အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) ဆေးလုံးလုပ်ငန်းအကြောင်း ဆွေးနွေးခြင်း
လက်ရှိတွင် ဈေးကွက်အတွင်း ချီစုဆောင်းခြင်းဆေးလုံးများ ရောက်လာတိုင်း အလွန်ပင် အရောင်း သွက်နေသည်။ လင်းဖန်သည် ဈေးထဲတွင် ဆေးလုံးများ လိုက်လံအော်ရောင်းစဉ်က တစ်ခါသာ အော် ရောင်းခဲ့ပြီး ချက်ချင်း ချက်ချင်းပြန်ထွက်လာခဲ့သည်။ သို့မဟုတ်ပါက ချီစုဆောင်းခြင်းဆေးလုံး ဝယ်ယူ လိုသည့် ကျင့်ကြံသူများ၏ ဝိုင်းအုံခြင်းကို ခံရပေလိမ့်မည်။
ဤဒေသ၏ ဆေးလုံးလိုအပ်ချက်ကို နားလည်သွားပြီးနောက် လင်းဖန်သည် သူ၏ အခွင့်အရေး ရောက် လာပြီဖြစ်ကြောင်း သိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ယခင်အတွေးကိုလည်း ပြောင်းလဲလိုက် သည်။ ဆေးလုံး အလုံး (၁၀၀၀) ကို ရောင်းရခက်မည်ဟု မည်သူပြောသနည်း။ ဤဆေးလုံးများမှာ အလွန်အရောင်းသွက်လှသည်။
အကယ်၍ အခြားဂိုဏ်းများနှင့်သာ ချိတ်ဆက်နိုင်ပါက နောက်ထပ် ဆေးလုံး(၁၀၀၀) မက ထပ်မံထုတ် လုပ်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချင်းယွင်ဂိုဏ်းသည် ဤဒေသတွင် တစ်ခုတည်းသော ဂိုဏ်း မဟုတ်ကြောင်း လီယွမ်ဖေးက ပြောခဲ့ဖူးသောကြောင့်ပင်။
*ငါ့ရဲ့ ချီစုဆောင်းခြင်းဆေးလုံး သတင်းသာ ပျံ့သွားရင်တော့ စီးပွားရေးက တဟုန်ထိုး တိုးတက်တော့ မှာပဲ….*
ဟု လင်းဖန် တွေးလိုက်သည်။
ထို့နောက် လင်းဖန်က လီယွမ်ဖေးကို ကြည့်ကာ အလွန်ဝမ်းနည်းပူဆွေးသည့် ဟန်ပန်ဖြင့် ပြောလိုက် သည်။
"စီနီယာ... ကျုပ်ရဲ့ ဆရာက ကမ္ဘာပေါ်မှာရှိတဲ့ ကျင့်ကြံသူအားလုံး ဆေးလုံးတွေကို အလွယ်တကူ သုံးစွဲ နိုင်ဖို့အတွက် ဆေးဖော်စပ်ခြင်းပညာကိုပဲ အာရုံစိုက် လေ့လာသင့်တယ်လို့ ဆုံးမခဲ့ဖူးပါတယ်။ အခု စီနီယာပြောတာကို ကြားရတော့ ကျုပ် တကယ်ပဲ ရှက်မိပါတယ်။ ကျုပ် ဒီကို စောစောစီးစီး မလာမိတာ ကျုပ်အမှားပါပဲ ဒီက မိတ်ဆွေကျင့်ကြံသူတွေကို ဒုက္ခရောက်စေခဲ့မိပြီ….။"
"စီနီယာ... ဆေးလုံးပြတ်လပ်တဲ့ ပြဿနာကို ကျုပ်ကိုသာ ယုံယုံကြည်ကြည် အပ်နှံလိုက်ပါ။ ဒီက မိတ်ဆွေတွေ ဆေးလုံး ဝဝလင်လင် သုံးစွဲနိုင်ဖို့အတွက် ကျုပ် အသက်နဲ့လဲပြီး အစွမ်းကုန် ကြိုးစား ပေးပါ့မယ်…။"
လင်းဖန်၏ ရင်နင့်ဖွယ် စကားများကို ကြားရသောအခါ လီယွမ်ဖေးမှာ အံ့အားသင့်ကာ ကြောင်တောင် တောင်ပင် ဖြစ်သွားသည်။
*ဒါက ဆေးလုံး အရောင်းအဝယ် ကိစ္စတင်လေ။ ဘာလို့ ဒီလောက်ထိ ကြီးကျယ်ခမ်းနားတဲ့ မူဝါဒတွေ ပြောနေရတာလဲ….*
"မင်း စိတ်လောနေတာကို ငါနားလည်ပါတယ် ဒါပေမဲ့ မလောပါနဲ့အုန်း။ မင်း တတ်နိုင်သလောက်ပဲ လုပ်ပါ….။"
ဟု လီယွမ်ဖေးက ပြန်ပြောသည်။
"ဒီဒေသက အရှေ့ဘက်ဒေသရဲ့ အစွန်အဖျားမှာ ရှိတယ်ဆိုပေမဲ့ အနီးအနားမှာ ဂိုဏ်းတွေ တော်တော် များများ ရှိတယ်။ အဲ့ဒီဂိုဏ်းတွေက ချီစုဆောင်းခြင်းအဆင့် တပည့်တွေရဲ့ အရေအတွက်ကလည်း ကြောက်စရာကောင်းလောက်အောင် များတယ်…။"
