အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) အသေးစားအားဖြည့်ဆေးနှင့် အဆိပ်ဖြေဆေး
လီယွမ်ဖေးက ပုံံစံက လိမ်နေသည်မဟုတ်မှန်း မြင်သောအခါ ကော်ထျန်းမှာ ချက်ချင်းပင် စိတ်တိုသွား တော့သည်။
“ဘာလဲ... မင်းက ငါ့ကို လာကြွားနေတာလား။ ဟွန်း... ရလာတဲ့ဆေးတွေကို ဝှက်ထားရမယ့်အစား ဒီကိုလာပြီး ကြွားနေတယ်ပေါ့။ သတိထားဦးနော် မဟုတ်ရင် ငါ အကုန်လုပစ်မှာ…။”
ကော်ထျန်း၏ စိတ်တိုတိုဖြင့် ပြောလိုက်သော စကားကို ကြားရလျှင် လီယွမ်ဖေးက ဟားတိုက်ရယ်မော လိုက်သည်။
“ဟားဟား... ညီအစ်ကိုကော်… မင်း ဒီနေ့ ငါ့ကို လုလို့ရမှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ငါက မင်း ကို ပြန်လုရမှာ။ အတိအကျပြောရရင် မင်းဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို လုမှာပေါ့။ ဒီနေ့ ငါ ဒီကိုလာတာ မင်းကို ဒီဆေးလုံး (၆၀၀) ရောင်းပေးမလို့ကွ…။”
ကော်ထျန်းသည် လီယွမ်ဖေး၏ ဆေးရောင်းမည်ဆိုသော စကားကို လုံးဝမယုံကြည်ပေ။ သူက လီယွမ်ဖေး ကို လူအတစ်ယောက်လို ကြည့်လိုက်ပြီး *မင်းပြောတာ ငါယုံမယ်ထင်နေလား* ဆိုသည့် မျက်နှာပေးမျိုး လုပ်ပြနေသည်။
ကော်ထျန်း၏ အမူအရာကို နားလည်သောကြောင့် လီယွမ်ဖေးက ဆက်ပြောလိုက်သည်။
“မင်းကတော့ ငါ့ဘာသာငါ မသိမ်းထားဘဲ မင်းကို ဘာလို့ လာရောင်းတာလဲဆိုပြီး တွေးနေမှာပေါ့။ ပြီး တော့ ဆေးလုံးမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေမလားလို့လည်း သံသယဝင်နေတယ် မဟုတ်လား…”
ထိုအခါ ကော်ထျန်းက ပြန်မေးလိုက်သည်။
“အဲ့ဒါ ဟုတ်နေတယ်မလား….။”
လီယွမ်ဖေးက အချိန်မဆွဲတော့ဘဲ အကြောင်းရင်းကို တိုက်ရိုက်ရှင်းပြလိုက်သည်။
“ဟားဟား... ငါတို့ဆီမှာ ဆေးလုံးတွေ အလုံအလောက်ရှိနေလို့ မင်းကို ကူညီဖို့ စဉ်းစားမိတာပေါ့။ ဒါ့အပြင် အဲ့ဒီဆေးဖော်စပ်သူက ဆေးဖော်တာ တော်တော်လေးကို ထိရောက်မြန်ဆန်တယ်ကွ။ ငါတို့ ဂိုဏ်းအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်ရုံတင်မကဘဲ အပိုတွေကိုတောင် ရောင်းနိုင်သေး တယ်….။”
လီယွမ်ဖေး၏ ရှင်းပြချက်ကို ကြားမှ ကော်ထျန်းသည် တဖြည်းဖြည်း ယုံကြည်လာတော့သည်။
*တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် ငါတော့ လီယွမ်ဖေးကို ကျေးဇူးအကြီးအကျယ် တင်ရတော့မှာပဲ..*
ထိုသို့တွေးမိသည်နှင့် ကော်ထျန်းသည် ချက်ချင်းပင် မျက်နှာပြောင်းသွားတော့သည်။
