← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇) ရုပ်သေးရုပ်၏ ဟာကွက်များ

"အမှန်အတိုင်း ပြောရရင် ဆရာ... ကျွန်တော် ခုနက တစ်လုံး စမ်းသောက်ကြည့်တုန်းက စိတ်ဝိညာဉ်စွမ်း အား တစ်ဝက်လောက် ပြန်ပြည့်လာတဲ့ အာနိသင်ကို တကယ် ခံစားလိုက်ရတာပါ။ ဆရာ မယုံရင် ကျွန်တော် ဆရာ့ရှေ့မှာ နောက်တစ်ကြိမ် ထပ်စမ်းပြပါ့မယ်….။"

ပြောပြောဆိုဆိုဖြင့် ချန်ယွမ်ရှုသည် နောက်ထပ် ဆေးလုံးတစ်လုံးကို ပုလင်းထဲမှ လောင်းထည့်လိုက်ပြီး ဆရာ့ရှေ့တွင် စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။ အာနိသင်ကို ပိုမိုထင်ရှားစေရန်အတွက် ချန်ယွမ်ရှုသည် သူ၏ မှော်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ခန့်ကို အလျင်အမြန် ကုန်ဆုံးစေလိုက်သည်။

ချန်ယွမ်ရှု၏ တည်ကြည်သော မျက်နှာပေးကို မြင်သောအခါ ကျန်းဟုန်းညန်းသည် တပည့်ဖြစ်သူ၏ စကားကို စတင် ယုံကြည်လာတော့သည်။ ချန်ယွမ်ရှု ဆေးလုံးကို မျိုချလိုက်သည်နှင့် ကျန်းဟုန်းညန်း သည် ချန်ယွမ်ရှု၏ ခန္ဓာကိုယ်ပေါ်သို့ လက်တင်ကာ သူ၏အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား ပြောင်းလဲမှု များကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်သည်။

အမှန်ပင်... ဆေးလုံးက ပါးစပ်ထဲ ရောက်သွားသည်နှင့် ချန်ယွမ်ရှု၏ တစ်ဝက်ခန့် ကုန်ဆုံးနေသော စိတ်ဝိညာဉ်စွမ်းအားများမှာ အလျင်အမြန် ပြန်လည် နိုးထလာပြီး ခဏအကြာတွင် အပြည့်အဝ ပြန် လည် ပြည့်တင်းသွားတော့သည်။

"ဆရာ... ခံစားမိတယ် မဟုတ်လား။ ကျွန်တော် ဆရာ့ကို မလိမ်ပါဘူး။ ဒီဆေးလုံးက စိတ်ဝိညာဉ်စွမ်း အား တစ်ဝက်ကို တကယ် ပြန်ဖြည့်ပေးနိုင်တာပါ။ ဆရာ့အတွက် အာနိသင်မရှိတာက ဆရာ့ရဲ့ ကျင့်ကြံမှု အဆင့်က မြင့်လွန်းနေလို့ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်….။"

ထိုအချိန်တွင် ချန်ယွမ်ရှု၏ ခန္ဓာကိုယ်အတွင်း စွမ်းအားများ ပြောင်းလဲသွားသည်ကို ခံစားမိသော ကျန်းဟုန်းညန်းမှာ အလွန် ဝမ်းသာသွားရသည်။ သို့သော် ဝမ်းသာနေသည့် တစ်ချိန်တည်းမှာပင် စိတ်ပျက်မှု အနည်းငယ်လည်း ဖြစ်ပေါ်မိသည်။

ဤကဲ့သို့ စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ချက်ခြင်း ပြန်ဖြည့်ပေးနိုင်သော ဆေးလုံးဆိုသည်မှာ တိုက်ပွဲများတွင် အသက်ကယ် ဝှက်ဖဲတစ်ခုပင် ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ဟင်းလင်း ပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်နေသော သူ့ကဲ့သို့ ကျင့်ကြံသူအတွက်တော့ အာနိသင် မရှိခြင်းပင်။

"တကယ်ကို အံ့ဩစရာပဲ…။ ငါ့အတွက် အာနိသင်မရှိပေမဲ့ ဂိုဏ်းထဲက ဆေးဆရာတွေကို ဒါကို သေချာလေ့လာခိုင်းဖို့ တန်ဖိုးရှိပါတယ်….။"

ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှာ စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်ပေးနိုင်တဲ့ ဆေးလုံးတွေ ရှိပေမဲ့ အဲ့ဒါ တွေက အဆင့်မြင့်ဆေးလုံးတွေဖြစ်ပြီး ရှားပါးလွန်းသလို တစ်လုံး တစ်လုံးကိုလည်း တန်ဖိုးကြီးက လှသည်ပင်။ အကယ်၍ ဤပထမတန်းစား ဆေးလုံးဖော်စပ်နည်းကို လေ့လာပြီး အဆင့်မြင့်ကျင့်ကြံသူ တွေအတွက် အာနိသင်ရှိမည့် အဆင့်နိမ့်ဆေးလုံးမျိုးကို ဖော်စပ်နိုင်ခဲ့လျှင် ယင်း၏ တန်ဖိုးမှာ ဖြတ်၍ပင် ရနိုင်မည်မဟုတ်ပေ။

ဆရာဖြစ်သူ၏ ရေရွတ်သံကို ကြားသောအခါ ချန်ယွမ်ရှုသည် စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် အသာအယာ ပြောလိုက်သည်။

"ဆရာ... ဒီဆေးလုံးကို ဖော်စပ်တဲ့ ဆေးဆရာက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို ရောက်ကာစပဲ ရှိသေးတာပါ။ သူက ပထမတန်းစား ဆေးဆရာတစ်ယောက်ပဲ ဖြစ်ဦးမှာပါ။ ကျွန်တော် တွေးမိတာက... ဒီဆေးဆရာရဲ့ အဆင့် တက်လာတဲ့အခါမှာ သူက ပိုပြီး အစွမ်းထက်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်မှာ မဟုတ်ဘူးလား….။"

"ပထမတန်းစား ဆေးဆရာ" ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကျန်းဟုန်းညန်း၏ မျက်နှာတွင် ဝမ်းသာအားရသည့် အရိပ်အယောင်များ ထပ်မံ ပေါ်ပေါက်လာပြန်သည်။

"ဘာ…ပထမတန်းစား ဆေးဆရာပဲ ရှိသေးတာလား။ ဒါ... ဒါဆိုရင် ငါတို့ သူ့ကို ဖမ်းခေါ်လာပြီး ဂိုဏ်းမှာ အသုံးချရမယ်။ ငါတို့ဂိုဏ်းရဲ့ လေ့ကျင့်ပေးမှုနဲ့ဆိုရင် သူက နောင်မှာ ငါတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး သယ်ဆောင်လာပေးမှာ သေချာတယ်…။"

ဆရာဖြစ်သူ၏ စကားကို ကြားသောအခါ ချန်ယွမ်ရှုသည် အခွင့်အရေးကို လက်မလွှတ်ဘဲ သူ၏ အကြံ အစည်ကို ပြောလိုက်သည်။

"ဆရာ... ကျွန်တော့်မှာလည်း ဒီအကြံ ရှိပါတယ်။ ဒါကြောင့် ဒီဆေးဆရာကို ဖမ်းခေါ်လာဖို့အတွက် ကျွန်တော့်ကို အခြေတည်စိတ်ဝိညာဉ်အဆင့် အစောင့် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် ပေးစေချင်ပါတယ်….။"

ထိုအချိန်တွင် ချန်ယွမ်ရှုသည် လီယွမ်ဖေးနှင့် အခြားသော အခြေတည်စိတ်ဝိညာဉ်အဆင့် ပညာရှင် သုံးဦးတို့ ချန်မိသားစုထံ ရောက်ရှိနေသည်ကို မသိသေးပေ။ ကြောက်ရွံ့နေသော ချန်ယွမ်ရှန်းသည် လည်း ဤသတင်းကို သူတို့ဆီ မပို့ခဲ့ပေ။ ထို့ကြောင့် ချန်ယွမ်ရှု၏ အမြင်တွင် သူ၏ မိသားစုအနီးအနား က အင်အားစုတွေကို ရှင်းပစ်ရန်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ဆေးဆရာလေးကို ဖမ်းရန်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့် အစောင့်ရှိလျှင် လက်ဖျစ်တစ်ချက် တီးလိုက်သလောက် လွယ်ကူလိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။

