← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) မြင့်မြတ်သောအရှင်...၊ ကျွန်တော့်အကြောင်း အရှင် သိပါတယ်...

“အဲဒီတုန်းက မြင့်မြတ်နယ်မြေ သုံးခုစလုံးက တစ်ချိန်တည်းမှာ ဘာလို့ ဒီမေးခွန်းကိုပဲ လာမေးနေကြ တာလဲဆိုတာ ငါ တော်တော်လေး ဝေခွဲမရ ဖြစ်ခဲ့မိတယ်...။”

“နောက်တော့ ဇူးချွဲ မြင့်မြတ်သောအရှင်နဲ့ စကားပြောကြည့်တော့မှ သူလည်း တခြားမြင့်မြတ်နယ်မြေ နှစ်ခုနဲ့ အပြန်အလှန် မေးမြန်းထားတယ်ဆိုတာ သိလိုက်ရတာ...။”

“အခုတလော ကျုံးကျိုးမှာ ထူးထူးခြားခြား အင်အားစုတစ်ခု ပေါ်ထွက်လာပြီး တုန်လှုပ်စရာ ကိစ္စတွေ အများကြီး လုပ်ထားတယ်လို့ ဆိုတယ်...။”

“အထူးသဖြင့် ထျန်းယွမ်မြို့မှာ ကြီးကျယ်တဲ့ လောင်းကြေးတစ်ခုကိုအနိုင်ရရှိခဲ့ပြီးနောက် တော်တော် လေးကို ဟိုးဟိုးကျော်သွားခဲ့တာလေ...။”

“ဒါကြောင့် တခြား မြင့်မြတ်နယ်မြေ သုံးခုလုံးက ဒီအကြောင်းကို သိနေကြပေမဲ့ ငါတို့ ရွှမ်းဝူ မြင့်မြတ် နယ်မြေကတော့ ဘာသတင်းမှ မရရှိခဲ့ဘူး...။”

ထိုသို့ပြောရင်း ဝမ်ရွှမ်က အကြီးအကဲများကို ကြည့်လိုက်သည်။ သူတို့၏မျက်နှာပေါ်ရှိ အမူအရာများ မှာ မည်မျှ ပျင်းရိနေကြသည်ကိုအတိုင်းသား ဖော်ပြနေခဲ့ကြသည်။

“ပေါ်ထွက်လာတဲ့ အင်အားစု ဟုတ်လား...၊ တစ်ခါမှ မကြားဖူးပါဘူး...။”

“အရမ်း အစွမ်းထက်လို့လား...။ ဘယ်လောက်တောင် အစွမ်းထက်နေလို့ မြင့်မြတ်နယ်မြေ လေးခုရဲ့ အဆင့်အတန်းကို စိန်ခေါ်ချင်နေရတာလဲ...။”

“တခြား မြင့်မြတ်နယ်မြေ သုံးခုက သိနေပြီဆိုရင်လည်း သူတို့ကို တိုက်ရိုက် ရှင်းပစ်လိုက်ရုံပဲလေ...။ ဘာလို့ ခက်ခဲနေတာလဲ...။”

“ဟုတ်ပါ့...။ အရှင်က ကျွန်တော်တို့ကို ဘာလို့ လာမေးနေတာလဲ...။ ဒီလိုကိစ္စသေးသေးလေးအတွက် ကျွန်တော်တို့ အကူအညီ တကယ်လိုအပ်လို့လား...။”

လူတိုင်း၏ စကားကို နားထောင်ပြီးနောက် ဝမ်ရွှမ်မှာ ပြောစရာ စကားပင် မရှိတော့ပေ...။

“သူတို့ တိုက်ရိုက် အရေးမယူတာက ဒီလှုပ်ခတ်မှုဟာ တခြား မြင့်မြတ်နယ်မြေ သုံးခုထဲက တစ်ခုခု ကြောင့် ဖြစ်နေမလားဆိုတာ မသေချာလို့ပဲ...။”