"မောင်ရင်.. မင်းတစ်ယောက်တည်းနဲ့ ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ ဆေးလုံးလိုအပ်ချက်ကို ပြည့်မီအောင် လုပ်ပေးနိုင်ရင်တောင် တော်တော်လေး အလုပ်များနေမှာပါ….။"
လီယွမ်ဖေးက သူ့ကို ချည်နှောင်ရန် ကြိုးပမ်းသော်လည်း လင်းဖန်က ယုံကြည်မှုအပြည့်ဖြင့် ထပ်မံ ပြော ကြားလိုက်သည်။
"စီနီယာ... ကျုပ်ကို မတားပါနဲ့တော့။ ကျုပ် ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ကစပြီး ဆေးဖော်စပ်ဖို့ကိုပဲ အချိန်ပြည့် မြှုပ်နှံထားတော့မယ်။ အကယ်၍ ကျုပ်တစ်ယောက်တည်း မလောက်ငနိုင်ဘူးဆိုရင် ကျုပ်ရဲ့ စီနီယာ အစ်ကိုတွေ အို..နောက်ဆုံး ဆရာ့ကိုပါ အကူအညီတောင်းပြီး ထွက်လာခိုင်းပါ့မယ်။ အဓိကကတော့ ဒီက ကျင့်ကြံဖော်တွေ ဆေးလုံးမရှိလို့ ဒုက္ခရောက်နေတာကို ကျုပ် မကြည့်ရက်လို့ပါ….။"
လင်းဖန်၏ စကားကြောင့် လီယွမ်ဖေး စိတ်လှုပ်ရှားသွားသည်။
*စီနီယာအစ်ကိုတွေနဲ့ ဆရာ့ကိုပါ အကူအညီတောင်းမယ် ဟုတ်လား။ ဒါဆိုရင် ရနိုင်တဲ့ ဆေးလုံးတွေက ချီစုဆောင်းခြင်းအဆင့်တင် မဟုတ်တော့ဘူးပေါ့။ ငါတို့ဂိုဏ်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် တပည့်တွေနဲ့ ငါကိုယ်တိုင်တောင် ဆေးလုံးအတွက် ပူစရာမလိုတော့ဘူးပေါ့….*
ထိုသို့ တွေးလိုက်မိပြီးနောက် လီယွမ်ဖေးက လင်းဖန်ကို ထပ်မံ တားမြစ်ခြင်းမရှိတော့ပေ။ လင်းဖန်၏ ဆရာကို တောထွက်လာစေရန်အတွက် ဆေးလုံးအော်ဒါများကိုပင် တိုးမြှင့်ပေးလိုက်သေးသည်။
"မင်းမှာ ဒီလို မြင့်မြတ်တဲ့ စိတ်ထားရှိမှတော့ ငါ ထပ်မတားတော့ပါဘူး။ ငါ့ဘက်က ကူညီပေးနိုင်တာ ရှိရင်လည်း အားမနာတမ်း ပြောပါ….။"
အခြေအနေက သူဖြစ်စေချင်သည့်အတိုင်း ဖြစ်လာသောကြောင့် လင်းဖန်က ချက်ချင်းပင် စကားဆက် လိုက်သည်။
"စီနီယာ... အမှန်အတိုင်း ပြောရရင် ကျုပ် ကူညီတောင်းချင်တာလေး တစ်ခုရှိပါတယ်။ ကျုပ် က ဒီဒေသက အင်အားစုတွေနဲ့ မရင်းနှီးတော့ ဆေးလုံးတွေကို အများအပြား မရောင်းချနိုင်သေးဘူး။ ဒါကြောင့် စီနီယာကနေတစ်ဆင့် မိတ်ဆက်ပေးစေချင်ပါတယ်…။"
"ဒါပေမဲ့ စိတ်ချပါ၊ ကျုပ်မှာရှိတဲ့ ဆေးလုံးတွေကို ချင်းယွင်ဂိုဏ်းကိုပဲ ဦးစားပေးပြီး အမြဲမပြတ် ထောက်ပံ့ပေးသွားပါ့မယ်….။"
လင်းဖန်၏ ပထမစကားကြောင့် လီယွမ်ဖေး အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း နောက် ဆက်တွဲစကားကြောင့် စိတ်သက်သာရာ ရသွားသည်။ အခြားဂိုဏ်းတပည့်များက သူ၏ဈေးကွက်ထဲ တွင် ဆေးလုံး လုဝယ်နေကြသည်ကို သူက သဘောမကျဖြစ်နေသူ ဖြစ်သည်။ သို့သော် လင်းဖန်က ချင်းယွင်ဂိုဏ်းကို ဦးစားပေးမည်ဟု ဆိုသောကြောင့် စိတ်ကျေနပ်သွားလေသည်။
