အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) ပေါက်ကွဲမှုကြောင့် လန့်ဖျန့်သွားရသော လင်းဖန်
“ဝါး... ဖေဖေ။ ဖေဖေ့ရဲ့ ကျင့်ကြံမှုအဆင့်က ထပ်တက်လာတာလား။ မီးလျှံနဂါးနည်းစနစ်ရဲ့ စွမ်းအားက အရင်ကထက် အများကြီး ပိုအားကောင်းလာတာပဲ….။”
လီလဲ့ယန်သည် ငယ်စဉ်က ဖခင်ဖြစ်သူသည် သူမကို ပျော်ရွှင်စေရန်အတွက် မီးလျှံ နဂါးနည်းစနစ် ကဲ့သို့ နည်းစနစ်များကို အကြိမ်ကြိမ် ပြသခဲ့ဖူးသည်ကို မှတ်မိနေသည်။ သို့သော် ယခုကဲ့သို့ ပြင်းထန် သော စွမ်းအားမျိုးကိုမူ သူမ တစ်ခါမျှ မြင်ဖူးခဲ့ခြင်းမရှိပေ။
လီလဲ့ယန်၏ စကားကြောင့် လီယွမ်ဖေးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး မည်သို့ ပြန်ရှင်း ပြရမည်ကိုပင် မသိတော့ပေ။ လီလဲ့ယန်က မိခင်ဖြစ်သူ လျိုယွီဝမ်ကို ကြည့်လိုက်ရာတွင်လည်း သူမမှာ အလိုက်သင့်လေးသာ ပြုံးပြနေနိုင်တော့သည်။
တစ်ချိန်တည်းမှာပင် ဈေးကွက်ထဲတွင် လျှောက်သွားနေဆဲဖြစ်သော လင်းဖန်သည် ခရမ်းရွှေနတ်နဂါး ထီးအောက်တွင် ပုန်းအောင်းနေပြီး တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ ကောင်းကင်ယံမှ အဆက် မပြတ် ကြားနေရသော ပေါက်ကွဲသံကြီးများက သူ့ကို သေမတတ် ထိတ်လန့်သွားစေခဲ့သည်ပင်။
“သေစမ်း... ငါ တစ်နေရာရာမှာ လေလေး နည်းနည်း လည်မိတာကို ဘာလို့ အမြောက်တွေနဲ့ လာပစ်နေ ကြတာလဲ။ အမေရေ... အဲ့ဒီလောက်ပြင်းထန်တဲ့စွမ်းအားကြီးနဲ့ ဘယ်လောက်တောင် ရန်ငြိုးကြီး နေလို့ ဒီလောက်အထိ လုပ်နေရတာလဲမသိပါဘူး….။”
“ကျုပ် မှားသွားပါတယ်….။ ကျေးဇူးပြုပြီး မပစ်ကြပါနဲ့တော့ နောက်တစ်ခါ ဘယ်တော့မှထပ်ပြီး မလုပ်တော့ပါဘူး….။”
ခဏအကြာတွင် ကောင်းကင်မှ ပေါက်ကွဲသံများ ငြိမ်သက်သွားသည်။ ခုနကတင် အသနားခံနေသော လင်းဖန်မှာလည်း ပြန်လည် မတ်တပ်ရပ်လိုက်ပြီး -
“တော်သေးတာပေါ့ ငါ့ကို ရည်ရွယ်ပြီးပစ်တာ မဟုတ်လို့။ ငါ ထင်သားပဲ လေလည်တာက ဒီလောက် အထိ ကြီးလေးတဲ့ ပြစ်မှုမှ မဟုတ်တာ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး….။”
“အဲ့ဒီ မီးတောက်တွေက ငါ့ရဲ့ ဖန်တီးမှုလက်ရာတွေကို ဖျောက်ပစ်လိုက်ပြီပဲ နှမြောစရာကြီး….။”
စကားပြောနေရင်း လင်းဖန် တစ်ခုခုကို ရုတ်တရက် တွေးမိသွားသည်။
“မီး... လေလည်သံ... ပေါက်ကွဲမှု။ ဟာ... သေစမ်း အဲ့ဒီ ပေါက်ကွဲမှုက ငါ့ကြောင့် ဖြစ်တာများလား…။”
ထိုသို့ တွေးမိသည်နှင့် လင်းဖန် ဆက်မတွေးရဲတော့ပေ။ အကယ်၍ သူသာ ဤမျှ ဆူညံပွက်လောရိုက် အောင် လုပ်ခဲ့သည်ဆိုပါက စည်းကမ်းထိန်းသိမ်းရေးသမားများက သူ့အား ပြစ်မှုတစ်ခု ထပ်တိုးပြီး ဖမ်းဆီးကြပေလိမ့်မည်။
