← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) မင်းမှာ အိပ်မက်တစ်ခု ရှိလား

လင်းဖန်၏ စကားကို ကြားသောအခါ ထယ်ကျူး ချက်ချင်းပင် အံ့အားသင့်သွားသည်။ လင်းဖန်၏ နားလည်ရခက်သော မေးခွန်းကြောင့် သူ တွေဝေသွားပုံရသည်။

ခဏတာ အံ့အားသင့်ကာ တိတ်ဆိတ်သွားပြီးနောက် ထယ်ကျူးသည် တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။

"ရှိတယ်… ကျွန်တော့ရဲ့အိပ်မက်က ခန္ဓာကိုယ်ပေါ်က အမွေးတွေ မြန်မြန်ပြန်ပေါက်လာဖို့ပဲ…။"

ရက်အနည်းငယ် ကြာသွားခဲ့ပြီဖြစ်ပြီး ထယ်ကျူး၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အမွေးများမှာ ပျောက်ကွယ်သွားသော်လည်း အမည်းရောင်အမွေးများကမူ ပြန်မပေါက်လာခဲ့သေးပေ။ ထို့ကြောင့် အမည်းရောင်အမွေးများ ပေါက်လာရန်က ယခု သူ၏ အိပ်မက်ဖြစ်ရမည်ဟု သူထင်နေသည်။

ထယ်ကျူး၏ အိပ်မက်ကို ကြားလိုက်ရသောအခါ လင်းဖန်မှာ ဆွံ့အသွားသည်။

*ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားလဲ…။*

"ထယ်ကျူး... ငါက ရေတိုအိပ်မက်တွေကို မေးနေတာမဟုတ်ဘူး၊ ရေရှည်အိပ်မက်တွေကို မေးနေတာ"

"ဥပမာ အနာဂတ်မှာ မင်း ဘယ်လိုကျင့်ကြံမှုအဆင့်မျိုး ရောက်ချင်လဲ၊ ဘာတွေလုပ်ချင်လဲ၊ ပြီးတော့ ဘယ်လို နာမည်ဂုဏ်သတင်းမျိုး ရချင်တာလဲဆိုတာမျိုးပေါ့…။"

လင်းဖန်၏ မေးခွန်းကို ကြားသောအခါ ထယ်ကျူးသည် ချက်ချင်းပင် အတွေးနက်သွားလေသည်။သူ၏ မျက်မှောင်ကြုတ်နေပုံကို ကြည့်ရသည်မှာ လင်းဖန်၏ မေးခွန်းကို အလေးအနက် စဉ်းစားနေပုံရပေ သည်။

ခဏအကြာတွင် ထယ်ကျူး၌ အဖြေတစ်ခု ရှိလာခဲ့သည်။

"ကျင့်ကြံသူတိုင်းကတော့ အင်မော်တယ်အဖြစ် တက်လှမ်းချင်တဲ့ အိပ်မက်ကိုတော့ ရင်ဘတ်ထဲမှာ သိမ်းဆည်းထားကြတာချည်းပဲ။ ငါလည်း အင်မော်တယ်တစ်ပါး ဖြစ်ချင်တယ်…။"

ထိုသို့ပြောပြီးနောက် ထယ်ကျူးသည် သူ အများကြီးတွေးမိသွားပြီကို သတိပြုမိသွားပုံရပြီး အနည်း ငယ် ရှက်ရွံ့စွာဖြင့် ဆက်ပြောလိုက်သည်။

"ဆိုင်ရှင်... ကျွန်တော့အိပ်မက်က နည်းနည်းလေး ကြီးလွန်းမနေဘူးလား…။"

ထယ်ကျူး၏ စကားကို ကြားသောအခါ လင်းဖန်သည် ချက်ချင်းပင် ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါက ကျဉ်းမြောင်းလွန်းတယ်။ အင်မော်တယ်ဖြစ်ရတာက ဘာမှမဟုတ်ပါဘူး။ အရမ်းလွယ်တယ်မဟုတ်လား…။"

လင်းဖန်၏ စကားများက အနည်းငယ် ချဲ့ကားထားသော်လည်း တကယ်တမ်းတွင် ထယ်ကျူးအတွက်မူ ခက်ခဲသောကိစ္စ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ ကျင့်ကြံမှုအရည်အချင်းက ပြန်လည်ရှင် သန်ခြင်း ဆေးလုံးကို သောက်သုံးပြီးနောက် အဆင့် (၈) သို့ ရောက်ရှိသွားခဲ့ပြီ မဟုတ်ပါလား။

