အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ချင်းယွင်ဂိုဏ်းသို့ အလည်အပတ်ခရီး
လင်းဖန်က မိမိကိုယ်မိမိ မိတ်ဆက်ပြီး လက်ရှိတွင် သူဖော်စပ်နိုင်သည့် ဆေးလုံးများအကြောင်း ပြောပြ လိုက်သောအခါ လီယွမ်ဖေးသည် ရတနာသိုက်ကြီးကို ရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်က အဆင့် (၁) ဆေးလုံးအားလုံးကို ဖော်စပ်နိုင်သည်ဟု ပြောလိုက် သောကြောင့် ဖြစ်သည်။ ဆရာဖြစ်သူမှာ တောမှီကျော်အမော် ဖြစ်သည်ဆိုခြင်းကိုလည်း လီယွမ်ဖေးက သဘာဝကျသည်ဟုသာ ယူဆလိုက်သည်။
ဤလောကတွင် ဆေးဆရာများ၊ လက်နက်ပညာရှင်များနှင့် အဆောင်ပညာရှင်များသည် ထူးဆန်းသော စရိုက်ရှိကြသည်ကို လူတိုင်းသိကြသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ကျော်ကြားမှုကို မက်မောခြင်း မရှိဘဲ သူတို့၏ ပညာရပ်များထဲတွင်သာ စိတ်နှစ်ထားတတ်ကြသည်။ လူသူဝေးရာတွင် နေထိုင်လေလေ သူတို့၏ ပညာမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေပင် ဖြစ်သည်။
“မောင်ရင်တို့ ဆရာတပည့်တွေက ဂိုဏ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုထဲမှာ ပါဝင်ထားတာ မျိုးရှိ လား….။”
ဂိုဏ်းအကြောင်း မေးမြန်းခြင်းမှာ သူ့ကို စည်းရုံးရန် ကြိုးစားနေခြင်းလောဟု လင်းဖန်က ချက်ချင်း ရိပ်မိ လိုက်သည်။
*သွားပြီ... အရောင်းအဝယ် လုပ်မယ်ဆိုပြီး လူကိုပါ ဂိုဏ်းထဲသွင်းပြီး ခိုင်းစားတော့မလို့လား။ အလ ကားတော့ မရဘူးနော် အိပ်မက်ပဲမက်နေလိုက်….။*
ဟု သူတွေးလိုက်သည်။
“စီနီယာ... ကျုပ်ရဲ့ ဆရာက ဘယ်အရာရဲ့ ချည်နှောင်မှုကိုမှ မခံချင်တဲ့သူမို့ ဘယ်ဂိုဏ်းမှာမှ မဝင် ထားသလို ဝင်ဖို့စိတ်ကူးလည်း မရှိပါဘူး။ ကျုပ်လည်း ဆရာ့အတိုင်းပါပဲ…။”
လင်းဖန်၏ စကားကြောင့် လီယွမ်ဖေး ခဏတာ ကြောင်သွားသော်လည်း တစ်ဖက်လူ ဘာကို ဆိုလို သည်ကို ချက်ချင်းနားလည်သွားပြီး ရယ်မောလိုက်သည်။
“ဟားဟား... မောင်ရင် အထင်လွဲနေပြီ။ ငါက မင်းကို ဂိုဏ်းထဲသွင်းဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ မင်း က ကျင့်ကြံခြင်းလောကထဲ ရောက်တာ မကြာသေးတော့ ဂိုဏ်းတွေနဲ့ တခြားအဖွဲ့အစည်းတွေ ကြားက စည်းမျဉ်းအချို့ကို မသိသေးလို့ ဖြစ်မှာပါ…။”
“အကယ်၍ မင်းတို့က တခြားဂိုဏ်းတစ်ခုခုက ဆေးဆရာတွေဆိုရင် ငါတို့ ချင်းယွင်ဂိုဏ်းအနေနဲ့ မင်းတို့ ဆီကနေ ဆေးလုံးတွေကို အမြောက်အမြား ဝယ်ယူဖို့ဆိုတာ အဆင်မပြေဘူးလေ။ ဒါပေမဲ့ မင်းတို့က ဘယ်အဖွဲ့အစည်းမှာမှ မပါတဲ့ လွတ်လပ်တဲ့ ဆေးဆရာတွေဆိုရင်တော့ ငါတို့အတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးပေါ့…။”
