အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) ဓားပြနှင့် တိုးခြင်း၊ ငွေကိုလုမှာလား သို့မဟုတ် ခန္ဓာကိုယ်ကိုလုမှာလား
လင်းဖန်၏ စကားကြောင့် မုတ်ဆိတ်နှင့်လူမှာ ခဏမျှ ကြောင်အမ်းသွားပြီး လင်းဖန် ဘာကိုဆိုလိုသည် ကို စက္ကန့်ပိုင်းမျှ စဉ်းစားလိုက်ရသည်။
"ဟေ့ကောင်... မင်းက သေခါနီးဖြစ်နေတာတောင် ငါ့ကို နောက်ပြောင်ချင်သေးတာလား။ မင်းဆီက ကျောက်တုံးတွေယူပြီးရင် မြန်မြန်ဆန်ဆန် ဇာတ်သိမ်းပေးမလို့ပဲ ဒါပေမဲ့ အခုတော့ ငါ့စိတ်ပြောင်းသွား ပြီ။ မင်းကို တစ်စစီ မွှန်းပြီး နှိပ်စက်ပြီးမှသတ်ပစ်မယ်…။"
"ဟာ... ခင်ဗျားက ပိုက်ဆံလုမယ့် ဓားပြလား။ ခန္ဓာကိုယ်ကို လုမယ့်သူ မဟုတ်ဘူးပေါ့လေ….။"
ဟု လင်းဖန်က အခုမှ သဘောပေါက်သွားသည့်ပုံစံဖြင့် ပြောလိုက်သည်။
မုတ်ဆိတ်နှင့်လူက လင်းဖန်ကို လူအတစ်ယောက်လို ကြည့်လိုက်ပြီး အံကြိတ်ကာ ဒေါသတကြီး ပြော လိုက်၏။
"ငါ လုမှာက မင်းရဲ့ အသက်ကိုကွ….။"
ထို့နောက် သူသည် ကျော၌ပိုးထားသော ဓားမကြီးကို ဆွဲထုတ်ကာ လင်းဖန်ထံသို့ လွှဲရိုက်လိုက်လေ တော့သည်။
"အလိုလေး... မင်းက ငါ့ရဲ့ နောင်လာမဲ့ လုပ်ငန်းခွင်ကို လာပြီး လုရဲတယ်ပေါ့။ ငါတောင် ဓားပြလုပ်ငန်း မစရသေးဘူး မင်းက ငါ့ကို အရင်လာလုနေတာလား…။"
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိလိုက်ရသဖြင့် လင်းဖန် အလွန်ဒေါသထွက်သွားကာ သုံးဘီးယာဉ် ၏ 'ဝင်တိုက်ခြင်း' စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
"ဒီနေ့တော့ ငါ့ရဲ့ ရှေ့ဘီးတစ်လုံး၊ နောက်ဘီးနှစ်လုံးပါတဲ့ ဒီသုံးဘီးယာဉ်က ရှေ့ဘီးလေးလုံး၊ နောက်ဘီး ရှစ်လုံးပါတဲ့ ကုန်တင်ကားကြီးတွေထက် မညံ့ဘူးဆိုတာ ပြပေးရသေးတာပေါ့….။"
ဝုန်းခနဲဟူသော အသံကြီးနှင့်အတူ လင်းဖန်သည် ယနေ့အတွက် သူ၏ ဒုတိယမြောက် ယာဉ်တိုက်မှုကို ခံစား လိုက်ရသည်။ မုတ်ဆိတ်နှင့်လူ၏ ဓားမကြီး လင်းဖန်ထံသို့ မကျရောက်မီမှာပင် သုံးဘီးယာဉ်၏ အရှိန် ဖြင့် တိုက်မိခြင်းကို ခံလိုက်ရသည်။ ထို့နောက် ထိုလူမှာ မယုံနိုင်သော မျက်နှာပေးဖြင့် လေထဲတွင် ဝဲပျံ သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည် ကျရောက်သွားတော့သည်။
