အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁) ရွှေကျီးကန်း တိုက်လေယာဉ်၏ လူတင်နိုင်စွမ်းရည်
*အင်း... ငါတစ်ယောက်တည်း ဆေးလုံးတွေ လိုက်ပစ်နေရင်တော့ အစွမ်းထိရောက်နှုန်းက အရမ်း နှေးလွန်းနေလိမ့်မယ်။ မြင့်မြတ်နယ်မြေထဲက ကတုံးဆံပင်ပေါက်နဲ့ တပည့်တွေအားလုံးကို ခေါ်မှ ရမယ်…။*
စဉ်းစားပြီးသည်နှင့် လင်းဖန်သည် လီယွမ်ဖေးနှင့် ကျန်နှစ်ယောက်ကို ဆက်သွယ်ကာ တောင်ထိပ် တစ်ခုစီမှ တပည့်များကို စုရုံးခိုင်းလိုက်လေသည်။
မကြာမီမှာပင် ကတုံးဆံပင်ပေါက် နှင့် လူတစ်အုပ်ကြီးသည် မြင့်မြတ်နယ်မြေ ရင်ပြင်၌ စုဝေးမိကြပြီး လင်းဖန်၏ အမိန့်ကို စောင့်မျှော်နေကြလေသည်။ စိတ်လှုပ်ရှားနေကြသော တပည့်များကို ကြည့်ကာ လင်းဖန်က တိုက်ပွဲမစမီ အားပေးစကား အရင်ပြောလိုက်၏။
"အားလုံးပဲ...၊ အရှေ့ဘက်ဒေသက ဂိုဏ်းဌာနချုပ်တွေကို ဒီကျုံးကျိုးတိုက်ကြီးဆီ ရွှေ့လာခဲ့တာကို မင်းတို့ သိကြတယ်မဟုတ်လား….။"
လင်းဖန် စကားအဆုံးတွင် ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
"သိပါတယ်...၊ မြင့်မြတ်သောအရှင်က တကယ်ကို ဂရုစိုက်တတ်တာပဲ…။"
"ကျွန်တော်ကတော့ ကျွန်တော့်တစ်သက်မှာ အရှေ့ဘက်ဒေသကို ပြန်မြင်ရတော့မှာ မဟုတ်ဘူးလို့ ထင်ထားတာ…၊ အခုလိုမျိုး ဒီလောက်မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး…။"
"မြင့်မြတ်သောအရှင်က ကျွန်တော်တို့အတွက် ဒီလောက်တောင် လုပ်ပေးတာ၊ ကျွန်တော်တို့ကတော့ ကျေးဇူးဆပ်ဖို့တောင် မတတ်နိုင်ဘူး….။"
"ဟုတ်တယ်... မြင့်မြတ်နယ်မြေအတွက် ကျွန်တော်တို့ ဘာမှမလုပ်ပေးရသေးဘဲ အကျိုးကျေးဇူးတွေပဲ အများကြီး ရနေတာ…။"
"ဂိုဏ်းသုံးဂိုဏ်းနဲ့ ဈေးကွက်တစ်ခုလုံးကို ဒီကို ရွှေ့ပေးဖို့ မြင့်မြတ်သောအရှင် တော်တော်လေး ကြိုးစား လိုက်ရမှာပဲ…။"
"ဒါပေါ့...၊ ငါကြားတာတော့ ဒီလိုရွှေ့ဖို့အတွက် နဝမအဆင့် ဂိုဏ်းတစ်ခုနဲ့တောင် ထိပ်တိုက်တွေ့ ခဲ့ရတယ်တဲ့…။"
အောက်က တပည့်များ၏ စကားသံများကို ကြားလိုက်သောအခါ လင်းဖန်က လက်ကာပြကာ တိတ်ဆိတ်စေလိုက်သည်။
"တပည့်တစ်ယောက် ပြောတာ မှန်တယ်။ ဒီလိုရွှေ့ပြောင်းဖို့ ကြိုးစားတုန်းက အခက်အခဲတွေနဲ့ ပဋိပက္ခ တွေ အများကြီး ကြုံခဲ့ရတယ်….။"