“အခုတော့ အဲဒီ မြင့်မြတ်နယ်မြေ သုံးခုစလုံးက သူတို့နဲ့ မပတ်သက်ဘူးလို့ အတည်ပြုလိုက်ပြီဆိုတော့ ငါတို့ ရွှမ်းဝူမြင့်မြတ်နယ်မြေရဲ့ အဖြေကိုပဲ စောင့်နေကြတာ...။”

“ဒါကြောင့် အခု ဒီမှာရှိနေတဲ့ အကြီးအကဲတို့ကို ငါမေးချင်တာက...။ ဒီကိစ္စက အကြီးအကဲတို့နဲ့ ပတ်သက်နေတာမျိုး ရှိလား...။”

ဝမ်ရွှမ်၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ အကြီးအကဲများမှာ အလျင်အမြန်ပင် ခေါင်းယမ်း လိုက်ကြလေသည်...။

“မြင့်မြတ်သောအရှင်...၊ ကျွန်တော့်အကြောင်း အရှင် သိပါတယ်...။ ကျွန်တော်က ဘယ်တော့မှ ထင်ပေါ်အောင် မလုပ်တတ်ဘူး...။ အေးအေးဆေးဆေး နေရတာပဲ ကြိုက်တာ...။”

“မြင့်မြတ်သောအရှင်...၊ ကျွန်တော့်အကြောင်း အရှင် သိပါတယ်...။ ကျွန်တော့်ရဲ့အရည်အချင်းနဲ့တော့ ဘာလှိုင်းတံပိုးမှ မထနိုင်ပါဘူး...။”

“မြင့်မြတ်သောအရှင်…၊ကျွန်တော့်အကြောင်းလည်း အရှင် သိပါတယ်...။ တကယ်လို့ ကျွန်တော်သာ လုပ်တာဆိုရင် ဝန်မခံဘဲ မနေပါဘူး...။”

“မြင့်မြတ်သောအရှင်...၊ ကျွန်တော့်အကြောင်းကို အရှင် သိပါတယ်...။ ကျွန်တော့်ရဲ့ပဉ္စမမြောက် ညီအစ်ကိုက လောင်းကစား အရမ်းကြိုက်ပေမဲ့ တစ်ခါမှ မနိုင်ဖူးဘူးလေ...။”

“ကျွန်တော့်ကို မကြည့်ပါနဲ့ မြင့်မြတ်သောအရှင်...၊ ကျွန်တော့်အကြောင်း အရှင် သိပါတယ်...။ ကျွန်တော်သာ...။”

တတိယ အကြီးအကဲ စကားပြောမည့် အလှည့် ရောက်လာသောအခါ သူ စကားစလိုက်သည်နှင့် အခြား လူများ အားလုံးက သူ့ကို သံသယအကြည့်များဖြင့်ဝိုင်းကြည့်နေကြသည်ကို သတိထားမိ လိုက်လေ သည်...။

“မင်းတို့က ဘယ်လို အကြည့်တွေလဲ...၊ ငါ လုပ်တာလို့ မင်းတို့က သံသယဝင်နေကြတာလား...။”

“မြင့်မြတ်သောအရှင်...။ ကျွန်တော် ဒီနှစ်တွေထဲမှာ အရမ်း လိမ္မာနေခဲ့တာပါ...။”

တတိယ အကြီးအကဲက ငြင်းဆိုလိုက်သည်ကို ကြားသောအခါ အခြားသူများက ဝိုင်းပြောလိုက်ကြလေ သည် ။

“တတိယ ညီအစ်ကို...။ ငါတို့က မင်းကို မယုံတာ မဟုတ်ပါဘူး...။ မင်းမှာက အကျင့်ဟောင်းတွေ

ရှိခဲ့ဖူးလို့လေ...။”

“ဟုတ်တယ်...၊ မြင့်မြတ်နယ်မြေ သုံးခုက အရေးမယူဘဲ ဝေခွဲမရ ဖြစ်နေတာကလည်း ငါတို့ ရွှမ်းဝူ မြင့်မြတ်နယ်မြေကို သံသယရှိနေလို့ပဲ...။ အဲဒါက မင်းရဲ့ အရင်က မှတ်တမ်းတွေကြောင့် ဖြစ်မှာ...။”

