အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) လေတစ်ချက်လည်ခြင်းကြောင့် ဖြစ်သွားရသော ပေါက်ကွဲမှုကြီး
[အဟမ်း... ပိုင်ရှင်.. စနစ်က စလိုက်တာပါ စိတ်မဆိုးပါနဲ့ဦး ။ ဒါကလည်း ဒီပစ္စည်းရဲ့ အာနိသင်တွေကို ပိုင်ရှင် အပြည့်အဝ နားလည်သွားအောင်လို့ လုပ်ပေးတာလေ။]
“ဘာမှ လာမပြောနဲ့တော့။ မင်း ဒီနေ့ ငါ့ကို တစ်ခုခု ပြန်ပေးရမယ်။ ငါ ဒီကျင့်ကြံခြင်းကမ္ဘာကို ရောက်လာ တာ တခြားကျင့်ကြံသူတွေ သတ်လို့ မသေခင် မင်းလက်ချက်နဲ့ အရင် သေရတော့မယ်….။”
[အင်း... စနစ်က မှားသွားတာ ဝန်ခံပါတယ်။ ဒါဆိုရင် ဒီလိုလုပ်ရင်ရော... လျော်ကြေးအနေနဲ့ စနစ်ရဲ့ အရောင်း ဆိုင်ထဲက ကြိုက်တဲ့ပစ္စည်းတစ်ခုကို အခမဲ့ ယူခွင့်ပေးမယ် ဘယ်လိုလဲ…။]
စနစ်ဆီမှ လျော်ကြေးပေးမည်ဟူသော စကားကို ကြားလိုက်ရသောအခါ ခုနကတင် သေမတတ် ခံစား နေရသည့် လင်းဖန်မှာ ချက်ချင်းဆိုသလို ပြန်လည်တက်ကြွလာတော့သည်။
“အိုကေ... သဘောတူတယ်။ အခုရတဲ့ အခမဲ့ဝယ်ယူခွင့်ကို နောက်မှ သုံးဖို့ သိမ်းထားလိုက်မယ်…။”
[ ဟာ... သွားပြီ။ စနစ်တော့ အကွက်ဆင်ခံလိုက်ရပြီလား မသိဘူး…။ ]
“မဟုတ်ပါဘူး၊ ဒါက ပုံမှန် အရောင်းအဝယ်တစ်ခုပဲလေ။ သဘာဝကျပါတယ်…။”
စကားက အတည်ဖြစ်သွားခဲ့ပြီဖြစ်သောကြောင့် စနစ်မှာ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ လင်းဖန် က ဤအခွင့် အရေးကို အခုချက်ခြင်း မသုံးသေးဘဲ သိမ်းထားရတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းပေ သည်။ စနစ်၏ ဆိုင်ထဲမှာ သူလိုချင်သော ပစ္စည်းများက အများကြီးရှိနေသည်မို့ အခုတစ်ခုခုကို ဝယ်လိုက်လျင် နောက်မှ တခြားတစ်ခုကို ပိုလိုချင်လာသောအခါ နောင်တရမည် စိုးသောကြောင့် ဖြစ်၏။ ထိုအခွင့်အရေးကို သိမ်းထားခြင်းအားဖြင့် ဆိုင်ထဲမှ ကောင်းနိုးရာရာ ပစ္စည်းအားလုံးသည် သူ့အပိုင် ဖြစ်လာနိုင်ခြေရှိနေ သည်မို့ သိမ်းထားသည်က ပိုကောင်းသည်ဟု သူ ယူဆလိုက်သည်။
လင်းဖန် တစ်ယောက် ပျော်နေစဉ်မှာပင် သူ၏ဗိုက်ထဲမှ အောင့်တက်လာပြီး တစ်ခုခုကို ထုတ်လွှတ် လိုက်ချင်စိတ်ပေါ်လာသည်။ ချီစုဆောင်းခြင်းဆေးလုံး၏ ဘေးထွက်ဆိုးကျိုးက စတင်တော့မည် ဖြစ် သည်။ လင်းဖန်ကတော့ အဖြေရှာထားပြီးသားပင်။ အောင့်မထားဘဲ လွှတ်ထုတ်လိုက်ရန်ပင်။