“အို... ညီအစ်ကိုလီ ထိုင်ပါဦး။ လာ... လက်ဖက်ရည် သောက်ပါဦး။ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့သောက် တုန်းက ငါ့ဆီကဟာကို အရသာရှိတယ်လို့ မင်းပြောဖူးတယ် မဟုတ်လား။ နောက်ကျရင် မင်းအတွက် တစ်အိုး လက်ဆောင်ပေးလိုက်မယ်လေ…။”
ကော်ထျန်း၏ မျက်နှာပေးမှာ စာအုပ်၏စာမျက်နှာ လှန်လိုက်သလို မြန်ဆန်လှသဖြင့် လီယွမ်ဖေးက စိတ်ဆိုးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“ဟဲ... ပြီးခဲ့တဲ့တစ်ခေါက် ငါတောင်းတုန်းကတော့ တစ်စက်တောင် မကျန်တော့ဘူးလို့ မင်းပြောခဲ့တာ မဟုတ်လား။ အခုကျမှ ဘယ်လိုဖြစ်ပြီး ပြန်ရှိနေတာလဲ…။”
အလိမ်အညာကို လူမိသွားသော်လည်း ကော်ထျန်းက လုံးဝမရှက်ဘဲ ဆင်ခြေတွေ ထပ်ပေးပြန်သည်။
“ဟေး... ငါက ကုန်ပြီထင်နေတာပေါ့၊ ဒါပေမဲ့ ကွင်းထဲမှာ လိုက်တူးကြည့်လိုက်တော့ နောက်ထပ်တစ်အိုး သွားတွေ့တာလေ။ တိုက်ဆိုင်တယ် မဟုတ်လား….။”
မိနစ်အနည်းငယ်ခန့် အပိုစကားများ ပြောပြီးနောက် လီယွမ်ဖေးသည် နောက်ပြောင်နေခြင်းကို ရပ်လိုက် ပြီး လိုရင်းကို ပြောလိုက်သည်။
“ညီအစ်ကိုကော်... ဒီချီစုဆောင်းခြင်းဆေးလုံး (၆၀၀) ကို တစ်လုံး စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးနဲ့ ရောင်းမယ်။ တကယ့်ကို သက်သာတဲ့ ဈေးနှုန်းပဲ….။”
ကော်ထျန်း၏ မျက်နှာပျက်သွားသည်ကို မြင်သဖြင့် လီယွမ်ဖေးက ဆက်ပြောသည်။
“မလောပါနဲ့ဦး။ ဒီချီစုဆောင်းခြင်းဆေးလုံးရဲ့ အာနိသင်တွေကို ငါရှင်းပြပြီးရင် ဘာလို့ (၁၀) တုံးတန်လဲ ဆိုတာ မင်းနားလည်သွားလိမ့်မယ်…။”
ကော်ထျန်းသည် သံသယကို ထိန်းချုပ်ကာ လီယွမ်ဖေးကို ဆက်ပြောရန် အချက်ပြလိုက်သည်။
“ဒီဆေးလုံးက သာမန်ချီစုဆောင်းခြင်းဆေးလုံးထက် ပိုအစွမ်းထက်တဲ့ ဗားရှင်းပဲ။ သောက်ပြီးတာနဲ့ မင်း ရဲ့ ကျင့်ကြံမှုအဆင့်က ပုံမှန် နှစ်ရက်စာ ကျင့်ကြံမှုနဲ့ ညီမျှတဲ့အဆင့်ကို ချက်ချင်း တိုးတက်သွားမယ်။ ပြီး တော့ ကျင့်ကြံမှုနှုန်းကို နှစ်ဆ တိုးစေပြီး အဲ့ဒီအာနိသင်က နှစ်ရက်တောင် ခံတာကွ….။”
ဆေးလုံး၏ အာနိသင်အကြောင်း ကြားလိုက်ရသောအခါ ကော်ထျန်း၏ အမူအရာမှာ လီယွမ်ဖေး ပထမ ဆုံးကြားတုန်းကလိုပင် မယုံနိုင်သည့် ဖြစ်သွားသည်။
“လီအိုကြီး... ငါ့ကို မလိမ်ပါနဲ့ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရမှာလဲ…။”
ကော်ထျန်း၏ မယုံသင်္ကာမျက်နှာပေးကို ကြည့်ကာ လီယွမ်ဖေးက အခိုင်အမာ ပြောလိုက်သည်။
“ငါ့ဂိုဏ်းက တပည့်တွေ သောက်ပြီးသွားပြီ အာနိသင်က နည်းနည်းလေးတောင် ပိုမပြောထားဘူး။ ကဲ... အခုဆိုရင် ဆေးတစ်လုံးကို စိတ်ဝိညာဉ်ကျေက်တုံး(၁၀) တုံးပေးရတာ တန်တယ်လို့ မင်းမထင်ဘူး လား…။”
