အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) ရန်သူ ပေါ်လာခြင်း
ထိုအချိန်တွင် လီလဲ့ယန်၏ ခန္ဓာကိုယ်က ရှေ့သို့ ငိုက်ကျသွားသည်နှင့်အမျှ သူမခြေဖဝါးအောက်မှ ဓားပျံ သည်လည်း မြေပြင်ဆီသို့ (၄၅) ဒီဂရီစောင်းကာ တဖြည်းဖြည်း ပျံဆင်းသွားပြီး နောက်ဆုံးတွင် မြေပြင် ပေါ်သို့ ဆင်းသက်သွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ဓားမှာ အရှိန်မပြင်းလှသည့် အပြင် စောင်း၍ဆင်းလာခြင်းဖြစ်သဖြင့် ထိခိုက်မှုကို အများကြီး လျှော့ချပေးနိုင်ခဲ့သည်။ ရလဒ်အနေ ဖြင့် လီလဲ့ယန်သည် ပြင်းထန်သော ဒဏ်ရာမရဘဲ မြေပြင်ပေါ်သို့သာ လဲကျသွားခဲ့လေသည်။
တစ်ဖက်တွင်မူ မူလနေရာသို့ ပြန်ရောက်နေပြီဖြစ်သော လင်းဖန်သည် လီလဲ့ယန်၏ အခြေအနေကို အဝေးမှ မြင်လိုက်ရသဖြင့် သူ၏ဓားပျံကိုစီးကာ သူမရှိရာသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။ ခေတ္တ အကြာတွင် လင်းဖန်သည် လီလဲ့ယန်၏ အနားသို့ ရောက်လာပြီး သူမကို အမြန်ပင် ထူပေးလိုက်၏။
"ဂျူနီယာညီမလေး လဲ့ယန်… အဆင်ပြေရဲ့လား။ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဟန်ချက်ပျက်သွား တာလဲ….။"
လင်းဖန် မေးခွန်းမေးပြီးသည်နှင့် လီလဲ့ယန်၏ ရင်ဘတ်နေရာတွင် ပြောင်းလဲသွားသည်ကို သတိထားမိ လိုက်ပြီး ဟန်ချက်ပျက်ရခြင်း၏ တရားခံမှာ မည်သူဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။
"ဒါ ဘယ်လိုဖြစ်တာလဲ။ အဆင့်မြင့်ရင်စီးအတွင်းခံရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘယ်လိုဖြစ်ပြီး ပျောက် သွားရတာလဲ….။"
လင်းဖန်၏ မေးခွန်းကြောင့် နာကျင်နေသော သူမ၏ တင်ပါးကို ပွတ်နေသည့် လီလဲ့ယန်မှာလည်း လုံးဝ ဇဝေဇဝါ ဖြစ်နေရှာသည်။ ထိုအချိန်တွင် စနစ်က လင်းဖန်၏ သံသယကို ဖြေရှင်းပေးလိုက်သည်။
[အဆင့်မြင့်ရင်စီးအတွင်းခံရဲ့ ခုခံရေးစွမ်းရည်က အလုပ်လုပ်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အာနိသင်တွေ အားလုံး ကုန်ဆုံးသွားပြီး သာမန်ရင်စီးတစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ]
"ခုခံရေးစွမ်းရည် အလုပ်လုပ်သွားပြီ" ဟူသော စကားကို ကြားလိုက်ရသည်နှင့် လင်းဖန်သည် ချက်ချင်း သတိကပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်သည်။ ခုခံရေးစွမ်းရည် အလုပ် လုပ်သွားသည်ဆိုပါက အနီးအနားတွင် တစ်စုံတစ်ယောက်က လီလဲ့ယန်ကို ချောင်းမြောင်း တိုက်ခိုက် လိုက်ခြင်း ဖြစ်ရမည်။ ထိုတိုက်ခိုက်မှုမှာလည်း အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှု ဖြစ်ရပေမည်။
