← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) ကျင့်ကြံမှုအဆင့်ကို ငွေပေးချေ၍ မြှင့်တင်ခြင်း

*ဂိုဏ်းအတွင်းက တပည့်အားလုံးသာ ကျင့်ကြံမှုအဆင့်တွေ တိုးတက်လာမယ်ဆိုရင် ငါတို့ဂိုဏ်းအနေနဲ့ အဆင့် (၄) ရှိတဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်လာဖို့ မခဲယဉ်းတော့ဘူး…။*

သို့သော်လည်း ဂိုဏ်းတစ်ခုက အနံ့ဆိုးတွေနဲ့ ညစ်ပေသွားပြီဆိုလျင် တခြားဂိုဏ်းတွေလည်း လွတ် အောင်ပြေးဖို့ မစဉ်းစားနှင့်တော့ တခြားဂိုဏ်းများအားလုံးလည်း သူတို့လိုပဲ ခံစားရမည်ပင်။

လီယွမ်ဖေးသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူသည် လင်းဖန်ထံသွားပြီး ပတ်ဝန်းကျင်ရှိ တခြားဂိုဏ်းများသို့ ချီစုဆောင်းခြင်းဆေးလုံးများ ရောင်းချနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

*ငါကိုယ်တိုင်သွားပြီး ရောင်းပေးမယ် ဘေးထွက်ဆိုးကျိုးကိုတော့ အပေါ်ယံလောက်ပဲ ပြောပြပြီး သူတို့ ဂရုမစိုက်မိအောင် လုပ်ရမယ်။ အဲ့ဒါဆိုရင် ပတ်ဝန်းကျင်က တခြားဂိုဏ်းတွေလည်း ငါတို့ဂိုဏ်းလိုပဲ အနံ့ ဆိုးတွေနဲ့ မှောင်အတိကျကုန်မှာပဲ…*

လီယွမ်ဖေးသည် ထိုသို့တွေးကာ ဂိုဏ်း၏ ဆေးသိုလှောင်ခန်းသို့ တန်းသွားလိုက်ပြီး ဆေးဘက်ဝင်အပင် အမြောက်အမြားကို ထုပ်ပိုးကာ လင်းဖန်၏ ကျင့်ကြံခြင်းဂူသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ထိုအချိန်တွင် လင်းဖန်မှာမူ ကျင့်ကြံခြင်းဂူအတွင်း၌ အပြင်ထွက်ကြည့်ရမလား မထွက်ရဘူးလား ဆိုသည်ကို တွေဝေကာ ငေးငိုင်နေမိသည်။ သူ တွေဝေနေစဉ်မှာပင် လီယွမ်ဖေး၏ အသံက ဂူအပြင်ဘက်မှ ထွက် ပေါ်လာသည်။

“ရှောင်လင်း... မင်း ကောင်းကောင်း အနားယူပြီးပြီလား။ ဆေးဖော်စပ်ဖို့အတွက် ဆေးဘက်ဝင်အပင် တချို့ ယူလာပေးတယ်…။”

လီယွမ်ဖေး၏ အသံကို ကြားရသောအခါ လင်းဖန်သည် လေသံကို အကဲခတ်ကြည့်ရာ မကျေနပ်သည့် အရိပ်အယောင် မတွေ့ရသဖြင့် စိတ်အေးသွားသည်။ ထို့နောက် ဂူတံခါးကို ဖွင့်ကာ လီယွမ်ဖေးကို အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

“ဦးလေးလီ... အချိန်ကိုက်ပဲဗျာ၊ ကြွပါ။ ကျုပ်လည်း ချီစုဆောင်းခြင်းဆေးလုံးတချို့နဲ့ အဆာရှောင် ဆေးတွေ အများကြီး ဖော်စပ်ပြီးသွားပြီ။ ဒါပေမဲ့ ဆေးဘက်ဝင်အပင်တွေ ပြတ်သွားလို့ ဦးလေးဆီမှာ ဆေးလုံးတွေနဲ့ လဲမလို့ စဉ်းစားနေတာ….။”