တိုက်မိသည့်ဒဏ်နှင့် မြေပြင်ပေါ် ကျသည့်ဒဏ်မှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း မုတ်ဆိတ် နှင့်လူမှာ အရိုးများ ကျိုးလုမတတ် ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။ သူသည် ဒယီးဒယိုင် ပြန်ထလာပြီး ဤပစ်မှတ်မှာ သူထင်ထားသလောက် မလွယ်ကူကြောင်း သိသွားသဖြင့် ဆုတ်ခွာရန် ပြင်လေတော့သည်။
"ဟေ့ကောင်လေး... ငါ့မှာ ရုတ်တရက် အရေးကြီးကိစ္စ ပေါ်လာလို့။ ဒီနေ့တော့ မင်းကို လွှတ်ပေး လိုက်မယ် မင်းငါနဲ့ ထပ်မတွေ့မိစေနဲ့….။"
ကြုံးဝါးပြီးနောက် ထိုကျင့်ကြံသူသည် လှည့်၍ ထွက်ပြေးလေတော့သည်။ သူ၏ နောင်လာမည့် 'ဓားပြ လုပ်ငန်း' ပြိုင်ဘက်ကို လင်းဖန်က အလွယ်တကူ လွှတ်ပေးရပါမည်လော။
"ဟေ့ကောင်လေး ဟုတ်လား။ အရင်က ငါ မင်းကို နိုင်ပါ့မလားလို့ မသေချာခင်တုန်းကတော့ မင်းက ငါ့ကို 'ကောင်လေး' လို့ ခေါ်တာကို ငါ အပြစ်မယူခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ငါ့လက်ထဲမှာ ရှုံးနေတဲ့သူက ငါ့ကို 'ကောင်လေး လို့ ခေါ်နေတုန်းပဲလား။ မင်း ငါ့ကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား….။"
လင်းဖန်သည် ယာဉ်ပေါ်မှ ထီးကြီးကို ညာဘက်လက်ဖြင့် လှမ်းကိုင်ကာ ဘယ်ဘက်လက်ဖြင့် သုံးဘီးကို ကိုင်လျက် ထွက်ပြေးနေသော မုတ်ဆိတ်နှင့်လူနောက်သို့ အားကုန်နင်း၍ လိုက်တော့သည်။ လင်းဖန် နောက်မှ လိုက်လာသည်ကို မြင်သောအခါ ထိုလူမှာ အရှိန်မြှင့်ပြေးရင်း လှမ်းအော်သည်။
"ဟေ့ကောင်လေး... ငါက ချီစုဆောင်းခြင်း အဆင့် (၉) ကျင့်ကြံသူကွ….။ မင်းကို ကြောက်နေတယ်လို့ မထင် နဲ့။ မင်းက မင်းအောက်က ထူးဆန်းတဲ့ မှော်ရတနာကို အားကိုးနေတာပဲ။ ငါ့ကို အကျပ် မရိုက်စမ်းချင်နဲ့…။"
လင်းဖန်က ထိုလူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ပို၍ အရှိန်မြှင့်နင်းလိုက်၏။ တစ်ချိန်တည်းမှာပင် လက်ထဲမှ ထီးကြီးကို ပိတ်လိုက်ရာ လှံပုံစံသို့ ပြောင်းလဲသွားပြီး ၎င်းကို ခရမ်းရွှေနတ်နဂါးလှံ ဟု ခေါ် သင့်ပေသည်။ သုံးဘီးယာဉ်ကို စီးလျက် လက်ထဲတွင် လှံအရှည်ကြီးကို ကိုင်ထားသော လင်းဖန်၏ ပုံစံမှာ စစ်မြေပြင်တွင် မြင်းစီးကာ လှံရှည်ကို ကိုင်ဆောင်ထားသော စစ်သူကြီးတစ်ဦးကဲ့သို့ ခန့်ညား နေတော့သည်။