“ငါ့ကြောင့် မဟုတ်တာ သေချာပါတယ်လေ။ ငါနဲ့ ဘာမှမဆိုင်ဘူး ငါက အလကား လျှောက်တွေးနေမိ တာပဲ…။”
မိမိကိုယ်ကို ပြန်လည်နှစ်သိမ့်ပြီးနောက် လင်းဖန်မှာ ဘာမှမဖြစ်ခဲ့သလိုပင် သူ၏ သုံးချောင်းထောက် စက်ဘီးကို အေးဆေးလေးနင်းကာ ထွက်လာခဲ့လေသည်။ သူသည် သံသယဝင်ခြင်းမခံရစေရန်အတွက် ဈေးကွက်ထဲသို့ ချက်ခြင်းပြန် မသွားသေးဘဲ ခေတ္တခဏ ရှောင်နေရန် ဆုံးဖြတ်လိုက်သည်။
လင်းဖန်သည် သူ၏ သုံးချောင်းထောက်စက်ဘီးကို နင်းပြီး ဝေးရာသို့ သွားနေစဉ်မှာပင် သူ့အား လိုက်ရှာ နေသော လီလဲ့ယန်တို့ မိသားစု (၃) ဦးနှင့် မျက်နှာချင်းဆိုင် တိုးလေတော့သည်။
“ဟယ်... မိတ်ဆွေ လင်းဖန် တိုက်ဆိုင်လိုက်တာ….။ ကျွန်မတို့ ရှင့်ကို ရှာနေတာလေ။ ရှင်ကတော့ ကျွန်မ တို့ရဲ့ ကျော့ကွင်းထဲကို တည့်တည့်တိုးလာတာပဲ။ ကျွန်မ မိတ်ဆက်ပေးပါရစေ ဒီနှစ်ယောက်က ကျွန်မရဲ့ မိဘတွေပါ….။”
စကားလုံးအသုံးအနှုန်း သိပ်မကျွမ်းကျင်သော လီလဲ့ယန်၏ ပထမဆုံးစကားကပင် လင်းဖန်ကို ထိတ်လန့်သွားစေခဲ့သည်။
*သွားပြီ... အမှန်တရားက ဒီလောက်တောင် မြန်မြန် ပေါ်သွားတာလား….။*
ထို့အပြင် သူ့ကို ဖမ်းရန်အတွက် ချင်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ဆင်းလာသည် မဟုတ်ပါလား။ လီလဲ့ယန်နှင့် ခင်မင်ခဲ့သည့်အတွက် သူ့ကို ပြစ်ဒဏ် လျှော့ပေးမလားဟု သူ တွေးနေမိသည်။ အကယ်၍ အဆင်မပြေပါက သူသည် အခမဲ့ ဝယ်ယူခွင့် ကို သုံးပြီး တိုက်ခိုက်ရုံသာ ရှိတော့သည်။
သူ သိထားသလောက် ချင်းယွင်ဂိုဏ်းတွင် အသန်မာဆုံးမှာ ရွှေအမြုတေအဆင့် အလယ်အလတ်ရှိ သော ဂိုဏ်းချုပ်သာ ဖြစ်သည်။ သူ၏ စနစ်အရောင်းဆိုင်တွင် အတိဒုက္ခအဆင့် ကို တစ်ရက်စာ အသုံး ပြုနိုင် သည့် လက်မှတ်များ ရှိပေသည်။ ထိုစွမ်းအားနှင့်ဆိုပါက ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်မှာ သူ့အ တွက် ကလေးကစားသလိုပင် လွယ်ကူလှသည်။ သို့သော် ထိုသို့ဖြစ်လာပါက သူ ခက်ခက်ခဲခဲ ရထား သော အခမဲ့ဝယ်ယူခွင့်မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
လင်းဖန်က နှုတ်ဆက်သည်ကို ပြန်မဖြေဘဲ ငြိမ်နေသဖြင့် လီလဲ့ယန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွား မိသော်လည်း သူမဘာသာ ကျိုးကြောင်းဆီလျော်အောင် တွေးလိုက်သည်။
“မိတ်ဆွေလင်းဖန် ဘာဖြစ်လို့လဲဟင်။ ခုနက မြူတွေကြောင့် အသက်ရှူကျပ်ပြီး စကားမပြောနိုင် ဖြစ် သွားတာလား။ အဆင်ပြေပါတယ် ကျွန်မအဖေက ရှင့်ကို ကုပေးနိုင်တယ်။ ကျွန်မတောင် ခုနက မေ့လဲ သွားတာ အဖေကပဲ ကုပေးလိုက်တာလေ…။”
