အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) မိဘများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံရသော နတ်မိမယ်လေး
ထိုအချိန်တွင် ဂိုဏ်းအတွင်း၌ လီလဲ့ယန် နှင့် ရုပ်ချင်းဆင်တူပြီး အပြာရောင်ဝတ်စုံရှည် ဝတ်ဆင်ထား သည့် လှပသော အမျိုးသမီးကြီးတစ်ဦး ရှိနေသည်။ သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာမှာ သမီးဖြစ်သူ ကို မြင်လိုက်ရသည်နှင့် ချစ်ခင်ကြင်နာမှုများအဖြစ် ချက်ချင်းပြောင်းလဲသွားတော့သည်။
"ယန်အာ... ဘယ်တွေသွားနေတာလဲ။ သမီးသာ နောက်ထပ်နည်းနည်း ထပ်နောက်ကျရင် သမီးအဖေနဲ့ မေမေက သမီးကိုရှာဖို့ တစ်ဂိုဏ်းလုံးကို အင်အားသုံးပြီး လွှတ်တော့မလို့ပဲ….။"
ထိုသူမှာ လီလဲ့ယန်၏ မိခင် ဂိုဏ်းချုပ်ကတော် လျိုယွီဝမ် ပင် ဖြစ်သည်။ မိခင်ဖြစ်သူ၏ အမေးကို လီလဲ့ယန်က အမှန်အတိုင်း ဖြေလိုက်သည်။
"မေမေ... သမီး ဓားပျံစီးတာကျင့်နေတာပါ။ အခုဆို သမီး တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ပျံနိုင်နေ ပြီလို့ ခံစားရတယ်…။"
သမီးဖြစ်သူ၏ စကားကို ကြားသောအခါ လျိုယွီဝမ်သည် သမီး၏ခြေရင်းရှိ ပျံသန်းရေးဓား ကို ငုံ့ကြည့် လိုက်သည်။ သို့သော် ဓားကို မကြည့်ရသေးခင်မှာပင် သမီးဖြစ်သူ၏ ရင်ဘတ်ရှိ ထူးခြားမှုကို သတိပြု မိသွားလေသည်။
"ယန်အာ... သမီး... သမီးရင်ဘတ်က ဘယ်လိုဖြစ်ပြီး ဒီလောက်ပြားချပ်သွားရတာလဲ….။"
"ဓားစီးကျင့်ရင်း မှောက်ရက်လဲကျသွားတာလား….။"
"မဟုတ်သေးပါဘူး... မဖြစ်နိုင်တာ။ ယန်အာ... မေမေနဲ့အတူ အခန်းထဲကို လိုက်ခဲ့စမ်း…။"
သမီးဖြစ်သူ၏ ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်သော အခြေအနေကို မြင်ပြီး လျိုယွီဝမ်မှာ အလွန်ထိတ်လန့် သွားကာ စဉ်းစားမနေတော့ဘဲ စကားများ တရစပ်ပြောလေတော့သည်။ ထို့နောက် အပြင်ဘက်တွင် သမီး၏ ခန္ဓာကိုယ်အကြောင်း ပြောဆိုရန်မသင့်တော်ကြောင်း သတိရသွားကာ လီလဲ့ယန်ကို အခန်းထဲ သို့ ဆွဲခေါ်သွားတော့သည်။
အခန်းထဲရောက်သောအခါ လျိုယွီဝမ်၏ စစ်ဆေးမေးမြန်းမှုများအောက်တွင် လီလဲ့ယန်သည် ဖြစ် ကြောင်းကုန်စင်ကို အမှန်အတိုင်း ပြောပြလိုက်ရတော့သည်။ တံခါးအပြင်ဘက်တွင် အစအဆုံး နားထောင်နေသော ချင်းယွင်ဂိုဏ်းချုပ် လီယွမ်ဖေး သည်လည်း ဇနီးဖြစ်သူက သမီး၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးသည်အထိ နားထောင်ပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့လေသည်။
"ယန်အာ... အမှန်အတိုင်းပြောစမ်း။ အဲ့ဒီရင်စီးကို သမီးဘာသာသမီး တကယ်လဲခဲ့တာလား။ အဲ့ဒီလူက သမီးကို အခွင့်ယူခဲ့သေးလား…"
မိခင်ဖြစ်သူ အကြိမ်ကြိမ်မေးထားခဲ့သော မေးခွန်းကိုပင် ဖခင်ဖြစ်သူက ထပ်မေးလာသဖြင့် လီလဲ့ယန် လည်း တစ်ပုံစံတည်းသာ ပြန်ဖြေလိုက်ရသည်။
"မေမေ... တကယ်ပါဆို။ သမီး အဲ့ဒီတဲထဲမှာ တစ်ယောက်တည်း လဲခဲ့တာပါ။ သူက အပြင်ကနေ စောင့် ပေးနေတာ ဘယ်သူမှ မမြင်ပါဘူး…."