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက မင်းက သွေးတိမ်တိုက်ဂိုဏ်းကို လှည့်စားခဲ့လို့ အဲဒီဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရတာ မဟုတ်လား...။”

“ဟဲဟဲ...၊ သူတို့က သွေးတိမ်တိုက်ဂိုဏ်းကို အသေအလဲ လိမ်ခဲ့တာလေ...။”

လူတိုင်းက ကိုယ်စီ ထင်မြင်ချက်များကို ပေးနေခဲ့ကြလေသည်...။

တတိယ အကြီးအကဲ၏ အမှတ်ရမှုများမှာ လွန်ခဲ့သော ဆယ်စုနှစ် အချို့ဆီသို့ ပြန်လည်ရောက်ရှိသွား ခဲ့လေသည် ။ ထိုစဉ်က သွေးတိမ်တိုက်ဂိုဏ်းနှင့်အင်မော်တယ်တိမ်တိုက်ဂိုဏ်းတို့မှာ အမြဲတစေ မသင့် မမြတ်ဖြစ်နေကြပြီး ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေခဲ့ပေသည်...။

သို့သော် အလုံးစုံသောအင်အားပိုင်းတွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက သွေးတိမ်တိုက်ဂိုဏ်းထက် အမြဲတမ်းပိုမို အစွမ်းထက်ခဲ့သည်ပင်။ ထို့ကြောင့် ပဋိပက္ခ အများစုတွင် သွေးတိမ်တိုက်ဂိုဏ်းကသာ အရှုံးနှင့် ရင်ဆိုင်ရလေ့ရှိလေသည်။

သွေးတိမ်တိုက်ဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို စစ်ကြေညာရဲခဲ့သည့် အဓိက အကြောင်းရင်း မှာ သူတို့သည် တတိယ အကြီးအကဲနှင့် မမျှော်လင့်ဘဲ ဆက်သွယ်မိသွားခြင်းကြောင့်ဖြစ်လေသည်...။

ရွှမ်းဝူ မြင့်မြတ်နယ်မြေ၏ တတိယ အကြီးအကဲနှင့် ဆက်နွှယ်မှု ရရှိသွားခြင်းက သူတို့၏ယုံကြည်မှုကို ချက်ချင်း မြင့်တက်သွားစေခဲ့လေသည်။

တတိယ အကြီးအကဲကသွေးတိမ်တိုက်ဂိုဏ်းကို ကျောထောက်နောက်ခံ ပေးမည်ဟုကတိပြုခဲ့သည်...။ အပြန်အလှန်အနေဖြင့် သွေးတိမ်တိုက်ဂိုဏ်းမှ အရင်းအမြစ်အမြောက်အမြားကို လွှဲပြောင်းပေးရမည် ဖြစ်ပေသည်။

သွေးတိမ်တိုက်ဂိုဏ်းကလည်း အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးပြီးနောက် ပိုမိုများပြားသော အရင်းအမြစ်များကို ရရှိလိမ့်မည်ဟုယုံကြည်ခဲ့ကြပေသည်။ ဤလုပ်ငန်းမှာ အကျိုးအမြတ်သာ ရှိလိမ့် မည်ဟုခံစားရသဖြင့် သူတို့က သဘောတူခဲ့ကြလေသည်...။

မကြာမီမှာပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းမည့် စစ်ပွဲကို စတင်ခဲ့ပေသည်...။ သို့သော် နောက်ဆုံး ရလဒ်မှာတော့...