"မင်းမှာ မျက်လုံးမရှိဘူးပဲ၊ အခုထိ ငါ့ကို 'ဟေ့ကောင်လေး' လို့ ခေါ်ရဲသေးတယ်။ တကယ်လို့ မင်းက ငါ့ကို 'စီနီယာ' လို့ ခေါ်ရင် ငါ လွှတ်ပေးဖို့ စဉ်းစားဦးမယ်။ ဒါပေမဲ့ မင်းက ငါ့ကို 'ဟေ့ကောင်လေး' လို့ ခေါ်ခဲ့တာ ဆိုတော့ ဒီနေ့တော့ ဒီကိစ္စက ဒီအတိုင်း မပြီးဘူး….။"
ထိုစကားကို ကြားသောအခါ မုတ်ဆိတ်နှင့်လူမှာ ဒေါသထွက်လွန်းသဖြင့် အံကိုသာကြိတ်နေရသည်။ သို့သော် လင်းဖန်၏ လိုက်လာနေခြင်းကို အဆုံးသတ်ရန်အတွက် သူ၏ မာနကို ခဏဘေးချကာ အလျှော့ပေးလိုက်ရတော့သည်။
"'စီနီယာ'ကြီး…. ကျွန်တော် 'စီနီယာကြီး' လို့ ခေါ်ပါ့မယ် ဟုတ်ပြီလား။ ကျွန်တော့်နောက်ကို ဆက် လိုက်မ နေပါနဲ့တော့ ကျွန်တော့်အိမ်မှာ တကယ် အရေးကြီးကိစ္စ ရှိနေလို့ပါဗျာ…။"
'စီနီယာကြီး' ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသည့်အခါ လင်းဖန်မှာ အလွန်ကျေနပ်သွားသည်။ ဤကျင့်ကြံခြင်းကမ္ဘာသို့ ရောက်လာပြီး မကြာမီမှာပင် သူသည် ကျင့်ကြံခြင်းနယ်ပယ် လေးခု၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီဟု သူ ခံစားလိုက်ရသည်။
လူတိုင်းသိကြသည့်အတိုင်း ကျင့်ကြံခြင်းလောကတွင် နယ်ပယ်လေးခု ရှိသည်။ ၎င်းတို့မှာ 'ပုရွက်ဆိတ် နယ်ပယ်'၊ 'တာအိုမိတ်ဆွေ နယ်ပယ်'၊ 'စီနီယာ နယ်ပယ်' နှင့် 'သူငယ်ချင်းလေး နယ်ပယ်' တို့ ဖြစ်ကြသည်။
မိမိထက် အများကြီး အားနည်းသူကိုတွေ့လျှင် "ပုရွက်ဆိတ်၊ သေပေတော့!" (ပုရွက်ဆိတ် နယ်ပယ်)
မိမိနှင့် ရွယ်တူ သို့မဟုတ် အဆင့်တူလျှင် "တာအိုမိတ်ဆွေ၊ ခဏစောင့်ပါဦး" (တာအိုမိတ်ဆွေ နယ်ပယ်)
မိမိထက် အများကြီး သန်မာသူကိုတွေ့လျှင် "စီနီယာ၊ အသက်ချမ်းသာပေးပါ" (စီနီယာ နယ်ပယ်)
မိမိထက် အားနည်းသော်လည်း နောက်ခံအင်အား ကြီးမားသူကိုတွေ့လျှင် "သူငယ်ချင်း၊ ကောင်း ကောင်းသွားပါ" (သူငယ်ချင်း နယ်ပယ်)
ဤနယ်ပယ်လေးခုအပေါ် ထားရှိရမည့် သဘောထားမှာ ရိုးရှင်းပါသည်။ 'ပုရွက်ဆိတ်ဆို သတ်၊ မိတ်ဆွေဆို ဆွဲ၊ စီနီယာဆို တောင်းပန်၊ သူငယ်ချင်းလေးဆို လွှတ်ပေး' ဟူ၍ ဖြစ်သည်။