လျိုယွီဝမ်က စိုးရိမ်တကြီးဖြင့် ထပ်မေးသည်။
"ဒါဆို သမီးရဲ့ ကိုယ်ပိုင်ရင်စီးကော။ ဘာလို့ ပြန်ယူမလာတာလဲ…။"
"ဪ... သမီး ပြောပြီးပြီလေ။ အဟောင်းနဲ့ အသစ် လဲလိုက်တာလို့။ သမီးရဲ့ ကြည့်မကောင်းတဲ့ ရင်စီး အဟောင်းရယ် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးရယ်ပေးပြီး ဒီလောက်ချစ်စရာကောင်းတာလေးနဲ့ လဲလိုက်တာလေ။ သမီးက အမြတ်ကြီးကြီးရလိုက်တာ…။"
သမီးဖြစ်သူမှာ အလိမ်ခံလိုက်ရသည်ကိုပင် မသိဘဲ ပစ္စည်းရောင်းသူဘက်က ကူညီပြောပေးနေသည်ကို ကြားရသောအခါ ဘေးမှ နားထောင်နေသော လီယွမ်ဖေးမှာ ဒေါသထွက်သွားသည်။ သူသည် သူ၏ ပျံသန်းရေးဓား ကို ထုတ်ကာ အပြင်သို့ ထွက်ရန် ပြင်တော့သည်။
"ဘာကုန်သည်လဲ... သူက ကာမရမ္မက်ကြီးတဲ့ကောင်ပဲ ဖြစ်ရမယ်။ ငါ ဒီနေ့ သူ့ကို အပိုင်းပိုင်းခုတ်ထစ် ပစ်မယ်"
ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ လီလဲ့ယန် စိုးရိမ်သွားပြီး တားဆီးရန် အမြန်ရှေ့တိုး လိုက် သည်။
"ဖေဖေ... ဘာလို့ အဲ့လိုလုပ်တာလဲ။ သူက သမီး ဝင်တိုက်တာကိုတောင် အပြစ်မယူတဲ့အပြင် သမီးရဲ့ ဓားကိုတောင် ပြင်ပေးခဲ့သေးတာ။ ပြီးတော့ မှော်ရတနာကိုလည်း ဈေးအပေါဆုံးနဲ့ ရောင်းပေးခဲ့တာ လေ။ ဘာလို့ ကျေးဇူးကို ရန်နဲ့တုံ့ပြန်ချင်ရတာလဲ….။"
လီယွမ်ဖေးသည် 'ဓားကို ပြင်ပေးတယ်' ဟူသော စကားကို ကြားသောအခါ မယုံသင်္ကာဖြစ်သွားသည်။
"ဓားကို ပြင်ပေးတယ် ဟုတ်လား။ အဲ့ဒါ မျက်လှည့်တစ်ခုပဲ ဖြစ်ရမယ်။ အဲ့ဒီဓားက ဖေဖေ သမီးအတွက် အသစ်ဝယ်ပေးထားတဲ့ အဆင့်မြင့်မှော်ပစ္စည်း လေ။ ဘယ်လိုလုပ်ပြီး အလွယ်တကူ ပျက်စီးနိုင်မှာလဲ"
သူမ၏ စကားကို ဖခင်က မယုံသဖြင့် လီလဲ့ယန်သည် သူမ၏ ဓားကို ထုတ်ကာ လီယွမ်ဖေးအား ပြလိုက် သည်။
"ဖေဖေ ကြည့်ဦး။ ဖေဖေကိုယ်တိုင် အဆင့်မြင့်မှော်ပစ္စည်းလို့ ပြောခဲ့တာလေ။ အခု သူက ပြင်ပေးရုံတင် မကဘဲ သာလွန်မှော်ပစ္စည်း အဖြစ်ပါ အဆင့်မြှင့်ပေးလိုက်တာ။ အခုတော့ ဖေဖေ ယုံပြီမလား….။"
လက်ထဲမှ ဓားကို ကြည့်ရင်း လီယွမ်ဖေး တစ်ယောက် ဆွံ့အသွားသည်။ ဒါက ယုတ္တိမရှိပေ။ မှော်ပစ္စည်း ဆိုသည်မှာ မှော်ရတနာ မဟုတ်သောကြောင့် အသုံးပြုထားသည့် ကုန်ကြမ်းများအရ အဆင့်တက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ ဖြစ်နိုင်ခဲ့လျှင်ပင် အဆင့်မြှင့်ရန် လိုအပ်သော ကုန်ကြမ်းများမှာ အလွန် အဖိုးတန်လှသည်။ မည်သူကမှ သာမန်မှော်ပစ္စည်းလေးတစ်ခုအတွက် ထိုမျှ ရှားပါးသော ပစ္စည်းများကို အဖြုန်းခံမည်မဟုတ်ပေ။