အသေအချာ ပြန်စဉ်းစားကြည့်လျှင် သူနှင့် ရင်းနှီးသည့် ဂိုဏ်းအချို့ကို မိတ်ဆက်ပေးခြင်းဖြင့် မျက်နှာ သာပေးရာ ရောက်သည်ဟု လီယွမ်ဖေး ယူဆလိုက်သည်။ အကယ်၍ ဆေးလုံးလိုအပ်ချက် မြင့်တက် လာပြီး လင်းဖန်၏ ဆရာသာ တကယ်ထွက်လာခဲ့ပါက ၎င်းသည် ဤဒေသအတွက် ကောင်းချီးတစ်ခု ဖြစ်လာပေလိမ့်မည်။
"ပြဿနာမရှိပါဘူး။ ကျင့်ကြံသူတွေအတွက် အကျိုးရှိမယ့် ဒီလိုကိစ္စမျိုးကို ငါ ဝမ်းမြောက်ဝမ်းသာ ကူညီပေးမှာပါ။ ဒါက ဒီဒေသမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးအတွက် ကောင်းတဲ့အချက်ပဲ….။"
လီယွမ်ဖေး သဘောတူလိုက်သည်ကို မြင်သောအခါ လင်းဖန် အလွန်ဝမ်းသာသွားသည်။ စီးပွားရေး တိုးတက်လာပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ပိုရလာခဲ့လျှင် သူ၏ ကျင့်ကြံမှုကို အဆင့်မြှင့်ရန်အတွက် လုံလောက်ပေတော့မည်။
သို့သော် သူ၏ဆေးလုံးများနှင့် သာမန်ဆေးလုံးများ မတူညီမှုကို လင်းဖန်က ကြိုတင် ရှင်းပြထားရန် ဆုံးဖြတ်လိုက်သည်။
"စီနီယာ... ကြိုပြောထားစရာလေး တစ်ခုရှိပါတယ်။ ကျုပ် ဖော်စပ်တဲ့ ဆေးလုံးတွေက သာမန် ဆေးလုံး တွေနဲ့ နည်းနည်းတော့ ကွာခြားမှုရှိပါတယ်…။"
"အို... ဘာများ ကွာခြားလို့လဲ….။"
ဟု လီယွမ်ဖေးက နားမလည်နိုင်စွာ မေးလိုက်သည်။
"ကျုပ်ရဲ့ ဆေးလုံးတွေက သာမန်ဆေးလုံးတွေထက် အာနိသင် အများကြီး ပိုပြင်းထန်ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကလည်း အနည်းငယ်တော့ ရှိပါတယ်….။"
လင်းဖန်က ခဏစဉ်းစားပြီးနောက် အရှိအတိုင်း ဆက်ပြောပြလိုက်သည်။
"ဥပမာ- ချီစုဆောင်းခြင်းဆေးလုံး ဆိုရင် သာမန်ဆေးလုံးတွေက ကျင့်ကြံမှုကို တစ်ရက်စာပဲ တိုးတက် စေပေမဲ့ ကျုပ်ဆေးလုံးက နှစ်ရက်စာ တိုးတက်စေပါတယ်။ ကျင့်ကြံမှုနှုန်းမှာလည်း သာမန်ဆေးလုံးက တစ်ရက်အတွင်း (၅၀) ရာခိုင်နှုန်း တိုးပေးနိုင်ပေမဲ့ ကျုပ်ဆေးလုံးက နှစ်ရက် အတွင်း (၁၀၀) ရာခိုင်နှုန်း အထိ တိုးပေးနိုင်ပါတယ်…။"
"ဘေးထွက်ဆိုးကျိုးကတော့... နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ အဲ့ဒါက ဆေးသောက်ပြီးရင် လေလည်တတ်တာပါပဲ….။"
လင်းဖန်၏ စကားဆုံးသည်နှင့် ဘေးတွင်ရှိနေသော လီလဲ့ယန်က ဝါးလုံးကွဲမတတ် ရယ်မောတော့သည်။
"ဟားဟားဟား... တကယ်ပဲလား။ မိတ်ဆွေလင်းဖန်ရဲ့ ဆေးလုံးတွေက တကယ် စိတ်ဝင်စားဖို့ ကောင်း တာပဲ….။"
လီယွမ်ဖေးနှင့် လျိုယွီဝမ် ဇနီးမောင်နှံမှာမူ လီလဲ့ယန်ကဲ့သို့ မဟုတ်ဘဲ လင်းဖန်၏ စကားကို ကြားပြီး ကြောင်အသွားကြသည်။
"ဆေးအာနိသင်က သာမန်ဆေးလုံးထက် နှစ်ဆ ပိုများတယ် ဟုတ်လား။ ဒီချီစုဆောင်းခြင်းဆေးလုံးက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တာလား ညီငယ်လေး….။"
လီယွမ်ဖေးက မယုံနိုင်သကဲ့သို့ ထပ်မံ အတည်ပြုမေးမြန်းလိုက်သည်။ လျိုယွီဝမ်ကလည်း လင်းဖန်ကို အံ့သြစွာ ကြည့်ပြီး...