သို့သော် ကျန်းဟုန်းညန်းကမူ ချန်ယွမ်ရှု၏ အကြံကို ချက်ခြင်း သဘောမတူဘဲ ခဏ စဉ်းစားနေသည်။ မကြာမီမှာပင် ကျန်းဟုန်းညန်းက ချန်ယွမ်ရှု အံ့ဩသွားစေမည့် စကားကို ပြောလိုက်သည်။

"ရှုးအာ... အစောင့်တွေ စီစဉ်နေစရာ မလိုပါဘူး။ ဒီတစ်ခါတော့ မင်းရဲ့ ဆရာကိုယ်တိုင် မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်….။"

ကျန်းဟုန်းညန်း ကိုယ်တိုင် လိုက်ရန် ဆုံးဖြတ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ လမ်းခရီးတွင် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဆေးဆရာဆိုသည်မှာ ရှားပါးလှသည်ဖြစ်ရာ ဤကဲ့သို့ ထူးဆန်းသော ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးဆရာဆိုလျှင် သူကိုယ်တိုင် သွားရောက် ခေါ်ယူရန် ထိုက်တန်လှသည်။ ၎င်းအပြင် သူ့တွင် အခြား အကြံအစည်လည်း ရှိနေသေးသည်။

ဤဆေးဆရာကို ဂိုဏ်းသို့ ခေါ်ဆောင်လာပြီးလျှင် သူသည် ဂိုဏ်းပိုင် ဖြစ်သွားပေလိမ့်မည်။ သူ့အနေဖြင့် ဆုလာဘ်အချို့ ရရှိနိုင်သော်လည်း ယင်းဆုလာဘ်များသည် ဆေးဆရာ တစ်ယောက်လုံးကို ချုပ်ကိုင် ထားနိုင်ခြင်းနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ပေ။

ထို့ကြောင့် သူသည် ထိုဆေးဆရာကို ဂိုဏ်းသို့ မပို့မီ သူ၏ လက်အောက်တွင် လုံးဝ ရောက်ရှိသွားစေရန် အတွက် ကျွန်ပြုအစီအရင်အချို့ ပြုလုပ်ထားရန် ကြံစည်နေခြင်း ဖြစ်သည်။ ဂိုဏ်းကို ပြန်ရောက်သည့် အခါ ဂိုဏ်းက အပြစ်တင်လျှင်တောင် သူက ဆင်ခြေပေးနိုင်သည် မဟုတ်ပါလား။

*အဲ့ဒီဆေးဆရာက ခေါင်းမာလွန်းလို့ အသေခံပြီး ဂိုဏ်းကို လိုက်ဖို့ ငြင်းဆန်နေတာနဲ့ တခြားနည်းလမ်း မရှိတော့လို့ သူ့ကို ထိန်းချုပ်ဖို့ ကျွန်ပြုအစီအရင် သုံးလိုက်ရတာပါ ဟု ပြောလိုက်ရုံပင်…။*

ဤသည်ကို တွေးမိသည်နှင့် ကျန်းဟုန်းညန်းမှာ မအောင့်နိုင်တော့ဘဲ ချန်ယွမ်ရှု ညီအစ်ကို နှစ်ယောက်ကို ခေါ်ကာ ဂိုဏ်းမှ ချက်ခြင်း ထွက်ခွာခဲ့ပြီး ချန်မိသားစုရှိရာ အရပ်သို့ ပျံသန်းသွားတော့သည်။

ချင်းယွင်ဂိုဏ်းအတွင်းမှာမူ လင်းဖန်သည် ရုပ်သေးကို သေချာစွာ စစ်ဆေးပြီးနောက် ဟာကွက်များစွာ ကို ရှာတွေ့ခဲ့သဖြင့် ယင်းတို့ကို အသုံးချနိုင်မည့် နည်းလမ်းများအတွက် ပျော်ရွှင်နေသည်။