သို့သော် မျက်မြင်သက်သေက ရှေ့တွင် ရှိနေသဖြင့် သူ မယုံဘဲ မနေနိုင်တော့ပေ။ ထိုအခါမှ လီယွမ်ဖေး ၏ သမီးပြောသော 'မိတ်ဆွေလင်းဖန်' အပေါ် သဘောထားမှာ သတ်ဖြတ်လိုစိတ်မှ စူးစမ်းလိုစိတ်သို့ ပြောင်းလဲသွားသည်။ အကယ်၍ ထိုသူတွင် ထိုကဲ့သို့သော အရည်အချင်း တကယ်ရှိပါက သမီးဖြစ်သူ မှာ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးနှင့် မိတ်ဆွေဖြစ်ခဲ့ခြင်းပင်။
"ကောင်းပြီ... ယန်အာ။ ဖေဖေ သူ့ကို အခုချက်ချင်း သွားမသတ်တော့ပါဘူး။ ဒါပေမဲ့ သူ့ကို ရှာဖို့တော့ လိုအပ်တယ်…။"
သမီးဖြစ်သူက ကြောင်ကြည့်နေသဖြင့် လီယွမ်ဖေးက ဆက်ရှင်းပြသည်။
"တကယ်လို့ သူက သမီးအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိမယ်ဆိုရင် သူက သမီးကို ခုလိုမျိုးတွေ လုပ်ပေးမှာ မဟုတ်ဘူးလေ။ ဓားကို အဆင့်မြှင့်ပေးတာရော၊ အဲ့ဒီရင်စီးရောက သမီးပေးခဲ့လိုက်ရတဲ့ စိတ်ဝိညာဉ်ကျောက် တုံး (၁၁) တုံးနဲ့ ဘယ်လိုမှ မရနိုင်ဘူးလေ….။"
"သူ့ကို ရှာတွေ့ရင် ဖေဖေက ကျောက်တုံးတွေ ဒါမှမဟုတ် တခြား အကျိုးအမြတ်တွေနဲ့ ပြန်ပေးဆပ်ရ လိမ့်မယ်….။"
ဖခင်ဖြစ်သူ၏ စကားကြောင့် လီလဲ့ယန် စိတ်သက်သာရာ ရသွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဪ... မိတ်ဆွေလင်းဖန်က လျော်ကြေးမလိုဘူးလို့ ပြောပါတယ်။ ပြီးတော့ သမီး သူ့ကို အမှတ် တံဆိပ်တစ်ခု ပေးခဲ့တယ်လေ။ အားတဲ့အခါ ဂိုဏ်းကို ဧည့်သည်အဖြစ် လာလိမ့်မှာပါ သီးသန့်သွားရှာ နေဖို့ မလိုပါဘူး….။"
လီလဲ့ယန် ပြောသည်ကို နားထောင်ရင်း လီယွမ်ဖေးမှာ တစ်ခုခု မှားနေပြီဟု ပိုခံစားလာရသည်။ ဒီ သမီးမိုက်လေးက ပထမဆုံးအကြိမ် တွေ့တဲ့သူကို အမှတ်တံဆိပ် ပေးလိုက်တယ်တဲ့လား။ သူမမှာ သတိဝီရိယ လုံးဝမရှိပါလား။ မဖြစ်ဘူး ထိုသူကို အမြန်ဆုံးရှာပြီး စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ကျေးဇူးဆပ်လိုက်မှသာ နောင်တစ်ချိန်တွင် ထိုကျေးဇူးကို အကြောင်းပြပြီး သမီးဖြစ်သူထံမှ လွန်လွန် ကျူးကျူး တောင်းဆိုမှုများ မလုပ်နိုင်တော့မည် ဖြစ်သည်။
ထိုသူ၏ ရုပ်ရည်သွင်ပြင်ကို မသိသောကြောင့် သမီးဖြစ်သူကိုပါ ခေါ်သွားရန် ဆုံးဖြတ်လိုက်ပြီး ဇနီး ဖြစ်သူကို အချက်ပြလိုက်သည်။ လျိုယွီဝမ်ကလည်း လီယွမ်ဖေး၏ အချက်ပြမှုကို နားလည်သွားကာ
"ယန်အာ... သမီးက ပထမဆုံး ခရီးထွက်တာမှာတင် သူငယ်ချင်း ရလာတာဆိုတော့ မေမေလည်း သမီး ရဲ့ သူငယ်ချင်းကို တွေ့ချင်တယ်။ မေမေတို့ကို သူ့ဆီ လိုက်ပို့ပေးလို့ ရမလား….။"
ဟု ပြောလိုက်သည်။
သူမ၏ လူမှုဆက်ဆံရေးကို မိခင်က အသိအမှတ်ပြုသဖြင့် လီလဲ့ယန် ပျော်သွားသော်လည်း မိတ်ဆွေ လင်းဖန် ဘယ်မှာရှိနေမှန်း သူမ တကယ် မသိပေ။