လီယွမ်ဖေး ပြောပြသော စည်းမျဉ်းမှာ ဂိုဏ်းများကြားတွင် လက်ခံထားကြသည့် အလေ့အထတစ်ခု ဖြစ် သည်။ ဂိုဏ်းတစ်ခုမှ ဆေးဆရာများကို ထိုဂိုဏ်းက ငွေကုန်ကြေးကျခံကာ လေ့ကျင့်ပေးထားခြင်း ဖြစ် သည်။ ထို့ကြောင့် ဆေးဆရာများအနေဖြင့် မိမိဂိုဏ်းအတွက် ဆေးဖော်စပ်ပေးရာတွင် ရရှိသော အကျိုး အမြတ်မှာ လွတ်လပ်သော ဆေးဆရာများလောက် မများပေ။
ထိုအခါ အကျိုးအမြတ်ကို မက်မောသော အချို့ဆေးဆရာများသည် မိမိဂိုဏ်းကို စွန့်ခွာကာ အကျိုး ခံစားခွင့် ပိုပေးသော အခြားအဖွဲ့အစည်းများသို့ ပြောင်းရွှေ့သွားတတ်ကြရာ မူလဂိုဏ်းအတွက် နှစ်ရှည် လများ ကြိုးစားအားထုတ်မှုများမှာ အချည်းနှီး ဖြစ်သွားတတ်သည်။ ဤအခြေအနေကို တားဆီးရန် အတွက် အဖွဲ့အစည်းများကြားတွင် အချင်းချင်း၏ ဆေးဆရာများ၏ ဆေးများကို ဝယ်ယူခြင်း သို့ မဟုတ် အကြီးအကျယ် အရောင်းအဝယ်ပြုခြင်း မလုပ်ရန် တားမြစ်ထားကြခြင်း ဖြစ်သည်။
လီယွမ်ဖေး၏ ရှင်းပြချက်ကို ကြားမှ လင်းဖန်လည်း မိမိအထင်လွဲသွားသည်ကို သိလိုက်ရသည်။
“ခွင့်လွှတ်ပါ စီနီယာ ကျုပ်က ဗဟုသုတ နည်းပါးလို့ပါ။ ဒါပေမဲ့ စိတ်ချပါ ကျုပ်တို့ ဆရာ တပည့်တွေက ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့စည်းနဲ့မှ ပတ်သက်မှု မရှိပါဘူး…။”
လင်းဖန်၏ ယုံကြည်ချက်ရှိသော စကားကြောင့် လီယွမ်ဖေး လုံးဝ စိတ်အေးသွားသည်။ ဤကဲ့သို့ လွတ်လပ်သော ဆေးဆရာနှင့် ရေရှည်လက်တွဲနိုင်ခြင်းမှာ ဂိုဏ်းအတွက် အလွန်ကောင်းမွန်သော အခွင့် အရေးပင်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်လူမှာ မိမိတို့ဂိုဏ်းနှင့် သံယောဇဉ်တွယ်ကာ ဂိုဏ်းဝင် ဖြစ်လာသည်နှင့် မခြား ဖြစ်သွားပေလိမ့်မည်။
“ဒါဆိုရင် မောင်ရင် အခု ငါတို့ဂိုဏ်းကို ခဏလိုက်ခဲ့လို့ အဆင်ပြေမလား။ နောက်နောင် လုပ်မယ့် ဆေးလုံးအရောင်းအဝယ် ကိစ္စတွေကို အသေးစိတ် ဆွေးနွေးကြတာပေါ့….။”
လီယွမ်ဖေးက အဓိက အချက်ကို ပြောလာပြီ ဖြစ်၍ လင်းဖန် စိတ်သက်သာရာ ရသွားသည်။
*ဒီလူကြီးက တော်တော် စကားများတာပဲ။ ဘာလို့ အဲ့ဒီလောက် လျှောက်ပြောနေတာလဲ အရောင်း အဝယ်အကြောင်းပဲ တန်းပြောလိုက်ပါလား…။*
ဟု သူတွေးလိုက်သည်။
“ဂိုဏ်းကို ဧည့်သည်အဖြစ် ဖိတ်ကြားခံရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ စီနီယာရဲ့ ဖိတ်ခေါ်မှုကို လက်ခံပါတယ်…။”
အပြန်အလှန် နှုတ်ဆက်စကားများ ပြောပြီးနောက် လင်းဖန်နှင့် လီလဲ့ယန်တို့ မိသားစုသည် ချင်းယွင် ဂိုဏ်းသို့ ဦးတည်ရန် ပြင်ဆင်ကြလေသည်။
“မောင်ရင်က ဓားပျံ မစီးနိုင်သေးဘူးဆိုတော့ ငါနဲ့အတူ လိုက်ခဲ့မလား”
လီယွမ်ဖေးက လင်းဖန်မှာ ချီစုဆောင်းခြင်းအဆင့်သာ ရှိသေးသဖြင့် ဓားကို မထိန်းချုပ်နိုင်သေးသည်ကို သတိရကာ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
