← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) မီးလုံးလေးတစ်လုံးကြောင့် ဂိုဏ်းတစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားခြင်း

တကယ်တော့ တိုက်ပွဲတစ်ခုအတွင်းမှာ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားတဲ့အခါ ရှောင်ဟွမ်ဆေးလုံး တစ်လုံး သောက်လိုက်ရုံဖြင့် စွမ်းအားတစ်ဝက်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းက အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်သောအရာတစ်ခုပင်။

*ဒီရှောင်ဟွမ်ဆေးလုံးတွေကို ပိုပြီးဖော်စပ်ထားဖို့ လိုမယ်ထင်တယ်။ နောင်ကျရင် ဒါတွေက အရောင်းရ ဆုံး ဖြစ်လာမှာ အသေအချာပဲ…။*

သို့သော်လည်း ဤဆေး၏ ဘေးထွက်ဆိုးကျိုးမှာ လင်းဖန်အတွက် နည်းနည်း မျှော်လင့်မထားတဲ့ အရာ ဖြစ်နေပေသည်။ နှာခေါင်းသွေးယိုခြင်းက အဆာရှောင်ဆေးနဲ့ တွဲသုံးဖို့အတွက်ဆိုလျင်တော့ သိပ် မကောင်းလှသော ဘေးထွက်ဆိုးကျိုးတစ်ခုပင်။

အဆာရှောင်ဆေးနဲ့ ရှောင်ဟွမ်ဆေးလုံးကို တွဲသုံးလိုက်ရင် ဘာဖြစ်လာမလဲဆိုသည်ကို လင်းဖန် ကြိုပြီး စိတ်ကူးကြည့်နေမိသည်။

*ကျင့်ကြံသူတစ်ယောက်က အဆာရှောင်ဆေး သောက်လိုက်လို့ ရာဂစိတ်တွေ ကြွလာမယ်။ အဲ့ဒီတော့ နတ်သမီးလေးတစ်ပါးကို အရည်​လဲ့နေတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်မိမယ်။ နတ်သမီးလေးက ဒါကိုမြင်တော့ ဒေါသထွက်ပြီး ကျင့်ကြံသူကို ရိုက်နှက်ပြီပေါ့….။*

*အဲ့ဒီအခါ ကျင့်ကြံသူက ဒဏ်ရာသက်သာအောင် ရှောင်ဟွမ်ဆေးလုံးကို ထပ်သောက်မယ်။ အဲ့ဒီမှာတင် သူ့နှာခေါင်းက သွေးတွေ ယိုလာတော့မယ်။ အဲ့ဒါကို နတ်သမီးလေး မြင်သွားတဲ့အခါကျရင်….*

*ငါ့ကိုကြည့်ပြီးတော့တောင် နှာခေါင်းသွေးယိုရသလား… ဆိုပြီးတော့ အရင်ထက် ပိုပြင်းပြင်းထန်ထန် အရိုက်ခံရဖို့ပဲ ရှိတော့တယ်…။*

*တကယ်လို့ ဆေးလုံးအမျိုးမျိုးကို ပေါင်းစပ်သုံးစွဲမယ်ဆိုရင် ရှောင်ဟွမ်ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုး ဟာ အဆာရှောင်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ပိုပြီး သိသာထင်ရှားလာမှာပဲ…။*

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းဖန်က ထိုအရာကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူကိုယ်တိုင် စားမည်မှမဟုတ်တာ။ သူ့ကို ထိခိုက်မှုမရှိသရွေ့ အဆင်ပြေပါသည်။

ထို့နောက် သူသည် အဆိပ်ဖြေဆေး ကိုလည်း စမ်းသပ်စစ်ဆေးကြည့်လိုက်သည်။

[အဆိပ်ဖြေဆေး (မြည်းတံဆိပ်) - ထိပ်တန်းအဆင့် ဆေးလုံး။

အာနိသင် - ခန္ဓာကိုယ်အတွင်းရှိ အဆိပ် အတောက်များကို ဖယ်ရှားပေးပြီး ဆိုးကျိုးသက်ရောက်မှုများကို ပယ်ဖျက်ပေးနိုင်သည်။ ]

ဘေးထွက်ဆိုးကျိုး - အဆိပ်အတောက်များ စွန့်ထုတ်သည့်ပုံစံမှာ ပုံသေမရှိပါ (အန်ခြင်း၊ ဝမ်းသွားခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်သည်)။]

အဆိပ်ဖြေဆေး၏ ဘေးထွက်ဆိုးကျိုးကို ကြည့်ပြီးနောက် အဆိပ်မဖြေသည် ကမှ ပိုကောင်းဦးမည် ဟုပင် လင်းဖန် တွေးမိသွားသည်။