လင်းဖန်၏ ဆေးဖော်စပ်မှုနှုန်း အလွန်မြန်သည်ကို ကြားသောအခါ လီယွမ်ဖေး အံ့သြသွားသော်လည်း အသေးစိတ်ကိုမူ စပ်စုခြင်း မပြုခဲ့ပေ။

“ရှောင်လင်း... မင်းလည်း နည်းနည်းတော့ နားပါဦး။ ဆေးလုံးတွေပဲ ဖော်စပ်မနေပါနဲ့။ ဂူထဲမှာပဲ အမြဲ အောင်းနေတာ မကောင်းဘူးလေ။ အပြင်ထွက်ပြီး လတ်ဆတ်တဲ့ လေလေး ဘာလေး ရှူပါဦး…။”

လင်းဖန်ကတော့ လီယွမ်ဖေး၏ စကားထဲမှ ဆိုလိုရင်းကို သိသိကြီးနှင့်ပင် လျစ်လျူရှုလိုက်သည်။

*အပြင်ထွက်ရမယ် ဟုတ်လား…. လာနောက်နေတာလား။ အနံ့ဆိုးတွေ သွားရှူရမှာလား…။ ဘာကို လတ်ဆတ်တဲ့လေလဲ….။ ပုံမှန်ဆိုရင်တောင် လေထဲမှာ အီးနံ့နည်းနည်းပါတတ်တာ ဒီမနက်ဆိုရင်တော့ အီးနံ့ထဲမှာ လေနည်းနည်းပါတာမျိုး ဖြစ်နေမှာပေါ့….။*

“ဟားဟား... မလိုပါဘူး ဦးလေးရယ်။ ဆေးဖော်စပ်ရတာက ကျုပ်ဝါသနာပဲ။ ကုန်ကြမ်းတွေသာ လုံလောက်ရင် ဂူထဲမှာ ရက်အတော်ကြာအောင် နေနိုင်ပါတယ်…။”

ခေတ္တမျှ စကားစမြည်ပြောပြီးနောက် လီယွမ်ဖေးသည် မနေ့က ဝယ်ယူခဲ့သော ချီစုဆောင်းခြင်းဆေးလုံး (၁၀၀၀) အတွက် ငွေအဖြစ် ဆေးဘက်ဝင်အပင်များနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လင်းဖန်အား ပေးအပ်လိုက်သည်။

“ရှောင်လင်း... မင်းရမယ့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀၀၀) ထဲက (၁၀၀၀) ဖိုးကို ဆေးဘက်ဝင်အပင် တွေနဲ့ လဲပေးထားတယ်။ အဲ့ဒါဆိုရင် မင်းအတွက် ဝယ်ရတဲ့ ဒုက္ခမရှိတော့ဘူးပေါ့။ ပြီးတော့ မင်းအခု ဖော်ထားတဲ့ ချီစုဆောင်းခြင်းဆေးလုံးတချို့ကိုလည်း ငါ့ကိုပေးပါ။ ဒီနေ့ ရာသီဥတုက သာယာနေတော့ ပတ်ဝန်းကျင်က တခြားဂိုဏ်းတွေဆီ သွားလည်ရင်း မင်းရဲ့ ဆေးလုံးအရောင်းအဝယ်ကိစ္စကို ပြောပေး မလို့…။”

"အရောင်းအဝယ်" ဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် လင်းဖန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူဖော်စပ်ထားသည့် ကျန်ရှိသော ချီစုဆောင်းခြင်းဆေးလုံး (၆၀၀) နှင့် အဆာရှောင်ဆေး (၆၀၀) ကို ထုတ်ပေးလိုက်သည်။

“ဒါဆိုရင်တော့ အကောင်းဆုံးပဲ ဦးလေးလီ။ ဒီမှာ ချီစုဆောင်းခြင်းဆေးလုံး (၆၀၀) နဲ့ အဆာရှောင်ဆေး (၆၀၀) ပါ။ ဦးလေးလီပဲ ကူညီပြီး မိတ်ဆက်ပေးပါဦး။ ဘယ်ဂိုဏ်းကမဆို ဘယ်လောက်ပဲ လိုအပ်လိုအပ် ဦးလေးသာ လက်ခံခဲ့လိုက်ပါ။ ကျုပ် အလုံအလောက် ထောက်ပံ့ပေးနိုင်တယ်လို့ အာမခံပါတယ်..။”