ထိုသို့ တွေးမိသည်နှင့် လင်းဖန်သည် ပတ်ဝန်းကျင်မှ အန္တရာယ်များကို ရင်ဆိုင်ရန်အတွက် 'ခရမ်းရွှေ နတ်နဂါးထီး' နှင့် 'သုံးချောင်းထောက်စက်ဘီး' တို့ကို သူ၏စနစ် ဟင်းလင်းပြင်ထဲမှ ထုတ်ယူလိုက်သည်။ ထိုပစ္စည်း နှစ်ခု ရှိလာတော့မှသာ လင်းဖန် စိတ်အနည်းငယ် အေးသွားတော့သည်။
"ဂျူနီယာညီမလေး လဲ့ယန် ဒီအနီးအနားမှာ အန္တရာယ်ရှိနေပုံရတယ်။ အမြန်ပဲ စက်ဘီးထဲဝင်ပြီး ထီးရဲ့အောက်မှာ ပုန်းနေလိုက်နော်…။"
အန္တရာယ်က မည်သည့်နေရာမှ လာသည်ကို မသိသော်လည်း လီလဲ့ယန်သည် လင်းဖန် ပြောသည့် အတိုင်း နာခံကာ လုပ်ဆောင်လိုက်သည်။
ထိုအချိန်တွင် တောအုပ်ထဲ၌ ပုန်းနေသော ချန်လုံမှာမူ လင်းဖန်နှင့် သူမကို ခြိမ်းခြောက်နိုင်မည့် အခွင့်အ ရေး လုံးဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် 'ပျံသန်းခြင်းမြှားအဆောင်' တိုက်ခိုက်မှု မအောင်မြင် လိုက်ရခြင်းအပေါ် အံ့အားသင့်နေဆဲဖြစ်သဖြင့် ဤရှားပါးသော အခွင့်အရေးကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။
အမှန်စင်စစ် အခွင့်အရေး ထပ်ပေးလျှင်ပင် သူသည် အလွယ်တကူ တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။ လီလဲ့ယန်က သူ၏ အဆောင်တိုက်ခိုက်မှုကို မည်သို့ ကာကွယ်လိုက်သည်ကို မသိသော်လည်း သူမတွင် ခုခံရေးအဆောင်တစ်ခု ရှိနေမည်ဟု သူ ခန့်မှန်းလိုက်သည်။
ဤအချက်ကပင် တစ်ဖက်လူမှာ သာမန်မဟုတ်ဘဲ နောက်ခံအင်အား တစ်ခုခု ရှိနေနိုင်ကြောင်း သက် သေပြနေသည်။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့သော ခုခံရေးအဆောင်မျိုးဖြင့် ကာကွယ်ထားနိုင်မည် မဟုတ်ပေ။
ထို့အပြင် ခုခံရေးအဆောင်များနှင့် မှော်ပစ္စည်းများမှာ တိုက်စစ်ပစ္စည်းများထက် အမြဲတမ်း ပို၍ တန်ဖိုး ကြီးလှသည်။ တစ်ဖက်လူတွင် ခုခံရေးအဆောင်များ ရှိနေမှတော့ တိုက်စစ်အဆောင်များလည်း ရှိနေနိုင် ပေသည်။
*ငါသာ ဇွတ်အတင်းသွားလုပ်ရင် အရှုံးကြီး ရှုံးသွားနိုင်တယ်။ မိသားစုက စစ်ကူတွေ ရောက်လာမှပဲ အတူတူ တိုက်ခိုက်တော့မယ်…*
ဟု သူက တွေးလိုက်သည်။