စီနီယာတစ်ယောက် ဖြစ်ရသည့် ခံစားမှုကို ခံစားပြီးနောက် လင်းဖန်သည် ပုရွက်ဆိတ်နယ်ပယ်နှင့် ကိစ္စ ပြတ်ရန် ဆုံးဖြတ်လိုက်သည်။
"ဟဲဟဲ... ငါ ထပ်ပြီး စဉ်းစားကြည့်လိုက်တာ မင်းကို လွှတ်မပေးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ပုရွက်ဆိတ်... သေပေတော့…။"
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးလှံ ကို ကိုင်ကာ သုံးဘီးယာဉ် ကို အားကုန် နင်း လျက် မုတ်ဆိတ်နှင့်လူထံသို့ တစ်ဟုန်ထိုး ပြေးဝင်တော့သည်။ လင်းဖန်က သူ့ကို ကစားနေသည်ကို သိလိုက်ရသဖြင့် မုတ်ဆိတ်နှင့်လူမှာ အရှက်ရကာ ဒေါသတကြီးဖြင့် ပြေးနေရာမှ ရပ်လိုက်သည်။
"ဟေ့ကောင်လေး... မင်းက တကယ်ပဲ ငါ့ကို ကြောက်နေတယ် ထင်နေလား။ ဒီနေ့တော့ မင်းသေ၊ ငါရှင်ပဲ….။ မီးတောက်ဂါထာ ရွတ်သံ……"
မုတ်ဆိတ်နှင့်လူသည် ခါးကြားမှ အဆောင်တစ်ရွက်ကို ထုတ်ကာ လင်းဖန်ထံသို့ ပစ်လိုက်သည်။ ထိုအဆောင်မှာ ချက်ခြင်းပင် ကြီးမားသော မီးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး လေထုကို ဖြတ်သန်း ကာ လင်းဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေသည်။
"ဟာ... မန္တန် သုံးလိုက်တာလား။ ခရမ်းရွှေနတ်နဂါးထီး... ကာကွယ်စမ်း…။"
မီးလုံးကြီးကို မြင်သောအခါ လင်းဖန် ခဏမျှ ထိတ်လန့်သွားသော်လည်း ချက်ခြင်းပင် တုံ့ပြန်လိုက် သည်။ လှံရှည်မှာ ချက်ခြင်းပင် ထီးပုံစံသို့ ပြန်ပြောင်းသွားပြီး လင်းဖန်ကို ကာကွယ်လိုက်သည်။ မီးလုံး ကြီးမှာ ထီးကို ထိမှန်သွားပြီး စိတ်ဝိညာဉ်ချီများအဖြစ် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
မန္တန်ကို အောင်မြင်စွာ ကာကွယ်နိုင်သည်ကို မြင်မှ လင်းဖန် စိတ်အေးသွားသည်။ အကယ်၍ စနစ်က ကြွားထားသလောက် ခံစစ်က မကောင်းခဲ့လျှင် သူ ထိုနေရာမှာတင် ဇာတ်သိမ်းသွားမည် ဖြစ်သည်။
"ဟင်း... ငါက အထင်ကြီးစရာ တစ်ခုခုများ ဖြစ်မလားလို့ အသံပဲ ကျယ်ပြီး အနှစ်မရှိပါလား"
[ခရမ်းရွှေနတ်နဂါးထီးက အစွမ်းထက်လို့ပါ အိမ်ရှင်ရဲ့။ အခုတော့ ယုံပြီမလား။ ဒါက တကယ့် နတ် နဂါးနဲ့ ပတ်သက်နေတာပါ။ မြန်မြန် 'မဟာစနစ်ကြီး' လို့ ခေါ်စမ်းပါဦး၊ ကြားချင်လို့။]