တတိယ အကြီးအကဲ ထံသို့ အရင်းအမြစ် အမြောက်အမြား ပေးအပ်ပြီးနောက် စစ်ပွဲဖြစ်ပွားချိန်တွင် သူတို့ ရရှိခဲ့သည်မှာ ‘စိတ်ဓာတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု’သက်သက်သာ ဖြစ်ခဲ့လေသည်...။ မူလကတည်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းထက်အင်အားနည်းသောကြောင့် သူတို့သည်သာ အမြစ်ပြတ် သုတ်သင် ခြင်းကို ခံလိုက်ရပေတော့သည်...။

ဤနေရာတွင် တစ်ခု ပြောစရာ ရှိသည်မှာ ၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် သွေးတိမ်တိုက်ဂိုဏ်း၏ နောက်ကွယ်တွင် မြင့်မြတ်နယ်မြေအကြီးအကဲတစ်ဦး ရှိနေသည်ကို တစ်နည်းနည်းဖြင့် သိရှိသွားခဲ့ ကြလေသည်။ ထို့ကြောင့်ပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ လူများက သူတို့မှာ လုံးဝ ယှဉ်နိုင်မည် မဟုတ်ဘဲ အသတ်ခံရရန် ရာခိုင်နှုန်း များနေပြီဟု ခံစားခဲ့ကြရလေသည​ေ။

ထို့ကြောင့်ပင် လီယွမ်ဖေး၏ ဆရာက သူတို့ မထွက်ခွာမီ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွက် အမွေအနှစ်တစ်ခု ချန်ထားရစ်ရန် ခိုင်းစေခဲ့ခြင်း ဖြစ်ပေသည်။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ယခုတစ်ကြိမ်တွင် အလွန် အန္တရာယ်ကြီးမားလှသည်ကို သူက ကောင်းစွာသိရှိထားသောကြောင့် ဖြစ်ပေသည်...။

သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ၊ သူတို့က အသက်နှင့်ရင်း၍ သွေးတိမ်တိုက်ဂိုဏ်းကို စတင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်လေသည် ။ သွေးတိမ်တိုက်ဂိုဏ်း ပျက်စီးသွားသည်အထိ သူတို့ နောက်ကွယ်က မြင့်မြတ်နယ်မြေ၏ အကူအညီကို လုံးဝ မတွေ့ခဲ့ရချေ။ သူတို့သည် ဤသတ်ဖြတ်ပွဲတွင် မည်သည့် အတွက်ကြောင့်မှန်း မသိဘဲအနိုင်ရရှိခဲ့ကြခြင်း ဖြစ်လေသည်...။

“ဟင်း...၊ ငါက သူတို့ကို လိမ်ခဲ့တာ ဟုတ်လား....။ သူတို့က ငါ့ကို ပြန်လိမ်ခဲ့တာပါ...။”

“ငါက ဒီအတိုင်း အပျော်ပြောလိုက်တာကို သူတို့က ဘာလို့ ဒီလောက်တောင် တိုက်ခိုက်ချင်စိတ်တွေ ပြင်းပြပြီး သတ်ဖြတ်ပွဲကြီး စလုပ်လိုက်ကြတာလဲ မသိဘူး...။”

“ငါက တခြားဂိုဏ်းတွေ သူတို့ကို မထိရဲအောင် နောက်ကနေ ကျောထောက်နောက်ခံ ရှိပေးမယ်လို့ပဲ ပြောတာလေ...။ တခြားသူတွေကို သွားဖျက်ဆီးဖို့ အားပေးမယ်လို့ မပြောခဲ့ပါဘူး...။”

“ရလဒ်အနေနဲ့ အဲဒီ ခေါင်းမာတဲ့ကောင်တွေက သူတို့ကိုယ်သူတို့ သေအောင် လုပ်ရုံတင်မကဘဲ ကျုံးကျိုး မှာပါ မငြိမ်မသက် ဖြစ်စေခဲ့တဲ့ အပြစ်ကိုပါ ငါ့အပေါ်ပုံချသွားကြတယ်...။”

“ဆယ်နှစ်တိတိ ငါ မြင့်မြတ်နယ်မြေထဲကနေ အပြင်ကို တစ်ချက်တောင် ထွက်ခွင့် မရခဲ့ဘူး...။ အဲဒီ တုန်းက ငါ ဘယ်လောက်တောင် ပျင်းနေခဲ့ရလဲ...။”

