← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) ထျန်းဟော်ဂိုဏ်းသို့ ချီစုဆောင်းခြင်းဆေးလုံးများ ရောင်းချခြင်း

နားနားကပ်ပြီး ပြောလိုက်သော စကားကြောင့် လင်းဖန်တစ်ယောက် ကျောချမ်းသွားရသည်။

*ဒါက ဘယ်လိုဖြစ်တာလဲ။ သူတို့က ဆေးမသောက်ခင် ဘေးထွက်ဆိုးကျိုးအကြောင်း မသိကြဘူး လား…*

“မိတ်ဆွေ... မင်းတို့က ဘာလို့ ကြိုတင်ပြင်ဆင်မှု မရှိကြတာလဲ။ ကျုပ် ဦးလေးလီကို ဘေးထွက်ဆိုး ကျိုးအကြောင်း သေချာ ကြိုပြောထားသားပဲ…။”

လင်းဖန်၏ အံ့သြနေသော မျက်နှာပေးကို ကြည့်ပြီး ယန်ယွီလည်း အတော်လေး တုန်လှုပ်သွားသည်။

“ဘာဗျ…. ဒါဆို ဂိုဏ်းချုပ်က ကြိုသိနေတာတောင် ကျုပ်တို့ကို မပြောခဲ့ဘူးပေါ့လေ…။”

ထိုအချိန်တွင် လင်းဖန်လည်း ဦးလေးလီမှာ တော်တော်လေး အားကိုးမရမှန်း သိလိုက်ရသည်။ အဖြစ်မှန် ကို သေချာ ရှင်းမပြခဲ့သည်မှာ သူ၏အမှား ဖြစ်ပါလျက်နှင့် အခုတော့ ဆေးဖော်စပ်သူဖြစ်သော လင်းဖန် ကို အပြစ်ဖို့ခိုင်းနေခြင်း ဖြစ်သည်။

*မရဘူး... ငါတော့ အလကားနေရင်း အပြစ်အတင်မခံနိုင်ဘူး…*

“ကောင်းကင်နဲ့ မြေကြီးက သက်သေပဲဗျာ။ ဆေးဖော်စပ်သူတစ်ယောက်အနေနဲ့ ဆေးရဲ့ အာနိသင်တွေ ကို အသေးစိတ် ရှင်းပြရမှာက တာဝန်ပဲ။ ဦးလေးလီကတော့လေ တကယ်ပါပဲ၊ ဒါကို ကြိုရှင်းပြမထား ဘူး…။”

ထို့နောက် လင်းဖန်သည် အဆာရှောင်ဆေး (၅) လုံးပါသော ဆေးပုလင်းကို ထုတ်ကာ ယန်ယွီအား ပေး လိုက်သည်။

“မိတ်ဆွေ... ဒါက ကျုပ်ဖော်စပ်ထားတဲ့ အဆာရှောင်ဆေးပါ။ သာမန်ဆေးလုံးတွေထက် အာနိသင် ပိုကောင်းတယ်။ အာနိသင်က (၇) ရက်ကနေ (၁၀) ရက်အထိ ကြာရုံတင်မကဘူး သုံးစွဲသူရဲ့ အာရုံ စူးစိုက်မှုကို ကောင်းမွန်စေပြီး ကျင့်ကြံတဲ့အခါမှာလည်း ထိရောက်မှုကို နှစ်ဆ တိုးစေပါတယ်…။”

“ဒီမှာ (၅) လုံး ရှိတယ်။ မင်းအတွက် လျော်ကြေးအဖြစ် လက်ခံပေးပါ။ ပြီးတော့ မင်းရဲ့ စီနီယာတွေ၊ ဂျူနီယာတွေ အားလုံးကို ဒါဟာ ကျုပ်အမှား မဟုတ်ဘူးဆိုတာကို သေချာလေး ရှင်းပြပေးပါဦး။ မဟုတ် ရင် ကျုပ်တော့ တကယ့်ကို မတရား အစွပ်စွဲခံနေရမှာ….။”