ဤကဲ့သို့သော အရည်အချင်းမျိုးဖြင့် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည့် အလားအလာမှာ အလွန် မြင့်မားဆဲဖြစ်သည်။

လင်းဖန်၏ စကားကို ကြားပြီးနောက် ထယ်ကျူးသည် 'ခင်ဗျား ကျွန်တော့ကို နောက်နေတာလား' ဟူသော အကြည့်မျိုးဖြင့် သူ့ကို ကြည့်လိုက်သည်။

ထို့နောက် လင်းဖန်က ဆက်ပြောလိုက်သည်။

"ထယ်ကျူး... မင်းရဲ့ ပါရမီနဲ့ဆိုရင် လုံလောက်တဲ့ အရင်းအမြစ်တွေသာ ရှိနေပြီး လမ်းခုလတ်မှာ သေဆုံးမသွားဘူးဆိုရင် အင်မော်တယ်ဖြစ်လာဖို့ဆိုတာ သဘာဝကျတဲ့ ရလဒ်တစ်ခုပဲ…။"

ထိုစကားကို ကြားသောအခါ ထယ်ကျူးသည် ခါးသက်သက် ပြုံးလိုက်သည်။

"ဆိုင်ရှင်... ပြဿနာက ငါတို့မှာ အရင်းအမြစ်တွေ မရှိတာပဲ…။"

"ဒါ့အပြင် ကျွန်တော့လိုမျိုး နောက်ခံလည်းမရှိ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း မရှိတဲ့လူက တစ်နေ့ ကျရင် ကျွန်တော့ဆရာလိုပဲ မတော်တဆတစ်ခုခုနဲ့ သေဆုံးသွားနိုင်တယ်…။"

ထယ်ကျူး၏ စိတ်ဓာတ်ကျဖွယ် စကားများက လင်းဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ စေသည်။

ဟင်းလင်းပြင် သန့်စင်ရာမြေသို့ ဝင်ရောက်လာစေရန် သူ၏ ပထမဆုံး အလုပ်သမားကို လှည့်စားတော့ မည်ဖြစ်ကြောင်း သူ သိနေသည်။

"ထယ်ကျူး... မင်း ပြောနေတာတွေက မင်းနဲ့ သင့်တော်တဲ့ အင်အားစုတစ်ခုကို မဝင်ရသေးလို့ပဲ။ တိုက် တိုက်ဆိုင်ဆိုင်ပဲ မင်းနဲ့ အတိအကျ ကိုက်ညီမယ့် အင်အားစုတစ်ခုကို ငါ သိထားတယ်…။"

သူ၏ရှေ့မှ ထယ်ကျူးကို ကြည့်လိုက်ရာ သူ၏စကားများကို ကြားပြီးနောက် မျက်နှာပေါ်တွင် နားမ လည်နိုင်သော အမူအရာ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

လင်းဖန်သည် သူ့ကို ဆက်ပြီး စိတ်လှုပ်ရှားအောင် မထားတော့ဘဲ တိုက်ရိုက်ပင် ဖိတ်ခေါ်လိုက်သည်။

"လူငယ်လေး... မင်းမှာ ထူးခြားတဲ့ အလားအလာတွေရှိပြီး အနာဂတ်မှာ တောက်ပလာမယ့် ပါရမီရှင် တစ်ယောက်ဖြစ်တာကို ငါ မြင်ရတယ်။ အခု ဟင်းလင်းပြင် သန့်စင်ရာမြေကို ဝင်ရောက်ဖို့ မင်းကို တရားဝင် ဖိတ်ခေါ်ပါတယ်။ မင်း ဆန္ဒရှိလား…။"

လင်းဖန်၏ ရုတ်တရက် ဖိတ်ခေါ်မှုကြောင့် ထယ်ကျူး လုံးဝ အံ့အားသင့်သွားသည်။

ထိုခဏတွင် သူ၏ စိတ်ထဲ၌ အတွေးပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာခဲ့သည်။

*ဟင်းလင်းပြင် သန့်စင်ရာမြေတဲ့လား။ ကြီးကျယ်ခမ်းနားလှတဲ့ အဲဒီနာမည်ကို ကြည့်ရတာ အင်မတန် အစွမ်းထက်တဲ့ အင်အားစုတစ်ခု ဖြစ်ရမယ်…။*