လီလဲ့ယန်၏ စကားကို ကြားမှ လင်းဖန်သည် အခြေအနေမှာ သူထင်သလို မဟုတ်ကြောင်း သိလိုက် ရ သည်။ ချင်းယွင်ဂိုဏ်းချုပ်သည် ပေါက်ကွဲမှုဖြစ်အောင် လုပ်သူအဖြစ် သူ့ကို ဖမ်းရန် လာခြင်းမဟုတ်ဘဲ အခြားကိစ္စကြောင့် လာခြင်းဖြစ်ပေမည်။
အမှန်စင်စစ် ပေါက်ကွဲမှုကို စတင်သူမှာ လင်းဖန် ဖြစ်သော်လည်း ၎င်းကို အကောင်အထည်ဖော်သူမှာ ဂိုဏ်းချုပ် လီယွမ်ဖေးပင် ဖြစ်သည်။ သူတို့နှစ်ဦး ပေါင်းမိရာမှ ဤပေါက်ကွဲမှုကြီး ဖြစ်လာရခြင်းပင်။
“အဟမ်း... နတ်သမီးလေး လီ ပါလား…. တိုက်ဆိုင်လိုက်တာ။ ကျုပ် အသက်ရှူမကျပ်ပါဘူး ဒါပေ မဲ့ ခုနက ပေါက်ကွဲသံကြီးတွေကြောင့် လန့်သွားတာပါ။ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ။ ဘယ်လို ကိုယ်ကျင့်တရား မရှိတဲ့ ကျင့်ကြံသူက ဒီလို မှော်ပညာတွေကို လျှောက်သုံးနေတာလဲ မသိဘူးနော်...။”
လင်းဖန်၏ ကဲ့ရဲ့စကားများကို ကြားသောအခါ လီလဲ့ယန်မှာ ချက်ခြင်းပင် ရယ်မောပြီး စကားလမ်း ကြောင်း လွှဲလိုက်ရသည်။
“အာ...မိတ်ဆွေ လင်းဖန် ရှင် တော်တော် လန့်သွားတာပဲ။ ကျွန်မဆီမှာ စိတ်ငြိမ်ဆေးရှိတယ် အမြန် သောက်လိုက်ဦးနော် ဒါဆို သက်သာသွားလိမ့်မယ်…။”
ဘေးတွင် ရပ်နေသော လီယွမ်ဖေးမှာလည်း မျက်နှာပျက်နေရှာသည်။ သူ၏ အမြင်တွင် ဤအရာအား လုံးမှာ သူ၏ အမှားသာ ဖြစ်သဖြင့် လင်းဖန်က ကိုယ်ကျင့်တရားမရှိသူ ဟု ပြောသည်ကို သူ မငြင်းရဲ ပေ။ အကယ်၍ ငြင်းလိုက်ပါက မိမိကိုယ်မိမိ ဝန်ခံလိုက်သလို ဖြစ်သွားပေမည်။ သူသည် ယနေ့ဖြစ်ရပ် ကို ဘယ်သူမှ မသိစေရန် ဇနီးနှင့် သမီးကို သေချာ သတိပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်ပါ က ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏ ဂုဏ်သိက္ခာများ မြေခပေလိမ့်မည်။
“မင်းက လဲ့ယန် ပြောနေတဲ့ ထူးခြားတဲ့သူပေါ့။ မင်းဆီမှာ အစွမ်းထက်တဲ့ ပစ္စည်းကောင်းတွေ အများ ကြီး ရှိတယ်လို့ ကြားတယ်။ ဘာတွေ ရောင်းတာလဲ….။”
လီယွမ်ဖေး၏ စကားကို ကြားမှ လင်းဖန်မှာ စိတ်အေးသွားရတော့သည်။ သူတို့သည် အရောင်းအဝယ် လုပ်ရန် လာခြင်းသာ ဖြစ်သည်။ လီလဲ့ယန်သည် ကျေးဇူးသိတတ်သော မိန်းကလေး ဖြစ်ပေသည်။ သူမ သည် ယခင်က သူမ၏ ဂိုဏ်းထဲသို့ လာရောက် အရောင်းအဝယ်လုပ်ရန် ဖိတ်ခေါ်ခဲ့ဖူးသည့်အပြင် ယခု အခါ ဂိုဏ်းချုပ်ကိုပါ ခေါ်ဆောင်လာခဲ့လေသည်။
“စီနီယာ... နတ်သမီးလေး လဲ့ယန်က ကျုပ်ကို ချီးမွမ်းလွန်းနေတာပါ။ ကျုပ်ဆီမှာ ရှိတာတွေက သာမန် ဆေးလုံးတွေနဲ့ မှော်ပစ္စည်းတွေပါပဲ။ နတ်သမီးလေး လဲ့ယန်ကို ရောင်းပေးခဲ့တဲ့ ရတနာမျိုး က တော့ အမြဲတမ်း မရှိပါဘူးခင်ဗျ…။ ”