လင်းဖန် ပေးလာသော ဆေးလုံးများကို ကြည့်ကာ ယန်ယွီ ခေတ္တတွေဝေသွားသော်လည်း နောက်ဆုံး တွင်တော့ မတွန်းလှန်နိုင်ဘဲ လက်ခံလိုက်တော့သည်။

“စိတ်ချပါ မိတ်ဆွေ။ ဂိုဏ်းသားတွေအားလုံးရှေ့မှာ ကျုပ် သေချာ ရှင်းပြပေးပါ့မယ်။ ဂိုဏ်းချုပ်က တော့ တကယ်ပါပဲ ကိုယ့်အမှားကို ဆေးဖော်စပ်သူအပေါ် ပုံချချင်နေတာပဲ…။”

ယန်ယွီ၏ စကားကို နားထောင်ခြင်းဖြင့် လင်းဖန် တစ်ခုခုကို ရိပ်မိလိုက်သည်။ ဂိုဏ်းချုပ် လီယွမ်ဖေး သည် များသောအားဖြင့် တပည့်များအပေါ် အလွန် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပုံရသည်။ သူ ထင်ထား သလို စည်းကမ်းကြီးလွန်းသည့် ဂိုဏ်းမျိုး မဟုတ်ပေ။ ထိုကဲ့သို့သော ဂိုဏ်းမျိုးတွင်သာ တပည့်ဖြစ်သူက ဂိုဏ်းချုပ်ကို ကွယ်ရာ၌ အပြစ်တင်ရဲကြမည် ဖြစ်သည်။

“မိတ်ဆွေ... ဒီအဆာရှောင်ဆေးမှာလည်း ဘေးထွက်ဆိုးကျိုး နည်းနည်းရှိတယ်ဗျ။ အဲ့ဒါကတော့ သုံးစွဲ သူကို ရာဂစိတ် ပိုကြွလာစေပြီး လှပတဲ့ မိန်းကလေးတွေကို မြင်ရင် မျက်လုံးက အလိုလို အကြည့်က ရောက်သွားတတ်တာပဲ…။”

လင်းဖန်ပြောသော ဘေးထွက်ဆိုးကျိုးကို ယန်ယွီက ဂရုမစိုက်ပါ။

“အဲ့ဒါက ဘာထူးဆန်းလို့လဲဗျာ။ လှပတဲ့ မိန်းကလေးဆိုတာ လူသားတိုင်း သဘောကျကြတာပဲ။ အလှ အပကို မြင်နိုင်တဲ့ မျက်လုံးရှိတာက သဘာဝအတိုင်း အကောင်းဆုံးအရာပဲ မဟုတ်လား…။”

လင်းဖန်သည် သူ၏ဆေးလုံးများအတွက် အသင့်တော်ဆုံးလူကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။ ဤမိတ်ဆွေ ယန်ယွီမှာ တကယ့်ကို အသေးအဖွဲကိစ္စများကို ဂရုမစိုက်တတ်သူပင်။ ချီစုဆောင်းခြင်း ဆေးလုံးနှင့် အဆာရှောင်ဆေးတို့၏ ထူးဆန်းလှသော ဘေးထွက်ဆိုးကျိုးများကိုပင်သူက ကောင်းမွန် သောအရာ ဟု တင်စားနေသေးသည်ပင်။

နောင်တွင် ဆေးလုံးအသစ်များ ရှိလာလျှင် ဤမိတ်ဆွေ ယန်ယွီကိုသာ အရင်ဆုံး စမ်းသပ်ခိုင်းရမည်ဟု လင်းဖန် ဆုံးဖြတ်လိုက်သည်။

“ဟားဟား... မိတ်ဆွေယန်က တကယ့်ကို အမြင်ကျယ်တာပဲ။ ကျုပ် တကယ်ပဲ လေးစားမိပါ တယ်…။”

လင်းဖန်နှင့် ယန်ယွီတို့ စကားပြောရင်း ချင်းယွင်ဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာခဲ့ကြ မသည်။ ထိုနေရာတွင် တပည့်အချို့ မှော်ပညာများ ကျင့်ကြံနေကြသည်။

