အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) ၁ သိန်းရဲ့ တစ်ဝက်က ၁၀ လား
အမှန်အတိုင်း ပြောရလျှင် အစောင့်အရှောက်ရုပ်သေးသည် ယခုအချိန်တွင် အတော်လေး အသုံးဝင် နေပြီဖြစ်ပေသည်။
နတ်ဘုရားသတ်နှင်တံ၏ ကျေးကျွန်ပြုနိုင်စွမ်းသည် လင်းဖန်အတွက် အမှန်တကယ် လိုအပ်နေသော အရာ ဖြစ်သည်။ သို့သော် နတ်ဘုရားသတ်နှင်တံ၏ ဘေးထွက်ဆိုးကျိုးကြောင့် ၎င်းကို ရုပ်သေးရုပ် များသာ အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် စနစ်က လိုက်လျောလာသောအခါ လင်းဖန်က သူထင်သည့် သင့်တော်သော ဈေးနှုန်းတစ်ခု ကို ချက်ချင်း ကမ်းလှမ်းလိုက်လေတော့သည်။
"ဒါဆို ငါ ဈေးဆစ်ကြည့်မယ်။ (၁) သိန်းဆိုတာက တကယ့်ကို များလွန်းတယ်။ အဲဒါကို တစ်ဝက် လောက် လျှော့ပေးနိုင်ရင်တော့ ငါ လက်ခံနိုင်ပါတယ် မင်း….။"
လင်းဖန်၏ စကားကြောင့် စနစ်မှာ စိတ်လှုပ်ရှားသွားရသည်။ တစ်ဝက်တိတိ ဖြတ်တောက်လိုက်ခြင်းမှာ အတော်လေး နာကျင်စရာကောင်းသော်လည်း ဘာမှမရတာထက်စာလျှင်တော့ ပိုကောင်းသေးသည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေ ဤအရောင်းအဝယ်တွင် လင်းဖန်က အသာစီးရနေသည်ပင်။ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး ငါးသောင်းလောက် ညာယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် စနစ်က လွယ်လွယ်ကူကူပင် သဘောတူလိုက်လေသည်။
[ကောင်းပါပြီပိုင်ရှင်...၊ သဘောတူတယ်၊ တစ်ဝက်ပဲပေါ့…။]
စနစ်က သဘောတူလိုက်သည်ကို မြင်သောအခါ လင်းဖန် အတိုင်းမသိ ဝမ်းသာသွားခဲ့လေသည်။
"ကောင်းပြီ... မင်း သဘောတူလိုက်ပြီနော်။ စနစ်တစ်ခုအနေနဲ့ ပြောပြီးသားစကားကို ပြန်ပြင်လို့ မရဘူး။ စိတ်ဝိညာဉ်ကျောက်တုံးတွေက စနစ်ရဲ့ နယ်မြေထဲမှာပဲ ရှိတာဆိုတော့...၊ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး (၁၀) တုံးကို မင်းဘာသာမင်း နှုတ်ယူလိုက်တော့…။"
[ကောင်းပါပြီ... ငါ... ဟမ်…. ဘယ်လောက်လို့ပြောလိုက်တာ….။]
စိတ်ဝိညာဉ်ကျောက်တုံးများကို နှုတ်ယူရန် ပြင်နေသော စနစ်မှာ ခေတ္တမျှ မှင်တက်သွားရလေသည်။ လင်းဖန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။
"ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးလေ။ မင်းပဲ တစ်ဝက်ဖြတ်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား…။"
[ဘယ်သူက အဲဒီလို သဘောတူလို့လဲ….။ ၁ သိန်းရဲ့ တစ်ဝက်ဆိုတာ ငါးသောင်း မဟုတ်ဘူးလား…။]
လင်းဖန်က ခေါင်းခါယမ်းလိုက်ပြီး...
