← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) ဘေးထွက်ဆိုးကျိုးများ၏ မူလအစနှင့် မြည်းသူတော်စင်၏ အတိတ်ဇာတ်ကြောင်း

သို့သော်လည်း လင်းဖန် ငြင်းပယ်မည်ကို စိုးရိမ်သည့်အလား စနစ်သည် ‘ဉာဏ်အလင်းသွင်းခြင်း’ နည်းလမ်းကို အသုံးပြုကာ သူပြောပြလိုသမျှကို လင်းဖန်၏ စိတ်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။ ထို့ကြောင့် လင်းဖန်မှာ ‘မြည်းသူတော်စင်’ ဟု လူသိများသည့် ပုဂ္ဂိုလ်၏ အတွေ့အကြုံများကို မလွှဲသာ မရှောင်သာ သိရှိလိုက်ရတော့သည်။

ဒဏ္ဍာရီများအရ မြည်းသူတော်စင်သည် မူလက သာမန်မြည်းတစ်ကောင်သာ ဖြစ်သော်လည်း နောက် ဆုံးတွင် တာအိုတရားကို ရရှိကာ နတ်သက်ကြွေပြီး သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ သူတော်စင်ဖြစ်လာပြီးနောက် သူသည် ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်ပစ္စည်းများ ပြုလုပ်ခြင်း တို့တွင် အလွန်ထူးချွန်သဖြင့် နတ်ဘုံလောကတွင် နာမည်ကျော်ကြားခဲ့သည်။

သူဖော်စပ်သည့် ဆေးလုံးများမှာ အံ့အားသင့်ဖွယ် အာနိသင်ရှိပြီး သူဖန်တီးသည့် နတ်လက်နက်များမှာ လည်း အလွန်စွမ်းအားကြီးသဖြင့် လူတိုင်းက လိုချင်တပ်မက်ခဲ့ကြသည်။ သို့သော်လည်း သူလုပ်သမျှ ဆေးလုံးနှင့် လက်နက်တိုင်းတွင် ဆန်းကြယ်သော ဘေးထွက်ဆိုးကျိုးများ ပါရှိနေတတ်သဖြင့် လူအများ က သူ့ကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းဖြစ်ကြရလေသည်။

မြည်းသူတော်စင်က အဘယ်ကြောင့် ဤကဲ့သို့ ထူးဆန်းသော ဘေးထွက်ဆိုးကျိုးများရှိသည့် ဆေးနှင့် လက်နက်များကို ဖော်စပ်ရသနည်းဟူသော အချက်နှင့် ပတ်သက်၍ ကျင့်ကြံခြင်းလောကတွင် ယူဆ ချက် နှစ်မျိုးရှိလေသည်။

ပထမယူဆချက်- မြည်းသူတော်စင်သည် လူ့လောကတွင် ရှိစဉ်က မြည်းသားသားညှပ်ပေါင်မုန့် ရောင်း သည့်ဆိုင်၌ သတ်ဖြတ်ရန် မွေးမြူထားသော မြည်းတစ်ကောင် ဖြစ်ခဲ့သည်။ ထိုစဉ်က ဆိုင်ရှင်သည် စီးပွားရေးကောင်းရန်အတွက် ‘အရှင်လတ်လတ် အော်ဟစ်နေသော မြည်း’ ဟူသည့် ရက်စက်လှသော ဟင်းလျာကို တီထွင်ကာ ဖောက်သည်များ ရှေ့တွင်တင် မြည်းကို အသားလှီး၍ ရောင်းချခဲ့လေသည်။ မြည်းသူတော်စင်သည် ထိုစဉ်က သာမန်မြည်းတစ်ကောင်အဖြစ် ဆိုင်ရှေ့တွင် ချည်နှောင်ခံထားရပြီး ဖောက်သည်များ လာတိုင်း သူ၏ခန္ဓာကိုယ်မှ အသားများကို အရှင်လတ်လတ် လှီးဖြတ်ခြင်း ခံခဲ့ရသည်။