ယန်ယွီ၏ မိတ်ဆက်ပေးမှုကြောင့် လင်းဖန် ထိုတပည့်များ၏ အခြေအနေကို သိလိုက်ရသည်။ သူတို့မှာ ချီစုဆောင်းခြင်း အဆင့် (၉) သို့ ရောက်နေကြသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ခက်ခဲနေသူများ ဖြစ်သည်။ ထို့ကြောင့် အောင်မြင်မှုရရန် မျှော်လင့်ချက်ဖြင့် မှော်ပညာ များကိုသာ ကြိုးစား၍ ကျင့်ကြံနေကြခြင်း ဖြစ်သည်။

အကယ်၍ သူတို့တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးသာ ရှိလျှင် အဆင့်တက်ရန် များစွာ အထောက်အကူ ဖြစ်မည် ဖြစ်သည်။ သို့သော်လည်း ဂိုဏ်းအတွင်း အရင်းအမြစ် ရှားပါးသဖြင့် ထိုဆေး လုံးများမှာ အလွန်ရှားပါးပြီး တန်ဖိုးကြီးလှသည်။ လီယွမ်ဖေးသည် နေရာအနှံ့ ရှာဖွေတတ်သော်လည်း ဆေးလုံးတစ်လုံး ရရန်မှာ ခက်ခဲလှပြီး ရလာလျှင်လည်း အလှည့်ကျ စားသုံးကြရသည်။

သူတို့အလှည့် ရောက်ရန်မှာ အဘယ်မျှကြာဦးမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် ဆေးလုံးကို စောင့်ရင်း မှော်ပညာများကိုသာ ကျင့်ကြံနေကြရသည်။ ဆေးလုံးမလိုဘဲ အဆင့်တက်နိုင်မည့် အံ့သြ ဖွယ်ရာမျိုးကိုလည်း မျှော်လင့်နေကြသည်။

လင်းဖန်မှာ ဆေးဖော်စပ်သူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်းက သူ့ကို အလေးထား ဆက်ဆံကြပြီး မျှော်လင့်တကြီး ကြည့်လာကြသည်။

“မိတ်ဆွေလင်း... မင်းက ဆေးဖော်စပ်သူဆိုတော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ပိုင်ဆိုင် ထားတဲ့ စီနီယာတွေအကြောင်း သိသလား…။”

လူတိုင်း၏ မျှော်လင့်နေသော အကြည့်များကို မြင်ရသောအခါ လင်းဖန်သည် ဤဒေသတွင် ဆေးလုံး များ မည်မျှ ရှားပါးသည်ကို ပို၍ နားလည်လာသည်။

“မိတ်ဆွေတို့... ကျုပ်ရဲ့ ဆရာနဲ့ စီနီယာအစ်ကိုကြီးတွေဆီမှာတော့ အဲ့ဒီဆေးလုံးတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက သူတို့က အဝေးကြီးမှာဗျ…။”

လင်းဖန် သိသည်ဟု ကြားသောအခါ သူတို့ ဝမ်းသာသွားကြသော်လည်း အဝေးကြီးမှာဟု သိလိုက်ရ သောအခါ အပြုံးများ ပျောက်ကွယ်သွားကြသည်။ ဝေးကွာနေသော ရေသည် လက်ရှိငတ်မွတ်မှုကို ဖြေဖျောက်နိုင်ခြင်းမရှိပေ။

သို့သော် လင်းဖန်၏ နောက်ထပ်စကားကြောင့် သူတို့ တစ်ဖန် အံ့သြသွားရပြန်သည်။

“ဒါပေမဲ့ မကြာခင်မှာ ကျုပ်ကိုယ်တိုင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးတွေကို ဖော်စပ် နိုင်တော့မှာပါ။ အဲ့ဒီအချိန်ကျရင် မိတ်ဆွေတို့အတွက် ကျုပ် ဖော်စပ်ပေးပါ့မယ်…။”