အဆိပ်ဖြေဆေးသည် ဆိုးကျိုးသက်ရောက်မှုတွေကို ဖယ်ရှားပေးနိုင်တာကလွဲလျင် ကျန်တာက သိပ်ပြီး ထူးထူးခြားခြား တိုးတက်လာခြင်းမျိုး မရှိဘူးဟု လင်းဖန် ခံစားရသည်။ သို့သော် ၎င်း၏ ဘေးထွက်ဆိုး ကျိုးမှာမူ ချီစုဆောင်းခြင်းဆေးလုံးထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။

*ငါက ချီစုဆောင်းခြင်းဆေးလုံးကြောင့် ဖြစ်တဲ့ အီးနံ့အဆိပ်ကို ဒီအဆိပ်ဖြေဆေးနဲ့ ဖြေဖို့တောင် စဉ်းစားမိသေးတယ်။ အီးနံ့ကိုတော့ ငါ သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ အဆိပ်ဖြေဖို့အတွက် ဝမ်းသွားနေရ တာမျိုးကျတော့လည်း မဟုတ်သေးဘူးလေ….။*

အဆိပ်ဖြေဆေးမှာ သိပ်ရောင်းကောင်းမည်မဟုတ်ဟု ထင်ရလေသည်။

ရှောင်ဟွမ်ဆေးလုံးနှင့် အဆိပ်ဖြေဆေးတို့၏ ဘေးထွက်ဆိုးကျိုးများကို နားလည်သွားပြီးနောက် လင်းဖန် သည် အဆိပ်ဖြေဆေးဖော်စပ်ခြင်းကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်သည်။

သူသည် အဆာရှောင်ဆေး၊ ချီစုဆောင်းခြင်းဆေးလုံးနှင့် ရှောင်ဟွမ်ဆေးလုံး သုံးမျိုးအပေါ်၌သာ အာရုံ စိုက်လိုက်တော့သည်။ ဤဆေးသုံးမျိုး၏ အရောင်းမှာ သူ့အတွက် စိတ်ဝိညာဉ်ကျောက်တုံး အမြောက် အမြား ယူဆောင်လာပေးမည်ဟု သူ ယုံကြည်နေသည်။

လင်းဖန် ဆေးဖော်စပ်နေစဉ်မှာပင် အဝေးတစ်နေရာရှိ ထျန်းဟော်ဂိုဏ်း၌ ချီစုဆောင်းခြင်းအဆင့် တပည့်များသည်လည်း ဆေးလုံးများကို သောက်သုံးကာ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက် သွားကြပြီဖြစ်သည်။

ထိုအချိန်တွင် ချီစုဆောင်းခြင်းဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများမှာ တဖြည်းဖြည်း စတင်အစွမ်းပြ လာတော့သည်။

ချင်းယွင်ဂိုဏ်းနှင့် မတူသည်မှာ ထျန်းဟော်ဂိုဏ်းချုပ်မှာ အနည်းငယ် ပို၍ အားကိုးရခြင်းပင်။ သူသည် တပည့်များကို ဆေးလုံးဝေပေးစဉ်ကပင် ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိနိုင်ကြောင်း ကြိုတင်ပြော ပြထားခဲ့သည်။ သို့သော်လည်း ကြိုသိထားသည့်တိုင်အောင် ထျန်းဟော်ဂိုဏ်းတပည့် အများစုမှာ ၎င်းကို သိပ်ပြီး အလေးမထားခဲ့ကြပေ။

'ရှောင်ယန်' သည် ထျန်းဟော်ဂိုဏ်းမှ ချီစုဆောင်းခြင်း အဆင့် (၈) ရှိသော တပည့်တစ်ဦး ဖြစ်သည်။ ဂိုဏ်းချုပ် ယူလာပေးသော ဤချီစုဆောင်းခြင်းဆေးလုံးမှာ သူ့အတွက်တော့ ဝမ်းသာစရာ အံ့သြမှုတစ်ခု ပင်။ သူသည် အဆင့် (၉) သို့ တက်လှမ်းရန် နီးစပ်နေသူဖြစ်ရာ ဤကဲ့သို့ အစွမ်းထက်သော ဆေးလုံးကို ရလိုက်သဖြင့် အတိုင်းမသိ စိတ်လှုပ်ရှားနေမိသည်။

ထို့ကြောင့် ဆေးရရခြင်းမှာပင် သူသည် သူ၏ကျင့်ကြံခြင်းဂူတံခါးကို ပိတ်ကာ အဆင့် (၉)သို့ မရောက် မချင်း အပြင်မထွက်တော့ရန် ဆုံးဖြတ်ပြီး ဂူအောင်းနေလိုက်တော့သည်။ ဆေးကို သောက်သုံးပြီး နောက် အာနိ သင်ကို ခံစားလိုက်ရသောအခါ အဆင့် (၉) သို့ ရောက်ရန်မှာ လက်တစ်ကမ်းအလိုသာ ရှိတော့ကြောင်း သူ သဘောပေါက်လိုက်သည်။

