အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) 'ပါးနပ်သောယုန်တွင် တွင်းသုံးတွင်းရှိ၏'။ အောင်မြင်မှုမှတ်တိုင်ကို ဖွင့်လှစ်ခြင်း။
အခန်းတွင်းရှိ မြင်ကွင်းကို ကြည့်ရင်း စနစ်က သက်ပြင်းချလိုက်လေ၏။
မည်သူမျှ ဝင်မလာနိုင်စေရန် အခန်းအတွင်း အတားအဆီးတစ်ခု ချမှတ်လိုက်ပြီးနောက် ၎င်းက လင်းဖန်နှင့် အဆက်အသွယ်ကို ယာယီဖြတ်တောက်လိုက်တော့၏။ နောက်ဆက်တွဲဖြစ်လာမည့် အရာများကိုလည်း စနစ်က မကြည့်ချင်တော့ပေ။
အချိန်များတရွေ့ရွေ့ ကုန်လွန်သွားကာ ညအချိန်က လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့လေသည်။
တစ်ညလုံးလုံး အခန်းထဲမှ အသံအမျိုးစုံက ထွက်ပေါ်နေခဲ့လေသည်။ နောက်တစ်နေ့ မိုးလင်းချိန်ရောက် မှသာ အရာအားလုံးက ပကတိ ပြန်လည်ငြိမ်သက်သွားခဲ့လေသည်။
ထိုအချိန်တွင် အခန်းထဲ၌ရှိနေသော လင်းဖန်သည် သတိပြန်လည်လာခဲ့ပြီဖြစ်သည်။ ဆေးစွမ်းများက တစ်ညတည်းနှင့် သူ၏ ဖြေဖျောက်မှုကို အသေအချာ ခံလိုက်ရပြီဖြစ်၏။ သူ၏ဘေးတွင် သတိလစ် မေ့မြောနေသော လီလဲ့ယန်ကို ကြည့်ရင်း လင်းဖန်မှာ အပြစ်ရှိသလို ခံစားလိုက်မိသည်။
တကယ်တမ်းတော့ ဤကိစ္စအားလုံး၏ တရားခံမှာ သူကိုယ်တိုင်ပင် ဖြစ်သည် မဟုတ်ပါလား။ ပေါ့ဆစွာ ဖြင့် ဆေးမှားယူမိသော သူ၏အမှားသာ ဖြစ်ပေသည်။ အခန်းထဲတွင် ပြန့်ကျဲနေသော အဝတ် အစားများ ကို မြင်လိုက်ရသောအခါ လင်းဖန်က ချက်ချင်းပင် ကောက်ယူ၍ သူမအား ဝတ်ဆင်ပေးချင် သွားခဲ့လေ သည်။
သို့သော် မြေပြင်ပေါ်ရှိ အဝတ်အစားများမှာ လုပ်ငန်းစဉ်၏ ပြင်းထန်မှုကြောင့်ထင်ပေ၏။ စုတ်ပြဲ ပျက်စီးနေခဲ့ရှာလေပြီ။
စုတ်ပြဲနေသော အဝတ်အစားများကို ကောက်ယူကာ သူမကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ပြီးနောက် လင်းဖန်က စနစ်ကို အသက်သွင်းလိုက်လေသည်။
" စနစ် ငတုံးကောင်.. သူမနဲ့ လိုက်ဖက်မယ့် အဝတ်အစားတစ်စုံ ငါ့ကိုပေးစမ်း…။"
သို့သော်လည်း သူ၏စကားမှာ ချက်ချင်း တုံ့ပြန်မှု မရရှိခဲ့ပေ။
"ငတုံး…. ငတုံးစနစ်ရေ… ဘယ်ရောက်သွားတာလဲဟ…။"
လင်းဖန်က အကြိမ်ပေါင်းများစွာ ခေါ်ပြီးနောက်တွင်တော့ စနစ်၏အသံက ထွက်ပေါ်လာခဲ့၏။
[အို.. ပိုင်ရှင် နိုးလာပြီလား။ ကျွန်တော် ကူညီပေးရမယ့်အရာများ ရှိပါသလား။]
"လီလဲ့ယန်နဲ့ လိုက်ဖက်မယ့် အဝတ်အစားတစ်စုံ ငါ့ကိုပေးပါ...။"
စကားမဆုံးသေးခင် လင်းဖန်က ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။
"ထားလိုက်တော့… အစောင့်အရှောက်ရုပ်သေးကိုပဲ ဆင့်ခေါ်ပေး။ အဲ့ဒီ နတ်သမီးဝတ်စုံက ဂျူနီယာ ညီမလေးလဲ့ယန်နဲ့ တော်တော်လေး လိုက်ဖက်မယ်ထင်တယ်…။"