ပိုက်ဆံရမည့်အရေးကို ဇောချွေးပြန်နေသည့် လင်းဖန်၏ ပုံစံကို ကြည့်ကာ လီယွမ်ဖေးက ဟားတိုက်၍ ရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့ ရှောင်လင်းရာ... မင်း ရှေ့လျှောက် တော်တော်လေး အလုပ်ရှုပ်တော့မှာပါ…။”

လင်းဖန်ကတော့ စိတ်ထဲမှ ခိုးပြုံးနေသည်။

*နောက်တာလား ဦးလေးလီရာ ကျုပ် ဆေးဖော်စပ်ရတာ ဘယ်လောက် မြန်ပြီး လွယ်တယ်ဆိုတာ ဦးလေး သိမှာမဟုတ်ဘူး။ ကျုပ်သာ အာရုံစိုက်ပြီး ဖော်စပ်မယ်ဆိုရင် ဆေးလုံးတွေကိုတောင် ထမင်းစားသလို စားပစ်လို့ ရတယ်…*

ထို့နောက် လီယွမ်ဖေးသည် ဆေးလုံးများကို ယူဆောင်ကာ ဓားပျံစီး၍ ချင်းယွင်ဂိုဏ်းမှ ထွက်ခွာသွား လေသည်။ ဓားပျံစီးသွားသော လီယွမ်ဖေးကို ကြည့်ကာ လင်းဖန် အားကျမိသည်။ သူ၏ သုံးချောင်း ထောက်စက်ဘီးက ပျံသန်းနိုင်သည်ဆိုသော်လည်း ဓားပျံစီးရသည်က ပို၍ ခန့်ညားသည်ဟု သူ ခံစား ရသည်။

ထိုအချိန်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်လိုသော လင်းဖန်၏ ဆန္ဒမှာ ပိုမို ပြင်းထန်လာသဖြင့် စနစ်ကို ချက်ချင်း ခေါ်လိုက်သည်။

“ဟေ့... အသုံးမကျတဲ့ကောင် ငါ့မှာ အခု စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိပြီ။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်ပေးစမ်း…။”

[ဒင်… သင်သည် စိတ်ဝိညာဉ်ကျောက်တုံး( ၂၀၀) ကို ပေးချေလိုက်ပါသည်။ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင်သည် ချီစုဆောင်းခြင်း အဆင့် (၃) သို့ တက်လှမ်းသွားပါပြီ။]

[ဒင်… သင်သည် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀) ကို ပေးချေလိုက်ပါသည်။ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင်သည် ချီစုဆောင်းခြင်း အဆင့် (၄) သို့ တက်လှမ်းသွားပါပြီ။] ......

[ဒင်…သင်သည် စိတ်ဝိညာဉ်ကျောက်တုံး (၈၀၀) ကို ပေးချေလိုက်ပါသည်။ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင်သည် ချီစုဆောင်းခြင်း အဆင့် (၉) သို့ တက်လှမ်းသွားပါပြီ။]

[ဒီ… စိတ်ဝိညာဉ်ကျောက်တုံး မလုံလောက်ပါ။ စိတ်ဝိညာဉ်ကျောက်တုံးများ ပိုမိုရရှိရန် ဆက်လက် ကြိုးစားပါ။]

“တောက်... ဘာလို့ ချီစုဆောင်းခြင်း အဆင့် (၉) မှာတင် ရပ်သွားရတာလဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ …၊ ပိုက်ဆံ... ငါ ပိုက်ဆံ ရှာဖို့ လိုတယ်…။”

လီယွမ်ဖေးကို ရောင်းလိုက်သော ချီစုဆောင်းခြင်းဆေးလုံး (၁၀၀၀) အတွက် မူလက စိတ်ဝိညာဉ် ကျောက်တုံး (၅၀၀၀) ရရမည် ဖြစ်သည်။ သို့သော် လင်းဖန် အပြင်ထွက်ဝယ်ရသည့် ဒုက္ခမရှိစေရန် လီယွမ်ဖေးက စိတ်ဝိညာဉ်ကျောက်တုံး (၄၀၀၀) သာ ပေးခဲ့ပြီး ကျန်သည့် (၁၀၀၀) ဖိုးကို ဆေးဘက် ဝင်အပင်များနှင့် လဲလှယ်ပေးခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ လီယွမ်ဖေး၏ စေတနာမှာ လင်းဖန်၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းမည့် အရေးကို နှောင့်နှေးသွားစေခဲ့သည်။