"သူတို့က ငါ့ရဲ့ ရွှေ့ပြောင်းမှုကို အကြောင်းမဲ့ ပိတ်ပင်ရုံတင်မကဘဲ ငါ့တံခါးဝအထိ လာပြီး ခြိမ်းခြောက် တာတွေ၊ သတ်မယ်ဖြတ်မယ် ပြောတာတွေအထိ လုပ်ခဲ့ကြတယ်…။"
"ကဲ... ပြောကြစမ်း၊ ဒီလို မတရားမှုကို ငါတို့ သည်းခံရမှာလား…။"
လင်းဖန် စကားအဆုံးတွင် တပည့်များက စိတ်အားထက်သန်စွာ ဟစ်အော်ကြလေတော့သည်။
"သည်းမခံနိုင်ဘူး...၊ လုံးဝ သည်းမခံနိုင်ဘူး….။"
"နဝမအဆင့် ဂိုဏ်းဖြစ်တော့ကော ဘာဖြစ်လဲ….။ ငါတို့က မြင့်မြတ်နယ်မြေပဲလေ၊ သူတို့ကို အပြတ်ရှင်း ပစ်မယ်…။"
"ကျွန်တော့် ကျင့်ကြံမှုအဆင့်က နိမ့်လို့ သူတို့ကို မနိုင်ရင်တောင်မှ သူတို့ ရွံရှာပြီး သေသွားအောင်တော့ လုပ်နိုင်တယ်….။"
"ဟုတ်တယ်...၊ လေလည်ပြီး သူတို့ကို အသက်ရှူကျပ်အောင် လုပ်မယ်။ ချီစုဆောင်းခြင်းဆေးလုံး မသောက်ရတာ ကြာပြီ၊ အဲဒီအရသာကို တကယ်လွမ်းနေတာ…။"
"မှန်တယ်...၊ တိုက်ပွဲမှာ သေရင်တောင်မှ သူတို့ကို လေလည်တဲ့ အရသာတော့ ပေးမြည်းခဲ့ရမယ်…။"
တပည့်များ၏ စကားကို လင်းဖန် အတော်လေး သဘောကျသွားမိလေသည်။
"အားလုံးပဲ စိတ်မပူကြပါနဲ့။ ငါက မင်းတို့ကို တိုက်ပွဲမှာ အသေခံခိုင်းပါ့မလား….။ နောင်ကျရင် ငါ့ရဲ့ စီးပွားရေးတွေကို ကူညီလုပ်ပေးကြရဦးမှာလေ…။"
"အခု စုရုံးရတဲ့ ရည်ရွယ်ချက်က ရန်သူနဲ့ ထိပ်တိုက် တိုက်ဖို့ မဟုတ်ဘူး။ ငါ့မှာ အပြစ်ပြောစရာမရှိတဲ့ အစီအစဉ်တစ်ခု ရှိတယ်။ ငါ့ညွှန်ကြားချက်အတိုင်းသာ လုပ်ပေးကြပါ….။"
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် စနစ်နယ်မြေထဲမှ ဆေးလုံးများကို အဆက်မပြတ် ထုတ်ယူလိုက် လေတော့သည်။ စင်အောက်က တပည့်များမှာ လင်းဖန် ဆေးလုံးတွေ ထုတ်နေသည်ကို မြင်သောအခါ ရွှမ်းမင်ဂိုဏ်းအတွက် ကြိုတင် ဝမ်းနည်းပေးလိုက်ကြတော့သည်။
အထူးသဖြင့် လင်းဖန် ထုတ်လိုက်သည့် ဆေးပုလင်းများက တောင်ပုံရာပုံ ဖြစ်လာသည်ကို မြင်ပြီး တပည့်များပင် ကြောက်လာခဲ့ကြပေသည်။
"မြင့်... မြင့်မြတ်သောအရှင်၊ အဲဒါတွေက မများလွန်းဘူးလား….။"
"ဒီထက် ပိုများရင် ကျွန်တော်တို့ ကျုံးကျိုးမှာ ဆက်နေလို့ရပါဦးမလား…။"
