အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) ဈေးကွက်အပြင်ဘက်မှ အန္တရာယ်
"ဒီကောင်လေး နောက်ဆုံးတော့ ထွက်လာပြီပဲ။ သူသာ မထွက်လာရင် ဒီဈေးကွက်ထဲမှာပဲ တစ်သက်လုံး အခြေချနေတော့မယ်လို့ ငါထင်နေတာ။ ဒါပေမဲ့ ကောင်းပါတယ် ငါတို့ဂိုဏ်းက စစ်ကူတွေလည်း အခု လောက်ဆို ရောက်လာတော့မှာပဲ….။"
ဈေးကွက်အပြင်ဘက်သို့ ရောက်သောအခါ 'ခရမ်းရွှေနတ်နဂါးဓား' ကို ထုတ်ယူလိုက်သော လင်းဖန် သည် သံသယအချို့ ဖြစ်လာလေသည်။
*ငါ့မှာ ဓားပျံတော့ ရှိနေပြီ ဒါပေမဲ့ ဒါကို ဘယ်လို ထိန်းချုပ်ရမှာလဲ….*
ဓားပျံစီးခြင်းနှင့် ပတ်သက်၍ ဘာမှမသိသော လင်းဖန်သည် လီလဲ့ယန်ကို သရုပ်ပြခိုင်းလိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန် ငါ ဓားဘယ်လိုစီးရမလဲဆိုတာ မသိဘူး။ မင်း အရင်ဆုံး သရုပ်ပြပေးနိုင်မ လား….။"
လီလဲ့ယန်သည် ငြင်းဆန်ခြင်းမရှိဘဲ သူမ၏ ဓားပျံကို ချက်ချင်းထုတ်ကာ လက်တွေ့ပြသရင်း ရှင်းပြ ပေးလေသည်။
"စီနီယာအစ်ကိုလင်း ဓားပျံစီးရတာက အရမ်းလွယ်ပါတယ်။ အရင်ဆုံး ဒီလိုလုပ်၊ ပြီးရင် ဟောဒီလို လုပ်လိုက်ရုံပဲ…။"
လီလဲ့ယန်က ရှင်းပြရင်း သူမလက်ထဲမှ ဓားပျံကို ဝှေ့ယမ်းထုတ်လိုက်ရာ ဓားသည် မြေပြင်နှင့် အနည်း ငယ်အကွာတွင် ပျံဝဲနေခဲ့၏။ ထို့နောက် လီလဲ့ယန်က ဓားပေါ်သို့ တက်လိုက်ပြီး ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း ပျံတက်သွားလေသည်။
လင်းဖန်လည်း သူမလုပ်သလို လိုက်လုပ်ကြည့်လိုက်သည်။ သို့သော် သူ၏ ခရမ်းရွှေနတ်နဂါးဓားကို ပစ်ထုတ်လိုက်သောအခါ ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပျံဝဲတက်မလာခဲ့ပေ။ လင်းဖန်ကမူ *ငါ့ဓားက မြေပြင်နဲ့ ပိုထိတွေ့ချင်လို့နေမှာပါလေ* ဟု တွေးကာ လီလဲ့ယန် လုပ်သလိုပင် ဓားပေါ်သို့ တက်ရပ်လိုက်သည်။
သို့သော် ခေတ္တကြာသည်အထိ လီလဲ့ယန်ပင် တစ်ပတ်ပတ်၍ ပြန်ရောက်လာသည့်တိုင်အောင် လင်းဖန် မှာ ထိုနေရာမှာပင် ငုတ်တုတ်ရှိနေဆဲ ဖြစ်သည်။ ထိုအခါမှ လင်းဖန်သည် ပြဿနာကို သတိပြုမိသွား သည်။ သူသည် ဓားကို မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို လုံးဝမသိခြင်းပေ။
"ဒီ ခရမ်းရွှေနတ်နဂါးဓားက ဘာဖြစ်နေတာလဲ စီးလို့မှမရတာ။ ငါ့အတွက် ဘာအသုံးကျမှာလဲ…။"
[ပိုင်ရှင်၊ ဓားပျံစီးနိုင်စွမ်းကို အသုံးပြုဖို့အတွက် စနစ်မှာ ငွေဖြည့်ဖို့ လိုအပ်ပါတယ်။ စိတ်ဝိညာဉ် ကျောက်တုံး (၁၀၀၀) သုံးရုံနဲ့ ဓားစီးတဲ့ စွမ်းရည်ကို အမြင့်ဆုံးအထိ ချက်ချင်း ရောက်ရှိစေမှာပါ]
"ဓားပျံစီးတဲ့ အခြေခံမှော်ပညာလေး တစ်ခုအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တောင် ယူမယ် ဟုတ်လား။ မင်းကတော့ တကယ့်ကို သွေးစုပ်တဲ့စနစ်ပဲ။ မသင်တော့ဘူးကွာ ဘာပဲဖြစ်ဖြစ် သုံးချောင်း ထောက်စက်ဘီးနဲ့လည်း ပျံလို့ရနေတာပဲကို…။"