လင်းဖန်၏ စကားများသည် လီယွမ်ဖေးကို ဒေါသထွက်စေရန် ဆွပေးသလို ဖြစ်နေသည်။ ပထမအချက် မှာ သူ၏ သမီးကို ‘လဲ့ယန်’ ဟု ရင်းရင်းနှီးနှီး ခေါ်နေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ထို ‘ရင်စီး’ ရတနာ အကြောင်းကို ပြန်ပြောနေခြင်း ဖြစ်သည်။ သို့သော် သမီးဖြစ်သူ ဘေးမှာ ရှိနေသဖြင့် သူသည် ဒေါသကို ထိန်းကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“ဪ... သာမန် ဆေးလုံးတွေလား။ ဘာဆေးလုံးတွေလဲ ဘယ် ဆေးဆရာက ဖော်စပ်တာလဲ…။”
လင်းဖန်သည် လီယွမ်ဖေး၏ လေသံပြောင်းသွားသည်ကို သတိထားမိချင်းမရှိပေ။ သူသည် အရောင်း အဝယ် ဖြစ်တော့မည်ဟုသာ တွေးနေမိသည်။ ဂိုဏ်းချုပ်တစ်ဦးဖြစ်၍ တပည့်များစွာရှိသဖြင့် ဆေးလုံး များကို အမြောက်အမြား ဝယ်ယူပေလိမ့်မည်။ အကယ်၍ ဤအရောင်းအဝယ် အောင်မြင်ပါက သူသည် ချမ်းသာသွားပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် မဝေးတော့ပေ။
“စီနီယာ... ဒါတွေက ချီစုဆောင်းခြင်းအဆင့်မှာ သုံးတဲ့ အဆာရှောင်ဆေးလုံးနဲ့ ချီစုဆောင်းခြင်းဆေးလုံး တွေပါ။ ဒါပေမဲ့ ကျုပ်ရဲ့ ဆေးလုံးတွေက သာမန်ဆေးတွေထက် အများကြီး ပိုအစွမ်းထက်ပါတယ်။ ဖော်စပ်တဲ့ ဆေးဆရာကတော့ ကျုပ်ကိုယ်တိုင်ပါပဲ….။”
လင်းဖန်ကို အထင်သေးနေသော လီယွမ်ဖေးသည် လင်းဖန်၏ စကားကို ကြားသည်နှင့် မျက်နှာမှာဝင်းပ သွားသည်။
*သူက ဆေးဆရာ တစ်ဦးလား…။ ဒါက တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ အကယ်၍ သူသာ ဆေးဆရာ အစစ်ဆိုပါရင် သမီးဖြစ်သူနှင့် ပတ်သက်ခဲ့သည့် ‘ရင်စီး’ ကိစ္စကို သူ ခွင့်လွှတ်ပေးနိုင်သည်ပင်…။*
“မောင်ရင်... မင်းက ဆေးဆရာ တစ်ယောက်လား…။ ဘယ်ဆရာဆီမှာ ပညာသင်ခဲ့တာလဲ မိတ်ဆွေ ဘယ်လို ဆေးလုံးမျိုးတွေအထိ ဖော်စပ်နိုင်လဲ….။”
လင်းဖန်မှာ လီယွမ်ဖေး၏ အမေးကို မည်သို့ ဖြေရမည်မှန်း မသိဖြစ်သွားသည်။ သူ၏ ဆရာမှာ မည်သူ နည်း။ မြည်းသူတော်စင် ဟု ပြော၍ မဖြစ်ပေ။ မီးဖိုသူတော်စင် ဟု ပြောရန်မှာလည်း အဆင်မပြေလှ ပေ။ ထို့ကြောင့် သူ ချက်ခြင်း ဉာဏ်နီဉာဏ်နက် ထုတ်သုံးလိုက်သည်။
“စီနီယာ... ကျုပ် အခုလောလောဆယ်မှာတော့ အဆင့် (၁) ဆေးလုံးတွေနဲ့ မှော်လက်နက်တွေကိုပဲ ဖော်စပ်နိုင်ပါသေးတယ်။ ကျုပ်ရဲ့ ဂိုဏ်းအကြောင်း ပြောရရင်တော့ ကျုပ်က လူသူမသိတဲ့ တောမှီကျော်အမော်ဆရာကြီး ‘လု’ ရဲ့ တပည့်တစ်ယောက်ပါ၊ သူ့နာမည်ကို ကြားဖူးတဲ့သူ အလွန်နည်း ပါတယ် ခင်ဗျား….။”