*တင်ပါးဆိုတာ ခန္ဓာကိုယ်ရဲ့ အဖိုးတန်တဲ့ အစိတ်အပိုင်းပဲ။ လေအောင့်ထားရင် နှလုံးထိခိုက်နိုင်တယ်၊ အားရပါးရ လွှတ်ထုတ်လိုက်တာကမှ ခန္ဓာကိုယ်ကိုပေါ့ပါးမှု ဖြစ်စေသေးတယ်…*
ဟု သူတွေးလိုက်သည်။
ဤသည်က လင်းဖန် လျှောက်တွေးနေခြင်း မဟုတ်ပေ။ သူ ဤကမ္ဘာကို ကူးပြောင်းမလာခင်က ‘ဘိုင်ဒူး’ မှာ ဖတ်ခဲ့ဖူးခြင်းပင်။ လူ့ခန္ဓာကိုယ်တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် အချက် (၃) ချက် ရှိပေသည်။ ၎င်း အရာများမှာ ချွေးထွက်ခြင်း၊ လေလည်ခြင်းနှင့် နှာချေခြင်း ဖြစ်ပြီး ထိုအရာများက ဆေးပညာအရ အခြေခံပင်ဖြစ်သည်။ ထို့ကြောင့် လေလည်ခြင်းမှာ ရှက်စရာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည့် ကိစ္စဟု သူယုံကြည်သည်။
ထို့နောက်တွင် လင်းဖန်သည် လေများ ဆက်တိုက် လည်တော့ရာ သူရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံး မှာ နံစော်သော အနံ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။ ထိုအနံ့ကို လင်းဖန်ကိုယ်တိုင်ကပင် မခံ နိုင်တော့ပေ။
[ဥအားလုံးကို ခြင်းတောင်းတစ်လုံးတည်းထဲ မထည့်သင့်ဘူး] ဟူသော စကားအတိုင်း လင်းဖန်က နေရာအနှံ့ကို လျှောက်သွားပြီး လေလည်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏ သုံးချောင်းထောက်စက်ဘီးပေါ် တက်လိုက်ပြီး ဈေးကွက်တစ်ခုလုံးကို ပတ်နင်းလေတော့ သည်။ လေဝင် လေထွက် ကောင်းစေရန်အတွက် လင်းဖန်သည် ထိုင်ခုံမှာ မထိုင်ဘဲ မတ်တပ်ရပ်ပြီး အားကုန်နင်းလိုက်ရာ သုံးချောင်းထောက်စက်ဘီးမှာ အလွန်မြန်သွားသည်။ ဈေးကွက်ကို တစ်ပတ်ပတ် ပြီးသည်အထိပင် ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးက မကုန်သေးသည်မို့ နောက်ထပ် တစ်ပတ် ထပ်ပတ် ရပြန်သည်။
ဘယ်နှစ်ပတ်မျှ ပတ်မိမှန်း မသိတော့သောအချိန်ကျမှ လေလည်ခြင်းက ရပ်တန့်သွားတော့သည်။ လင်းဖန်လည်း ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ နှစ်ပတ် သုံးပတ်လောက် ပတ်နေရသောအခါ၌ ကျင့်ကြံမှုကို မြှင့်တင်ပေးသည့် အာနိသင်ကဲ့သို့ ဤဘေးထွက်ဆိုးကျိုးကပါ နှစ်ရက်လောက် ကြာသွား မလားဟု သူ စိုးရိမ်နေခဲ့သည်ပင်။ ကံကောင်းထောက်မစွာဖြင့် ထိုမျှလောက် မကြာခဲ့ပေ။ အောင့်အီး သည်းခံလိုက်လျင် ခဏလေးနှင့် ပြီးသွားတာပါပဲဟု သူ တွေးလိုက်သည်။