ကော်ထျန်းက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“တန်တာပေါ့၊ ဒီအာနိသင်မျိုးဆို ပေးရတာထက် ပိုတန်တယ်။ အလုံး (၆၀၀) လုံး ငါယူမယ်”
ထိုသို့ပြောပြီးနောက် ကော်ထျန်းသည် ဆေးလုံးများကို ချက်ချင်းရလိုသဖြင့် စိတ်ဝိညာဉ်ကျောက်တုံး များကို အလောတကြီး ထုတ်ပေးလိုက်တော့သည်။
တစ်ဖက်လူ၏ လောနေသော ပုံစံကို မြင်သဖြင့် လီယွမ်ဖေးလည်း အချိန်မဆွဲတော့ဘဲ ဆေးလုံးများကို တစ်လုံးချင်း စားပွဲပေါ်သို့ ထုတ်တင်လိုက်သည်။
“ဪ... ဒါနဲ့ မေ့တော့မလို့။ ဒီဆေးက ကောင်းတော့ကောင်းတယ် ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးလေး တစ်ခုရှိတယ်။ သောက်ပြီးရင် လေလည်ရလွယ်တယ်ကွ။ အဲ့ဒါကတော့ ကြည့်ရနည်းနည်း ရိုင်းတာပေါ့။ မင်းအနေနဲ့ ဒါကို အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်…။”
"ဘေးထွက်ဆိုးကျိုး" ဆိုသည့် စကားကို ကြားလိုက်ရသဖြင့် ကော်ထျန်း ရင်ခုန်သွားကာ ကိစ္စတွေက မရိုးရှင်းမှန်း သဘောပေါက်လိုက်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးက လေလည်ခြင်းဖြစ်သည်ဟု သိလိုက်ရသောအခါ သူ ခေတ္တ ဆွံ့အသွားသည်။
“မင်းကတော့ ငါ့ကို လန့်အောင်လုပ်နေတာပဲ….ဘာများလဲလို့။ လေလည်တာပဲဥစ္စာ အဲ့ဒါက ဘာကိစ္စ ရှိလို့လဲ။ လီအိုကြီး... အမှန်အတိုင်းပြောရရင် ဒီလိုအာနိသင်ကောင်းနေတာကို ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူးဆိုရင် ငါ့တပည့်တွေ ဆေးသောက်ရတာ အားနာနေကြမှာ စိုးလို့ပါ….။”
တစ်ဖက်လူ၏ ဂရုမစိုက်သော အမူအရာကို ကြည့်ကာ လီယွမ်ဖေး စိတ်ထဲမှ တိတ်တဆိတ် ရယ်မော လိုက်သည်။
*ကော်အိုကြီး... ငါ မင်းကို သတိပေးထားသားပဲ၊ ဂိုဏ်းထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်ရင်တော့ ငါ့ကို လာအပြစ်မတင်နဲ့ဦး။ ဒါဆိုရင်တော့ ငါ့ရဲ့ ချင်းယွင်ဂိုဏ်းက တစ်ခါက အနံ့ဆိုးတွေ ဖုံးလွှမ်းခဲ့တာကို မင်း သိသွားရင်တောင် ငါ့ကို လှောင်နိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းလည်း မကြာခင် ငါ့လိုပဲ ကြုံရတော့မှာမလို့ပဲ။ ငါတို့က ညီအစ်ကိုတွေပဲလေ ဒုက္ခအတူ သုခအတူပေါ့…*