ထို့နောက် ချန်လုံသည် ဆက်သွယ်ရေးအဆောင်ကို အမြန်ထုတ်ကာ စစ်ကူများ မည်သည့်အချိန်တွင် ရောက်မည်ကို မေးမြန်းလိုက်သည်။ တစ်ဖက်မှ ချင်းယွင်ဈေးကွက်နှင့် နီးနေပြီဖြစ်ကြောင်း အကြောင်း ပြန်လာသောအခါမှ ချန်လုံသည် မလောတော့ဘဲ စိတ်ရှည်လက်ရှည် ဆက်လက် စောင့်ဆိုင်းနေ လိုက်သည်။
တစ်ဖက်တွင်မူ ခရမ်းရွှေနတ်နဂါးထီး၏ အကာအကွယ်အောက်တွင် ခိုလှုံနေသော လင်းဖန်နှင့် လီလဲ့ယန်တို့မှာလည်း အန္တရာယ်၏ လားရာ အရင်းအမြစ်ကို ပတ်ဝန်းကျင်တွင် ရှာဖွေနေကြသည်။ လင်းဖန် ပတ်ပတ်လည်ကို ရှာကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေသော မြှားတစ် စင်းကို တွေ့လိုက်ရသည်။
၎င်းမှာ ချန်လုံ ပစ်လွှတ်လိုက်သော အဆောင်မြှားပင် ဖြစ်သည်။ ရန်သူကို သတိမမူမိစေရန်အတွက် ချန်လုံသည် မြှားကျသွားပြီးနောက်တွင် ချက်ချင်း ထွက်၍ မကောက်ခဲ့ခြင်း ဖြစ်သည်။
လင်းဖန်က ထို 'ပျံသန်းခြင်းမြှားအဆောင်' ကို ကောက်ယူပြီး စစ်ဆေးနေစဉ်မှာပင် လီလဲ့ယန်က အံ့ဩ တကြီး ရေရွတ်လိုက်သည်။
"ဟင်... ဒါက တိုက်စစ်အဆောင် မဟုတ်လား။ ဒီနေရာက ရတနာတွေထွက်တဲ့ နေရာလားဟင်။ ဘယ်လို ဖြစ်ပြီး မြေကြီးထဲကနေ အဆောင်တွေ ပေါက်နေရတာလဲ….။"
လီလဲ့ယန်၏ စကားကြောင့် လင်းဖန်သည် သူကိုင်ထားသော မြှားမှာ ဘာလဲဆိုသည်ကို သိသွားသလို ဤအဆောင်ကြောင့်ပင် လီလဲ့ယန်၏ ရင်စီးမှ ခုခံရေးစွမ်းရည် အလုပ်လုပ်သွားခြင်းဖြစ်ကြောင်း နား လည်သွားသည်။ ဤအဆောင်က ဤနေရာမှာ ရှိနေသေးသည်ဆိုလျှင် ရန်သူမှာ အမှောင်ထဲတွင် ပုန်းနေ ဆဲ ဖြစ်ရပေမည်။ သူတို့သည် အဆောင်ကိုပင် ပြန်လာမကောက်နိုင်သေးခြင်းမှာ နောက်ထပ် ချောင်း မြောင်းတိုက်ခိုက်ရန် ပြင်နေခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးမိလိုက်သည်နှင့် လင်းဖန်မှာ ကျောချမ်းသွားရသည်။ ဤနေရာတွင် ဆက်မနေသင့်တော့ဘဲ ချင်းယွင်ဂိုဏ်းသို့ ချက်ချင်းပြန်ကာ လီယွမ်ဖေးကို အကျိုးအကြောင်း ပြောပြရမည်ဟု သူ ဆုံးဖြတ် လိုက်သည်။ သူ၏ အမြင်တွင် တစ်ဖက်လူက လီလဲ့ယန်ကို ချောင်းတိုက်ခြင်းမှာ ချင်းယွင်ဂိုဏ်း၏ ရန်သူ များက ကလဲ့စားချေခြင်းသာ ဖြစ်နိုင်ပြီး သူ့ကြောင့်ဟု လုံးဝ ထင်မိခြင်းမရှိပေ။
"ဂျူနီယာညီမလေးလဲ့ယန် အနားမှာ တစ်ယောက်ယောက်က မင်းကို လုပ်ကြံဖို့ ကြံစည်နေပုံရတယ်။ အရင်ဆုံး ချင်းယွင်ဂိုဏ်းကို ပြန်ပြီး ဦးလေးလီကို အခြေအနေတွေ ပြောပြကြရအောင်။ မင်းလည်း ခဏလောက်တော့ ဂိုဏ်းထဲကနေ အပြင်မထွက်တာ အကောင်းဆုံးပဲ…။"
"ဟင်..ဟုတ်လား။ ကျွန်မတို့မှာ ဒီလောက်အထိ ရန်သူကြီးတွေ ရှိတယ်လို့ မကြားဖူးပါဘူး။ ကောင်းပြီ လေ... ဒီလိုဆိုရင်လည်း ပြန်ကြတာပေါ့…။"