လင်းဖန် ဘာဆေးလုံးများကို ထုတ်နေသည်ကို မသိရသေးသော်လည်း တကယ့်ကို ကြောက်စရာ ကောင်းမှာတော့ သေချာပေသည်။ သူတို့၏ မြင့်မြတ်သောအရှင်မှာ ကိုယ့်လူကိုတောင် မညှာတာတာ၊ ရန်သူဆိုလျင်တော့ ပြောနေစရာတောင် မလိုတော့ပေ။
"အားလုံး စိတ်အေးအေးထားပါ၊ ဒါတွေက အသက်အန္တရာယ်ပေးမယ့် ဆေးလုံးတွေ မဟုတ်ပါဘူး…။"
ပြောရင်းနှင့် လင်းဖန်က ဆေးလုံးနှစ်မျိုးကို ကိုင်ကာ မိတ်ဆက်ပေးလိုက်လေသည်။
"ဒီပုလင်းထဲမှာကတော့ မင်းတို့နဲ့ ရင်းနှီးပြီးသား 'အဆိပ်ငွေ့ဆေးလုံး' တွေပေါ့။ ဘယ်လိုသုံးရမလဲဆိုတာ ပြောနေစရာ မလိုတော့ဘူးထင်တယ်နော်…။"
"နောက်ထပ် ဒီပုလင်းထဲမှာကတော့ ငါအသစ်တီထွင်ထားတဲ့ 'ချီသွေဖယ်ဆေးလုံး' ပဲ။"
"အဲဒါက ချီစုဆောင်းခြင်းဆေးလုံးရဲ့ အစွမ်းတွေကို ဖယ်ထုတ်ပြီး ဘေးထွက်ဆိုးကျိုးကိုပဲ အပြည့်အဝ ပေးနိုင်တာ။ အဲဒါကို သောက်နေစရာ မလိုဘူး၊ အဆိပ်ငွေ့ဆေးလုံးလိုပဲ ပစ်ပေါက်ပြီး သုံးလို့ရတယ်…။"
လင်းဖန် ရှင်းပြလိုက်သောအခါ လူတိုင်း အံ့ဩမှင်တက်ကာ အသက်ရှူမှားကုန်ကြလေသည်။
*ဘုရားရေ... အရင်က ချီစုဆောင်းခြင်းဆေးလုံးတုန်းကတောင် ကျင့်ကြံမှုအတွက် အကျိုးကျေးဇူး နည်းနည်းပါသေးတယ်။ အခုတော့ အကျိုးကျေးဇူးကို လုံးဝဖြုတ်ပစ်ပြီး လူကို ဒုက္ခပေးဖို့သက်သက်ပဲ လုပ်ထားတာလား…. ဒါကတော့ တကယ့်ကို ပြောင်ပြောင်တင်းတင်း ဓားပြတိုက်တာပဲ။*
"ခဏနေရင် ငါ မင်းတို့အားလုံးကို ရွှမ်းမင်ဂိုဏ်းဆီ ခေါ်သွားမယ်…။"
"ငါက ယာဉ်မောင်းအဖြစ် တာဝန်ယူမယ်၊ မင်းတို့ကတော့ ဆေးလုံးတွေ ပစ်ဖို့ တာဝန်ယူရမယ်…။"
"မှတ်ထား... ပထမအချီမှာ 'ချီသွေဖယ်ဆေးလုံး' တွေကို ပစ်မယ်၊ ဒုတိယအချီမှာ 'အဆိပ်ငွေ့ဆေးလုံး' တွေကို ပစ်မယ်။ နားလည်လား….။"
တပည့်များက တညီတညွတ်တည်း ပြန်ဖြေကြလေသည်။
"နားလည်ပါပြီ…။"
ထို့နောက် လင်းဖန်သည် လီယွမ်ဖေးတို့ကို ဆေးလုံးများ ဝေခိုင်းလိုက်လေသည်။ သူကိုယ်တိုင်ကတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ ပြန်သွားပြီး ဌာနချုပ်အတွင်း၌ ဟင်းလင်းပြင်တံခါးတစ်ခုကို တပ်ဆင် လိုက်လေသည်။
ဤတံခါးမှာ တပည့်များ အဝင်အထွက် လွယ်ကူအောင် အမြဲတမ်း ရှိနေမည်သာဖြစ်ပေသည်။
