အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) တစ်ယောက်ယောက်ကို ခေါ်လိုက်တာလား
မည်မျှပင် ခေါင်းမာသောသူဖြစ်ပါစေ မိမိ မိသားစု၏ ဖိအားအောက်တွင်မူ နောက်ဆုံး၌ အလျှော့ပေး ကြရစမြဲပင်။ လျူမိသားစုတွင် သူတို့၏ ပြိုင်ဘက်များကို အညံ့ခံလာစေရန် နည်းလမ်းပေါင်းစုံ ရှိ၏။
တစ်ဖက်လူက သူ့ကို အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုကဲ့သို့ အနိုင်ကျင့်လိုသော အကြည့်ဖြင့် ကြည့်နေသည် ကို မြင်သောအခါ လင်းဖန်သည် 'အဖြူရောင်ဓါးသွား' ၏ စွမ်းရည်ကို ရပ်တန့်လိုက်ပြီး တစ်ဖက်လူအား ပြန်လွှတ်ပေးလိုက်သည်။ သူသည် စီးပွားရေး အပေးအယူ အကြီးကြီးတစ်ခု လုပ်တော့မည်ဟု ခံစား နေရသော်လည်း ၎င်းမှာ ပုံမှန် အရောင်းအဝယ်မျိုး မဟုတ်ဘဲ "ဓားပြတိုက်ခြင်း" သာ ဖြစ်ပေလိမ့်မည်။
လီညီအစ်ကိုများ (လီယွမ်နှင့် လီချွမ်း) ၏ အမူအရာကို မြင်တွေ့ခဲ့ရစဉ်က ဤကမ္ဘာရှိ မိသားစုကြီးများမှ သခင်လေးများသည် စည်းကမ်းလိုက်နာတတ်သူများဟု လင်းဖန် ထင်မှတ်ခဲ့မိသည်။ တကယ်တော့ လီညီအစ်ကိုများမှာ ခြွင်းချက်သာ ဖြစ်လေသည်။ လျူသခင်လေးကဲ့သို့ ဦးနှောက်ကို မြည်းကန်ခံထား ရသည့် ချမ်းသာသော ဒုတိယမျိုးဆက်များ ရှိနေသေးသည်။
*ဒါက ပုံမှန်ပါပဲ။ အခုဆိုရင် လူတွေ ပြဿနာလာရှာမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး.. ငါ့ရဲ့ ဓားပြတိုက် တဲ့လုပ်ငန်းက မျှော်လင့်ချက်တွေ ရှိလာပြီ…။*
လင်းဖန် ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူနှစ်ယောက် ထရပ်လိုက်ကြသည်။ ဂေါင်မြောင်သည် ခန္ဓာကိုယ် လွတ်လပ်ခွင့်ရသည်မှာ ကြာပြီဖြစ်သော်လည်း လျူချွမ်းဖု ဒူးထောက်နေသည်ကို မြင်သောကြောင့် ထမရပ်ရဲဘဲ နေခဲ့ခြင်းဖြစ်သည်။ လျူချွမ်းဖု ထရပ်သည်ကို မြင်မှသာ သူလည်း အမြန်သွားတွဲပြီး ထရပ်လိုက်လေသည်။
ခြေလှမ်းပြန်မှန်သည်နှင့် ဂေါင်မြောင်သည် သူ့ကိုယ်သူ သက်သေပြလိုစိတ်ဖြင့် လင်းဖန်ကို ဒေါသတ ကြီး အော်ဟစ်တော့သည်။
“မင်းက ဘယ်လိုသတ္တိနဲ့ သခင်လေးလျူကို ဒူးထောက်ခိုင်းရတာလဲ.. အခုတော့ မင်း ဒူးထောက် တောင်းပန်မယ်ဆိုရင်တောင် နောက်ကျသွားပြီ…။”