"မဟုတ်ဘူး... မဟုတ်ဘူး...၊ အဲဒါက ဈေးဆစ်တဲ့နည်း မဟုတ်ဘူး။ 'တစ်သိန်း' ဆိုတဲ့ စကားလုံးမှာ စာလုံးနှစ်လုံး ရှိတာလေ။ ငါက အနောက်က 'သိန်း' ဆိုတဲ့ စာလုံးကို ဖြတ်လိုက်တာ၊ အဲဒီတော့ 'တစ်' (သို့မဟုတ် ၁၀) ပဲ ကျန်တော့တာပေါ့….။"
[ဒါ... ဒါ ဘယ်လိုကြီးလဲ...။]
[ပိုင်ရှင်က ဒီလိုမျိုး တစ်ဝက်ဖြတ်တာလား…။]
[ငါက... @#$%^&*]
"ဟဲဟဲ... မင်း 'သဘောတူတယ်' လို့ ပြောလိုက်ကတည်းက ဒီအရောင်းအဝယ်က အတည်ဖြစ်သွားပြီ။ မြန်မြန်လေး ငါ့အတွက် ပြောင်းပေးလိုက်တော့…။"
အချိန်ကြာလာသည်နှင့်အမျှ လင်းဖန်သည် စနစ်၏ စည်းမျဉ်းများကို သေချာစွာ နားလည်လာခဲ့ပြီဖြစ် လေသည်။ စနစ်သည် ပြောပြီးသားစကားကို ပြန်လည်ရုပ်သိမ်းခွင့် မရှိပေ။ ထို့ကြောင့် စနစ်ကို သဘော တူအောင် လှည့်စားနိုင်သရွေ့၊ စကားလုံး အသုံးအနှုန်းပေါ်က ဟာကွက်ကို အသုံးချလျှင်ပင် စနစ်မှာ ဘာမျှမတတ်နိုင်ပေ။
[ကောင်းပါပြီ... ကောင်းပါပြီ...၊ ပိုင်ရှင်က ဒီလိုကစားချင်တာပေါ့….။ စောင့်နေလိုက်ပါ ပိုင်ရှင်ကြီး၊ အချိန်တွေ အများကြီး ကျန်ပါသေးတယ်….။]
"ဟဲဟဲ... ရပါတယ်၊ မလိုပါဘူး…။"
[???]
စနစ်သည် လင်းဖန်နှင့် ဆက်လက်မငြင်းခုံတော့ဘဲ အစောင့်အရှောက်ရုပ်သေးကို လိုအပ်သည့် အချိန်တိုင်း ခေါ်ယူနိုင်သောစနစ်အဖြစ် တိုက်ရိုက် ပြောင်းလဲပေးလိုက်လေသည်။
"ဟားဟား... နောက်ဆုံးတော့ အစောင့်အရှောက်ရုပ်သေးကို ငါ့စိတ်ကြိုက် သုံးလို့ရပြီ…။"
"ငါ မင်းကို နာမည်တစ်ခု ပေးမယ်။ ဒီနေ့ကစပြီး မင်းကို 'ရှီလင်း' လို့ ခေါ်မယ်….။"
"အဲဒီနာမည်ကို ပြောင်းပြန်လှန်ဖတ်ရင် 'လင်းရှီ' (စိတ်ဝိညာဉ်ကျောက်တုံး) ဖြစ်သလို... မင်းရဲ့ တန်ဖိုး ဖြစ်တဲ့ 'ဆယ်' (ကျောက်တုံး) ဆိုတဲ့ အဓိပ္ပာယ်လည်း ရတာပေါ့…။"
လင်းဖန်၏ စကားကြောင့် စနစ်မှာ ဒေါသတွေ ထပ်ထွက်လာပြန်သော်လည်း ဘာမှမတတ်နိုင်ပေ။ စနစ် သည် သူ၏ ငွေများကို ဘယ်လိုပြန်ရအောင် လုပ်ရမလဲဆိုသည်ကိုသာ စတင် ကြံစည်နေပေတော့ သည်။
လင်းဖန် လှမ်းခေါ်လိုက်သည်နှင့် အစောင့်အရှောက်ရုပ်သေး 'ရှီလင်း' သည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ နတ်ဘုရားသတ်နှင်တံကို ရှီလင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက်...၊
လင်းဖန်သည် အော်ဟစ်ငိုယိုနေကြသော ရွှမ်းမင်ဂိုဏ်းသား (၃) ယောက်ကို ကျေးကျွန်အဖြစ် ဖမ်းဆီး ရန် သူမကို ညွှန်ကြားလိုက်လေသည်။ နတ်ဘုရားသတ်နှင်တံဖြင့် ရှေးဟောင်းစိတ်ဝိညာဉ်ကို ကျေးကျွန်ပြုရန်အတွက် ပထမဦးစွာ တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို အားနည်းသွားအောင် လုပ်ဆောင်ရ မည်ဖြစ်သည်။ ထို့ကြောင့် ထို (၃) ယောက်မှာ ကြိမ်ဒဏ်ကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