သူမကို ဘာကြောင့် တိုက်ခိုက်ရသည်ကို နားမလည်သော်လည်း လီလဲ့ယန်သည် လင်းဖန်၏ စကားကို နားထောင်ကာ ဂိုဏ်းသို့ ပြန်ရန် သဘောတူလိုက်သည်။
တောအုပ်ထဲတွင် ပုန်းနေသော ချန်လုံသည် လင်းဖန်နှင့် လီလဲ့ယန်တို့ ထွက်ခွာတော့မည်ကို မြင်သော အခါ ဆက်ပြီး အောင့်အီးမနေနိုင်တော့ပေ။ မိသားစုမှ စစ်ကူများမှာလည်း မကြာမီ ရောက်လာတော့ မည်ဖြစ်ရာ သူက အရင်ဆုံး တားဆီးထားပြီး ချန်ဟူတို့ ရောက်လာခဲ့လျှင် တစ်ဖက်လူမှာ ပြေးစရာလမ်း ရှိတော့မည် မဟုတ်ပေ။
ထိုသို့ တွေးကာ ချန်လုံသည် တောအုပ်ထဲမှ ထွက်လာပြီး အဝေးမှ လင်းဖန်ကို လက်ဝှေ့ယမ်းပြလိုက် သည်။
"အို... မိတ်ဆွေ တိုက်ဆိုင်လိုက်တာ။ တို့တွေ ထပ်တွေ့ကြပြန်ပြီနော်….။"
အသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ လင်းဖန်သည် တောအုပ်ထဲမှ ထွက်လာသော ချန်လုံကို တွေ့လိုက်ရသည်။ ချန်လုံကို မြင်လိုက်ရသည့် ခဏမှာပင် လင်းဖန်သည် သူ၏ အစောပိုင်းက ခန့်မှန်း ချက်ကို ဖယ်ထုတ်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ ချင်းယွင်ဂိုဏ်း၏ ရန်သူများက ကလဲ့စားချေခြင်း မဟုတ်ဘဲ လူသတ်လုယက်မှုသာ ဖြစ်ကြောင်း သူ သိလိုက်သည်။ ချန်လုံ ယခုကဲ့သို့ ထွက်လာခြင်းမှာ သူတို့နှစ်ယောက်ကို ချောင်းတိုက်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း လင်းဖန်ကို အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
ချန်လုံသည်လည်း ထိုအချက်ကို သိသော်လည်း အချိန်ဆွဲရန်အတွက် ထွက်လာခဲ့ခြင်းဖြစ်သဖြင့် ဂရုမစိုက်တော့ပေ။
*စကားပြောပြီး အချိန်ဆွဲလို့ရရင် အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်လူက တွေ့တာနဲ့ တိုက်ခိုက် မယ်ဆိုရင်လည်း တိုက်ပွဲထဲမှာ အချိန်ဆွဲထားရုံပေါ့*
ဟု သူက တွေးထားသည်။
လင်းဖန်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ ချန်လုံသည် ကောင်းကောင်းမွန်မွန် စကားပြော၍ မရနိုင်တော့မှန်း သိလိုက်သည်။ ထို့ကြောင့် သူသည် အဆောင်တစ်ခုကို ထုတ်ကာ လင်းဖန်တို့ရှိရာသို့ ချက်ချင်း ပစ်လွှတ်လိုက်ပြီး တိုက်ခိုက်မှုကို စတင် လိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်လုံသည် လင်းဖန်တို့အနားသို့ ချက်ချင်း ပြေးဝင်သွားကာ သူ၏ ပျံသန်းခြင်းဓားကို မြှောက်၍ အလစ်အငိုက် တိုက်ခိုက်ရန် ပြင်လိုက်သည်။