သူသည် ပြောပြောဆိုဆိုဖြင့် လင်းဖန်ကို သင်ခန်းစာပေးရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို စုစည်း လိုက်သည်။ တစ်ချိန်တည်းမှာပင် လျူချွမ်းဖုသည်လည်း သူ၏ အရှိန်အဝါဖြင့် လင်းဖန်ကို ဖိအားပေး ကာ ဒူးထောက်လာစေရန် သူ၏ ကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်လိုက်သည်။
သူ၏ အမြင်တွင် တစ်ဖက်လူမှာ ငယ်ရွယ်လွန်းသဖြင့် ကျင့်ကြံမှုအဆင့် မြင့်မားနိုင်မည်မဟုတ်သလို မိသားစုကြီးတစ်ခုက လေ့ကျင့်ပေးထားသည့် သူ့ကဲ့သို့ တပည့်မျိုးကို ယှဉ်နိုင်မည်မဟုတ်ဟု ယူဆ ထားသည်။
တစ်ဖက်လူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ယောက်ဖြစ်ပြီး သူ့ကို အရှိန်အဝါဖြင့် နှိမ်နှင်းရန် ကြိုးစားနေသည်ကို မြင်သောအခါ လင်းဖန်မှာ ရယ်ချင်သွားသည်။ သူသည် အခြေတည်စိတ်ဝိညာဉ် အဆင့် ၏ အရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
လျူချွမ်းဖုနှင့် ဂေါင်မြောင်တို့သည် စောစောက လျှောတိုက်ဒူးထောက်စဉ်က ဒူးများ နာသွား၍လား သို့မဟုတ် လင်းဖန်၏ အခြေတည်စိတ်ဝိညာဉ်အဆင့် အရှိန်အဝါကြောင့် လန့်သွား၍လား မသိရဘဲ သူတို့၏ ခြေထောက်များ ပျော့ခွေသွားကာ နောက်တစ်ကြိမ် ထပ်မံ ဒူးထောက်မိသွားပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့နှစ်ယောက်မှာ စကားတစ်လုံးမျှပင် မဟရဲတော့ပေ။
သူတို့နှစ်ဦး အတန်ကြာ တိတ်ဆိတ်စွာဖြင့် ဒူးထောက်နေပြီးနောက် လင်းဖန်မှာ စိတ်ပျက်သွားသဖြင့် သူ၏ ဖိအားများကို ပြန်ရုပ်သိမ်းလိုက်သည်။
“မင်းတို့နှစ်ယောက် ဒူးထောက်လိုက်လို့ ငါ့ဆိုင်က ကြမ်းပြင်တွေ ပျက်စီးကုန်ပြီ.. တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းစီ လျော်ကြေးပေးရင် ဒါကို အဆုံးသတ်ပေးမယ်…။”
လင်းဖန်၏ စကားကို ကြားမှပင် သူတို့နှစ်ယောက် စကားပြန်ပြောနိုင်တော့သည်။
“ဆိုင်ရှင်.. ကျွန်တော့်ဆီမှာ အခုလောလောဆယ် ကျောက်တုံး အဲဒီလောက် မပါလာဘူး.. အိမ်ပြန်ပြီးမှ ပေးလို့ရမလား….။”
“ကျွန်တော့်ဆီမှာလည်း မရှိဘူး.. ဆိုင်ရှင်.. ကျွန်တော်တို့ကို အိမ်ပြန်ပြီး ယူခွင့်ပေးပါ.. ဒါမှမဟုတ် အိမ်ကလူတွေကို လာပို့ခိုင်းလိုက်ပါ့မယ်…။”