"မင်းတို့ (၃) ယောက်... ခဏလောက် သည်းခံလိုက်ကြစမ်း။ ဒါက စိတ်ဝိညာဉ် ကျေးကျွန်ပြုဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်ပဲ…။"
"ဒါပေမဲ့ ငါက မင်းတို့ရဲ့ စိတ်ဝိညာဉ် နာကျင်မှုကို သက်သာစေမယ့် ဆေးကို ကြိုတိုက်ထားပြီးသားပါ…။"
"ငါ့လို ကြင်နာတတ်တဲ့ သခင်မျိုးကို ဘယ်မှာ ရှာတွေ့နိုင်ဦးမှာလဲ….။"
လင်းဖန် ပြောသည်မှာ အမှန်ပင်။ ထို (၃) ယောက်သည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးကို သောက်ထား ကြပြီးဖြစ်ရာ လင်းဖန်အပေါ် နာခံမှုမရှိသဖြင့် ပြင်းထန်သော နှလုံးနာကျင်မှုကို ခံစားနေကြရလေသည်။ ထို့ကြောင့် စိတ်ဝိညာဉ် နာကျင်မှုကို ထိုနှလုံးနာကျင်မှုက ဖုံးလွှမ်းသွားစေခြင်းပင်။
"အား…..၊ မင်းမှာ အစွမ်းရှိရင် ငါတို့ကို သတ်လိုက်စမ်းပါ….။"
"ဒီလောက် ရက်စက်တဲ့ နည်းလမ်းတွေ...၊ မင်းက မိစ္ဆာကျင့်ကြံသူတွေနဲ့ ဘာကွာလို့လဲ…။"
"မင်း ကောင်းကင်ဘုံ အတိဒုက္ခကို ရင်ဆိုင်ရတဲ့အခါ အတွင်းစိတ်မိစ္ဆာတွေ နှောင့်ယှက်မှာကို မကြောက် ဘူးလား….။"
ထို (၃) ယောက်၏ အော်ဟစ်သံများကို လင်းဖန်က အေးဆေးပင် ရင်ဆိုင်လိုက်ပြီး...၊
"အတိဒုက္ခကို ကျော်ဖြတ်တာလား….။ ဟင်း...၊ အဲဒါကို ငါလည်း စမ်းကြည့်ချင်တာပေါ့၊ ဒါပေမဲ့ ကံမ ကောင်းစွာနဲ့ပဲ ငါ့မှာ အဲဒီအခွင့်အရေး မရှိဘူး…။"
"ဒါ့အပြင် ငါက မင်းတို့ ကောင်းဖို့အတွက် လုပ်ပေးနေတာပါ…။"
"နတ်ဘုရားသတ်နှင်တံနဲ့ ငါ မင်းတို့ကို ကျေးကျွန်ပြုပြီးသွားရင်တော့ ဒီလို ပြင်းပြင်းထန်ထန် နာကျင် တာမျိုး ခံစားရမှာ မဟုတ်တော့ပါဘူး…။"
ထိုအချိန်တွင်စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးနှင့် နတ်ဘုရားသတ်နှင်တံတို့မှာ တကယ့်ကို ကောင်းမွန် သော ပေါင်းစပ်မှုဖြစ်ကြောင်း လင်းဖန် သဘောပေါက်သွားသည်။
စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး ကို သုံးခြင်းအားဖြင့် ကျေးကျွန်ဖြစ်လာသူများကို သူတို့၏ စိတ်ဝိညာဉ် နာကျင်မှုကို မခံစားရအောင် လုပ်ဆောင်ပေးနိုင်သည်။ ရန်သူသည် နတ်ဘုရားသတ်နှင်တံ၏ အစွမ်း ဖြင့် လုံးလုံးလျားလျား နာခံသွားပြီးနောက်တွင်မူ ခုခံလိုစိတ် မရှိတော့သဖြင့် နှလုံးနာကျင်မှုကိုလည်း ခံစားရတော့မည် မဟုတ်ပေ။
ဤသည်ကို တွေးမိပြီး လင်းဖန်သည် သူ၏ ကြင်နာတတ်သော စိတ်ထားအတွက် သူကိုယ်တိုင်ပင် ကြည်နူးမိသွားပြန်လေသည်။
"ဟင်း... ငါကတော့ တကယ့်ကို သူတော်စင်ကြီးပါပဲ၊ တခြားလူတွေရဲ့ နာကျင်မှုကို လျှော့ချပေးဖို့ အတွက် နည်းလမ်းတွေ အမြဲရှာနေမိတာပဲ….။"
လင်းဖန် သက်ပြင်းချနေစဉ်မှာပင် ထို (၃) ယောက်၏ အော်ဟစ်သံများ တဖြည်းဖြည်း တိုးဝင်သွားခဲ့ လေသည်။ အစောင့်အရှောက်ရုပ်သေး ရှီလင်းသည် သူတို့ (၃) ယောက်ကို အောင်မြင်စွာ ကျေးကျွန် ပြုနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