[အရှင်၊ စနစ်က ထုတ်ပေးတဲ့ ဓားပျံစီးနည်းစနစ်က ပျံသန်းဖို့အတွက်တင် မဟုတ်ပါဘူး ရန်သူတွေကို သတ်ဖြတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုရတဲ့ ကျောက်တုံးတွေနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြန်လည် ရှိမှာပါ]
စနစ်၏ မြှောက်ပင့်မှုကို ခံလိုက်ရပြီးနောက် လင်းဖန်သည် နောက်ဆုံးတွင် ဓားပျံစီးနည်းစနစ်အတွက် ငွေဖြည့်ရန် ဆုံးဖြတ်လိုက်သည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဓားစီးပျံသန်းရသည်မှာ အလွန် ပင် လူတောတိုးပြီး ခန့်ညားလှသောကြောင့် လင်းဖန်က ထိုကဲ့သို့ ကြွားဝါချင်သည့် စိတ်ကို မအောင့်နိုင် ခြင်းကြောင့်ပင် ဖြစ်သည်။
[ဒင်... စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀) နုတ်ယူပြီးပါပြီ။ ဓားပျံထိန်းချုပ်ခြင်းစွမ်းရည် အောင်မြင်စွာ ဖြည့်သွင်းပြီးပါပြီ]
ငွေဖြည့်ခြင်း ပြီးဆုံးသွားသည်နှင့် လင်းဖန်သည် သူ၏ရှေ့မှ ခရမ်းရွှေနတ်နဂါးဓားနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဓားစီးပျံသန်းစမ်း…"
လင်းဖန် အမိန့်ပေးလိုက်သည်နှင့် သူနင်းထားသော ခရမ်းရွှေနတ်နဂါးဓားမှာ ရုတ်တရက် ပြန့်ကားသွား ပြီး သူ့ကို ကောင်းကင်ပေါ်သို့ တိုက်ရိုက် မြှင့်တင်ပေးလိုက်လေသည်။
ထို့နောက်တွင် ထိန်းချုပ်ရသည်မှာ အလွန်ပင် လွယ်ကူသွားသည်။ လင်းဖန် စိတ်ကူးလိုက်ရုံဖြင့် ခြေဖဝါး အောက်မှ ဓားသည် သူအလိုရှိရာသို့ ပျံသန်းပေးသည်။ ထို့အပြင် ဓားမှ သူ့ပတ်ပတ်လည်တွင် အကာ အကွယ်တစ်ခု ပြုလုပ်ပေးထားသဖြင့် ဟန်ချက်ပျက်ပြီး ပြုတ်ကျမည်ကိုလည်း စိုးရိမ်စရာ မလို ပေ။
"ဝါး... စီနီယာအစ်ကိုလင်းရဲ့ ဓားက မှော်ရတနာလားဟင်။ သူ့အလိုလို အရွယ်အစားတောင် ပြောင်း နိုင်တယ်….။"
ဘေးမှ ကြည့်နေသော လီလဲ့ယန်မှာ လင်းဖန်၏ ခြေအောက်မှ ဓားသည် ရုတ်တရက် ပြန့်ကားသွား သည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ အများသိကြသည့်အတိုင်း ပုံသဏ္ဌာန်ပြောင်းလဲနိုင်သည့် စွမ်းရည်မှာ သာမန် မှော်လက်နက်များတွင် မရှိဘဲ ပိုမိုမြင့်မားသည့် မှော်ရတနာ များတွင်သာ ရှိခြင်း ဖြစ် သည်။
လီလဲ့ယန် အံ့သြရခြင်းမှာ လင်းဖန်တွင် မှော်ရတနာရှိနေ၍ မဟုတ်ဘဲ ထိုအဆင့်ရှိ ပစ္စည်းကို လင်းဖန်က အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်းလောက၏ အခြေခံသဘောတရားနှင့် ဆန့်ကျင်နေ သည့် ဤဖြစ်ရပ်မှာ မည်သည့်ကျင့်ကြံသူမဆို မြင်လျှင် အံ့သြသွားမည်သာ ဖြစ်သည်။
လင်းဖန်သည်လည်း ထိုပြဿနာကို သတိပြုမိသွားပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် အမိန့်ပေးကာ ဓားကို မူလအရွယ်အစားသို့ ပြန်ပြောင်းလိုက်သည်။ ကျင့်ကြံမှုအဆင့် မမြင့်သေးမီတွင် လူအများအာရုံစိုက် မည့် ကိစ္စများကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံးပင်။
