အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) ပါးနပ်သူတွေ ကြီးစိုးရာ ကျင့်ကြံခြင်းကမ္ဘာ
အဆင့်မြင့် အင်အားစုများသည် သူတို့၏ တပည့်များကို အပြင်ထွက်၍ ကိုယ်ပိုင် မိသားစု သို့မဟုတ် ဂိုဏ်းငယ်များ တည်ထောင်ရန် အားပေးကြပြီး လိုအပ်သော ထောက်ပံ့မှုများကိုလည်း ပေးလေ့ရှိသည်။ ဤသို့ လုပ်ဆောင်ရခြင်းမှာ အကြောင်းရင်း နှစ်ချက်ရှိလေသည်။
ပထမအချက်မှာ တပည့်များကို အပြင်သို့ လွှတ်လိုက်ခြင်းဖြင့် မိခင်ဂိုဏ်း၏ အရင်းအမြစ်များကိုလည်း ချွေတာရာရောက်ပြီး၊ ဒုတိယအချက်မှာ အပြင်တွင် အခြေစိုက်သွားသော တပည့်များသည်လည်း မိခင် ဂိုဏ်းသို့ အရင်းအမြစ်များ ပြန်လည် ပေးပို့ကြသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ရှုပ်ထွေးသော ဖွံ့ဖြိုးမှု ပုံစံကြောင့် အဆင့်မြင့် အင်အားစုများ၏ အခြေခံအုတ်မြစ်မှာ ပို၍ နက်ရှိုင်းလာပြီး ထျန်းယွမ်တိုက်ကြီး ပေါ်တွင် ပိုမို ခိုင်မာစွာ အမြစ်တွယ်လာကြခြင်း ဖြစ်သည်။
ဤသည်ကို ကြားသောအခါ လင်းဖန်က ချင်းယွင်ဂိုဏ်းချုပ်သည်လည်း ပိုမိုမြင့်မားသော ဂိုဏ်းကြီး တစ်ခုမှ ဆင်းသက်လာသူ ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သို့မဟုတ်ပါက ဤအကြောင်းအရာ များကို ဤမျှ အသေးစိတ် သိနိုင်မည် မဟုတ်ပေ။
“စီနီယာ... စီနီယာကလည်း ပိုမြင့်တဲ့ အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုကနေ လာခဲ့တာ မဟုတ်လား…။”
လင်းဖန်၏ တည့်တိုးမေးလိုက်သော အမေးကြောင့် လီယွမ်ဖေးက မသိမသာ ပြုံးလိုက်သော်လည်း ချက်ချင်းပင် ရယ်မောကာ ဖုံးကွယ်လိုက်သည်။
“ဟားဟား... မောင်ရင်… နောင်ခါ တခြားဂိုဏ်းချုပ်တွေနဲ့ တွေ့တဲ့အခါ ဒီလို တည့်တိုးကြီး မမေးပါနဲ့။ တခြားသူရဲ့ နောက်ခံအကြောင်းကို စူးစမ်းတာက သူတို့အတွက်တော့ အကြီးအကျယ် ရှောင်ကြဉ်ရမယ့် ကိစ္စပဲ ဘယ်သူမှလည်း အမှန်အတိုင်း ပြောပြမှာ မဟုတ်ဘူး….။”
လီယွမ်ဖေး၏ စကားကြောင့် လင်းဖန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
“ဘာလို့လဲဟင်။ နောက်ခံအင်အား ရှိတယ်ဆိုတာ တခြားသူတွေ ကြောက်အောင် ပြရမှာ မဟုတ်ဘူး လား။ ဘာလို့ ဖုံးကွယ်ထားရတာလဲ….။”