နတ်ဘုရားသတ်နှင်တံသည် ကျေးကျွန်ပြုရာတွင် အလွန်ထိရောက်လှပြီး စိတ်ဝိညာဉ်ထိန်းချုပ် ဆေးလုံးကဲ့သို့ တဖြည်းဖြည်းချင်း လုပ်ဆောင်ရသည်မျိုး မဟုတ်ပေ။
"သခင်... ကျွန်တော်တို့ ခုနက ပြောလိုက်တဲ့ စကားတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို အပြစ်ပေးပါ သခင်…။"
အောင်မြင်စွာ ကျေးကျွန်ပြုခံလိုက်ရပြီးနောက်တွင်မူ ထို (၃) ယောက်၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။ ဤမြင်ကွင်းကို ကြည့်ပြီး လင်းဖန်သည် နတ်ဘုရားသတ်နှင်တံ၏ အစွမ်းကို အံ့ဩနေမိလေသည်။
"ဟင်း... မျက်နှာပြောင်းတာ တကယ့်ကို မြန်တာပဲ…။"
"ကောင်းပြီ... မင်းတို့ကို ငါ ခွင့်လွှတ်ပါတယ်။ အခု ငါ့ရဲ့ မေးခွန်းအချို့ကို ဖြေပေးကြစမ်း…။"
"ဒါနဲ့... မင်းတို့ နာမည်တွေက ဘယ်လိုခေါ်လဲ…။"
လင်းဖန်၏ ခွင့်လွှတ်မှုကို ရရှိသဖြင့် ထို (၃) ယောက်မှာ အလွန် ကျေးဇူးတင်သွားကြလေသည်။
"သခင်... ကျွန်တော့်နာမည်က ချန်ဖန် ပါ၊ ကျွန်တော်က ရွှမ်းမင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ရွှမ်းမင်ဂိုဏ်းရဲ့ အကြီးအကဲတွေ ဖြစ်ကြတဲ့ ဝမ်ချွမ် နဲ့ မာကျွင်း တို့ ဖြစ်ကြ ပါတယ်…။"
လင်းဖန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဆက်လက်မေးမြန်းလိုက်သည်။
"ရွှမ်းမင်ဂိုဏ်းက ငါတို့ကို ဘာလို့ အစကတည်းက ပစ်မှတ်ထားခဲ့တာလဲ….။ ရွှမ်းမင်ဂိုဏ်းနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ ဘယ်သူ့မှာ အပြစ်ရှိတာလဲ….။"
ဤကိစ္စကို လျူအန်းရှန်းနှင့် အကြာကြီး ဆွေးနွေးခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အဖြေအမှန်ကို သူ ရရှိတော့မည် ဖြစ်ပေသည်။
"သခင်... ကျွန်တော် သေသင့်ပါတယ်။ ကျွန်တော့်ကို အပြစ်ပေးပါဦး…။"
"အဲဒီတုန်းက သခင်ကြီးကို ကြားဖြတ်တိုက်ခိုက်ဖို့ လူလွှတ်ခဲ့တာ ကျွန်တော်ပါပဲ…။"
ရွှမ်းမင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ဟောင်း ချန်ဖန်၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန် ဆွံ့အ သွားရလေသည်။ သူ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ဖြင့် အလစ်အငိုက် ဖမ်းလာခဲ့သူမှာ တကယ့် တရားခံအစစ်အမှန် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"အေးပါ... တော်ပြီ၊ တတွတ်တွတ် ပြောမနေနဲ့တော့။ ငါ့မေးခွန်းတွေကိုပဲ ဖြေစမ်းပါ…။"
လင်းဖန်၏ စကားကြောင့် ချန်ဖန်က ရိုသေစွာဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်….။"
"သခင်ကြီးက 'ရွှေဓားဂိုဏ်း' ပေါ်ကနေ ပျံသန်းသွားတဲ့အချိန်မှာ ရွှမ်းမင်ဂိုဏ်းရဲ့ သူလျှိုတွေက သတင်းပို့ ခဲ့ကြပါတယ်….။"
"တောင်တန်းတွေကို ရွှေ့ပြောင်းနိုင်တဲ့ ဒီလို ရတနာမျိုးဟာ ရွှမ်းမင်ဂိုဏ်းအတွက် အမှန်တကယ် လိုအပ် နေတဲ့ အရာဖြစ်နေလို့ပါ…။"