အရောင်းအဝယ် ပြီးဆုံးသွားသောအခါ လီယွမ်ဖေးသည် ကော်ထျန်းပေးလိုက်သော အရက်ကောင်း တစ်အိုးကို ယူကာ ကျေနပ်အားရစွာဖြင့် ထျန်းဟော်ဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။ သို့သော် လီယွမ်ဖေး သည် မိမိဂိုဏ်းသို့ တန်းပြန်ခြင်း မရှိဘဲ ထျန်းဟော်ဂိုဏ်း အနီးအနားတွင်သာ လှည့်လည်နေရင်း ပွဲကြီး ပွဲကောင်းတစ်ပွဲကို စောင့်ကြည့်နေခဲ့လေသည်။
လီယွမ်ဖေး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကော်ထျန်းသည် ဂိုဏ်းအတွင်းရှိ ချီစုဆောင်းခြင်းအဆင့် တပည့်များကို စုဝေးစေပြီး ရလာသော ဆေးလုံးများကို ခွဲဝေပေးလိုက်သည်။ ထျန်းဟော်ဂိုဏ်းမှ တပည့်အများအပြားမှာ အစွမ်းထက်လှသော ချီစုဆောင်းခြင်းဆေးလုံးကို လက်ထဲတွင် ကိုင်ထားရင်း အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် လုပ်လက်စ အလုပ်အားလုံးကို ပစ်ထားခဲ့ကာ ကျင့်ကြံမှု စတင်ရန် သူတို့၏ ကျင့်ကြံခြင်းဂူများအတွင်းသို့ တန်းဝင်သွားကြလေတော့သည်။
တစ်ချိန်တည်းမှာပင် ချင်းယွင်ဂိုဏ်းမှ ရှိနေသော လင်းဖန်မှာလည်း ဆေးလုံးများ ဖော်စပ်နေဆဲ ဖြစ် သည်။ လီယွမ်ဖေး ယူလာပေးသော ဆေးဘက်ဝင်အပင်များထဲတွင် ချီစုဆောင်းခြင်းဆေးလုံးနှင့် အဆာ ရှောင်ဆေးအတွက် ကုန်ကြမ်းများသာမက ဒဏ်ရာပျောက်ဆေးဖြစ်သော 'ရှောင်ဟွမ်ဆေးလုံး' နှင့် အဆိပ်ဖြေဆေးအတွက် ကုန်ကြမ်းများလည်း ပါဝင်နေသည်။
အဆာရှောင်ဆေးနှင့် ချီစုဆောင်းခြင်းဆေးလုံးတစ်သုတ်ကို ဖော်စပ်ပြီးနောက် လင်းဖန်သည် ဆေးလုံး အသစ်များကို စမ်းသပ်ဖော်စပ်ကြည့်လိုက်သည်။ အသေးစား အားဖြည့်ဆေးနှင့် အဆိပ်ဖြေဆေးများကို ကြိုတင်ပြင်ဆင်ထားရန်မှာ အလွန်လိုအပ်သည်ဟု လင်းဖန် ယုံကြည်နေသည်။
အဘယ်ကြောင့်ဆိုသော် သူဖော်စပ်ထားသော အဆာရှောင်ဆေးနှင့် ချီစုဆောင်းခြင်းဆေးလုံးများကို သောက်သုံးထားသော ကျင့်ကြံသူများသည် နောက်ပိုင်းတွင် ထိုအားဖြည့်ဆေးနှင့် အဆိပ်ဖြေဆေးများ ကို လိုအပ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။
အဆာရှောင်ဆေး၏ ဘေးထွက်ဆိုးကျိုးမှာ ရာဂစိတ် ကြွလာခြင်းဖြစ်သည်။ ရာဂစိတ်ကြောင့် တစ်နေ့ တွင် အရိုက်ခံရနိုင်ရာ ထိုအချိန်တွင် ရှောင်ဟွမ်ဆေးလုံးက အသုံးဝင်လာမည်။ ချီစုဆောင်းခြင်းဆေးလုံး ၏ ဘေးထွက်ဆိုးကျိုးမှာ လေလည်ခြင်းဖြစ်သည်။ တစ်နေ့တွင် ပြင်းထန်သော အီးနံ့ကြောင့် အဆိပ် သင့်နိုင်ရာ ထိုအချိန်တွင် အဆိပ်ဖြေဆေးက အသုံးဝင်လာမည်။
ဤသည်ကို တွေးမိသောအခါ လင်းဖန်သည် သူကိုယ်သူ စီးပွားရေးမှာ တကယ့်ကို တော်သည်ဟု ခံစား လိုက်ရသည်။ ဤကဲ့သို့ အတွဲလိုက်ရောင်းချသည့် နည်းလမ်းမျိုးကိုတောင် စဉ်းစားမိနေသည် မဟုတ်ပါ လား။