ဖြစ်နိုင်သည်မှာ သူ အပြစ်ရှိသည်ဟု ခံစားနေရသောကြောင့် ဖြစ်ချေမည်။
ပုံမှန်အားဖြင့် တွန့်တိုတတ်သော လင်းဖန်က ထိုနတ်သမီးဝတ်စုံကို လီလဲ့ယန်အား ပေးရန် အမှန် တကယ် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
စနစ်က လင်းဖန်၏ တောင်းဆိုမှုကို အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်လေသည်။ ဆိုလိုသည်မှာ အနာဂတ်တွင် လင်းဖန်၏ ရုပ်သေးများသည် စနစ်၏ဝတ်စုံများကို ထပ်မံငှားရမ်း ရတော့မည် ဖြစ်သည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်နှင့်အတူ အစောင့်အရှောက်ရုပ်သေး ထွက်ပေါ်လာ ခဲ့လေသည်။
ထို့နောက်တွင် လင်းဖန်က လျင်မြန်စွာလှုပ်ရှားလိုက်သည်။ အစောင့်အရှောက်ရုပ်သေး၏ ဝတ်စုံကို စနစ်မှ ငှားရမ်းထားသော အဝတ်အစားများဖြင့် အစားထိုး လဲလှယ်လိုက်သည်။ အပြာရောင် နတ်သမီး ဝတ်စုံကိုတော့ လီလဲ့ယန်အား ဝတ်ဆင်ပေးလိုက်လေတော့သည်။
သေချာပေါက်ပင် အဝတ်အစား လဲလှယ်ပေးသည့် လုပ်ငန်းစဉ်အတွင်း သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်ရှုမှုကလည်း ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ၏ အစွမ်းထက်သော ကျင့်ကြံမှုကြောင့် တစ်ဖက်လူ ဒဏ်ရာရသွားမည်ကို လင်းဖန်က စိုးရိမ်နေခဲ့ခြင်းကြောင်းလည်းဖြစ်နိုင်၏။
မစစ်ဆေးခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ စစ်ဆေးလိုက်သည့်အခါတွင်တော့ လင်းဖန်တစ်ယောက် သူ့ကို လန့်ဖြန့်သွားစေမည့် အရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။
"ချီးတဲ့မှပဲ.. တစ်ခုခုတော့ မှားနေပြီ။ ဂျူနီယာညီမလေးလဲ့ယန်ရဲ့ ကျင့်ကြံမှုအဆင့်က ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့်ကို ဘယ်လိုလုပ် ရောက်သွားတာလဲ…။"
မနေ့က သူမသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသည်မှာ အထင်အရှားပင် ဖြစ်၏။
*တစ်ရက်တည်းနှင့် အဓိကအဆင့်ကြီး သုံးခုကို ဘယ်လိုလုပ်ပြီး ကျော်တက် သွားနိုင်မှာလဲ…။*
လင်းဖန်၏ အာမေဍိတ်သံကို ကြားသောအခါ စနစ်က ကြင်နာစွာပင် ဝင်ရောက်ရှင်းပြလေသည်။
[ပိုင်ရှင်.. အကြောင်းရင်းကို ကျွန်တော် နားလည်ပါတယ်။ မကြာသေးမီက သင် ငွေကြေးအမြောက် အမြား သုံးစွဲထားတာကြောင့် တိုင်ပင်ဆွေးနွေးခကို ကျွန်တော် ကင်းလွတ်ခွင့် ပေးပါ့မယ်။]
"စကားကို လှည့်ပတ်မနေဘဲ ဘာဖြစ်နေတာလဲဆိုတာကိုသာ ငါ့ကို မြန်မြန်ပြောစမ်းပါ…."