*ဒါကြောင့်လည်း ဆိုင်ရှင်က ဒီလောက်ငယ်ရွယ်ပေမယ့် ကျင့်ကြံမှုအဆင့်က ဒီလောက်မြင့်မားနေတာ ကိုး။ သူက အစွမ်းထက်တဲ့ အင်အားစုတစ်ခုက လာတာပဲ ဖြစ်ရမယ်..။*

ထိုသို့တွေးမိပြီးနောက် ထယ်ကျူးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။

"ဟုတ်ကဲ့…ဟုတ်ကဲ့၊ ကျွန်တော် ဝင်ချင်ပါတယ်…။"

ထယ်ကျူး၏ အဖြေကြောင့် လင်းဖန်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"ကောင်းပြီ... မင်း ဆန္ဒရှိတယ်ဆိုရင်တော့ ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ စည်းမျဉ်းတွေအရ ငါ့ကို သစ္စာဆိုရမယ်…။"

"ငါ ဟင်းလင်းပြင် သန့်စင်ရာမြေကို မိမိသဘောဆန္ဒအလျောက် ဝင်ရောက်ပါမယ်။ အခုကစပြီး တာအို ရဲဘော်ရဲဘက်များစွာနဲ့အတူ ပိုမိုကြီးမား အစွမ်းထက်လာအောင် ကြိုးစားပြီး ဂုဏ်ကျက်သရေအသစ် တွေကို ဖန်တီးသွားပါမယ်…။"

လင်းဖန်၏ စကားကို ကြားသောအခါ ထယ်ကျူးသည် ချက်ချင်းပင် အလေးအနက် မျက်နှာထားဖြင့် နောက်မှ လိုက်ဆိုလိုက်သည်။

လင်းဖန်သည် 'ဟင်းလင်းပြင် သန့်စင်ရာမြေ အလုပ်ခန့်ထားမှု စာချုပ်' ကို အဆက်မပြတ် စောင့်ကြည့် နေခဲ့သည်။

ထယ်ကျူး သစ္စာဆိုပြီးသည်နှင့် ချက်ချင်းပင် စာလိပ်ပေါ်တွင် သူ၏နာမည် လင်းလက်သွားသည်ကို သူ ခံစားလိုက်ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ချိတ်ဆက်မှု အောင်မြင်စွာ တည်ဆောက်ပြီးသွား ပြီဖြစ်၏။

သစ္စာဆိုပြီးနောက် ထယ်ကျူးသည် ဟင်းလင်းပြင် သန့်စင်ရာမြေ၏ အခြေအနေနှင့် ပတ်သက်၍ စတင် စုံစမ်းမေးမြန်းတော့သည်။

"ဆိုင်ရှင်... ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေက ဘယ်လို အင်အားအဆင့်အတန်းမျိုး ရှိတာ လဲဟင်…။"

လင်းဖန်သည် ထယ်ကျူး၏ မေးခွန်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ အမှန်အတိုင်း ဖြေကြားလိုက်လေသည်။

"ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ အဆင့်အတန်းက... အင်း... ဘယ်လိုပြောရမလဲ အဆင့်မရှိဘူးလို့ပဲ သတ်မှတ်ရမှာပေါ့…။"

လင်းဖန် ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် ထယ်ကျူးသည် နေရာမှာပင် အေးခဲသွားပြီး ရင်ထဲ၌ နာကျင် သွားသလို ခံစားလိုက်ရသည်။

"အဆင့်(၅)... အဆင့်(၅) တဲ့လား။ အဆင့်(၅) အင်အားစုလေးကများ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ နာမည်မျိုး ပေးထားသေးတာလား...။"

ထယ်ကျူး၏ လေသံကို ကြားပြီးနောက် လင်းဖန်သည် တစ်ဖက်လူ နားကြားလွဲသွားမှန်း သဘောပေါက် လိုက်သည်။

"ထယ်ကျူး... 'အဆင့်မရှိတာ'၊ 'အဆင့်မရှိဘူး' လို့ ပြောတာ…။"

ဤစကားများက ထယ်ကျူး၏ နှလုံးသားကို ဓားနှင့် ထပ်မံထိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထယ်ကျူး သည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆက်ပြောလိုက်သည်။

"အဆင့်... အဆင့်မရှိဘူး။ ဘယ်လိုလုပ်ပြီး အဆင့်မရှိဖြစ်ရတာလဲ…။"