မကြာမီမှာပင် ဆေးလုံးများ ကိုင်ဆောင်ထားသော တပည့်များသည် တံခါးထဲမှ ထွက်လာခဲ့ကြလေ သည်။ အားလုံး စုံသွားသောအခါ တပည့်တစ်ယောက်က မစောင့်နိုင်တော့ဘဲ မေးလိုက်လေသည်။
"မြင့်မြတ်သောအရှင်... ကျွန်တော်တို့က ဘာနဲ့ သွားမှာလဲ။ နယ်မြေကျော် ဝိညာဉ်ပျံသင်္ဘောနဲ့လား…။"
လင်းဖန်က ခေါင်းခါလိုက်ပြီး သုံးခြေထောက် ရွှေကျီးကန်း စက်ဘီးကို ထုတ်ယူလိုက်လေသည်။
"သင်္ဘောပျံက သာမန်ကာလျှံကာ နိုင်လွန်းပါတယ်။ ဒါနဲ့ပဲ သွားမယ်၊ ငါကိုယ်တိုင်ပဲ မောင်းပို့မယ်…။"
ပြောရင်းနှင့် လင်းဖန်သည် သုံးဘီးစက်ဘီး၏ လူတင်နိုင်သော လုပ်ဆောင်ချက်ကို ချက်ချင်း အသက် သွင်းလိုက်လေသည်။ လုပ်ဆောင်ချက် ပွင့်သွားသည်နှင့် သူ့ရှေ့ရှိ စက်ဘီးသည် စတင်ပြောင်းလဲ လာလေတော့သည်။
ဤသည်မှာ လင်းဖန်အတွက်လည်း ပထမဆုံး သုံးဖူးခြင်း ဖြစ်လေသည်။ ထို့ကြောင့် လူတင်သည့်ပုံစံက ဘယ်လိုဖြစ်မလဲဆိုသည်ကို သူလည်း သိချင်နေမိသည်။ သို့သော် စက်ဘီးက ပြောင်းလဲသွားသည်ကို ကြည့်ပြီး လင်းဖန် မျက်လုံးများ ပြူးထွက်သွားရတော့သည်။
"ဟာ... ဟာ... ဒါ... ဒါက..."
"ငတုံးလေး...၊ ဒါက တကယ်ပဲ ဟုတ်လို့လား…။ ဒါက သုံးဘီးစက်ဘီး ဟုတ်သေးရဲ့လား…။"
လင်းဖန် အံ့ဩလွန်း၍ ဆွံ့အသွားရလေသည်။ အဘယ်ကြောင့်ဆိုသော် စက်ဘီးသည် ပြောင်းလဲပြီး နောက် လေယာဉ်ပျံပုံစံ ဖြစ်သွားသောကြောင့်ဖြစ်ပေ၏။
ပြောင်းလဲသွားသည်မှ တကယ့် တိုက်လေယာဉ်နှင့် ခရီးသည်တင်လေယာဉ် ပေါင်းစပ်ထားသော ပုံစံမျိုးပင်။
ကြည့်ရသည်မှာ တိုက်လေယာဉ်နှင့် တူပါသော်လည်း လေယာဉ်ကိုယ်ထည်မှာ ခရမ်းသည်တင် လေယာဉ်ကဲ့သို့ ပြတင်းပေါက် သေးသေးလေးတွေ အများကြီး ရှိနေသည်ပင်။
*ကြည့်ရတာ ဒါက လူတင်နိုင်တဲ့ တိုက်လေယာဉ်ပေါ့…။*
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။]
စနစ်က နှုတ်ဆက်စကား ဆိုလိုက်လေသည်။
[ဘာဖြစ်လို့ပါလဲပိုင်ရှင်….။ သူ့မှာ ဘီးသုံးဘီး ပါသေးတာပဲ မဟုတ်ဘူးလား…။]
[ပြီးတော့ မမေ့ပါနဲ့ဦး…၊ သူ့ရဲ့ မူလပုံစံက သုံးခြေထောက် ရွှေကျီးကန်းလေ၊ အခုပုံစံက ရွှေကျီးကန်းရဲ့ ပုံစံနဲ့ ပိုနီးစပ်တာပေါ့ပိုင်ရှင်…။]
"အေးပါ...။ ဒီတစ်ခါတော့ ငါ မင်းကို မငြင်းတော့ပါဘူး…။"