[ပိုင်ရှင်.. အရင်က အတူတူစားခဲ့တဲ့ ယုန်သားကို မှတ်မိပါသေးလား။]
၎င်းကိုကြားသောအခါ လင်းဖန်က ချက်ချင်းပင် စဉ်းစားခန်း ဝင်သွားခဲ့လေသည်။ အရင်က လီလဲ့ယန် နှင့်အတူ ယုန်သား အမှန်တကယ် စားခဲ့ဖူးကြောင်း ပြန်အမှတ်ရရန် အချိန်အတော်ကြာ စဉ်းစားယူလိုက် ရလေ၏။
ထို့အပြင် ထိုယုန်သားမှာ ဆေးမီးဖိုကို အသုံးပြု၍ သူကိုယ်တိုင် ချက်ပြုတ်ထားခြင်းဖြစ်သည်။
"ငါ မှတ်မိပြီ။ ဒါပေမယ့် ဒါက ယုန်သားနဲ့ ဘာသက်ဆိုင်လို့လဲ….။"
[ပိုင်ရှင်.. အဲ့ဒီအချိန်တုန်းက သန့်စင်ထားတဲ့ ယုန်သားရဲ့ အကျိုးသက်ရောက်မှုတွေကို သင် မစစ်ဆေး ခဲ့ဘူး မဟုတ်လား။ အခု ကြည့်လို့ရပါပြီ။]
ထိုသို့ပြောပြီးနောက် စနစ်က လင်းဖန်၏ စိတ်ထဲသို့ အချက်အလက်များ ချပြပေးလိုက်သည်။
[ဆေးထောင်းနေသော ယုန်ဖြူလေး ဟင်းလျာ - အထူးအစားအစာ အမျိုးအစားတစ်ခု။]
[မှတ်ချက် - ဤသည်မှာ ဆေးဆရာနှင့် လက်နက်သန့်စင်သူတစ်ဦးက စိတ်ကူးပေါက်ရာ ဖန်တီးထား သော အထူးဟင်းလျာတစ်ပွဲ ဖြစ်သည်။]
[ယုန်သားနှင့် ဆေးဘက်ဝင်အပင်အချို့ကို ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထဲတွင် သန့်စင်ချက်ပြုတ်ထား သော မှော်ဆန်သည့် ဟင်းလျာတစ်ပွဲ ဖြစ်သည်။]
[အဓိကလုပ်ဆောင်ချက် - အသုံးပြုသူ၏ ကျင့်ကြံမှုအဆင့်နှင့် ကျင့်ကြံခြင်း ပါရမီအရည်အချင်းကို မြှင့်တင်ပေးရန်။]
[ဘေးထွက်ဆိုးကျိုး - အကျိုးသက်ရောက်မှု ဖြစ်ပေါ်ရန်အတွက် "(ယုန်တစ်ကောင်တွင် တွင်းသုံးတွင်း ရှိသည်)" အောင်မြင်မှုမှတ်တိုင်အား ပြည့်မီရန် လိုအပ်သည်။]
[ပါးနပ်သောယုန်တွင် တွင်းသုံးတွင်းရှိသည် - တွင်းတစ်တွင်း ပြီးမြောက်တိုင်း သင့်အဆင့်ကို အဓိက အဆင့်ကြီးတစ်ခု မြှင့်တင်ပေးမည်ဖြစ်သည်။ တွင်းသုံးတွင်းစလုံး ပြီးမြောက်သွားသည်နှင့် တစ်ပြိုင်နက် သင်၏ ကျင့်ကြံခြင်းပါရမီသည် အမြင့်ဆုံးအဆင့်သို့ မြင့်တက်သွားမည်ဖြစ်သည်။]
"ချီးတဲ့မှပဲ.. ဒါတွေက ဘာတွေလဲ….။"
"ပါးနပ်တဲ့ယုန်မှာ တွင်းသုံးတွင်းရှိတယ် ဆိုတာက ဘာလဲ။ တွင်းတွေ၊ ဂူတွေ ဒါဆို...။ "
သူ၏စိတ်ထဲရှိ ဖော်ပြချက်ကို ကြည့်လိုက်ရာ အစပိုင်းတွင် ပုံမှန်ဟုသာ ထင်ရလေသည်။ သို့သော် ယုန် တွင် တွင်းသုံးတွင်းရှိသည်ဆိုသော စာသားကို လင်းဖန် မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့သြ မှင်သက်သွားခဲ့လေသည်။
ထို့နောက် ပါးနပ်သောယုန်တွင် တွင်းသုံးတွင်းရှိသည် ဟူသည့် အဓိပ္ပာယ်ကို လင်းဖန် နားလည်သွား သောအခါ၌ လီလဲ့ယန်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။
"ဒါဆို မနေ့ညက ငါတောင် သတိမထားမိဘဲ ဂူသုံး... ဂူသုံးဂူ အောင်မြင်မှုမှတ်တိုင်ကို ပြီးမြောက်ခဲ့ တာပေါ့…။"