ဤသည်ကို ကြားမှ လင်းဖန် သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ တကယ့်ကို သူ့အမှားသာ ဖြစ် လေသည်။ အကယ်၍ သူသာ ထိုမျှလောက် လူသိရှင်ကြား မလုပ်ခဲ့လျှင် ဤကိစ္စများ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
"ရွှမ်းမင်ဂိုဏ်းက တောင်တန်းတွေကို ဘာလို့ ရွှေ့ချင်နေရတာလဲ….။ နဝမအဆင့် ဂိုဏ်းတွေဟာ ဝိညာဉ် ကြောတွေကြောင့် ပုံမှန်အားဖြင့် နေရာမရွှေ့ကြဘူးလို့ ကြားဖူးပါတယ်…။"
လင်းဖန်က သူ၏ သံသယကို မေးမြန်းလိုက်သောအခါ ချန်ဖန်က ဆက်လက်ပြောပြလေသည်။
"သခင်ကြီးကို တင်ပြရရင်...၊ ရွှမ်းမင်ဂိုဏ်းရဲ့ အောက်မှာရှိတဲ့ ထိပ်တန်း ဝိညာဉ်ကြောဟာ ဂိုဏ်းရဲ့ အလွန်အကျွံ အသုံးပြုမှုတွေကြောင့် ခန်းခြောက်တော့မယ့် လက္ခဏာတွေ ပြနေလို့ပါ…။"
"ဒါကြောင့် ဂိုဏ်းကို အသစ်တွေ့ရှိထားတဲ့ ထိပ်တန်း ဝိညာဉ်ကြောတစ်ခုဆီ အမြန်ဆုံး ရွှေ့ပြောင်းဖို့ လိုအပ်နေတာပါ….။"
ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ သူသည် ရွှမ်းမင်ဂိုဏ်း၏ ဝိညာဉ်ကြောကို သူ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်ပင်။
*ဒါဆို... ရွှမ်းမင်ဂိုဏ်းရဲ့ ဝိညာဉ်ကြောက ခန်းခြောက်တော့မယ်ပေါ့…။*
"အား….၊ ငါ့ရဲ့ ဝိညာဉ်ကြောလေး….။"
"ရွှမ်းမင်ဂိုဏ်း... မင်းတို့ သေသင့်တယ်….။"
"ငါ..."
"ဟင်….၊ ခဏလေး...။ မင်း ပြောတော့ အသစ်တွေ့ထားတဲ့ ထိပ်တန်း ဝိညာဉ်ကြောဆီ ရွှေ့ချင်နေတာဆို၊ ဒါဆို မင်းတို့က ဝိညာဉ်ကြောအသစ် တစ်ခုကို ရှာတွေ့ထားပြီးသားပေါ့….။"
လင်းဖန်သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး အဓိကအချက်ကို မေးမြန်းလိုက်လေ ၏။
"သခင်ကြီးကို တင်ပြရရင်... ရွှမ်းမင်ဂိုဏ်းက သင့်တော်တဲ့ ဝိညာဉ်ကြောတစ်ခုကို ရှာတွေ့ထားပြီးသား ပါ။ အဲဒါကတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဝိညာဉ်ကြောပါပဲ….။"
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက 'သွေးတိမ်တိုက်ဂိုဏ်း' နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲ ကြောင့် အတော်လေး အားနည်းနေတာ သေချာပါတယ်….။"
"ဒါကြောင့် ရွှမ်းမင်ဂိုဏ်းဟာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးပြီး သူတို့ရဲ့ ဝိညာဉ်ကြောကို သိမ်းပိုက်ဖို့ ယုံကြည်ချက် အပြည့်ရှိနေတာပါ….။"
ချန်ဖန်၏ စကားကြောင့် လင်းဖန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားလေတော့သည်။
"မင်းတို့... အဲဒါကလည်း ငါ့ဟာပဲကွ။ ရွှမ်းမင်ဂိုဏ်းရဲ့ ဝိညာဉ်ကြောက ငါ့ဟာ၊ အင်မော်တယ်တိမ်တိုက် ဂိုဏ်းရဲ့ ဝိညာဉ်ကြောကလည်း ငါ့ဟာပဲ….။"
"ဒီ ရွှမ်းမင်ဂိုဏ်းကတော့ တကယ့်ကို သေလမ်းရှာနေတာပဲ…။"