လီယွမ်ဖေးက ရယ်မောရင်း အကြောင်းရင်းကို ရှင်းပြလေသည်။
“မောင်ရင် မသိသေးလို့ပါ၊ ဒါက အဆင့်မြင့် အင်အားစုတွေက သူတို့တပည့်တွေကို အပြင်လွှတ်တဲ့အခါ သတ်မှတ်ပေးလိုက်တဲ့ စည်းကမ်းပဲ။ အကယ်၍ ပဋိပက္ခတစ်ခုခု ဖြစ်လာရင် အမြစ်ပြတ် အသတ်မခံရ အောင် ကာကွယ်ဖို့ပေါ့….။”
“ဥပမာ - အဆင့် (၃) ဂိုဏ်း နှစ်ခု ပဋိပက္ခဖြစ်တယ် ဆိုပါစို့။ တစ်ခုက အဆင့် (၉) ဂိုဏ်းက ထောက်ပံ့ထား ပြီး နောက်တစ်ခုက အဆင့် (၆) ဂိုဏ်းက ထောက်ပံ့ထားတယ်ဆိုရင်၊ အဆင့် (၆) ဂိုဏ်းက ကျောထောက် နောက်ခံပြုထားတဲ့ အဖွဲ့က သူ့ရဲ့ နောက်ခံကို ထုတ်မပြောသရွေ့ အဆင့် (၆) ဂိုဏ်းကြီးအထိ ပြဿနာက မကူးစက်နိုင်တော့ဘူး….။”
“အလားတူပဲ အဆင့် (၉) ဂိုဏ်းနဲ့ အဆင့် (၈) ဂိုဏ်းတို့ ပဋိပက္ခဖြစ်လို့ အဆင့် (၉) ဂိုဏ်းက အဆင့် (၈) ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်လိုက်ရင်တောင်၊ အပြင်မှာ ကိုယ်ပိုင် အင်အားစု ထောင်ထားတဲ့ အဆင့် (၈) ဂိုဏ်းရဲ့ တပည့်တွေက သူတို့ နောက်ခံကို ဖုံးကွယ်ထားတဲ့အတွက် ဘေးကင်းနိုင်တယ်။ ဒါမှလည်း အဆင့် (၈) ဂိုဏ်းအတွက် မျိုးစေ့လေး ကျန်ခဲ့ပြီး တစ်နေ့မှာ ပြန်လည် အားကောင်းလာဖို့ အခွင့်အရေး ရှိမှာလေ….။”
“ဒါကြောင့် အဆင့်နိမ့် အင်အားစု နှစ်ခု ထိပ်တိုက်တွေ့တဲ့အခါ နောက်ခံအင်အားချင်း ယှဉ်ပြိုင်နေကြရင် တောင် တိုက်ရိုက် ထုတ်မပြောကြဘူး။ တိတ်တဆိတ်ပဲ အချင်းချင်း ကူညီကြတယ်။ ပဋိပက္ခ ပြီးသွားခဲ့ ရင်တောင် တစ်ဖက်လူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြဘူး ပေါ့….။”
လီယွမ်ဖေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဤကမ္ဘာကြီး၏ အင်အားစုများမှာ အလွန် ရှုပ်ထွေး လှပြီး တစ်ယောက်ထက်တစ်ယောက် ပါးနပ်နေကြသော မြေခွေးအိုကြီးများ ဖြစ်ကြောင်း လင်းဖန် ခံစားလိုက်ရသည်။ လီယွမ်ဖေး ပြောသလိုပင် မိမိနောက်ကွယ်တွင် အဆင့် (၉) အင်အားစုသာ မရှိပါက မည်သူမျှ နောက်ခံအကြောင်းကို အလွယ်တကူ ထုတ်ပြောရဲကြမည်မဟုတ်ပေ။
ဤသည်ကို နားလည်သွားသောအခါ လင်းဖန်သည် ချင်းယွင်ဂိုဏ်း၏ နောက်ကွယ်မှ အင်အားစုကို သိ နိုင်ရန် မလွယ်ကူကြောင်း သိလိုက်ရသည်။ သို့သော် သူ၏ စနစ်တွင် 'စစ်ဆေးခြင်း' လုပ်ဆောင်ချက် ရှိ နေသဖြင့် သူ စူးစမ်းကြည့်နိုင်ပေသည်။ လင်းဖန်က လီယွမ်ဖေး၏ အကြောင်းကို တိတ်တဆိတ် စစ်ဆေးလိုက်သောအခါ အသိပေးချက်တစ်ခု ပေါ်လာသည်။