ယင်းကို တွေးမိသောအခါ လင်းဖန်၏ မျက်နှာအမူအရာက ချက်ချင်းပင် တစ်မျိုးကြီး ဖြစ်သွားခဲ့သည် ။လီလဲ့ယန်အပေါ် ထားရှိသော သူ၏ အပြစ်ရှိသလို ခံစားရမှုက ပိုမို ပြင်းထန်လာခဲ့လေသည်။
"ဂျူနီယာညီမလေးလဲ့ယန်.. မင်း တော်တော်လေး နာကျင်ခံစားခဲ့ရမှာပဲ။ နောင်ကျရင် မင်းအတွက် ငါ သေချာပေါက် ပြန်လည်ပေးဆပ်ပါ့မယ်….။"
ထိုသို့ပြောပြီးနောက် လင်းဖန်က ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားခဲ့လေသည်။
*ဒုက္ခပါပဲ။ ဒါပေမယ့် ဒီကိစ္စကို ဦးလေးလီကို ငါတို့ ဘယ်လိုသွားရှင်းပြရမလဲ…။*
*ထားလိုက်တော့.. တစ်ဆင့်ချင်းစီပဲ သွားကြတာပေါ့။*
ကျန်ရှိနေသော အချိန်များတွင် လင်းဖန်က အခန်းထဲမှ အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ခဲ့ချေ။ သူက အခန်းထဲတွင် တိတ်ဆိတ်စွာ နေထိုင်ရင်း လီလဲ့ယန်ကို စောင့်ရှောက်ကာ သူမ ဘာသာ နိုးလာမည့်အချိန် ကို စောင့်ဆိုင်းပေးခဲ့လေသည်။
သူလိုချင်တာကို လုပ်ပြီး ထွက်သွားတတ်သည့် တာဝန်မဲ့သူတစ်ယောက်အဖြစ် သူ့ကိုယ်သူ အမြင်မခံလို ပေ။
မွန်းတည့်ချိန်လောက်တွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လီလဲ့ယန်၏ မျက်လုံးလေးများက ဖြည်းညင်းစွာ ပွင့်လာခဲ့လေ၏။ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ လင်းဖန်သည်လည်း စိတ်လှုပ်ရှား သွားပြီး နိုးလာပြီးနောက် တစ်ဖက်လူ၏ ပထမဆုံး တုံ့ပြန်မှုကို စတင်လေ့လာကြည့်ရှုနေခဲ့သည်။
ဤအရာအပေါ် အခြေခံ၍ ယခုအချိန်တွင် တစ်ဖက်လူ၏ စိတ်ခံစားချက်ကို သူက အကဲဖြတ်ချင်နေပုံ ရသည်။
လီလဲ့ယန် နိုးလာချိန်တွင် သူမ၏ ပထမဆုံး တုံ့ပြန်မှုက မျက်မှောင်ကြုတ်သွားခြင်းဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိသောအခါ သူမက ချက်ချင်းပင် ထိတ်လန့် သွားခဲ့သည်။
သို့သော် သူမ မော့ကြည့်လိုက်ပြီး သူမကို စောင့်ရှောက်ပေးနေသော လင်းဖန်ကို မြင်လိုက်ရချိန်တွင် တော့ သူမ နားလည်သွားခဲ့လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ထိတ်လန့်နေသော အမူအရာက ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက် သူမက အနည်းငယ် ရှက်သွေးဖြာနေသော အမူအရာကို ပြသလာခဲ့သည်။ ထိုခဏအတွင်း လီလဲ့ယန်၏ လျင်မြန်သော မျက်နှာအမူအရာ အပြောင်းအလဲများက လင်းဖန်ကို လုံးဝ ခေါင်းရှုပ်သွား စေခဲ့၏။
*ဒါက ဘာသဘောလဲ…။*
ခဏတာ အံ့သြမှင်သက်နေပြီးနောက် တစ်ဖက်လူက တိတ်ဆိတ်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လင်းဖန်က ဦးဆောင်၍ စတင်စကားပြောလိုက်သည်။
"အဟမ်း.. အင်း ဂျူနီယာညီမလေးလဲ့ယန်၊ မနေ့က ဖြစ်ခဲ့တာတွေက အရမ်းကို မျှော်လင့်မထားတာတွေ ချည်းပဲနော်။"
"အဲ့ဒီအတွက် ငါ တာဝန်ယူပါ့မယ်။ ဂျူနီယာညီမလေးလဲ့ယန်.. မင်းမှာ တောင်းဆိုချင်တာရှိရင် အားမနာ ဘဲ ပြောပါ…။"