အဆက်မပြတ် လေလည်ပြီးသည့်နောက်မှာတော့ လင်းဖန်နှင့် သူ၏ သုံးချောင်းထောက်စက်ဘီးဆီတွင် အနံ့အသက် များက တော်တော်လေး စွဲကျန်နေခဲ့သည်။ ထိုအနံ့များကို ဖျောက်ရန်အတွက် လင်းဖန်မှာ မတတ်သာဘဲ စနစ်၏ ဆိုင်ထဲမှ သန့်စင်ခြင်းမန္တာန် ကို ဝယ်လိုက်ရသည်။ ဤ မန္တာန် က သိပ်အသုံးမ ဝင်သည်မို့ ဈေးကလည်း သိပ်မကြီးပေ။ စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးသာ ကျသင့်လေသည်။
(၁၀) တုံးတည်း ဆိုပါသော်လည်း လင်းဖန်ကတော့ ဤအရာသည် စနစ်ကြောင့် ကုန်ရခြင်းဟု ယူဆပြီး ဈေးဆစ်လိုက်ရာ နောက်ဆုံး (၅) တုံးနှင့်ပင် အပြတ်အသတ် အရောင်းအဝယ် ဖြစ်သွားသည်။ မန္တာန် ကို ဝယ်ပြီးသည်နှင့် လင်းဖန်က ကျင့်ကြံစရာ မလိုဘဲ ချက်ခြင်း သုံးနိုင်သွားသည်။ မိမိကိုယ်ကိုယ်ရော သုံးချောင်းထောက်စက်ဘီးနှင့် တခြားပစ္စည်းများကိုပါ အကြိမ်ကြိမ် သန့်စင်လိုက်သောအခါမှ မကောင်း သော အနံ့များ ပျောက်သွားပြီး လတ်ဆတ်သော လေထုက အစားထိုး ဝင်ရောက်လာတော့သည်။
တစ်ချိန်တည်းမှာပင် လီလဲ့ယန်နှင့် သူမ၏ မိသားစုဝင် (၃) ဦးမှာ လင်းဖန်ကို လိုက်ရှာနေကြဆဲ ဖြစ် သည်။ အမှတ်အသားကို ခြေရာခံရင်း လင်းဖန် ရှိသည့်နေရာနှင့် အလွန်နီးကပ်လာခဲ့ပြီ ဖြစ်သည်။ သို့သော် လင်းဖန်က နေရာတစ်ခုတည်းမှာပဲ စက်ဝိုင်းပတ် ပတ်နေခဲ့ခြင်းကြောင့် သူတို့မှာ မျက်စိလည် နေခဲ့ရ၏။
"ဖေဖေ... ဟိုရှေ့မှာ မြင်နေရတာ သမီးတို့ ချင်းယွင်ဂိုဏ်းရဲ့ ဈေးကွက် မဟုတ်လား။ ဒါပေမဲ့ အဲ့ဒီမှာ ဘာလို့ မြူတွေ ဖုံးနေသလို ဖြစ်နေရတာလဲ….။"
လီလဲ့ယန်ရဲ့ အမေးကြောင့် လီယွမ်ဖေးလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဈေးကွက်နားမှာ ယခုကဲ့သို့ မြူများ မီးခိုးများ ဖုံးနေအောင် မှော်အစီအရင် လုပ်ထားခြင်းမျိုးကို သူ ညွှန်ကြားထားခြင်း မရှိပေ။
"ယန်အာ... ဖြစ်နိုင်တာကတော့ ဒီလမ်းကို ဖြတ်သွားတဲ့ ကျင့်ကြံသူတွေက ဒါကို ကုန်သွယ်ရေးဈေး ကွက်မှန်း သိလို့ မိစ္ဆာသားရဲတွေ ရန်ကနေ ကာကွယ်ဖို့ မှော်မြူတွေ ခင်းကျင်းပေးခဲ့တာ ဖြစ်မှာပါ…။"
ဖခင်ဖြစ်သူရဲ့ ရှင်းပြချက်ကို နားထောင်ပြီး လီလဲ့ယန်က ဝမ်းသာအားရ ယုံကြည်သွားသည်။
"အဲ့ဒီကျင့်ကြံသူက တကယ့် လူကောင်းပဲနော်။ သမီး ပြောသားပဲ အပြင်လောကက အဲ့လောက်ကြီး ကြောက်ဖို့ မကောင်းပါဘူး လူကောင်းတွေ အများကြီး ရှိပါသေးတယ်….။"
လီယွမ်ဖေးကတော့ လီလဲ့ယန်၏ စကားကို သဘောမကျသော်လည်း သမီးဖြစ်သူ စိတ်အနှောင့်အယှက် မဖြစ်အောင် ငြင်းမနေတော့ဘဲ..