အကြိမ်ပေါင်းများစွာ လှီးဖြတ်ခြင်း ခံရသော်လည်း မြည်းသူတော်စင်မှာ အံ့သြဖွယ်ကောင်းလောက် အောင် အသက်မသေဘဲ ရှိနေခဲ့ပြီး နောက်ဆုံးတွင် စိတ်ကောင်းရှိသော လမ်းသွားလမ်းလာတစ်ဦးက သူ့အား ကယ်တင်ကာ လွှတ်ပေးခဲ့လေသည်။ ထိုမှတဆင့် ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံခြင်း လမ်းစဉ်သို့ ရောက်ရှိကာ သူတော်စင်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူ အသက်မသေဘဲ ရှင်သန်ခဲ့ခြင်းမှာ သူ၏ ဇွဲနပဲကြီးမှုကြောင့်သာမက ဆိုင်ရှင်၏ ကောက်ကျစ်မှု ကြောင့်လည်း ပါဝင်လေသည်။ ဆိုင်ရှင်သည် မြည်းများကို အသားကြာကြာလှီးနိုင်ရန်အတွက် မြည်း သွေးစိမ်ထားသော အခြားအသားများကို ရောနှောရောင်းချလေ့ရှိသည်။ ထိုကဲ့သို့ ဆိုင်ရှင်၏ ခိုးစားမှု ကြောင့် မြည်းသူတော်စင်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ခြင်းဖြစ်သည်။

သူတော်စင်ဖြစ်လာသောအခါ ထိုဆိုင်ရှင်၏ ခိုးစားမှုကပင် မိမိအသက်ကို ကယ်တင်ခဲ့သည်ကို အမှတ် ရသောကြောင့်လည်းကောင်း၊ သို့မဟုတ် လူသားများကို ကဲ့ရဲ့လိုသောကြောင့်လည်းကောင်း သူသည် ဆေးနှင့် လက်နက်များ ဖော်စပ်ရာတွင် မူလဆိုင်ရှင်ကဲ့သို့ပင် ပစ္စည်းများကို ခိုး၍ ဖော်စပ်လေ့ရှိသည်။ ထိုကဲ့သို့ ခိုး၍ဖော်စပ်ခြင်းကြောင့်ပင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်း ဖြစ်နိုင်သည်။

ဒုတိယယူဆချက်- မြည်းသူတော်စင်သည် မူလက လူ့လောကရှိ ဆန်စပါးကုန်သည်တစ်ဦးထံတွင် ကြိတ်ဆုံလှည့်ရသည့် အလုပ်သမား မြည်းတစ်ကောင် ဖြစ်ခဲ့သည်။ ထိုကုန်သည်၏ လက်အောက်တွင် မြည်းသူတော်စင်သည် အနားယူချိန်ပင်မရှိဘဲ တစ်နေ့လုံး ကြိတ်ဆုံကို မနားတမ်း လှည့်ပတ်ခဲ့ရသည်။ ကုန်သည်သည် အစာဖိုးချွေတာရန်အတွက် မြည်းကိုကျွေးမည့် မြက်များကို ရွှံ့ရည်များဖြင့် သုတ်လိမ်း ကာ ကျွေးခဲ့သည်။

ထိုမြက်များကို စားလိုက်သောအခါ မြည်းမှာ ဗိုက်ပြည့်သည်ဟု ထင်မှတ်ကာ ကြိတ်ဆုံကို ဆက်တိုက် လှည့်ခဲ့ရသော်လည်း ခန္ဓာကိုယ်ကိုမူ အလွန်ထိခိုက်စေခဲ့သည်။ ထို့ကြောင့် သူတော်စင် ဖြစ်လာသော အခါ လူသားများကို လက်စားချေသည့်အနေဖြင့် သူဖော်စပ်သော ဆေးလုံးများထဲတွင် အမျိုးမျိုးသော အရာများကို ရောနှောထည့်သွင်းလိုက်ရာမှ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ဆို ကြသည်။

စနစ်က ပြောပြလာသော ယူဆချက်နှစ်မျိုးလုံးကို နားထောင်ပြီးနောက် လင်းဖန်မှာ ခဏတာ ဆွံ့အသွား ရသည်။ မည်သည့်ယူဆချက်ပင် မှန်သည်ဖြစ်စေ မြည်းသူတော်စင်၏ အတိတ်က အလွန်သနားစရာ ကောင်းလှသည်။ သူတော်စင်ဖြစ်လာပြီးမှ ဤကဲ့သို့ နောက်ပြောင်သောနည်းလမ်းဖြင့် လက်စားချေ ခြင်းမှာ အလွန်ပင် စိတ်ထားကောင်းသည်ဟု ဆိုရပေမည်။