လင်းဖန်တို့နှင့် မလှမ်းမကမ်းရှိ တောအုပ်အတွင်း၌ ပုန်းကွယ်နေသော ချန်လုံသည်လည်း လင်းဖန်၏ ဓားကအရွယ်စားပြောင်းသွားသည်ကို မြင်လိုက်ရပြီး 'မှော်ရတနာ' ဟူသည့် စကားလုံးမှာ သူ၏ ခေါင်း ထဲသို့ ချက်ချင်း ဝင်လာခဲ့သည်။ မှော်ရတနာအပေါ် လောဘတက်သွားသောကြောင့် လင်းဖန်က ၎င်းကို မည်သို့ အသုံးပြုနိုင်သနည်းဟူသည့် မေးခွန်းကိုပင် သူ မေ့သွားကာ ထိုပစ္စည်းကို လုယူရန်သာ စဉ်းစား နေတော့သည်။
ထို့ကြောင့် ချန်လုံသည် သူ၏မိသားစုမှ စစ်ကူများကို ဆက်မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူ တစ်ယောက်တည်း ဖြစ်သော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (အလယ်ပိုင်း) တွင် ရှိနေသဖြင့် အဆင့် (အစောပိုင်း) ကျင့်ကြံသူ နှစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ယူဆ ထားသည်။
*ငါက အခု အမှောင်ထဲမှာ ပုန်းနေတာဆိုတော့ ငါ့ရဲ့ ဝှက်ဖဲကို သုံးပြီး တစ်ယောက်ကို အရင် ချောင်းမြောင်းတိုက်ခိုက်လိုက်ရင် ကျန်တဲ့တစ်ယောက်က ကိုင်တွယ်ရ လွယ်သွားပြီ….။*
ဤသို့တွေးကာ ချန်ယုံသည် ပုန်းလျိုးကွယလျိုးဖြင့် လင်းဖန်တို့ရှိရာသို့ တိတ်တဆိတ် ချဉ်းကပ် သွားလေသည်။
တစ်ဖက်တွင်မူ ဓားပျံစီးတတ်သွားပြီဖြစ်သော လင်းဖန်သည် လီလဲ့ယန်နှင့် ပြိုင်ပွဲလုပ်ရန် စိန်ခေါ်လိုက် သည်။ သူတို့နှစ်ဦးသည် ရှေ့မှ တောအုပ်အထိ ပျံသွားပြီးမှ ပြန်လှည့်လာရန်နှင့် မည်သူက အချိန်အတို ဆုံးဖြင့် ရောက်မည်ကို ပြိုင်ရန် သဘောတူလိုက်ကြသည်။ ရှေ့မှ တောအုပ်ထဲတွင် ရှိနေမည့် အန္တရာယ် ကို သူတို့ လုံးဝ မရိပ်မိခဲ့ကြပေ။
"ဂျူနီယာညီမလေး လဲ့ယန် ငါ့ရေတွက်တာကို နားထောင်နော်။ ၃၊ ၂၊ ၁... စပြီ…။"
အချက်ပေးသံအဆုံးတွင် လင်းဖန်နှင့် လီလဲ့ယန်တို့မှာ တောအုပ်ရှိရာသို့ အပြိုင်အဆိုင် ပျံသန်းသွားကြ သည်။ လင်းဖန်မှာ ဓားပျံစီးခြင်းကို ခုမှ စတင်သင်ယူရသည်ဆိုသော်ငြား စနစ်ကပေးသော ဓားနှင့် အဆင့်မြှင့်ထားသော စွမ်းရည်မှာ လီလဲ့ယန်၏ ဓားစီးနည်းထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
ထို့ကြောင့် လင်းဖန်က တောအုပ်အစပ်သို့ ခဏချင်း ရောက်သွားချိန်တွင် လီလဲ့ယန်မှာ လမ်းတစ်ဝက် ၌ ပင် ရှိနေသေးသည်။ တောအုပ်အတွင်း ပုန်းနေသော ချန်လုံသည် လင်းဖန် ရောက်လာသော်လည်း ချက် ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။ သူ၏ ရည်ရွယ်ချက်မှာ လင်းဖန်ကို အရှင်ဖမ်းပြီး မိသားစုခေါင်း ဆောင်ထံ ပြန်ပို့ရန် ဖြစ်သဖြင့် သေစေနိုင်သည့် ဝှက်ဖဲကို လင်းဖန်အပေါ် အသုံးမပြုလိုခြင်း ဖြစ်သည်။
သူ့အတွက် ပစ်မှတ်အစစ်အမှန်မှာ နောက်မှ ဒယီးဒယိုင်ဖြင့် ပျံသန်းလာသော လီလဲ့ယန်သာ ဖြစ်သည်။