လင်းဖန်မှာမူ ဤစကားကို ကြားပြီး အံ့သြသွားသည်။
*လီလဲ့ယန်က သူ၏ သုံးချောင်းထောက်စက်ဘီးအကြောင်းကို သူမအဖေကို မပြောပြထားဘူးလား…။*
“ကျေးဇူးတင်ပါတယ် စီနီယာ။ ကျုပ်က ဓားပျံမစီးနိုင်ပေမဲ့ ပျံသန်းနိုင်တဲ့ နည်းလမ်းတော့ ရှိပါ တယ်…။”
ထိုသို့ ပြောပြီးနောက် လင်းဖန်သည် သုံးချောင်းထောက်စက်ဘီး၏ လက်ကိုင်ကို မလိုက်ကာ စက်ဘီးကို စတင်နင်းလိုက်၏။ ထိုအခါ သုံးချောင်းထောက်စက်ဘီးမှာ ကောင်းကင်သို့ ဒေါင်လိုက် ပျံတက်သွား သ ဖြင့် လီယွမ်ဖေး နှင့် လျိုယွီဝမ်တို့မှာ ဆွံ့အသွားကြလေသည်။
“မောင်ရင့်မှာ ဒီလို ဆန်းကြယ်တဲ့ ပစ္စည်းမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ တကယ်ကို အံ့သြဖို့ ကောင်းတာပဲ…။”
ထိုအချိန်တွင် လီလဲ့ယန်သည် လင်းဖန် စီးနေသော သုံးချောင်းထောက်စက်ဘီးကို ကြည့်လိုက် သူမ စီးနေသော ဓားပျံကို ကြည့်လိုက်နှင့် စိတ်ထဲတွင် ဓားပျံစီးရသည်မှာ သိပ်ပြီး မမိုက်တော့သလို ခံစား လိုက်ရသည်။
“မိတ်ဆွေ လင်း ကျွန်မကိုပါ တင်ခေါ်သွားပေးလို့ ရမလားဟင်။ ကျွန်မ ဓားပျံ မစီးချင်တော့ဘူး…။”
လီလဲ့ယန်၏ တောင်းဆိုချက်ကို ကြားသောအခါ သူမက သူ့အတွက် စီးပွားရေးရှာပေးမည့်သူ ဖြစ်၍ လင်းဖန်လည်း မငြင်းရဲခဲ့ပေ။
“ရတာပေါ့ နတ်သမီးလေး တက်ခဲ့ပါ။ စက်ဘီးနောက်မှာ နေရာလွတ်အများကြီး ရှိပါတယ်….။”
လင်းဖန်က သဘောတူလိုက်သဖြင့် လီလဲ့ယန်မှာ ဝမ်းသာအားရ စက်ဘီးပေါ် တက်လိုက်သည်။ သူ မသည် ဓားပျံကို သိမ်းလိုက်ပြီး စက်ဘီးနောက်တွဲတွင် ထိုင်ကာ ဆန်းကြယ်သော အတွေ့အကြုံကို ခံစားရင်း အလွန်အမင်း ပျော်ရွှင်နေလေတော့သည်။
စက်ဘီးနောက်မှ ဓားပျံဖြင့် လိုက်ပါလာသော လျိုယွီဝမ်သည် သမီးဖြစ်သူ၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ယန်အာက တကယ်ပဲ သူငယ်ချင်းကောင်း ရထားတာပဲ။ ကြည့်ရတာ သူတို့နှစ်ယောက်က တော်တော် လေး လိုက်ဖက်ကြသားပဲနော်….။”
ဇနီးဖြစ်သူ၏ စကားကို ကြားသောအခါ ဘေးမှ လီယွမ်ဖေးမှာမူ ပုံမှန်ဆိုလျှင် ငြင်းခုံနေကျ ဖြစ်သော် လည်း ယခုမူ တိတ်ဆိတ်နေလေသည်။
မကြာမီမှာပင် သူတို့ လေးဦးစလုံး ချင်းယွင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဂိုဏ်းထဲသို့ ဝင်လိုက်သော အခါ လင်းဖန် မြင်တွေ့ရသည့် မြင်ကွင်းမှာ သူ စိတ်ကူးထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူ က ဂိုဏ်းထဲတွင် တပည့်များစွာ ပျံသန်းသွားလာနေကြမည်ဟု ထင်ထားသော်လည်း ဂိုဏ်းဝင်ပေါက်မှ သည် ဂိုဏ်းချုပ်ခန်းမအထိ ကျင့်ကြံသူ အနည်းငယ်ကိုသာ တွေ့ရလေသည်။
လင်းဖန်က သံသယဖြင့် အားမနာတန်း မေးလိုက်သည်။
“စီနီယာ... ဂိုဏ်းထဲမှာ တပည့်တွေကို သိပ်မတွေ့ရဘူးနော်…။”