*အင်း... ငါသာ မြည်းသူတော်စင်နေရာမှာဆိုရင် သူတော်စင်ဖြစ်တာနဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်မယ့် လက်စားချေမှုမျိုး လုပ်မိမှာပဲ။ ဟာ... မဟုတ်သေးပါဘူး ငါက ဘာလို့ ကိုယ့်ကိုယ်ကိုယ် မြည်းနဲ့ သွား နှိုင်းနေမိတာလဲ…။*

လင်းဖန်သည် ထူးဆန်းသော အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး ဆေးလုံး၏ ဘေးထွက်ဆိုး ကျိုးများကို ဆက်လက် မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။

*ဘေးထွက်ဆိုးကျိုး ရှိတော့ရော ဘာဖြစ်လဲ ငါ့ရဲ့ မြည်းတံဆိပ် ဆေးလုံးတွေက သာမန်ဆေးတွေထက် အများကြီး အစွမ်းထက်နေတာပဲကိုး။ ဒီလောက် ဘေးထွက်ဆိုးကျိုးလေးတွေကတော့ ဘာမှ မဟုတ် ပါဘူး…။*

သူသည် ဈေးကွက်ထဲတွင် ဆေးလုံးများကို လျှော့ဈေးဖြင့် မရောင်းတော့ဟုလည်း ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့ အစွမ်းထက်သော ဆေးများကို လျှော့ဈေးဖြင့် ရောင်းနေခြင်းမှာ ‘ထုတ်လုပ်ရေးအဖွဲ့ ဆေးမီး ဖို’ ၏ ကြိုးစားအားထုတ်မှုကို မလေးစားရာ ရောက်ပေလိမ့်မည်။

[အိမ်ရှင်... ကုန်သည်တစ်ယောက်အနေနဲ့ ကိုယ့်ကုန်ပစ္စည်းအကြောင်းကို အသေအချာ သိထားဖို့ လိုပါ တယ်။ အခု အဆာရှောင်ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကို စမ်းသပ်ပြီးပြီဆိုတော့ ချီစုဆောင်းခြင်း ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ထပ်စမ်းကြည့်ပါဦး…]

စနစ်၏ အကြံပြုချက်ကို ကြားသောအခါ လင်းဖန်က ချက်ခြင်း ငြင်းလိုက်သည်။

"မလိုပါဘူး၊ ငါ အဆာရှောင်ဆေးလုံးရဲ့ အစွမ်းကို သိပြီးပြီ။ ချီစုဆောင်းခြင်းဆေးလုံးရဲ့ ဘေးထွက်ဆိုး ကျိုးက လေလည်ရုံတင် မဟုတ်လား အဲ့ဒါက စမ်းနေဖို့ မလိုပါဘူး။ ဘယ်သူကမှ လေမလည်ဖူးတာ ကျနေတာပဲ….။"

[ဒါက မတူဘူးလေ။ ချီစုဆောင်းခြင်းဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက သာမန် လေလည်တာမျိုး မဟုတ် ဘူး အဆာရှောင်ဆေးလုံးထက်တောင် ပိုပြင်းထန်သေးတယ်။ အိမ်ရှင်... အမြန် စမ်းကြည့်စမ်းပါ။]

"ဟက်... လေလည်တာက ဘယ်လောက်တောင် စွမ်းအားကြီးနေလို့လဲ။ ငါ ကျောင်းတုန်းက အဆောင် မှာ လေတစ်ချက် လည်လိုက်တာ ငါ့အခန်းဖော်တောင် အန်သွားဖူးတယ်။ မင်းပြောတဲ့ ဆေးလုံးက အဲ့ဒီ ထက် ပိုစွမ်းနိုင်ဦးမှာမို့လို့လား….။"