သူတို့ စကားပြောနေစဉ် မျက်လုံးများ ကလယ်ကလယ် ဖြစ်နေသည်ကို ကြည့်ရုံဖြင့် သူတို့ ဘာကြံစည် နေသည်ကို လင်းဖန် သိလိုက်သည်။
*မင်းတို့က အကူအညီ လှမ်းခေါ်မလို့ မဟုတ်လား.. ဒါက လင်းဖန် အလိုရှိနေတဲ့ အရာပဲလေ…။*
“ဒါဆို ဘာရပ်စောင့်နေတာလဲ.. အမြန်ပြန်ပြီး ကျောက်တုံးတွေ သွားယူကြလေ…”
လင်းဖန်၏ စကားကို ကြားသည်နှင့် သူတို့နှစ်ဦးမှာ အမြန်ထရပ်ကာ ဆိုင်ထဲမှ လှစ်ခနဲနေအောင် ပြေးထွက်သွားကြလေတော့သည်။ လမ်းခုလတ်တွင် သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီး မိမိတို့၏ မိသားစု များဆီသို့ အသီးသီး ပြေးသွားကြတော့သည်။
မြို့တော်ရှိ လျူမိသားစုဆီသို့ ရောက်သောအခါ လျူချွမ်းဖုသည် ဤကိစ္စကို မိသားစုခေါင်းဆောင်ထံ ချက်ချင်း မတင်ပြပေ။ သူ၏ အမြင်တွင် တစ်ဖက်လူမှာ အခြေတည်စိတ်ဝိညာဉ်အဆင့် မျှသာ ဖြစ် သဖြင့် မိသားစုခေါင်းဆောင်ကို အသိပေးရန် မလိုဘဲ မိသားစုထဲမှ လေးစားရသော အကြီးအကဲတစ်ဦး ကို ခေါ်သွားလျှင် လုံလောက်ပြီဟု ယူဆထားသည်။
မကြာမီ လျူချွမ်းဖုသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းရှိသည့် အကြီးအကဲ ယန်ဝမ်ကျန်း ဆီသို့ သွားရောက်ခဲ့သည်။ လျူချွမ်းဖုက အကြောင်းစုံ ရှင်းပြပြီးနောက် သူနှင့် ယန်ဝမ်ကျန်း တို့နှစ်ဦးသားသည် လင်းဖန်၏ ဆိုင်သို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။
မကြာခင်မှာပင် လျူချွမ်းဖုသည် ဟင်းလင်းပြင်ဆိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ ဝင်ဝင်ချင်း မှာပင် ဆိုင်ရှင်ကို ခေါ်ခိုင်းရန် ထဲကျူးကို အော်ဟစ်လိုက်သည်။ နောက်ဖေးမှ သတင်းရရှိသဖြင့် လင်းဖန် ဆိုင်ထဲသို့ ဝင်လာသောအခါ လျူချွမ်းဖု၏ နောက်မှ ကျင့်ကြံသူကို ချက်ချင်း မြင်လိုက်ရသည်။
*ဒါ သူတို့ ခေါ်လာတဲ့ အကူအညီပေါ့.. သူတို့မှာ ကျောက်တုံး ဘယ်လောက်တောင် ပါလာမလဲ.. ငါ့ကို ချမ်းသာအောင် လုပ်ပေးနိုင်မလားပဲ ကြည့်ရမှာပေါ့…*
“ဝိုး.. သခင်လေးလျူက တော်တော် မြန်တာပဲ.. ကျောက်တုံး တစ်သိန်း ရလာပြီလား.. အဲဒါဆို ပေးတော့ လေ..”