"ကျင့်ကြံမှု တိုးတက်မှုနှုန်းက နှစ်ဆ၊ ကျင့်ကြံတဲ့ အရှိန်နှုန်းက လေးဆတောင် မြန်တာလား။ ဒါက ဘယ် လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….။"
သူတို့၏ အံ့သြမှုကို လင်းဖန်က အခိုင်အမာ ပြန်လည် ဖြေကြားလိုက်သည်။
"စီနီယာ... ကျုပ် ပြောတဲ့ ဆေးအာနိသင်တွေ အားလုံးက အမှန်တွေပါ။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ကိုတော့ လျစ်လျူမရှုစေချင်ဘူး….။"
လီယွမ်ဖေးကမူ ဘေးထွက်ဆိုးကျိုးကို ဂရုမစိုက်တော့ဘဲ ဆေးအာနိသင်ကိုသာ အာရုံရောက်နေတော့ သည်။ သူ့အမြင်တွင် လေလည်ရုံမျှကို ဘေးထွက်ဆိုးကျိုးဟုပင် မခေါ်ထိုက်ဟု ယူဆသည်။ အာနိသင် က ထိုမျှလောက်ကောင်းနေသည်ဆိုမှတော့ လေလည်ရုံမက ပါးစပ်က လေထွက်မည်ဆိုလျှင်ပင် လက်ခံနိုင်စရာ ရှိသည်။ အင်အားကြီးသူကသာ အုပ်စိုးသည့် ဤကမ္ဘာတွင် သန်မာလာဖို့အတွက်ဆိုလျှင် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အသင့်ပင်။
"ညီငယ်လေး... ဒီချီစုဆောင်းခြင်းဆေးလုံးကို ဈေးဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲ…။"
ဈေးနှုန်းအကြောင်း မေးလာသောအခါ လင်းဖန်က ခေတ္တစဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်သည်။
"စီနီယာ... ကျုပ်ဆေးလုံးက ဘေးထွက်ဆိုးကျိုး ရှိနေပေမဲ့ အာနိသင်က အဆပေါင်းများစွာ သာလွန်တဲ့ အတွက် သာမန်ဆေးလုံးတွေရဲ့ ဈေးအတိုင်းပဲ ရောင်းချပေးပါ့မယ်…။"
ထိုစကားကို ကြားရသောအခါ လီယွမ်ဖေး၏ မျက်နှာမှာ တစ်မျိုးဖြစ်သွားသည်။ လင်းဖန်က ဈေးကိုင် တော့မည်ဟု ထင်နေစဉ်မှာပင် လီယွမ်ဖေးက ပြောလာသည်။
"ညီငယ်လေး... မင်းရဲ့ ဆေးလုံးတွေကို မူလဈေးအတိုင်း ရောင်းပေးတာက ငါတို့အတွက် တကယ့်ကို အမြတ်ကြီးပေမဲ့ မင်းက ငါ့ကို စီနီယာလို့ ခေါ်နေမှတော့ မင်းအပေါ် အခွင့်အရေးယူသလို ဖြစ်နေမှာ ငါ စိုးရိမ်တယ်။ ဒါကြောင့် သာမန်ဆေးလုံးဈေးရဲ့ နှစ်ဆနဲ့ပဲ အရောင်းအဝယ် လုပ်ကြရအောင်….။"
လီယွမ်ဖေးသည် ဈေးနှုန်းကို နှစ်ဆပေးလျှင်တောင် သူတို့ဘက်က အမြတ်ကြီးနေသေးသည်ဟု ခံစား နေရသောကြောင့် ဖြစ်သည်။