[ကျေးဇူးပြု၍ သင်ပေးဆောင်လိုသော စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို (၁) တုံး မှ (၁၀,၀၀၀) အတွင်း ရွေးချယ်ပါ]
“ဘာလဲဟ… ဒါက ခေါင်းပုံဖြတ်တာလား…။”
[ပိုင်ရှင်၊ ပစ်မှတ်ရဲ့ အချက်အလက်တွေက ရှုပ်ထွေးပါတယ်။ ပေးဆောင်တဲ့ ပမာဏအပေါ် မူတည်ပြီး အချက်အလက် အနည်းအများ ကွာသွားမှာပါ။ ဥပမာ - ကျောက်တုံး (၁) တုံးပေးရင် ပစ်မှတ်ရဲ့ ကျား/မ ခွဲခြားမှုကို သိရမယ်၊ (၁၀,၀၀၀) ပေးရင်တော့ အချက်အလက် အကုန်လုံးကို သိနိုင်မယ်…]
*ဂိမ်းကစားနေတာ ကျနေတာပဲ…။*
ဟု လင်းဖန် တွေးလိုက်သည်။ သို့သော် အချက်အလက် အပြည့်အစုံ သိရန် (၁၀,၀၀၀) တောင် ကုန်မည် ဆိုကတည်းက လီယွမ်ဖေး၏ နောက်ခံမှာ မရိုးရှင်းကြောင်း လင်းဖန် ရိပ်မိလိုက်သည်။ နောက်ဆုံးတွင် လင်းဖန်သည် (၁၀) တုံးကိုသာ ပေး၍ စမ်းလိုက်သည်။
"မင်းလို အလကားစား စနစ်ကွာ... ကျောက်တုံး(၁၀ )တုံးဖိုးလောက်ပဲ စုံစမ်းပေးစမ်း….။"
[အမည် - လီယွမ်ဖေး၊ ကျား/မ - ကျား၊ ကျင့်ကြံမှုအဆင့် - အခြေတည်စိတ်ဝိညာဉ်အဆင့် အလယ် အလတ်…။]
“ဘာ... ပါးနပ်လိုက်တဲ့ လူကြီး သူက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်နေပါလား။ တကယ့် စွမ်းအားကို ဖုံးကွယ်ထားတာပေါ့…။”
လင်းဖန်သည် ဈေးကွက်ထဲတွင် စုံစမ်းခဲ့စဉ်က ချင်းယွင်ဂိုဏ်းချုပ်မှာ ရွှေအမြုတေအဆင့် အလယ်အ လတ်ဟုသာ ကြားခဲ့ရခြင်း ဖြစ်သည်။
*အမလေး... အဆင့်ကြီး တစ်ခုလုံးကို ဖုံးကွယ်ထားတာပဲ….။*
ထို (၁၀) တုံးမှာ အလွန်တန်သွားသည်ဟု လင်းဖန် ခံစားလိုက်ရသည်။ ဤကမ္ဘာတွင် လူများက မည်မျှ အထိ လျှို့ဝှက်ချက် များကြသည်ကို လင်းဖန် သဘောပေါက်သွားတော့သည်။
*နောင်ခါ ငါ ပိုသတိထားမှ ဖြစ်မယ်၊ ဒီမြေခွေးအိုကြီးတွေရဲ့ လှည့်ကွက်ထဲ မဝင်စေရဘူး…*
ဤအချက်က လင်းဖန်ကို စိတ်ဝိညာဉ်ကျောက်တုံးများ ရှာဖွေလိုစိတ် ပိုမိုပြင်းပြလာစေသည်။ စိတ် ဝိညာဉ်ကျောက်တုံး ရှိနေမှသာ ကျင့်ကြံမှုအဆင့်ကို မြှင့်နိုင်မည်ဖြစ်သလို၊ ဆိုင်ထဲမှ အဆင့်မြင့် ကျင့်ကြံ သူ လက်မှတ်များကို ဝယ်ယူကာ မိမိကိုယ်ကို အကာအကွယ် ပေးနိုင်မည် မဟုတ်ပါလား။