လင်းဖန်၏ စကားမှာ အမှန်လား၊ အမှားလား မသိသော်လည်း အနည်းဆုံးတော့ သူတို့အတွက် မျှော်လင့် ချက်ရသွားသဖြင့် ကျေးဇူးတင်စကား ဆိုကြသည်။

“တကယ်ပဲလားဗျာ…. ကျေးဇူးတင်ပါတယ် မိတ်ဆွေ။ မင်းရဲ့ ကျင့်ကြံမှုတွေ အောင်မြင်ပြီး ဒုတိယ အဆင့် ဆေးဖော်စပ်သူအဖြစ် မြန်မြန် ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်…။”

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးမှာ ဒုတိယအဆင့်ဆေးလုံး ဖြစ်သဖြင့် လင်းဖန်သည် ဒုတိယအဆင့်ရောက်လျှင် ဖော်စပ်နိုင်မည် ဖြစ်သည်။

“စိတ်ချပါ မိတ်ဆွေတို့... မင်းတို့ကို အကြာကြီး မစောင့်ခိုင်းပါဘူး….။”

လင်းဖန်၏ ကတိကို ကြားရသောအခါ ချီစုဆောင်းခြင်း အဆင့် (၉) ရှိသော တပည့်များမှာ အလွန် စိတ်လှုပ်ရှားသွားပြီး လင်းဖန်၏ ဆေးဖော်စပ်မှုအဆင့် တက်လှမ်းနိုင်ရန် သူတို့၏ ပိုင်ဆိုင်မှုအားလုံး ကိုပင် ပေးအပ်ချင်စိတ်များ ပေါက်သွားကြသည်။ သို့သော် လင်းဖန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက် သည်။

သူလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ချက်ချင်း ရောက်ချင်သော်လည်း လီယွမ်ဖေး ပြန်လာသည်အထိ စောင့်ရန် လုံလောက်ပေသည်။ သူတို့၏ အရင်းအမြစ်များကို သုံးရန် မလိုအပ်ပေ။ အဆင့် (၉) ကျင့်ကြံသူများမှာ အဆင့်တက်ရန် ဆေးဝယ်ရန်အတွက် စုဆောင်းထားသည့် ငွေကြေးအချို့ ရှိတတ်ကြသည်။

ဈေးကွက်အပြင်ဘက်က မုတ်ဆိတ်ဗလပွနှင့် လူမှာလည်း အဆင့် (၉) ဖြစ်သဖြင့် သူ၏ အိတ်ထဲတွင် စုဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များစွာ ရှိနေခြင်း ဖြစ်သည်။ ကံဆိုး စွာဖြင့် သူ အကြာကြီး စုဆောင်းထားသမျှမှာ လင်းဖန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ခေတ္တမျှ စကားပြောပြီးနောက် လင်းဖန်သည် သူတို့တစ်ဦးစီကို အဆာရှောင်ဆေးတချို့ လက်ဆောင် ပေးကာ ဆေးဖော်စပ်ရန် ပြင်ဆင်ရန်အတွက် သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။ အပန်းဖြေခြင်း ပြီးဆုံး ပြီဖြစ်ရာ အသက်မွေးဝမ်းကျောင်းဖြစ်သော ဆေးဖော်စပ်ခြင်းကို ပြန်စရမည် ဖြစ်သည်။

လင်းဖန် ဆေးဖော်စပ်ရန် ပြန်ဝင်သွားစဉ်မှာပင် လီယွမ်ဖေးမှာ အနီးအနားရှိ 'ထျန်းဟော်ဂိုဏ်း' သို့ ရောက်ရှိနေပြီဖြစ်သည်။

“ညီအစ်ကိုလီ... ဘာကိစ္စများ ရှိလို့လဲ”

လီယွမ်ဖေးကို တွေ့သည်နှင့် ထျန်းဟော်ဂိုဏ်းချုပ် 'ကော်ထျန်း' က နွေးထွေးစွာ ကြိုဆိုလိုက်သည်။