"စနစ်ရေ... မင်း ဒါကို မျှော်လင့်မထားဘူး မဟုတ်လား။ မင်းမှာ ပါးနပ်တဲ့ အစီအစဉ်တွေ ရှိပေမဲ့ ငါ့မှာလည်း မင်းကို ပြန်ပြီး လိမ်ယူမယ့် နည်းလမ်းတွေ ရှိပါတယ်။ ရုပ်သေးရဲ့ စည်းမျဉ်းတွေထဲက ဟာကွက်တွေကို ငါ ရှာတွေ့သွားပြီ….။"

[ပိုင်ရှင်... ကျွန်ုပ်တို့ စီးပွားရေးကိုပဲ ရိုးရိုးသားသား လုပ်လို့မရဘူးလား။ ဘာလို့ ဓားပြတိုက်ဖို့ပဲ စဉ်းစားနေရတာလဲ..။]

လင်းဖန်သည် စနစ်၏ သတိပေးချက်ကို လျစ်လျူရှုကာ သူရှာတွေ့ထားသော ဟာကွက်များကို ဂုဏ်ယူ စွာ ပြောပြနေတော့သည်။

"ဟာကွက် (၁) - ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခြင်း။ နောင်ကျရင် ငါ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ယောက်ကို တွေ့တာနဲ့ သူ့ကို ဆဲမယ်။ အဲ့ဒီလူက ဒေါသထွက်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားပြီဆိုတာနဲ့ ရုပ်သေးက ငါ့ကို ကာကွယ်ဖို့ သူ့ကို ပြန်သတ်ပေးရမှာပဲ။ အဲ့ဒီအခါကျရင်တော့ ငါက မျက်ရည်လေး တွေနဲ့ပဲ သူ့ရဲ့ သိုလှောင်အိတ်ကို ယူလိုက်ရုံပေါ့….။"

"ဟာကွက် (၂) - ရန်သူ့စခန်းထဲကို ကျူးကျော်ဝင်ရောက်ခြင်း။ နောင်ကျရင် တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ပြီးတာနဲ့ ငါက သူတို့စခန်းထဲကို တစ်ယောက်တည်း သွားပြီး ရန်စမယ်။ သူတို့က ငါ့ကို ထောင်ချောက်ထဲ ရောက်နေပြီဆိုပြီး သတ်ဖို့ လုပ်ကြပြီဆိုရင်တော့... ဟဲဟဲ စိတ်မကောင်းပါဘူး။ ငါ့မှာ အတိဒုက္ခအဆင့် ရုပ်သေးရှိတယ်။ ဒီနည်းနဲ့ ငါ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရမှာပဲ….။"

"ဟာကွက် (၃) - အန္တရာယ်အရှိဆုံးနေရာကို တိုးဝင်ခြင်း။ ငါသာ သတ္တိရှိရှိ စွန့်စားရဲမယ်ဆိုရင် မမျှော်လင့် ထားတဲ့ ဆုလာဘ်တွေ ရမှာပဲ။ အခုကစပြီး အန္တရာယ်ရှိတဲ့ နေရာမှန်သမျှ ငါ သွားမယ်။ အန္တရာယ်နဲ့ အခွင့်အရေးဆိုတာ ဒွန်တွဲနေတာလေ။ ရုပ်သေးက အန္တရာယ်ကို ရှင်းပေးလိမ့်မယ်။ ငါကတော့ ဆုလာဘ် တွေကို ဆက်ပြီး သိမ်းရုံပဲ….။"

လင်းဖန် ပြောနေစဉ်တွင် သူ၏ မျက်လုံးများက ရုပ်သေး၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ရံဖန်ရံခါ ကြည့်နေမိသဖြင့် စနစ်မှာ ဇဝေဇဝါ ဖြစ်နေရသည်။

[ပိုင်ရှင်... ပိုင်ရှင်ပြောတဲ့ စကားလုံးတွေက တစ်မျိုးကြီး ဖြစ်နေသလိုပဲနော်]

"ဟင်…။ ဘာမှ မဖြစ်ပါဘူးအကုန် အဆင်ပြေပါတယ်။ ဒါက တကယ် အလုပ်ဖြစ်၊ မဖြစ်ပဲ ပြောစမ်းပါ"