လင်းဖန်၏ အတွေးကို သိသွားသော စနစ်က သူ၏ တက်ကြွနေသော စိတ်ဓာတ်တွေကို ရေအေးနဲ့ လောင်းချပြီး ငြှိမ်းသတ်လိုက်ပြန်သည်။
[ရှောင်ဟွမ်ဆေးလုံးနဲ့ အဆိပ်ဖြေဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေဦးမယ်ဆိုတာကိုရော ပိုင်ရှင် ထည့်စဉ်းစားပြီးပြီလား။ အဆာရှောင်ဆေးနဲ့ ချီစုဆောင်းခြင်းဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကို ကုဖို့ ဆေးရှိပေမယ့် အဲ့ဒီ ကုသတဲ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကျရင်ရော ဘာနဲ့ ကုမှာလဲ]
စနစ်၏ စကားတစ်ခွန်းက လင်းဖန်ကို ဆွံ့အသွားစေသော်လည်း သူသည် တုံ့ပြန်ရန် နည်းလမ်းကို အမြန် ရှာတွေ့သွားသည်။
“ဟဲဟဲ... အဲ့ဒါက ဘာခက်လို့လဲ။ ရှောင်ဟွမ်ဆေးလုံးနဲ့ အဆိပ်ဖြေဆေးရဲ့ ဘေးထွက်ဆိုးကျိုးအပေါ် မူတည်ပြီး တခြားဆေးလုံးတွေကို ဆက်ပြီးဖော်စပ်လို့ ရတာပဲ။ အဲ့ဒီလိုဆိုရင် နောက်ထပ် ဆေးလုံးတစ် မျိုးကိုပါ အတွဲလိုက် ထပ်ရောင်းလို့ ရသွားတာပေါ့…။”
[ အံ့မခန်းပဲ…. ပိုင်ရှင်ကတော့ တကယ်ကို ပါရမီရှင်ပဲ ဆက်လုပ်ပါ ပိုင်ရှင်]
အသုံးမကျသော စနစ်ကို လျစ်လျူရှုကာ လင်းဖန်သည် ရှောင်ဟွမ်ဆေးလုံးနှင့် အဆိပ်ဖြေဆေးများကို စတင်ဖော်စပ်တော့သည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်းမှာပင် လင်းဖန်သည် ရှောင်ဟွမ်ဆေးလုံးနှင့် အဆိပ်ဖြေဆေး ငါးသုတ်စီကို ဖော်စပ်ပြီးသွားလေသည်။
ဤဆေးလုံးနှစ်မျိုး၏ ထုတ်လုပ်မှုနှုန်းမှာလည်း ချီစုဆောင်းခြင်းဆေးလုံးနှင့် အတူတူပင်ဖြစ်ကာ တစ်သုတ်လျှင် အလုံး (၂၀) ထွက်ရှိလေသည်။ ဆေးလုံးများ ဖော်စပ်ပြီးနောက် လင်းဖန်သည် စနစ်၏ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ချက်ကို သုံးကာ ဆေးလုံးနှစ်မျိုး၏ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများ ကို စစ်ဆေးလိုက်သည်။
[ရှောင်ဟွမ်ဆေးလုံး (မြည်းတံဆိပ်) - ထိပ်တန်းအဆင့် ဆေးလုံး။
အာနိသင် - ဒဏ်ရာများကို ပျောက် ကင်းစေပြီး ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ပြန်လည် ဖြည့်တင်းပေးသည်။
ဘေးထွက်ဆိုးကျိုး - နှာခေါင်းသွေးယိုခြင်း။]
လင်းဖန်သည် ရှောင်ဟွမ်ဆေးလုံး၏ အာနိသင်ကို အတော်လေး ကျေနပ်သွားသည်။ သာမန် ရှောင်ဟွမ် ဆေးလုံးများသည် ဒဏ်ရာကိုသာ ကုသနိုင်သော်လည်း သူ၏ဆေးလုံးမှာ စိတ်ဝိညာဉ်စွမ်းအားကိုပါ ပြန် လည် ဖြည့်တင်းပေးနိုင်သဖြင့် ကျင့်ကြံသူများအတွက် အလွန်ဆွဲဆောင်မှု ရှိနေပေသည်။