လင်းဖန်၏ အမေးကို ကြားသောအခါ လီယွမ်ဖေးက တစ်ဖက်လူမှာ ဆရာဖြစ်သူနှင့်အတူ တောထဲတွင် အကြာကြီး နေလာခဲ့သဖြင့် ထျန်းယွမ်တိုက်ကြီး၏ အင်အားစုများအကြောင်းကို မသိသေးခြင်းဖြစ်မည် ဟု ခန့်မှန်းလိုက်သည်။
“မောင်ရင်... ငါတို့ ချင်းယွင်ဂိုဏ်းက အဆင့် (၃) အင်အားစုပဲ ရှိသေးတော့ တပည့်ပေါင်း နှစ်ရာကျော်ပဲ ရှိတာပါ။ ဒါပေမဲ့ ဒါက အဆင့် (၃) အင်အားစုတစ်ခုအတွက်တော့ ပုံမှန်ပမာဏပါပဲ….။”
လီယွမ်ဖေး၏ စကားက လင်းဖန်၏ တက်ကြွမှုကို ရေလောင်းသတ်လိုက်သလို ဖြစ်သွားသည်။
*ဘာ... လူနှစ်ရာကျော်ပဲ ရှိတာလား။ အဲ့ဒီလောက် လူနည်းရင် ငါ့အတွက် အရောင်းအဝယ်က ဘယ်လောက်ရမှာတဲ့လဲ….။*
ဟု သူတွေးလိုက်သည်။
သူ၏ အမြင်တွင် ဂိုဏ်းတစ်ခုဆိုလျှင် အနည်းဆုံး လူထောင်ချီ ရှိရမည် မဟုတ် ပါလား။
“ကျုပ်က ဗဟုသုတ နည်းလို့ပါ။ ဆရာနဲ့အတူ တောထဲမှာ ဆေးဖော်စပ်ရင်းပဲ နေလာခဲ့တော့ တခြား အကြောင်းအရာတွေကို သိပ်မသိပါဘူး….။”
ဟု လင်းဖန်က လီယွမ်ဖေး ထင်ထားသလိုပင် ပြန်ဖြေလိုက်သည်။
ဂိုဏ်းချုပ်ခန်းမထဲသို့ ရောက်သောအခါ လီယွမ်ဖေးက လင်းဖန်ကို ဤကမ္ဘာကြီး၏ အကြောင်းများကို ရှင်းပြတော့သည်။ ထျန်းယွမ်တိုက်ကြီးကို အရှေ့၊ အနောက်၊ တောင်၊ မြောက် နှင့် အလယ်ပိုင်းဟူ၍ ဒေသကြီး (၅) ခု ပိုင်းခြားထားပြီး အင်အားစုများကို အဆင့် (၉) ဆင့် ခွဲခြားထားသည်။ ၎င်းအဆင့်များမှာ ကျင့်ကြံခြင်း အဆင့် (၉) ဆင့် (ချီစုဆောင်းခြင်းမှသည် အတိဒုက္ခအဆင့်အထိ) နှင့် ကိုက်ညီအောင် သတ်မှတ်ထားခြင်း ဖြစ်သည်။
ဂိုဏ်းတစ်ခုတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူ၏ အဆင့်က ထိုဂိုဏ်း၏ အဆင့်ကို သတ်မှတ်သည်။
ဥပမာ - ချင်းယွင်ဂိုဏ်းတွင် အမြင့်ဆုံးအဆင့်မှာ ရွှေအမြုတေအဆင့်ဖြစ်သဖြင့် အဆင့် (၃) အင်အားစု ဖြစ်လာခြင်းဖြစ်သည်။ တိုက်ကြီးပေါ်တွင် ဂိုဏ်းများသာမက မိသားစုအင်အားစုများ၊ ကုန်သည်အသင်း များနှင့် တခြားအဖွဲ့အစည်းများစွာ ရှိပြီး ၎င်းတို့ကိုလည်း ဤစည်းမျဉ်းအတိုင်းပင် သတ်မှတ်သည်။
ထို့အပြင် လီယွမ်ဖေးက လင်းဖန်ကို သတိပေးလိုက်သည်မှာ - မည်သည့် အင်အားစုအသေးလေးကိုမျှ အထင်မသေးရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့အစည်းငယ်လေးများ၏ နောက်ကွယ်တွင် ပိုမိုကြီးမားသော အင်အားစုကြီးများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် အဆင့် (၃) ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်မှာ အဆင့် (၆) ဂိုဏ်းတစ်ခုမှ တပည့်ဖြစ်နေနိုင်ပြီး၊ ထိုအဆင့် (၆) ဂိုဏ်းချုပ်မှာလည်း အဆင့် (၉) ဂိုဏ်းကြီးတစ်ခု၏ တပည့် ဖြစ်နေနိုင်သောကြောင့် ဖြစ် သည်။