သူ၏ ‘ခရမ်းရွှေနတ်နဂါးထီး’ က ကာကွယ်ရေး စွမ်းအားကောင်းသည်ဟု စနစ်က ဆိုထားသော်လည်း လင်းဖန် အနေဖြင့် လက်တွေ့ မစမ်းသပ်ရသေးရာ မည်သည့်အဆင့်အထိ ကာကွယ်နိုင်မည်ကို သူ အသေအချာ မသိသေးပေ။
အခြေခံ ဗဟုသုတအချို့ကို ရှင်းပြပြီးနောက် လီယွမ်ဖေးက အရောင်းအဝယ် ကိစ္စကို စကားစလာသည်။ လင်းဖန်ကလည်း ပြဿနာမရှိကြောင်း ပြန်ပြောပြီး လိုအပ်မည့် ပမာဏကို မေးလိုက်သည်။
“စီနီယာအနေနဲ့ ချီစုဆောင်းခြင်းဆေးလုံး ဘယ်လောက်လောက် လိုချင်ပါသလဲ။ ကျုပ် ကြိုတင်ပြီး တော့ပြင်ဆင်ထားလို့ ရအောင်လို့ပါ…။”
ခဏတာ စဉ်းစားပြီးနောက် လီယွမ်ဖေးက ကိန်းဂဏန်းတစ်ခုကို ပြောလိုက်သည်။
“မောင်ရင်... ငါ အလုံးရေ (၁,၀၀၀) လောက်လိုချင်တယ်။ ဒါတွေကို ဖော်စပ်ဖို့ ဘယ်လောက်ကြာမလဲ… ။”
ထိုအရေအတွက်ကို ကြားသောအခါ လင်းဖန် အနည်းငယ် စိတ်ပျက်သွားသည်။ အကြီးအကျယ် အရောင်းအဝယ် ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း အလုံး (၁,၀၀၀) ဆိုသည်မှာ သူ ဘယ်လောက် များ မြတ်နိုင်မည်မို့လို့လဲ။ သို့သော် ဈေးကွက်ထဲတွင် တစ်လုံးချင်း လိုက်ရောင်းနေရသည်ထက် စာလျှင်မူ အများကြီး ပိုကောင်းပေသည်။ ဈေးထဲတွင် တစ်လုံးချင်း ရောင်းနေပါက (၁,၀၀၀) ကုန်ရန် မည်မျှကြာ မည်ကို မခန့်မှန်းနိုင်ပေ။
“စီနီယာ... ကျုပ်ဆီမှာ လက်ကျန် အချို့ ရှိပါတယ်။ အလုံး (၁,၀၀၀) ဆိုရင်တော့ ပြဿနာမရှိပါဘူး။ တစ်ရက်နှစ်ရက်အတွင်း စီနီယာဆီ ပို့ပေးနိုင်ပါတယ်….။”
အမှန်စင်စစ် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို ၏ အရှိန်နှင့်ဆိုပါက ကုန်ကြမ်းသာစုံလျှင် တစ်နာရီအတွင်း ဆေးအလုံး (၁,၀၀၀) ကို အေးဆေး ဖော်စပ်နိုင်သည်။ သို့သော် သူတို့ကို မလန့်သွားစေရန် တစ်ရက် နှစ်ရက် ဟု လင်းဖန်က အချိန်ဆွဲပြောလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဤမျှ မြန်ဆန်သော အချိန်ကပင် လီယွမ်ဖေးကို အံ့သြသွားစေခဲ့သည်။
“ဆေးဖော်စပ်တဲ့နေရာမှာ မောင်ရင်က ဒီလောက်အထိ မြန်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါ့ဂိုဏ်းက တပည့်တွေ ကိုယ်စား ကျေးဇူးတင်ပါတယ်….။”