လင်းဖန်၏ စကားကို ကြားသောအခါ လျူချွမ်းဖုက လှောင်ပြုံး ပြုံးလိုက်သည်။
“ကျောက်တုံး တစ်သိန်းအကြောင်း ခုထိစဉ်းစားနေတုန်းပဲလား.. ဟွန်း…။ မင်းရဲ့ အခြေတည်စိတ်ဝိညာဉ် အဆင့်က သိပ်ပြီးအစွမ်းထက်နေတယ် ထင်နေတာလား.. အကြီးအကဲယန်.. သူ့ကို သင်ခန်းစာ ပေးလိုက်ပါ.. အသက်တော့ မသေစေနဲ့ဦး…။”
အမိန့်ရသည်နှင့် ယန်ဝမ်ကျန်းသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် နှောင်းပိုင်း၏ ကျင့်ကြံမှုအရှိန် အဝါကို ထုတ်လွှတ်ကာ လင်းဖန်ကို ဒူးထောက်လာစေရန် ဖိအားပေးလိုက်သည်။ သို့သော် ယန်ဝမ်ကျန်း ၏ အရှိန်အဝါ လင်းဖန်ပေါ်သို့ မကျရောက်မီမှာပင် ဆိုင်အတွင်း၌ ရုတ်တရက် ပေါ်လာသော ဟင်းလင်း ပြင်အက်ကွဲကြောင်းတစ်ခုက ထိုအရှိန်အဝါကို ဖျက်ဆီးပစ်လိုက်လေသည်။
လင်းဖန်၏ အစောင့်အရှောက်ရုပ်သေး ၏ ခုခံမှုစွမ်းရည် နိုးကြားလာခြင်းကြောင့်ပင် ဖြစ်သည်။ ထို အက်ကွဲကြောင်း ကြီးမားလာသည်နှင့်အမျှ လှပခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်မိမယ် တစ်ပါး ထွက်ပေါ်လာလေသည်။
လင်းဖန်မှာ ဤမြင်ကွင်းကို မြင်ဖူးသဖြင့် အံ့သြချင်းမရှိသော်လည်း ဆိုင်ထဲရှိ ကျန်လူသုံးယောက်မှာမူ မျက်လုံးများ ပြူးထွက်မတတ် အံ့သြနေခဲ့ကြသည်။ ရုပ်သေးသည် လင်းဖန်၏ အမိန့်ကို စောင့်ဆိုင်းနေ သကဲ့သို့ ကြည့်နေသည်။ လင်းဖန်သည် ရုပ်သေးကို လူသတ်ရန် ချက်ချင်း အမိန့်မပေးပေ။
အဘယ်ကြောင့်ဆိုသော် ရုပ်သေးသည် တစ်ကြိမ်လှုပ်ရှားတိုင်း သူ၏ စိတ်ဝိညာဉ်ကျောက်တုံးများကို စားသုံးမည် ဖြစ်သည်။ တစ်ဖက်လူမှာ ကျောက်တုံး မည်မျှပါသည်ကို လင်းဖန် မသိရသေးဘဲ ရုပ်သေး သုံးလိုက်သည့် ကျောက်တုံးထက် သူတို့ဆီက ရမည့် ကျောက်တုံးက နည်းနေပါက အရှုံးပေါ်မည် မဟုတ် ပါလား။ ထို့အပြင် သူတို့ကို မသတ်ဘဲထားခြင်းက ကျောက်တုံးများများ ပိုတောင်းနိုင်မည် ဖြစ် သည်။
လင်းဖန်သည် "ငြိမ်းချမ်းခြင်းက ဓနဥစ္စာကို ဆောင်သည်" ဟူသော မူကို ယုံကြည်ပြီး ဖရုံသီးရဖို့အတွက် သခွားသီးကို အဆုံးရှုံးမခံလိုသူ ဖြစ်သည်။
ရုတ်တရက် လင်းဖန်သည် ရင်ဘတ်ကို ဖိကာ နာကျင်ဟန်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
“အား.. ရင်ဘတ်ထဲက အရမ်းနာတာပဲ.. စောစောက ခင်ဗျားတို့ရဲ့ အရှိန်အဝါကြောင့် ကျွန်တော် လန့် သွားလို့ ဖြစ်မှာ.. ဒီအခြေအနေမျိုးမှာ အရောင်းအဝယ် အကြီးကြီးတစ်ခု လုပ်မှပဲ ကျွန်တော့်ရဲ့ နာကျင်မှု တွေ သက်သာနိုင်တော့မယ်.. ကျောက်တုံး တစ်သန်း မရရင် ကျွန်တော် မထနိုင်တော့ဘူး…။”
ယန်ဝမ်ကျန်းသည် လျူချွမ်းဖုကဲ့သို့ အသိဉာဏ်မဲ့သူ မဟုတ်ပေ။ လင်းဖန်၏ လွန်ကဲသော သရုပ်ဆောင် မှုကို မြင်လျှင်ပင် တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို သူ နားလည်လိုက်သည်။ ထို့အပြင် ကျင့်ကြံမှုအ ဆင့်ကို ခန့်မှန်း၍မရသော နတ်မိမယ်တစ်ပါးက စောင့်ကြည့်နေသဖြင့် လင်းဖန် အလိုရှိသလို လုပ်ပေး ရန်မှအပ အခြားနည်းလမ်း မရှိတော့ပေ။
“ဆိုင်ရှင်.. ကျွန်တော်တို့ ခုနက ခင်ဗျားကို စော်ကားမိတာ မှားသွားပါတယ်.. ခင်ဗျားကို တောင်းပန်ပါ တယ်….”