[ ဒီစနစ်မှာ ပိုင်ရှင်ရဲ့ လုပ်ရပ်တွေကို ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ပိုင်ရှင်ကို သတိပေး ချင်တာက ဒီရုပ်သေးက တော်တော်လေး ဈေးကြီးတာမို့လို့ ပျက်စီးသွားအောင် မလုပ်ပါနဲ့ ]

"ဟဲဟဲ... စိတ်မပူပါနဲ့ ငါ သူ့ကို တန်ဖိုးထားမှာပါ…။"

ပြောပြီးသည်နှင့် လင်းဖန်သည် ရုပ်သေးကို ပြန်သိမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် ရုပ်သေးသည် စနစ် ဟင်းလင်းပြင်ထဲသို့ ပြန်မဝင်သွားဘဲ ဆေးမင်ကြောင်ပုံစံ ပြောင်းလဲကာ လင်းဖန်၏ လက်မောင်းပေါ် တွင် ကပ်ငြိသွားတော့သည်။

ထို့နောက် လင်းဖန်သည် သီချင်းလေး တညည်းညည်းဖြင့် ကျင့်ကြံခြင်းဂူထဲမှ ထွက်လာကာ ချင်းယွင် ဂိုဏ်း အတွင်း လမ်းလျှောက် ထွက်ခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် လင်းဖန်သည် မကြာမီမှာပင် ဂိုဏ်းအတွင်း ရှိ လေ့ကျင့်ကွင်း သို့ ရောက်ရှိသွားသည်။

ဂိုဏ်းမှာ ဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်ကို သိကြသဖြင့် တပည့်များစွာမှာ ဤခက်ခဲသော အချိန်တွင် ဂိုဏ်းအတွက် အကျိုးပြုနိုင်ရန် လေ့ကျင့်ကွင်း၌ သူတို့၏ မန္တန်စွမ်းအားများကို ကြိုးစားပမ်းစားဖြင့် လေ့ကျင့်နေကြသည်ကို တွေ့ရလေသည်။

ထိုစဉ်မှာပင် လင်းဖန်သည် ဈေးကွက်တွင် တွေ့ခဲ့ဖူးသော စီနီယာအစ်ကို ချီကို တွေ့လိုက်ရသည်။ သူသည် သူ၏ 'အင်မော်တယ်ချုပ်နှောင်ကြိုး' ကို ဘေးပတ်ဝန်းကျင်က လူများကို ကြွားဝါပြနေသည်။

"ဒါက ငါ့ရဲ့ အင်မော်တယ်ချုပ်နှောင်ကြိုးကို ထိပ်တန်းအဆင့် မှော်လက်နက်အဖြစ် အဆင့်မြှင့်ပြီးတည်းက ပထမဆုံးအကြိမ်အဖြစ် သုံးကြည့်မှာပဲ။ မင်းတို့တွေ ကံကောင်းကြတာပဲ ဘယ်ဂျူနီယာညီလေးက ငါနဲ့အတူ စမ်းသပ်ကြည့်ချင်လဲ….။"

ချီယုံနင် ၏ ခေါ်သံကို ကြားသောအခါ ယန်ယွီ သည် လူအုပ်ထဲမှ ပထမဆုံး ရှေ့သို့ တိုးထွက်လာခဲ့သည်။

"စီနီယာအစ်ကိုချီ... ကျွန်တော် စမ်းကြည့်ပါရစေ…။"

ချင်းယွင်ဂိုဏ်းသည် အရွယ်အစား သေးငယ်သောကြောင့် အခြားဂိုဏ်းများကဲ့သို့ ခေါ်ဝေါ်မှုများမှာ အလွန်အမင်း ရှုပ်ထွေးခြင်း မရှိပေ။ ယန်ယွီသည် ချီစုဆောင်းခြင်းအဆင့်သာ ရှိပြီး ချီယုံနင်မှာ အခြေခံ အုတ်မြစ် တည်ဆောက်ခြင်းအဆင့် ဖြစ်သော်လည်း သူတို့သည် တစ်ဦးကိုတစ်ဦး ဂိုဏ်းတူညီအစ်ကို များအဖြစ်သာ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ကြလေသည်။

All Chapters