လင်းဖန် ပြန်မပြောတော့ခြင်းမှာ သူ့ရှေ့မှ တိုက်လေယာဉ်ကြီးကို သဘောကျသွားသောကြောင့် ဖြစ်ပေ သည်။ ဤကျင့်ကြံခြင်းလောကတွင် တိုက်လေယာဉ် စီးရမည်ဆိုသော ခံစားချက်ကို သူ တကယ် မမျှော်လင့်ထားခဲ့ပေ။
"အားလုံးပဲ... မြန်မြန် တက်ကြတော့။ ဒါက ငါတို့ရဲ့ လျှို့ဝှက်လက်နက် 'ရွှေကျီးကန်း တိုက်လေယာဉ်' ပဲ…။"
လင်းဖန်က သူ့စက်ဘီး၏ ပုံစံအသစ်ကို နာမည်အသစ် ပေးလိုက်လေသည်။ တပည့်များကလည်း ထူးဆန်းသောအရာကို ကြည့်ကာ စူးစမ်းချင်နေကြပြီး လင်းဖန် တိုက်တွန်းသဖြင့် အထဲသို့ ဝင်သွားကြ လေသည်။
ရွှေကျီးကန်း တိုက်လေယာဉ်သည်လည်း အတွင်းပိုင်းတွင် ဟင်းလင်းပြင်စွမ်းရည် ပါသဖြင့် အပြင်က ကြည့်လျှင် သေးသော်လည်း ဂိုဏ်းသုံးဂိုဏ်းလုံးက တပည့်များကို အေးအေးဆေးဆေး တင်ဆောင်နိုင် ပေသည်။
ထို့အပြင် တစ်ယောက်ချင်းစီအတွက် အပြင်ကို ကြည့်လို့ရနိုင်မည့် ပြတင်းပေါက်လေးတွေလည်း ပါနေ သေးသည်ပင်။
ထိုပြတင်းပေါက်မှာလည်း အံ့ဩစရာကောင်းလှပေသည်။ အထဲကနေ အပြင်ကို ပစ္စည်းများ ပစ်ထုတ် လို့ရသော်လည်း အပြင်မှ ပစ္စည်းများကတော့ အထဲသို့ မဝင်ရောက်နိုင်ပေ။
တပည့်များကို လိုက်ပြပြီးနောက် လင်းဖန်သည် လေယာဉ်မောင်းခန်းထဲသို့ တစ်ယောက်တည်း ဝင်သွား လိုက်လေသည်။
"ကဲ...၊ အေ့စ်ပိုင်းလော့ကြီး စတင်ပါပြီ။ ဒီလေယာဉ်က ဘယ်လောက် စွမ်းမလဲ ကြည့်ရသေးတာပေါ့…။"
လင်းဖန် မျှော်လင့်ချက်အပြည့်ဖြင့် ထိုင်ခုံတွင် ထိုင်လိုက်သောအခါကျမှ ကြောင်အသွားရလေတော့ သည်။
"ဟာ... ဒါက ဖြစ်နိုင်လို့လား…။ လေယာဉ်ပျံကြီး ဖြစ်နေပြီးတော့ ဘာလို့ ခြေထောက်နဲ့ နင်းနေရဦးမှာ လဲ…။"
ဟုတ်ပါတယ်... လေယာဉ်မောင်းခန်းထဲတွင် စက်ဘီးတစ်စီး ရှိနေခြင်းပင်။ လင်းဖန်က လေယာဉ်ပျံ တက်ရန်အတွက် အဲဒီစက်ဘီးကို ခြေထောက်နဲ့ နင်းပေးရဦးမည် ဖြစ်ပေသည်။
"မင်း အသုံးမကျတဲ့ စနစ်... ဒါ မင်းလက်ချက်လား…။ ငါ့ရဲ့ စနစ်တွေကို မင်း ခိုးပြီး ပြောင်းထားတာ လား….။"
[စွပ်စွဲချက်ပါပိုင်ရှင်...။ ဒါက ပြောင်ပြောင်တင်းတင်း စွပ်စွဲတာပဲ။ ငါ့မှာ အဲဒီလို လုပ်ပိုင်ခွင့် မရှိပါဘူး၊ သူက ဒီလိုပဲ ဖြစ်နေတာပါပိုင်ရှင်…။]
"မင်း ပြောတာကို တစ်စက်ကလေးမှ မယုံဘူး….။"