"မင်း မမြင်ဘူးလား... ငါ အခု တိုက်ပွဲဖြစ်နေတာလေ။ ဘာလို့ လာနှောင့်ယှက်နေတာလဲ နောက် ဆုတ်နေစမ်း…။"
လင်းဖန်သည် စနစ်ကို ဂရုမစိုက်ဘဲ မုတ်ဆိတ်နှင့်လူကို ဆက်လက် ရင်ဆိုင်တော့သည်။ ယခုအခါ လင်းဖန်သည် တစ်ဖက်လူနှင့် အနီးကပ် တိုက်ပွဲဖြစ်နေပြီ ဖြစ်သည်။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံ သူများမှာ အဝေးတိုက်စစ် အားနည်းသဖြင့် အနီးကပ် တိုက်ပွဲကိုသာ အဓိက အားကိုးကြရသည်။
လင်းဖန်သည် သုံးဘီးယာဉ်ကို စီးလျက် လှံရှည်၏ အားသာချက်ကို အသုံးချကာ တစ်ဖက်လူကို အနား သို့မကပ်နိုင်အောင် လုပ်ထားသည်။ မုတ်ဆိတ်နှင့်လူ၏ ဓားမကြီးမှာ သုံးဘီးယာဉ်ကိုသာ ထိနိုင်သော် လည်း ယာဉ်ပေါ်တွင် ခြစ်ရာတစ်ခုပင် မထင်ပေ။ တစ်ဖက်တွင်မူ လင်းဖန်၏ လှံချက်များကြောင့် မုတ်ဆိတ်နှင့်လူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိနေပြီ ဖြစ်သည်။
သို့သော် မုတ်ဆိတ်နှင့်လူမှာ တိုက်ပွဲအတွေ့အကြုံ ရှိသူဖြစ်သဖြင့် ဒဏ်ရာအချို့ကို ရင်းကာ လင်းဖန် အနားသို့ ချဉ်းကပ်နိုင်သွားပြီး ဓားမကြီးကို မြှောက်ကာ လင်းဖန်ကို ခုတ်ချရန် ပြင်လိုက်သည်။
"ဟဲဟဲ... စောစောက သင်ခန်းစာကို မေ့သွားပြီလား။ ဝင်တိုက်စမ်း…။"
လက်မအနည်းငယ်အကွာရှိ ဓားမကြီးကို လင်းဖန် ဂရုမစိုက်ဘဲ 'ဝင်တိုက်ခြင်း' စွမ်းရည်ကို ထပ်မံ အသက်သွင်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် မုတ်ဆိတ်နှင့်လူမှာ နောက်တစ်ကြိမ် လွင့်ထွက် သွားပြန်၏။
"ပုရွက်ဆိတ်... ငါ့ရဲ့ ကြိတ်ချေခြင်းကို ထပ်ခါတလဲလဲ ခံစားဖို့ ပြင်ထားပေတော့…."
ထို့နောက် လင်းဖန်သည် မတ်တပ်ရပ်ကာ အားကုန်နင်းလိုက်ရာ သုံးဘီးယာဉ်မှာ အရှိန်တက်လာသည်။ မြေပြင်ပေါ်သို့ ကျသွားသော မုတ်ဆိတ်နှင့်လူထံသို့ သုံးဘီးယာဉ်မှာ ရောက်ရှိသွားပြီး သူ၏ ခန္ဓာကိုယ် ပေါ်မှဖြတ်၍ တက်ကြိတ်သွားတော့သည်။
စိတ်ဓာတ်ကို ကြိတ်ချေခြင်းတင် မဟုတ်ဘဲ ဘီးများဖြင့်ပါ အမှန်တကယ် တက်ကြိတ်လိုက်ခြင်း ဖြစ်၏။ တစ်ကြိမ်တက်ကြိတ်ရုံနှင့် လင်းဖန် မကျေနပ်နိုင်သေးဘဲ ယာဉ်ကို ပြန်လှည့်ကာ မုတ်ဆိတ်နှင့်လူပေါ်ကို နောက်ထပ်တစ်ကြိမ် ထပ်မံ တက်ကြိတ်လိုက်ပြန်သည်။