"ဒီမြူတွေကို ဖြတ်ပြီးသွားရင် ဈေးကွက်ကို ရောက်ပြီ။ ငါတို့ အမှတ်အသားအရ လင်းဖန်က ဈေးကွက် ထဲမှာ ရှိနေတာဆိုတော့ မကြာခင် သူ့ကို ရှာတွေ့တော့မှာပါ…."
ဟု ပြောကာ သူတို့ သုံးယောက်စလုံး ဈေးကွက်ဆီသို့ အရှိန်မြှင့် ပျံသန်းသွားကြလေသည်။
"အဟွတ်... အဟွတ်... အီး….။"
လျိုယွီဝမ်က အော်လိုက်သည်။
"ထွီ... အဟွတ်... ထွီ….။"
လီယွမ်ဖေးကလည်း တံတွေးများပင် ထွေးထုတ်လိုက်သည်။
"ဂေ့….။"
ဆိုပြီး လီလဲ့ယန်ကတော့ လေတက်သွားသည်။
သူတို့ သုံးယောက် မြူတွေထဲကို ရောက်သွားသည်နှင့် မခံမရပ်နိုင်အောင် ပြင်းထန်သာ အနံ့ဆိုးကြီးက သူတို့အား ရိုက်ခတ်လိုက်၏။ လီယွမ်ဖေးနဲ့ လျိုယွီဝမ်တို့မှာ အသက်ရှူကျပ်ပြီး ချောင်းတွေဆိုးကာ ပျို့အန်မတတ် ဖြစ်သွားကြသည်။ ဘေးမှာရှိနေသော လီလဲ့ယန်ကတော့ ထိုအနံ့ဆိုးကြောင့် လေတက် ပြီး သတိလစ် မေ့မြောသွားလေတော့သည်။
"အဟွတ်... ယန်အာ... အဆင်ပြေရဲ့လား။ အဟွတ်... သတိထားပါဦး….။"
လီယွမ်ဖေးနဲ့ လျိုယွီဝမ်တို့သည် ချောင်းဆိုးပျို့အန်ရင်းနှင့်ပင် သတိလစ်နေသော လီလဲ့ယန်ကို မြူတွေ ထဲမှ အမြန် ဆွဲထုတ်လာခဲ့ရသည်။ အပြင်ရောက်မှ လီယွမ်ဖေးက မှော်စွမ်းအားသုံးပြီး လီလဲ့ယန်ကို သတိ ပြန်လည်အောင် လုပ်ပေးလိုက်သည်။ လီလဲ့ယန် သတိရလာသောအခါ၌ မျက်လုံးများက ဝေဝါး နေခဲ့ပြီး ဘာဖြစ်သွားခဲ့မှန်းကိုပင် မမှတ်မိတော့ပေ။
"သမီး ဘာဖြစ်သွားတာလဲ... သမီး အခု ဘယ်ရောက်နေတာလဲ….။"
လီလဲ့ယန်ရဲ့ ပုံစံကို ကြည့်ပြီး လီယွမ်ဖေး ရင်ထဲ မကောင်းဖြစ်သွားသည်။
"ဒီမှော်မြူကို ဘယ်သူ လုပ်ထားတာလဲဆိုတာ သိရလို့ကတော့ ငါ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ် ပစ်မယ်….။"
ဘေးမှ လျိုယွီဝမ်ကလည်း အံကြိတ်ပြီး ပြောလိုက်သည်။
"ဒီလောက် သိက္ခာမရှိတဲ့ ကျင့်ကြံသူမျိုး လောကမှာ ရှိသေးတာလား တကယ်ကို ကိုယ်ကျင့်တရား မကောင်းတဲ့လူပဲ….။"