လင်းဖန်၏ စကားများကို ကြားသောအခါ လီလဲ့ယန်မှာ အလွန်ဝမ်းသာသွားခဲ့သည်။
"စီနီယာအစ်ကိုလင်း.. ဒါက ရှင့်အမှားချည်းပဲတော့ မဟုတ်ပါဘူး။ အားလုံးက ကျွန်မအမှားတွေပါ။ ဆေးပုလင်းကိုတောင် သေချာအောင် ကျွန်မ မကိုင်ထားနိုင်ခဲ့ဘူးလေ….။"
လီလဲ့ယန် စကားပြောပြီးနောက် နှစ်ယောက်သား ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။ ခဏအကြာ တွင် လင်းဖန်က ပြန်လည်စကားဆက်ပြောလိုက်သည်။
"ဂျူနီယာညီမလေးလဲ့ယန်.. ဒီကိစ္စကို ဝန်ခံဖို့ ဦးလေးလီနဲ့ အန်တီကျောက်ဆီကို ငါ သွားပါ့မယ်။ ဘယ်လို ပြစ်ဒဏ်မျိုးကိုမဆို ငါ ငြင်းဆန်မှာ မဟုတ်ပါဘူး…။"
ယင်းကိုကြားသောအခါ လီလဲ့ယန်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"စီနီယာအစ်ကိုလင်း.. သူတို့ကို ဒီကိစ္စ မပြောဘဲနေရအောင်ပါ။ ဒါကို ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်အနေနဲ့ပဲ ထားကြတာပေါ့…။"
"တကယ်လို့ ကျွန်မတို့... အင်းလေ နောက်မှပဲ ကြည့်ကြတာပေါ့…။"
လီလဲ့ယန်က သူ့ကို ဘာလို့ ဝန်ခံခွင့် မပေးရတာလဲဆိုခြင်းကို သူ သိချင်နေမိသည်။သို့သော် တစ်ဖက်လူ က ဤသို့ အကြံပြုလာသဖြင့် လင်းဖန်သည်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။
"အမ်း.. ဂျူနီယာညီမလေးလဲ့ယန် မင်း အရင် ရေမိုးချိုးသန့်စင် လိုက်ပါလား။ မင်း ပြီးမှပဲ ငါတို့ ဆက်ပြောကြတာပေါ့…။"
"မင်း ဝတ်ထားတဲ့ ဝတ်စုံက မင်းအတွက် ငါ ပြင်ဆင်ပေးထားတဲ့ နတ်သမီးဝတ်စုံပဲ။ ကိုက်ညီတယ်လို့ ထင်ရင် အခုကစပြီး ဝတ်ထားလို့ရပါတယ်…။"
ထိုသို့ပြောပြီးနောက် လင်းဖန်က လီလဲ့ယန်အတွက် ကိုယ်ပိုင်အချိန်လေးတစ်ခု ထားရစ်ပေးခဲ့ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့လေတော့သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော ခံစားချက်ကို သတိထားမိပြီးနောက် လီလဲ့ယန်ကလည်း ရေကောင်းကောင်း ချိုးသင့်သည်ဟု ခံစားလိုက်ရသည်။
အခန်းထဲတွင် သစ်သားစည်ပိုင်းတစ်ခုနှင့် ရေကို ကြိုတင်ပြင်ဆင်ထားသည်ကို တွေ့လိုက်ရလေသည်။
လင်းဖန်က သူမအတွက် ကြိုတင် ပြင်ဆင်ပေးထားပုံရလေ၏။
"ဟင်…. ဒီရေက... စိတ်ဝိညာဉ်အရည်နဲ့ တူနေပါလား…။"
"စီနီယာအစ်ကိုလင်းက ဒါကို ငါ့အတွက် အထူးတလည် ပြင်ဆင်ပေးထားတာများလား။"
"အစ်ကိုလင်းက တကယ့်ကို စာနာနားလည်ပေးတတ်တာပဲ…။"
ချီးကျူးစကား ဆိုပြီးနောက် လီလဲ့ယန်က စတင် ရေချိုးလေတော့သည်။ လီလဲ့ယန် ရေချိုးသန့်စင်နေ စဉ် လင်းဖန်သည်လည်း အခြားအခန်းတစ်ခုသို့ အမြန်သွား၍ ရေချိုးသန့်စင်နေခဲ့လေသည်။
သို့သော် သူအသုံးပြုသောရေမှာ သာမန်ရေသာ ဖြစ်သည်။
လီလဲ့ယန်အတွက် သူ ပြင်ဆင်ပေးထားသောရေမှာ စနစ်စတိုးဆိုင်မှ စျေးကြီးပေးကာ ဝယ်ယူထားသည့် စိတ်ဝိညာဉ်အရည်စစ်စစ်ပင် ဖြစ်လေ၏။