တောအုပ်သို့ အရင်ရောက်သွားသော လင်းဖန်က ပြန်လှည့်လာခဲ့သည်။ လမ်းတွင် လီလဲ့ယန်ကို တွေ့ သောအခါ သူမ၏ ပျံသန်းပုံကို ကြည့်ပြီး သူက စနောက်လိုက်သည်။
"ဟားဟား... ဂျူနီယာညီမလေး လဲ့ယန် မင်းကတော့ အများကြီး နောက်ကျကျန်ခဲ့ပြီ။ ဒီတစ်ခါတော့ မင်း ရှုံးဖို့ သေချာသွားပြီနော်။ ငါ့အထင်တော့ မင်း အရှုံးပေးလိုက်ပြီး ငါနဲ့အတူ အေးအေးဆေးဆေး ပြန်လိုက်ခဲ့ပါတော့ စွမ်းအားတွေ အလဟဿ မကုန်တော့ဘူးပေါ့….။"
လင်းဖန်၏ စနောက်မှုကို လီလဲ့ယန်က စိတ်ဆိုးချင်ယောင်ဆောင်ကာ နှာခေါင်းရှုံ့ပြလိုက်သည်။
"ဟွန့်... ကျွန်မ ရှုံးရင်တောင် အဆုံးအထိ ပျံမှာပဲ….။"
ဟု ပြောပြီး သူမသည် လင်းဖန်ကို ဂရုမစိုက်ဘဲ တောအုပ်ရှိရာသို့ ဆက်လက် ပျံသန်းသွားလေသည်။
လင်းဖန်က ရယ်မောရင်း မူလနေရာသို့ ဆက်လက်ပျံသွားသည်။ ထိုအချိန်တွင် တောအုပ်ထဲ၌ ပုန်းနေ သော ချန်လုံသည် လီလဲ့ယန် အနားသို့ ရောက်လာသည်ကို မြင်လိုက်ရပြီး အခွင့်အရေး ရပြီဟု သိလိုက် သည်။
ထို့ကြောင့် သူသည် တိုက်ခိုက်မှု အလွန်ပြင်းထန်သည့် 'ပျံသန်းခြင်းမြှားအဆောင်' ဟူသည့် ဝှက်ဖဲကို ထုတ်လိုက်သည်။ ထိုအဆောင်မှာ မြှားအသေးစားလေးနှင့် တူပြီး ချန်မိသားစုခေါင်းဆောင် ချန်ယွမ်ရှန်း က သူ့အား ပေးထားခြင်း ဖြစ်သည်။ ချန်ယွမ်ရှန်းက သဘောကောင်း၍ ပေးခြင်းမဟုတ်ဘဲ သူ၏သား ဖြစ်သူ ချန်ယုံကို သေချာကာကွယ်နိုင်ရန်အတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ချန်လုံ အသင့်ပြင်ပြီးချိန်တွင် လီလဲ့ယန်သည် တောအုပ်အစပ်သို့ အေးအေးလူလူ ရောက်ရှိလာပြီးမှ ပြန် လှည့်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ချန်လုံက တိုက်ခိုက်လိုက်၏။
သူ့လက်ထဲမှ 'ပျံသန်းခြင်းမြှားအဆောင်' သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီလဲ့ယန် ၏ ကျောပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ အဆောင်ကို ပစ်လွှတ်လိုက်ပြီးနောက်တွင် ချန်လုံသည် လီလဲ့ယန်၏ နှလုံးသားကို ဓားချင်းဖောက်ပြီး သေဆုံးသွားမည့် ပုံရိပ်ကို ကြိုတင်မြင်ယောင် နေမိသည်။
သို့သော်လည်း နောက်ထပ်ဖြစ်ပျက်လာသည့် အခြေအနေက ချန်လုံကို ဆွံ့အပြီး အံ့အားသင့်သွားစေ ခဲ့သည်။ သူ့မြှားက လီလဲ့ယန်ကို ထိခိုက်တော့မည့် ဆဲဆဲတွင် သူမ၏ ပတ်ပတ်လည်၌ ခုခံရေး ဒိုင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ချန်လုံ၏ မြှားကို လွင့်ထွက်သွားစေခဲ့သည်။
လမ်းကြောင်းလွဲသွားသော မြှားအဆောင်သည် စိတ်ဝိညာဉ်စွမ်းအားများ ချက်ချင်း ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ထိုအချိန်တွင် ထူးခြားသည်မှာ လီလဲ့ယန်၏ ရင်ဘတ်နေရာတွင် အရာတစ်ခု ရုတ်တရက် ဖောင်းတက် လာခြင်း ဖြစ်သည်။ ထိုရုတ်တရက် ပြောင်းလဲလာမှုကြောင့် သူမသည် ဟန်ချက်ပျက်သွားပြီး ရှေ့သို့ တဖြည်းဖြည်းခြင်း ငိုက်ကျသွားလေတော့သည်။