“ဦးလေးလီရယ်... တကယ်ပါပဲ ဆေးပင်တွေ နည်းနည်းလျှော့ပေးပြီး ကျောက်တုံးတွေ ပိုပေးလိုက်ရင် မဖြစ်ဘူးလား။ အခုတော့ (၄၀၀) လောက် လိုသွားပြီ….။”

အဆင့် (၂) မှ အဆင့် (၉) အထိ တက်ရန် (၃၅၀၀) ကုန်ကျခဲ့ရာ လင်းဖန်တွင် စိတ်ဝိညာဉ်ကျောက်တုံး (၅၀၀) သာ ကျန်တော့သည်။ အဆင့် (၉) ၏ နောက်ဆုံးအဆင့်သို့ ရောက်ရန် (၉၀၀) လိုအပ်နေသဖြင့် သူ နှမြောတသ ဖြစ်နေမိသည်။

“ထားလိုက်ပါတော့လေ…. ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင်လဲ အဆင့် တက်မှာပဲဆိုတော့ အတူတူပါပဲ။ ဦးလေးလီ ပြန်လာရင်တော့ ဆေးလုံးတွေ အများကြီး ရောင်းပြီးလောက်ပြီဆိုတော့ ပိုက်ဆံတွေ ရလာ မှာပါ….။”

ကျင့်ကြံမှုအဆင့်ကို ခေတ္တဘေးဖယ်ထားကာ လင်းဖန်သည် ဂိုဏ်းအတွင်း လှည့်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ ဂူထဲမှာပင် အကြာကြီး အောင်းနေခဲ့ရာမှ ယခုအခါ အပြင်ထွက် အပန်းဖြေရင်း ဂိုဏ်းသားများနှင့် မိတ်ဖွဲ့ရန် အချိန်တန်ပြီဟု သူ တွေးလိုက်သည်။

နောင်တစ်ချိန်တွင် ချင်းယွင်ဂိုဏ်း၌ အတော်ကြာ နေရဦးမည်ဖြစ်ရာ ဂိုဏ်းသားများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားရန်မှာ မဖြစ်မနေ လိုအပ်ပေသည်။ ဆက်ဆံရေးကောင်းရန်အတွက် လက်ဆောင်ပေးခြင်းမှာ အကောင်းဆုံး နည်းလမ်းပင်။

ထို့ကြောင့် လင်းဖန်သည် သူတွေ့သမျှ လူတိုင်းကို ပေးရန်အတွက် အဆာရှောင်ဆေး တချို့ကို ကြိုတင် ပြင်ဆင်ထားလိုက်သည်။ မည်သို့ပင်ဆိုစေ အဆာရှောင်ဆေးက ဈေးပေါပြီး ဈေးကွက်ထဲမှာ တစ်လုံးမှ စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုသာ တန်ဖိုးရှိပေသည်။ ၎င်းပြင် သူကိုယ်တိုင် ဖော်စပ်လျှင် ကျောက်တုံး တစ်ခုစာ ကုန်ကြမ်းဖြင့် အလုံး (၂၀) အထိ ရနိုင်သောကြောင့် ပေးလိုက်ရလည်း မနှမြောပေ။

ထို့နောက် လင်းဖန်သည် သူ၏ သုံးချောင်းထောက်စက်ဘီးကို စီးကာ ချင်းယွင်ဂိုဏ်းအတွင်း အေးအေး လူလူ လှည့် လည်သွားလာနေခဲ့သည်။ မကြာမီမှာပင် သူသည် ပထမဆုံးသော ချင်းယွင်ဂိုဏ်း တပည့်တစ်ဦးနှင့် တွေ့ ဆုံလိုက်ရသည်။

“နေကောင်းလား မိတ်ဆွေ။ မင်းရဲ့ နာမည်လေး သိခွင့်ရမလား….။”