တတိယ အကြီးအကဲ၏ စကားအဆုံးတွင် အခြားသူများကလည်း သူ ဆယ်နှစ်တိတိ အကျဉ်းချခံထားရ သည့်အချိန်ကို သတိရသွားခဲ့ကြသည်...။

“အဟမ်း... မြင့်မြတ်နယ်မြေ လေးခုလုံးမှာ ကျုံးကျိုးရဲ့ စစ်ပွဲတွေထဲကို ဘယ်သူမှ တိုက်ရိုက် ဝင်မစွက် ဖက်ရဘူးဆိုတဲ့ သဘောတူညီချက် ရှိပြီးသားလေ...။ တတိယညီအစ်ကို...၊ မင်း အပြစ်ပေးခံရတာ မမှားပါဘူး...။”

“ဟုတ်တယ်...၊ မင်းသာ မရှိရင် သွေးတိမ်တိုက်ဂိုဏ်းက ဒီလောက်အထိ ယုံကြည်မှုတွေ လွန်ကဲပြီး စစ်ပွဲကြီး စဖြစ်မှာ မဟုတ်သလို...၊ အမြစ်ပြတ် သုတ်သင်တာကိုလည်းခံခဲ့ရမှာ မဟုတ်ဘူး...။”

ထိုစကားကို ကြားသောအခါ တတိယ အကြီးအကဲက ချက်ချင်းပင် ပြန်လည် ချေပလိုက်လေသည်။

“ငါ မရှိရင်တောင် သတ်ဖြတ်ပွဲက ဖြစ်လာမှာပဲလေ...။ ငါက အကြောင်းဖန်ရုံ သက်သက်ပဲ...၊ ဘယ်လို ဖြစ်လို့ ကြိုးကိုင်သူ ဖြစ်သွားရတာလဲ...။”

တတိယ အကြီးအကဲ၏ ရှင်းပြချက်အပေါ် ဝမ်ရွှမ်က သုံးသပ်ပြလိုက်လေသည်...။

“တတိယ အကြီးအကဲ...၊ နဝမအဆင့်ဂိုဏ်းတစ်ခုက စစ်ပွဲဆင်နွှဲရင်တောင် ဒီလောက်အထိ ရက်စက်မှာ မဟုတ်ဘူး...။”

“ဒါပေမဲ့ မင်းကြောင့် သွေးတိမ်တိုက်ဂိုဏ်းက ယုံကြည်မှုတွေ လွန်ကဲပြီး သူတို့ရဲ့အင်အား အားလုံးကို ထုတ်သုံးခဲ့တာလေ...။ မင်းသာ မရှိရင် သူတို့ ဒီလိုလုပ်ဝံ့ပါ့မလား...။”

“အင်မော်တယ်တိမ်တိုက်ဂိုဏ်းဘက်ကလည်း တစ်ဖက်မှာ မြင့်မြတ်နယ်မြေ ကျောထောက်နောက်ခံရှိ နေပြီဆိုတော့ သူတို့ ရှုံးမှာ သေချာနေပြီလို့ ခံစားခဲ့ရမှာပဲ...။ ဒါကြောင့်သူတို့က သေဖို့ အသင့်ပြင်ထားပြီး သူတို့ မသေခင်မှာ သတ်နိုင်သလောက် လူအများဆုံးကိုသတ်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတာ...။”

“အဲဒီ အတွေးကြောင့်ပဲ စစ်ပွဲက ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်သွားခဲ့ရတာပေါ့...။”

အခြားအကြီးအကဲများကလည်း ဝင်ပြောကြလေသည်...။

“ဟုတ်တယ်...။ ငါ အသက်ရှင်လာတဲ့ တစ်လျှောက်မှာ ဂိုဏ်းတွေကြားက စစ်ပွဲတွေကို အများကြီး မြင်ဖူးပါတယ်...။ ဒါပေမဲ့ သွေးတိမ်တိုက်ဂိုဏ်းလို လူတိုင်း အမြစ်ပြတ်သုတ်သင်ခံရတာမျိုး တစ်ခါမှ မမြင်ဖူးဘူး...။”