ထိုအခါ လီယွမ်ဖေးက လျှို့ဝှက်သော ပုံစံဖြင့် ပြောလိုက်သည်။

“ညီအစ်ကိုကော်... ငါ မင်းအတွက် သတင်းကောင်းတစ်ခု ယူလာတယ်။ ဒီနေ့ပြီးရင်တော့ မင်း ငါ့ကို အရက်ကောင်းကောင်းတစ်ခွက် တိုက်ရလိမ့်မယ်….။”

လီယွမ်ဖေး၏ လျှို့ဝှက်လွန်းသော ပုံစံကို ကြည့်ပြီး ကော်ထျန်းမှာ ဇဝေဇဝါ ဖြစ်နေသည်။ လီယွမ်ဖေး သည် အချိန်မဆွဲတော့ဘဲ ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်းကို ထုတ်ပေးလိုက်သည်။ ကော်ထျန်းက ဆေးပုလင်းကို ယူဖွင့်ကြည့်လိုက်ရာ ချီစုဆောင်းခြင်းဆေးလုံးမှန်း ချက်ချင်း သိလိုက်သည်။

“ညီအစ်ကိုလီရာ... ငါတို့မှာ ချီစုဆောင်းခြင်းဆေးလုံး ရှားနေတာ မှန်ပေမယ့် တစ်ပုလင်းလောက်တော့ ရှိပါသေးတယ်။ ဒီဆေးလုံး နည်းနည်းလေးက ဘာထူးဆန်းလို့လဲ။ ဒါပေမဲ့ မင်း ပေးတာဆိုတော့လည်း ငါ အားနာနာနဲ့ပဲ ယူထားလိုက်ပါ့မယ်…။”

သူ့ရှေ့တွင် မလိုချင်သလို ဟန်ဆောင်နေသော်လည်း ဆေးလုံးကိုတော့ သိမ်းချင်နေသည့် ကော်ထျန်းကို ကြည့်ပြီး လီယွမ်ဖေး စကားမပြောနိုင် ဖြစ်သွားသည်။ သို့သော် အနီးအနားက ဂိုဏ်းသားတွေဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် သိနေသဖြင့် မထူးဆန်းတော့ပေ။

“ညီအစ်ကိုကော်... ဒီဆေးလုံးတွေက မင်းကို လက်ဆောင်ပေးဖို့ မဟုတ်ဘူး။ တစ်ပုလင်းတည်းဆိုရင် ဘာမှမဟုတ်ပေမယ့် ဒီတစ်ခါ ငါ အလုံး (၆၀၀) ယူလာတယ်ဆိုရင်ကော... မင်း ဘယ်လိုထင်သလဲ…။”

“ဘာ… အလုံး (၆၀၀)ဟုတ်လား။ မင်း လမ်းသွားလမ်းလာ ဆေးဖော်စပ်သူတစ်ယောက်ကို ဓားပြတိုက် လာတာလား…။”

အလုံး (၆၀၀) ဆိုသည့် စကားကြောင့် ကော်ထျန်းမှာ များစွာ အံ့သြသွားသည်။ ဤပတ်ဝန်းကျင်ရှိ ဂိုဏ်း များ၏ ချမ်းသာကြွယ်ဝမှုကို အချင်းချင်း သိကြရာ မည်သည့်ဂိုဏ်းကမှ ဆေးလုံး (၆၀၀) ကို တစ်ပြိုင် နက်တည်း မရနိုင်ပေ။ ထို့ကြောင့် သူက ဓားပြတိုက်လာသည်ဟု ထင်ကြေးပေးလိုက်ခြင်း ဖြစ်သည်။

ထိုအခါမှ လီယွမ်ဖေးက လျှို့ဝှက်မနေတော့ဘဲ ဆေးလုံးများ၏ သတင်းအစအနကို ထုတ်ပြောလိုက် သည်။

“ဟားဟား... ညီအစ်ကိုကော်… ငါတို့ဂိုဏ်းက ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ မကြာသေးခင်ကမှ ငါတို့ ဆေးဆရာ တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ် ဒီဆေးလုံးတွေက သူ ဖော်စပ်ထားတာပဲ…။”

All Chapters