တွေ့သည်နှင့် လင်းဖန်သည် စက်ဘီးကို အရှိန်မြှင့်ကာ ထိုတပည့်၏ ဘေးနားသို့ ကပ်၍ နှုတ်ဆက် လိုက်သည်။

လေ့ကျင့်ရေးကွင်းသို့ သွားရန် ပြင်နေသော ယန်ယွီသည် မျက်နှာစိမ်းတစ်ဦးကို မြင်လိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။

“ငါ့နာမည်က ယန်ယွီပါ။ မင်းက ဂိုဏ်းကို အသစ်ရောက်လာတဲ့ ဂျူနီယာညီလေးလား ဒါမှမဟုတ် ဧည့်သည်လား။ မင်းကို တစ်ခါမှ မမြင်ဖူးလို့ပါ….။”

ထိုစကားကို ကြားသောအခါ လင်းဖန်က သူ့နဖူးကို ရိုက်လိုက်ပြီး ပြုံးလျက်...

“ကြည့်စမ်း... ကျုပ်ဦးနှောက်ကတော့လေ မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ ကျုပ်အမှားပါ။ ကျုပ်က လင်းဖန်ပါ ဆေးဆရာ တစ်ယောက်ဖြစ်ပြီး မင်းတို့ဂိုဏ်းနဲ့ ဆေးလုံးအရောင်းအဝယ် လုပ်ဖို့ ရောက်နေ တာပါ…။”

လင်းဖန်က သူသည် မည်သူမည်ဝါဖြစ်ကြောင်း ပြောလိုက်သောအခါ ယန်ယွီမှာ အလွန်အံ့သြသွား သည်။

“ဗျာ… မနေ့က ဂိုဏ်းချုပ် ယူလာပေးတဲ့ ဆေးလုံးတွေက မင်း ဖော်စပ်ထားတာလား…။”

“ဟားဟား... ဟုတ်ပါတယ်ဗျာ။ ဒါနဲ့ မင်းကော အဲ့ဒီ ချီစုဆောင်းခြင်းဆေးလုံးရဲ့ အာနိသင်ကို သဘော ကျရဲ့လား….။”

လင်းဖန်က တစ်ဖက်လူဆီမှ ချီးမွမ်းစကား ကြားရမည်ဟု မျှော်လင့်ကာ မေးလိုက်သည်။

ယန်ယွီကလည်း လင်းဖန်ကို စိတ်မပျက်စေခဲ့ပါ။

“မိတ်ဆွေရဲ့ ချီစုဆောင်းခြင်းဆေးလုံးက တကယ့်ကို အံ့သြစရာပါပဲ။ ကျင့်ကြံမှု အာနိသင်က သာမန် ထက် အဆပေါင်းများစွာ သာလွန်ရုံတင်မကဘူး လူသားဘဝတုန်းက ခံစားချက်မျိုးကိုပါ ပြန်ပေးနိုင်လို့ တကယ့်ကို သဘောကျမိပါတယ်….။”

ယန်ယွီသည် ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးကို မကောင်းဟု လုံးဝ မထင်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် မနေ့ညက ခံစားခဲ့ရသော သက်တောင့်သက်သာရှိသည့် ခံစားချက်ကို သူ သဘောကျနေသည်။ သို့သော် ယန်ယွီသည် ဘေးဘီကို ဝေ့ဝဲကြည့်ပြီးနောက် လင်းဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက် သည်။

“ဒါပေမဲ့ မိတ်ဆွေ... ဒီဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက တခြားတပည့်တွေအတွက်တော့ တော်တော် လေး အဆင်မပြေဖြစ်ခဲ့ကြတယ်။ အထူးသဖြင့် စီနီယာအစ်မတွေနဲ့ ဂျူနီယာညီမလေးတွေပေါ့။ သူတို့ တွေထဲကတချို့ဆို ဒေါသထွက်ပြီး ငိုတောင်ငိုကြတယ်လို့ ကြားတယ်။ အဲ့ဒီတော့ အဲ့ဒီ စီနီယာ၊ ဂျူနီယာ အမျိုးသမီးတွေနဲ့ တွေ့ရင်တော့ နည်းနည်း သတိထားတာ အကောင်းဆုံးပဲ….။”

All Chapters