထပ်ဖို့ အကြံပြုခဲ့တာလား...။ သူတို့ ဘာလို့ ဒီလောက်ထိ လောင်းရဲတာလဲဆိုတာကို ခင်ဗျား ဘယ်လိုထင်လဲ...။”
မေးခွန်းကို ကြားပြီးနောက် လင်းယုံယွမ်သည် ခဏတာ စဉ်းစားလိုက်ပြီး အမှန်အတိုင်း ဖြေကြားခဲ့ လေသည်။
“ဂိုဏ်းချုပ်...၊ လောင်းကြေးကို စတင်အဆိုပြုခဲ့တာက ကျွန်တော်ပါ...။”
“အဲဒီတုန်းက မတော်တဆမှုတွေဖြစ်အောင် ဖန်တီးဖို့ သူတို့ရဲ့ ကြိုးစားမှုတွေက နိုင်သည်ဖြစ်စေ ရှုံးသည် ဖြစ်စေ သူတို့အတွက် အသာစီးရဖို့ အမြဲတမ်း နည်းလမ်းတစ်ခုဖြစ်နေတယ်လို့ ကျွန်တော် ခံစားခဲ့ရ ပါတယ်...။”
“ဒါကြောင့် တစ်ဖက်လူကို ခြောက်လှန့်ဖို့ အကြံနဲ့ အထွတ်အထိပ် ဝိညာဉ်ကြော တစ်ခုကို လောင်းဖို့ ကျွန်တော် အကြံပြုခဲ့တာပါ...။”
“ဒါပေမဲ့ ကျွန်တော်တို့ အံ့သြသွားတာက တစ်ဖက်လူက လုံးဝ ကြောက်ရွံ့မသွားတဲ့အပြင် သူတို့ရဲ့ တောင်းဆိုမှုတွေကိုပါ ပိုတိုးလာခဲ့ပါတယ်...။”
“ဒီကိစ္စမှာ ကျွန်တော့်ရဲ့ ပေါ့ဆမှုဆိုတာ အမှန်ပါပဲ...။ ကျွန်တော် နည်းနည်း စိတ်လိုက်မာပါ လုပ်မိသွား ပါတယ်...။”
ဤစကားကို ကြားသောအခါ ဟန်ရွှမ် စကားမပြောနိုင်မီမှာပင် ခန်းမထဲရှိ အခြားသူများက စတင်ပြော ဆိုလာခဲ့ကြလေသည်။
“အကြီးအကဲလင်း...၊ ဒါကို ဘယ်လိုလုပ် စိတ်လိုက်မာပါ လုပ်တာလို့ ခေါ်လို့ရမှာလဲ...။ ခင်ဗျားက ကောင်းမွန်တဲ့ အကြံပြုချက်တစ်ခုကို ပေးခဲ့တာပါ...။”
“ဟုတ်တယ်...။ သူတို့က အာဏာရလာဖို့အတွက် ကျွန်တော်တို့ ဆေးမီးဖိုဂိုဏ်းရဲ့ ဂုဏ်သတင်းကို အသုံး ချချင်တယ်ဆိုရင်တော့ သူတို့ကို တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းရမှာပဲ...။”
“ဒါက ကောင်းမွန်တဲ့ လောင်းကြေးတစ်ခုပါ...။ သူတို့ကို သိမ်းပိုက်ပြီးရင် ကျွန်တော်တို့ ဆေးမီးဖိုဂိုဏ်း က မြင့်မြတ်နယ်မြေနဲ့ တန်းတူရပ်တည်နိုင်တဲ့ အင်အားရှိလာနိုင်ပါတယ်...။”
လူတိုင်း၏ စကားများကို နားထောင်ရင်း ဟန်ရွှမ် မျက်မှောင်ကြုတ်သွားလေသည်။ ဂိုဏ်းထဲရှိ အကြီး အကဲများသည် ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတို့တွင် အရူးအမူးဖြစ်လွန်းနေပုံရသည်။
သူတို့အား ဝေဖန်ရန် စကားတစ်ခွန်းပြောမည်အပြုတွင် လင်းယုံယွမ်၏ လုပ်ရပ်များသည် အမှန် တကယ်တော့ မမှားယွင်းကြောင်းကို သူ သဘောပေါက်သွားခဲ့သည်။ အကယ်၍ သူသာဆိုလျှင်လည်း ထိုနည်းတူ လုပ်ဆောင်မိမည်မှာ သေချာပေသည်။
“အကြီးအကဲလင်း...၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး...။ ခင်ဗျား ဘာမှ အမှားမလုပ်ခဲ့ပါ ဘူး...။”
“တခြားသူတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ အရှိန်အဝါမှာ အရှုံးပေးလို့ မရဘူး လေ...။”
လင်းယုံယွမ်၏ လုပ်ရပ်ကို အတည်ပြုပြီးနောက် ဟန်ရွှမ်သည် အကြောင်းအရာကို ပြောင်းလိုက်ပြီး ဆက်လက်မေးမြန်းခဲ့လေသည်။
“အကြီးအကဲလင်း...။ ခင်ဗျား လောင်းကြေးကို အကြံပြုပြီးနောက်မှာ အဲဒီလူရဲ့ မျက်နှာအမူအရာကို သတိထားမိခဲ့သေးလား...။”