"အဆင့်သတ်မှတ်ခံရဖို့ လူအလုံအလောက် မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ အဆင့်တစ်ခု ရှိသင့် တာပေါ့…။"

"ဆိုင်ရှင်... ငါတို့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေမှာ လူဘယ်နှယောက်များ ရှိတာလဲ…။"

ထိုမေးခွန်းကြောင့် လင်းဖန်မှာ ဖြေရန် အနည်းငယ် ရှက်ရွံ့သွားသည်။

သို့သော် တစ်ဖက်လူ၏ အနည်းငယ် မှင်တက်နေသော မျက်နှာကို မြင်သောအခါ လင်းဖန်သည် သူ့ကို လိမ်ပြောရမည်ကို အားနာသွားသည်။

"အင်း... အခုဆိုရင် လူနှစ်ယောက် ရှိပြီပေါ့။ မင်းနဲ့ငါလေ…။"

"ဒါပေမဲ့ စိတ်မပူပါနဲ့ မကြာခင်မှာ လေးယောက် ဖြစ်လာတော့မှာပါ။ ငါ ကျန်းလုံနဲ့ ကျောက်ဟူကိုပါ နောက်မှ ခေါ်ထည့်လိုက်ဦးမယ်…။"

လင်းဖန်၏ စကားကို ကြားသောအခါ ထယ်ကျူးမှာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် တော့ဘဲ ဆွံ့အသွားလေတော့သည်။ သူ့ခွန်အားနှင့် စိတ်ဝိညာဉ်တို့ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

ထယ်ကျူး၏ အမူအရာကို ကြည့်ကာ လင်းဖန်သည် တိတ်တဆိတ် ရယ်မောလိုက်သည်။ မင်းကို ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ အခြေစိုက်စခန်းထဲ ခေါ်သွားလိုက်တာနဲ့ မင်း ဒီလိုအမူအရာမျိုး ရှိတော့မှာ မဟုတ်ပါဘူးဟု စိတ်ထဲမှ တွေးလိုက်သည်။ အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ကျင့်ကြံသူအားလုံး အိပ်မက်မက်ကြသည့် ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်သောနယ်မြေ ဖြစ်ကောင်းဖြစ် နိုင်ပေသည်။

"ကောင်းပြီ ထယ်ကျူး၊ သွားပြီး ကျန်းလုံနဲ့ ကျောက်ဟူကို ခေါ်လာခဲ့တော့။ သူတို့ကို လှည့်စားဖို့... အဲ မှားလို့ သူတို့ကို ဖိတ်ခေါ်ရမယ့် အချိန်ရောက်ပြီ…။"

လင်းဖန်သည် ထယ်ကျူးကို နောက်ပြောင်သည့်အနေဖြင့် "လှည့်စား" ဟူသော စကားလုံးကို တမင် တကာ လွှတ်ခနဲ ထွက်သွားဟန်ပြုလိုက်သည်။

သေချာသည်ပေါ့... လင်းဖန် 'အမှတ်မထင် လွှတ်ခနဲပြောလိုက်သည်' ကို ကြားပြီးနောက် ထယ်ကျူး၏ မျက်နှာထားမှာ ငိုရခက်ရယ်ရခက်ဖြင့် အလွန်ကြည့်ရဆိုးနေလေသည်။ သူသည် ရှုံ့မဲ့နေသော မျက်နှာ ဖြင့် ဆိုင်ထဲသို့ ချက်ချင်း ဝင်သွားခဲ့လေသည်။

သို့သော် ဆိုင်ပေါက်ဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထယ်ကျူးသည် သူ၏ အမူအရာကို အပြုံး တစ်ခုဖြင့် ချက်ချင်း ပြောင်းလဲလိုက်သည်။ လင်းဖန်၏ ဓားပြလှေပေါ်သို့ သူ ရောက်နေပြီဖြစ်သော ကြောင့် ကျန်းလုံနှင့် ကျောက်ဟူကိုပါ သူနှင့်အတူ ဆွဲချမည်ဟု ဆုံးဖြတ်လိုက်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အတူတကွ ဖြတ်သန်းပြီးနောက် သူတို့သုံးယောက်သည် သူငယ်ချင်းများ ဖြစ်လာခဲ့ကြပြီဖြစ်သည်။

*သူငယ်ချင်းတွေ ဖြစ်နေပြီဆိုတော့ သဘာဝအရ ကောင်းတူဆိုးဖက် မျှဝေခံစားရမှာပေါ့…။*

"ကျန်းလုံ၊ ကျောက်ဟူ... ဆိုင်ရှင်က မင်းတို့ကို ရှာနေတယ်။ မြန်မြန် ခြံနောက်ဘက်ကို သွားကြ…။"

"ဝိုး... မင်းတို့ကောင်တွေ ကံကောင်းလိုက်တာ။ ဒီကိုရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ် မင်းတို့ လည်း ငါ့လိုပဲ..."