ဟု ပြောကာ ယန်ဝမ်ကျန်းသည် လင်းဖန်ကို ရိုကျိုးစွာ ဦးညွှတ်လိုက်လေတော့သည်။
ဦးညွှတ်ပြီးနောက် လင်းဖန်က ညည်းတွားနေဆဲ ဖြစ်သည်ကို မြင်သောအခါ ယန်ဝမ်ကျန်းက ဆက်ပြော သည်။
“ဆိုင်ရှင်က တကယ်ကို စိတ်သဘောထား ကြီးမြတ်သူပဲ.. အရင်က အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့ အပြင် ကျွန်တော်တို့နဲ့ စီးပွားရေးလုပ်ဖို့တောင် လိုလားနေသေးတယ်.. ဒါဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ.. ဆိုင်ရှင် အဲဒီ ဓားပျံကို ရောင်းမှာလား.. ကျွန်တော် ကျောက်တုံး တစ်သန်းပေးပြီး ဝယ်ပါရစေခင်ဗျာ…။”
ထိုစကားကို ကြားသောအခါ လင်းဖန်သည် ချက်ချင်း ထရပ်လိုက်သည်။
“ဒီမိတ်ဆွေက တကယ်ကို အမြင်စူးရှတာပဲ.. ကျွန်တော်တို့ဆိုင်ရဲ့ အဖိုးတန်ပစ္စည်းကို တစ်ချက်ကြည့်ရုံနဲ့ သဘောကျသွားတယ်.. တကယ်တော့ ဒီဓားက ဆိုင်ရဲ့ ဂုဏ်သိက္ခာအတွက် ပြသထားတာပါ.. ဒါပေမယ့် မိတ်ဆွေက သဘောကျနေမှတော့ ကျွန်တော်လည်း မရောင်းချင်ဘဲ ရောင်းပေးရမှာပေါ့.. ကျွန်တော်က စီးပွားရေးသမားပဲလေ…။”
လင်းဖန်သည် စင်ပေါ်မှ အဆင့် (၁) အဖြူရောင်ဓါးသွားကို ယူကာ ယန်ဝမ်ကျန်း၏ လက်ထဲသို့ အမြန် ထည့်ပေးလိုက်တော့သည်။ လင်းဖန်သည် သူ စိတ်ပြောင်းသွားမှာကို ကြောက်နေသကဲ့သို့ မြင်နေရ သဖြင့် ယန်ဝမ်ကျန်းလည်း မဆိုင်းမတွဘဲ သူ၏ သိုလှောင်လက်စွပ်ထဲမှ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း (အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းနှင့် ညီမျှသည်) ပါသော အိတ်ကို လင်းဖန်အား ကမ်းပေးလိုက်လေသည်။
“ဆိုင်ရှင်.. ဒီထဲမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ရှိပါတယ်.. ကျေးဇူး ပြုပြီး ရေတွက်ကြည့်ပေးပါဦး….”