ချန်လုံ ပစ်လွှတ်လိုက်သော အဆောင်သည် လေထုထဲတွင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းဖန်တို့ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ လီလဲ့ယန်မှာ အနည်းငယ် ပျာယာခတ်သွားပြီး လျှပ်စီး တိုက်ကွက်ကို ရင်ဆိုင်ရန် ပြင်လိုက်စဉ်မှာပင် လင်းဖန်က စိတ်မပူရန် သူမကို အချက်ပြလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် လျှပ်စီးတန်းမှာ လင်းဖန်တို့ကို မထိမိခင်မှာပင် ခရမ်းရွှေနတ်နဂါးထီး၏ ခုခံရေးဒိုင်းနှင့် ထိတွေ့ကာ မီးပွားလေးတစ်ခုပင် မထွက်ဘဲ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ချန်လုံမှာ သူတို့အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤမြင်ကွင်းကို မြင်သောအခါ သူ အနည်းငယ် အံ့သြသွားသော်လည်း မထိတ်လန့်ဘဲ သူ၏ ပျံသန်းခြင်းဓားဖြင့် နှစ်ဦးသားကို တိုးဝင် တိုက်ခိုက်လိုက်သည်။
ချန်လုံ၏ ဓားတိုက်ကွက်ကို ရင်ဆိုင်ရန်အတွက် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးဓားဖြင့် ထိန်းချုပ်ကာ ခုခံလိုက်သည်။ ဓားနှစ်စင်း ထိတွေ့မိသွားသောအခါ ကျိုးပဲ့သွားသည့် အသံကျယ်ကြီး ထွက်ပေါ် လာ သည်။ ချန်လုံ၏ ပျံသန်းခြင်းဓားမှာ ခရမ်းရွှေနတ်နဂါးဓား၏ ခုတ်ပိုင်းမှုကြောင့် တစ်စစီ ကျိုးပဲ့သွား ခဲ့ရလေသည်။
ထိုမြင်ကွင်းကို မြင်သော်လည်း လင်းဖန်မှာ အံ့သြခြင်း မရှိပေ။ သာမန် မှော်လက်နက်လေးတစ်ခုက သူ၏ မှော်ရတနာ ကို ထိပ်တိုက်ရင်ဆိုင်ရဲသည်မှာ အံ့သြစရာပင်။
*ဒီဓါးမှမကျိုးရင် ဘယ်ဓါး ကျိုးမှာလဲ…*
ဟု သူက တွေးနေမိသည်။
ရန်သူ၏ ဓားကို ချိုးဖျက်လိုက်ပြီးနောက် လင်းဖန်က ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
"ဒါပဲလား။ ဒီလောက် အရည်အချင်းလေးနဲ့ လမ်းမှာ လူတွေကို လုယက်ဖို့ ကြံရဲတယ်ပေါ့။ မင်းကတော့ ဒီအလုပ်ကို လုပ်တဲ့သူတွေအတွက် အရှက်ရစေတာပဲ….။"
သူ၏ မှော်လက်နက် ပျက်စီးသွားခြင်းအပေါ် လှောင်ပြောင်ခံလိုက်ရသဖြင့် ချန်လုံမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။
"ဟွန့်... မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (အစောပိုင်း) မှာပဲ ရှိသေးတာပါ။ မင်းရဲ့ ဓားက အဆင့်မြင့်နေလို့သာ သာနေတာ။ အဲ့ဒီဓားသာ မရှိရင် ငါ့ရဲ့ အစွမ်းက မင်းကို သတ်ဖို့ လုံလောက် လား၊ မလုံလောက်ဘူးလားဆိုတာ ကြည့်လိုက်ရအောင်….။"