“ဟဲဟဲ...၊ စစ်ပွဲပြီးနောက် အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အခြေအနေကလည်း သိပ်တော့ မထူးပါ ဘူး...။”

“တကယ်တော့ တတိယ အကြီးအကဲက ကောင်းကျိုးလည်း ပေးခဲ့ပါတယ်...။ အဲဒီ ကိစ္စပြီးကတည်းက ကျုံးကျိုးက နဝမအဆင့်ဂိုဏ်းတွေကြားက ပဋိပက္ခတွေ လျော့နည်းသွားတယ်လေ...။”

“အင်း...၊ အဲဒါကတော့ မှန်တယ်...။”

လူအများ၏ စနောက်မှုများကို ကြားရသောအခါ တတိယ အကြီးအကဲက အလျင်အမြန်ပင် အကြောင်း အရာကို ပြောင်းလဲလိုက်လေသည်...။

“ဟင်း...၊ ဘာပဲဖြစ်ဖြစ် အခု ပေါ်လာတဲ့ အင်အားစုက ငါနဲ့ ဘာမှ မပတ်သက်ဘူး...။ အဲဒီ အင်အားစုက ဘယ်ကနေ ရောက်လာတာလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်...။”

ထိုစကားကို ကြားသောအခါ ဝမ်ရွှမ်က တစ်ဖန် ပြန်လည် မျက်မှောင်ကြုတ်လိုက်ပြန်လေသည်...။

အကြီးအကဲများ၏ စကားအရ သူတို့ထဲက မည်သူမှ ဤအင်အားစုနှင့် မပတ်သက်သည်မှာထင်ရှားလှ ပေသည်။ အကယ်၍ ထိုသို့သာဆိုလျှင် ဤအင်အားစုကိုသေချာပေါက် စုံစမ်းစစ်ဆေးရန် လိုအပ်နေ၏။

“အားလုံးနဲ့ မပတ်သက်ဘူးဆိုရင် တခြား မြင့်မြတ်နယ်မြေ သုံးခုကိုလည်း ငါ ဒီအတိုင်းပဲ အကြောင်းပြန် လိုက်ပါမယ်...။”

“ဒါပေမဲ့ ငါတို့လည်း စုံစမ်းဖို့ လူတစ်ယောက်တော့ လွှတ်သင့်တယ်...။ မဟုတ်ရင် ငါတို့ ရွှမ်းဝူ မြင့်မြတ် နယ်မြေက ​ရေသာခိုနေသလို ဖြစ်နေလိမ့်မယ်...။”

တစ်ခုခု လုပ်ရန် ရှိသည်ဟု ကြားသောအခါ အကြီးအကဲများမှာ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားကြ ပြန်လေသည်။ သူတို့သည် ဝမ်ရွှမ်၏အကြည့်ကို မမြင်ချင်ယောင် ဆောင်နေကြလေသည်။

ဝမ်ရွှမ်က အဋ္ဌမ အကြီးအကဲကို ကြည့်လိုက်သောအခါ အဋ္ဌမ အကြီးအကဲက ပြောလိုက်လေသည်...။

“မြင့်မြတ်သောအရှင်...၊ ကျွန်တော့်ကို မကြည့်ပါနဲ့...။ ကျွန်တော်က အထက်ဘုံကပျောက်သွားတဲ့ နတ်သမီးဝတ်စုံ အကြောင်းကို စုံစမ်းဖို့အလုပ်များနေတာပါ...။”

အဋ္ဌမ အကြီးအကဲ၏ စကားကို ကြားသောအခါ အခြားအကြီးအကဲများကလည်း ထပ်တူ ပြောဆိုကြ လေသည်...။

“ဟုတ်ပါတယ်...၊ ကျွန်တော်လည်း မေ့နေတာ...။ အဋ္ဌမ အကြီးအကဲရဲ့ စုံစမ်းစစ်ဆေးမှုမှာ ကျွန်တော် ကူညီပေးမယ်လို့ ခုနကပဲ ပြောထားတာလေ...။”

All Chapters