ခဏအကြာမှာတော့ လီလဲ့ယန် အသိပြန်ဝင်လာပြီး သူတို့ ဘာအတွက် လာခဲ့ကြတာလဲဆိုသည်ကို သတိရသွားခဲ့သည်။ သို့ပေမဲ့ ရှေ့က မြူများကို ကြည့်လိုက်မိသောအခါ၌ သူမ ကြောက်လန့်တကြား တုန်လှုပ်နေမိသည်။ ဤသည်ကိုမြင်သည့် လီယွမ်ဖေးက ချက်ခြင်းပဲ အခြေအနေကို ဖြေရှင်းရန် လုပ် တော့သည်။
"ယန်အာ... စိတ်မပူနဲ့တော့ အဖေ ဒီမြူတွေကို အခုချက်ခြင်း ဖယ်ရှားပစ်မယ်….။"
လီယွမ်ဖေး၏ အမြင်မှာတော့ ဤမြူများကို ရေဓာတ် မှော်စွမ်းအင်ဖြင့် ဖန်တီးထားခြင်း ဖြစ်နိုင် သောကြောင့် မီးဓာတ်မှော်ဖြင့် ဖြိုခွဲခြင်းက အကောင်းဆုံးပဲဟု ယူဆလိုက်သည်။
ထို့ကြောင့် သူက "မီးလျှံနဂါးနည်းစနစ်" ဟု အော်ဟစ်ကာ သူ၏ စွမ်းအားကို ထုတ်လိုက်သည်။ မီးတောက် မီးလျှံများနှင့် ဖွဲ့စည်းထားသော ကြီးမား သည့် နဂါးကြီးတစ်ကောင် ပေါ်လာပြီး ရှေ့က မြူများဆီ ကို အရှိန်အဟုန်နှင့် ပြေးဝင်သွားတော့သည်။
မီးနဂါးနဲ့ မြူများ ထိတွေ့လိုက်သည့်အခါမှာတော့ လီယွမ်ဖေး မျှော်လင့်မထားသည့် အရာတစ်ခုက ဖြစ်သွားလေတော့သည်။ ထိုမြူများထဲတွင် ဘာတွေ ရောနှောနေသလဲ မသိသော်လည်း မီးနဂါးနှင့် ထိတွေ့ မိသည်နှင့်တပြိုင်နက် ပေါက်ကွဲမှုကြီး ဖြစ်သွားတော့သည်။
ရလဒ်ကတော့ ရှင်းပါသည်။ ချင်းယွင်ဈေးကွက် ပတ်ပတ်လည်မှာ ပေါက်ကွဲမှုများ တရစပ် ဖြစ်ပေါ်လာ တော့သည်။ ဤပုံစံက အဆင့်မြင့် မီးဓာတ်ကျင့်ကြံသူ အများကြီးက ဈေးကွက်ကို ဝိုင်းပြီး တိုက်ခိုက် နေသလိုမျိုး မြင်တွေ့ရသည်ပင်။
ဈေးကွက်ထဲမှ ဈေးသည်များနှင့် လမ်းသွားလမ်းလာများမှာ လည်း အပြင်မှ ပေါက်ကွဲသံများကြောင့် ထိတ်လန့်တကြားဖြင့် ဘေးလွတ်ရာကို ပြေးကြလွှားကြရလေတော့ သည်။
လီယွမ်ဖေးမှာတော့ သူလုပ်လိုက်သည့် အခြေအနေကြောင့် ကြောင်အနေမိသည်။ တစ်ဖက်မှာလည်း လီလဲ့ယန်ကတော့ ပျော်ရွှင်စွာနှင့် အော်ဟစ်လိုက်တော့သည်။