[ဟမ်... ရယ်စရာတွေ ပြောမနေနဲ့။ မင်းရဲ့ သာမန် လေလည်တာက မြည်းသူတော်စင် ဖန်တီးထားတာနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ ဒီဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက အနံ့တင် မဟုတ်ဘူး စွမ်းအားပါ ပါတာ ။ မင်း ဘယ်လို ယှဉ်မလဲ။]

"ဟားဟား... ဘယ်လိုယှဉ်ရမလဲ ဟုတ်လား။ ငါ့ရဲ့ လေလည်ချက်က အရည်ရော အဖတ်ရော ပါဖူးတယ် လို့ ပြောရင် မင်း ဘာပြန်ပြောမလဲ….။"

[…]

"ဘာဖြစ်လို့ တိတ်သွားတာလဲ၊ ဆက်ပြောလေ။ ငါနဲ့ လာယှဉ်ချင်သေးလား မင်း ငါ့ကို နိုင်ပါ့မလား…။"

[ဟွန့်… အိမ်ရှင်က ချီစုဆောင်းခြင်းဆေးလုံးကို မသောက်ရဲဘူးဆိုကတည်းက ဒီဘေးထွက်ဆိုးကျိုးကို ကြောက်နေတယ်ဆိုတာ သိသာပါတယ်။ အဲ့ဒီတော့ ဒီပြိုင်ပွဲမှာ ငါပဲ နိုင်တယ်]

"ဟားဟား... ရယ်စရာပဲ။ ဘယ်သူက မသောက်ရဲဘူး ပြောလဲ….။"

[ဒါဆိုရင်လည်း သတ္တိရှိရင် တစ်လုံးလောက် သောက်ပြလိုက်လေ။]

"ဟေ့ကောင်... ဒီနေ့တော့ မင်းကို သက်သေပြဖို့ တစ်လုံး သောက်ပြရတာပေါ့…။"

ထိုသို့ ပြောပြီးနောက် လင်းဖန်သည် ချီစုဆောင်းခြင်းဆေးလုံး တစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ထည့် မည့်ဟန် ပြလိုက်သည်။ သို့သော် ဆေးလုံးမှာ နှုတ်ခမ်းနား ရောက်ခါနီးမှ လင်းဖန်က ရုတ်တရက် ရပ် လိုက်သည်။

"ဟီးဟီး... မင်းလို ကုန်စည်အမှိုက်ပုံးက ငါ့ကို အယုံသွင်းလို့ ရမယ် ထင်နေတာလား။ သောက်ပြရမယ် ဟုတ်လား မင်းရဲ့ အကွက်ထဲ ငါက ဝင်မလားကွ….။"

သို့သော် လင်းဖန် စကားပြောနေစဉ်မှာပင် စနစ်က တစ်ခုခု ပြုလုပ်လိုက်ပုံရပြီး ဆေးလုံးမှာ ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လင်းဖန်၏ ပါးစပ်ထဲသို့ တိုးဝင်သွားလေတော့သည်။

"အဟွတ်... အဟွတ်... အဟွတ်... တောက်... ကောက်ကျစ်တဲ့ကောင် မင်းက လူယုတ်မာပဲ။ အဟွတ်... အဟွတ်….။"

လင်းဖန်မှာ ဆေးလုံးကို ပြန်အန်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဆေးလုံးမှာ ပါးစပ်ထဲ ရောက်သည်နှင့် ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း စိမ့်ဝင်သွားခဲ့သည်။ လင်းဖန်၏ ကျင့်ကြံမှုမှာ စနစ်၏ အကူ အညီဖြင့် အဆင့်မြှင့်ခြင်းသာ ဖြစ်သောကြောင့် ဆေးလုံး၏ ကျင့်ကြံမှု အာနိသင်မှာ သူ့အတွက် အသုံး မဝင်ဘဲ ဘေးထွက်ဆိုးကျိုးကိုသာ အပြည့်အဝ ခံစားရတော့မည် ဖြစ်သည်။

"မင်းနဲ့ ငါနဲ့ လမ်းခွဲမယ် အခုချက်ခြင်း ငါ့ဆီက ထွက်သွားတော့။ မင်းလို ကုန်စည်အမှိုက်ပုံးမျိုးနဲ့ တစ်ရက်လေးတောင် အတူတူ မနေချင်တော့ဘူး….။"

All Chapters