လီယွမ်ဖေး၏ ကျေးဇူးတင်စကားကို ကြားသောအခါ လင်းဖန်က အံ့သြဟန်ဆောင်ရင်း ပြန်ပြောလိုက် သည်။
“စီနီယာက ချီးမွမ်းလွန်းနေပါပြီ။ စီနီယာက ဂိုဏ်းသားတွေအပေါ် ဒီလောက်အထိ ဂရုစိုက်တာကို မြင်ရ တာ တကယ်ပဲ ကြည်ညိုစရာ ကောင်းပါတယ်…။”
လီယွမ်ဖေးက သက်ပြင်းချရင်း သူ၏ အခက်အခဲများကို လင်းဖန်အား ရင်ဖွင့်ရှာသည်။
“မောင်ရင် မသိသေးလို့ပါ၊ ငါတို့လို ဝေးလံခေါင်ဖျားတဲ့ နေရာက ဂိုဏ်းတွေအတွက် ဆေးလုံး ရရှိဖို့က အမြဲတမ်း ခက်ခဲနေတာ။ မောင်ရင်လို ဆေးဆရာမျိုးနဲ့ တွေ့ရတာ ငါတို့အတွက်တော့ တကယ့် ကံကောင်းတာပါပဲ….။”
ဆေးလုံးကိစ္စ ပြေလည်သွားသောအခါ လီယွမ်ဖေးမှာ စကားများ ဖောင်ဖွဲ့လာပြီး ချင်းယွင်ဂိုဏ်း၏ အခြေအနေများကို လင်းဖန်အား တစ်စုံတစ်ရာပင် မကျန်အောင် ရှင်းပြတော့သည်။
ချင်းယွင်ဂိုဏ်းတွင် တပည့်ပေါင်း (၂၃၆) ဦး ရှိလေ သည်။ ၎င်းတို့ထဲတွင် အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့်(၃၈) ဦးနှင့် ချီစုဆောင်းခြင်းအဆင့် (၁၉၈) ဦး ပါဝင်လေသည်။ ထိုချီစုဆောင်းခြင်းအဆင့် တပည့်များထဲမှ (၁၈) ဦးမှာ အဆင့်တက်ရန် ပြင်ဆင်နေသဖြင့် ချီစုဆောင်းခြင်းဆေးလုံး မလိုအပ်တော့ ပေ။
ကျန်ရှိသော တပည့် (၁၈၀) မှာ သူတို့၏ ဂိုဏ်းအပေါ် ပေးဆပ်မှုအပေါ် မူတည်ပြီး တစ်လလျှင် ဆေးလုံး (၅) လုံးနှုန်းဖြင့် လဲလှယ်ခွင့် ရသင့်သော်လည်း ဂိုဏ်း၏ လက်ကျန်ဆေးလုံးမှာ လောက်ငခြင်းမရှိပေ။ ထို့ကြောင့် ချင်းယွင်ဂိုဏ်းသည် ဆေးလုံးရရှိမှုကို ကန့်သတ်ထားရပြီး တစ်ဦးလျှင် တစ်လမှ တစ်လုံးသာ ဝယ်ယူခွင့် ပေးထားရသည်။
ဤအခက်အခဲကို ဖြေရှင်းရန်အတွက် ဂိုဏ်းနားတွင် ဈေးကွက်တစ်ခု ဖွင့်လှစ်ကာ အပြင်မှ ကုန်သည် များနှင့် ဆေးဆရာများကို ဆွဲဆောင်ခဲ့သော်လည်း အခြေအနေမှာ ထူးမခြား နားလှပေ။ ဆေးဆရာ ရှားပါးသဖြင့် တပည့်များ၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
ထို့အပြင် ချင်းယွင်ဂိုဏ်းက ဈေးကွက်ဖွင့်လိုက်သောအခါ အနီးနားရှိ အခြားဂိုဏ်းများကလည်း တိတ်တ ဆိတ် ဝင်ရောက်လာပြီး အရင်းအမြစ်များကို လုယူကာ ချင်းယွင်ဂိုဏ်း တပည့်များနှင့် အပြိုင်အဆိုင် ဖြစ်နေကြပြန်သည်။