"သမီး အမြန်ပြန်လာချင်တာနဲ့ပဲ ဘာမှ မမေးထားခဲ့မိဘူး။ သူ ဘယ်မှာလဲဆိုတာ သမီးလည်း မသိဘူး"
လီယွမ်ဖေးအတွက်မူ ထိုကိစ္စက ပြဿနာမဟုတ်ပေ။
"ကိစ္စမရှိပါဘူး။ သမီးပေးလိုက်တဲ့ အမှတ်တံဆိပ်မှာ ဖေဖေရဲ့ အမှတ်အသား ပါပြီးသားပဲ။ သူ ဘယ် ဘက်မှာ ရှိနေလဲဆိုတာ ဖေဖေ ခံစားလို့ရပါတယ်။ အဲ့ဒီဘက်ကိုပဲ လိုက်သွားကြတာပေါ့…"
ထို့နောက် လီယွမ်ဖေးသည် ဇနီးနှင့် သမီးကို ခေါ်ကာ အမှတ်အသားရှိရာ ဘက်သို့ ဂိုဏ်းမှ ထွက်ခွာလာခဲ့ ကြသည်။ တစ်ချိန်တည်းမှာပင် လင်းဖန်သည် သူ၏ သုံးဘီးယာဉ် ကို အေးအေးလူလူ နင်းရင်း ဈေးမြို့ ကလေးဆီသို့ ဦးတည်သွားနေခဲ့သည်။ သူ့နောက်ကို လိုက်မည့် ကျင့်ကြံသူများ မရှိတော့သဖြင့် လင်းဖန် လည်း အားကုန်နင်းနေစရာ မလိုတော့ပေ။
ဈေးမြို့ကလေး၏ ပုံရိပ်ကို လှမ်းမြင်နေရချိန်မှာပင် မမျှော်လင့်ဘဲ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
"ကောင်လေး... ငါ မင်းကို ပြောသားပဲ။ ဈေးကွက်ထဲက ထွက်ရင် သတိထားပါလို့။ အခုတော့ မင်းကို ငါ မိပြီပေါ့….။"
ထိုသို့ပြောလိုက်သူမှာ ဈေးကွက်ထဲတွင် လင်းဖန်က ရင်စီးရောင်းရန် ကြိုးစားခဲ့သော မုတ်ဆိတ်ဗလပွ နှင့် ကျင့်ကြံသူ ပင် ဖြစ်သည်။ ရုတ်တရက် ဘယ်ကနေ ပေါ်လာမှန်းမသိသော ထိုလူကို မြင်လိုက်ရသည့် အခါ လင်းဖန် တစ်ယောက် စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
"တိုက်ဆိုင်လိုက်တာ မိတ်ဆွေ... ပြန်တွေ့ကြပြန်ပြီပေါ့။ ကျွန်တော့်ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူး တင်ပါတယ် အခုတော့ ကျွန်တော် ဈေးကွက်ထဲ ပြန်သွားတော့မလို့ပါ…။"
လင်းဖန်သည် လမ်းပိတ်ထားသော ထိုမုတ်ဆိတ်နှင့်လူကို ရှောင်ကွင်း၍ ဈေးကွက်ထဲသို့ အမြန်ဆုံး ပြန် ဝင်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုလူက လင်းဖန်ကို အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ဘဲ ရှေ့မှ ထပ်မံ ပိတ်ဆို့လိုက်သည်။
"ကောင်လေး... ငါနဲ့တွေ့မှတော့ ပြေးလို့ရမယ် ထင်နေလား။ ဈေးကွက်ထဲမှာတော့ မင်းကို ဘာမှလုပ်လို့ မရပေမဲ့ ဒီအပြင်မှာတော့ စည်းကမ်းတွေ အဲ့လောက် မရှိတော့ဘူးကွ…။"
လင်းဖန်သည် ထိုကျင့်ကြံသူကို ကြည့်ကာ ရွံရှာစိတ်ဖြင့် ပြောလိုက်သည်။
"မိတ်ဆွေ... ကျွန်တော်က မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာပါ။ ခင်ဗျားနဲ့ စိတ်ခံစားချက်ချင်း မတူပါဘူး။ ကျေးဇူးပြုပြီး တခြားတစ်ယောက်ကိုပဲ သွားရှာလိုက်ပါ…။"