"အိုး... ငါ မေ့တော့မလို့ ။ ဆိုင်ရှင်က ကြိုပြီး ဘာမှမပြောဖို့ မှာထားတာ။ မင်းတို့ သွားကြတော့... ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်…။"

ထယ်ကျူး၏ တရစပ် ပြောဆိုမှုများကြောင့် ကျန်းလုံနှင့် ကျောက်ဟူတို့မှာ လုံးဝ တွေဝေသွား ကြသည်။

"ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မင်း ဘာပြောချင်တာလဲ…"

သို့သော် ထယ်ကျူး၏ အမူအရာကို ကြည့်ရသည်မှာ ကောင်းသောကိစ္စ တစ်ခုခု ဖြစ်ပျက်ခဲ့မည်ဟု သူတို့နှစ်ယောက် ခံစားလိုက်ရသည်။ ထို့ကြောင့် ထယ်ကျူး ဘာပြောချင်သည်ကို ဆက်မတွေးတော့ဘဲ ခြံနောက်ဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်ကြသည်။

လင်းဖန်သည် ကျန်းလုံနှင့် ကျောက်ဟူတို့ကို မြင်သောအခါ သူနှင့် မျက်နှာချင်းဆိုင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။

သူတို့နှစ်ယောက်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် သူ မေးခွန်းတစ်ခု မေးလိုက်သည်။

"ကျန်းလုံ၊ ကျောက်ဟူ... မင်းတို့မှာ အိပ်မက်တွေ ရှိလား…။"

ကျန်းလုံနှင့် ကျောက်ဟူတို့သည် ထိုမေးခွန်းကို ကြားသောအခါ ဝမ်းသာသွားကြသည်။

*ဒါက သတင်းကောင်း ဖြစ်ရမယ်* ဟု စိတ်ထဲမှ တွေးလိုက်ကြလေသည်။

*ဒါက ငါတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကူညီပေးမလို့များလား။*

ဤအကြောင်းကို မေးမြန်းခံရသောအခါ သူတို့နှစ်ယောက်ထဲမှ ကျောက်ဟူက သူ၏ စိတ်အားထက် သန်မှုကို မထိန်းနိုင်တော့ဘဲ အရင် စတင်ပြောဆိုလိုက်သည်။

"စီနီယာ... ဟုတ်ကဲ့၊ ငါ လိုချင်တာက... နတ်သမီးရူဟွာကို ပိုင်ဆိုင်ချင်တာပါ…။"

ကျောက်ဟူ၏ အဖြေကြောင့် လင်းဖန်မှာ ထယ်ကျူး၏ အဖြေထက်ပင် ပို၍ ဆွံ့အသွားရလေသည်။

ထို့နောက် သူသည် ကျောက်ဟူ၏ စကားကို လျစ်လျူရှုကာ ကျန်းလုံဘက်သို့ လှည့်ကြည့်လိုက်သည်။

သို့သော် လင်းဖန်ကို အံ့အားသင့်စေသည်မှာ...

မူလက တည်ငြိမ်သည်ဟု ထင်ရသော ကျန်းလုံသည် ယခုအခါတွင် အနည်းငယ် ရှက်ရွံ့နေသော အမူ အရာကို ပြသနေခြင်းပင်ဖြစ်သည်။

"ငါက နတ်သမီးရူဟွာကို ကျောက်ဟူအတွက် စွန့်လွှတ်လိုက်ပါပြီ။ ငါက သူ့လောက်လှတဲ့ တခြားတစ် ယောက်ကို ရှာတွေ့ရင် ရပါပြီ…။"

သူတို့၏ အိပ်မက်များကို နားထောင်ပြီးနောက် လင်းဖန်သည် ထိုင်ရာမှထကာ လှည့်ထွက်သွားလေတော့ သည်။

All Chapters