စိတ်လှုပ်ရှားလွန်းသဖြင့် သူသည် ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးကို လုံးဝ ဂရုမစိုက်မိတော့ပေ။ ဆက် တိုက်ထွက်ပေါ်နေသော လေလည်သံများကလည်း သူ၏ ကျင့်ကြံမှုအခြေအနေကို မနှောင့်ယှက်နိုင်ခဲ့ ပေ။ သူ၏ အမြင်တွင် အဆင့် (၉) ရောက်ရန် ဆွဲဆောင်မှုနှင့် နှိုင်းယှဉ်ပါက ဤအသေးအဖွဲကိစ္စမှာ ဘာ မျှမဟုတ်တော့ပေ။

နောက်ဆုံးတွင်တော့ အချိန်မည်မျှ ကြာသွားသည်မသိ ခန္ဓာကိုယ်အတွင်းရှိ အဟန့်အတားများ ပွင့်ထွက် သွားပြီး ရှောင်ယန်သည် အဆင့် (၉) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

“ဟားဟားဟား... ချီစုဆောင်းခြင်း အဆင့် (၉)ကွ…။ ငါ ရှောင်ယန်တစ်ယောက် နောက်ဆုံးတော့ ချီ စုဆောင်းခြင်းအဆင့်ရဲ့ နောက်ဆုံးခြေလှမ်းကို ရောက်ခဲ့ပြီ။ နောက်ဆိုရင်တော့ ငါ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအတွက် ပြင်ဆင်ရတော့မယ်….။”

အဆင့် (၉) သို့ ရောက်သွားသော ရှောင်ယန်မှာ ပျော်လွန်းသဖြင့် ကခုန်နေမိသည်။ စိတ်လှုပ်ရှားမှုတွေ အနည်းငယ် ငြိမ်သက်သွားသောအခါမှ ဂူအတွင်း၌ အသက်ရှူရ ကျပ်နေပြီး အော်ဂလီဆန်စရာ အနံ့ဆိုး များ ပြည့်နှက်နေသည်ကို သူ သတိထားမိတော့သည်။

ဂူအတွင်းက မြင်ကွင်းကို ကြည့်ရင်း ဂိုဏ်းချုပ် ပြောပြခဲ့သော ဘေးထွက်ဆိုးကျိုးကို ရှောင်ယန် သတိရ သွားသည်။

“ဝိုး... ဒီချီစုဆောင်းခြင်းဆေးလုံးက တကယ် အစွမ်းထက်တာပဲ ထွက်လာတဲ့ အီးနံ့တောင်မှ ဒီလောက် ပြင်းထန်ရသလား….။”

“ဒါပေမဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်တော့မယ့် ငါ့အတွက်တော့ ဒါက ဘာမှ မဟုတ်ပါဘူး….။”

“ငါ အဆင့် (၉) ရောက်ပြီဆိုတော့ ငါ့ရဲ့ မှော်ပညာ စွမ်းအားတွေ တိုးလာလားဆိုတာကို စမ်းကြည့်ရ အောင်..။”

ထို့နောက် ရှောင်ယန်သည် လက်ထဲတွင် မီးလုံးတစ်လုံးကို ဖန်တီးကာ ဂူအတွင်းရှိ မြူခိုး (အီးနံ့) များကို မီးဖြင့် လောင်ကျွမ်းဖယ်ရှားရန် ပြင်လိုက်သည်။ ကံမကောင်းစွာဖြင့် ရှောင်ယန်မှာ ချင်းယွင်ဈေးကွက် တွင် ဖြစ်ပျက်ခဲ့သော အခြေအနေကို မသိခဲ့ပေ။ သိခဲ့ပါက ဤကဲ့သို့သော မဆင်မခြင် အပြုအမူမျိုးကို လုံးဝ လုပ်မိမည် မဟုတ်ပေ။

ရှောင်ယန်၏ လက်ထဲတွင် မီးလုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂူတစ်ခုလုံး ပြည့်နှက်နေသော မြူခိုး များသည် မီးနှင့်ထိပြီး ချက်ချင်း ပေါက်ကွဲပြီး ထတောက်တော့သည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့် အတူ မီးတောက်များမှာ ဂူ၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားသည်။ ထို့ပြင် ဂူတံခါးကို ပိတ်ထားသဖြင့် ပေါက် ကွဲအားမှာ ပို၍ပင် ပြင်းထန်သွားရလေသည်။

'ဝုန်း' ဆိုသော မြည်ဟီးသံကြီးနှင့်အတူ ရှောင်ယန်၏ ကျင့်ကြံခြင်းဂူမှာ ပေါက်ကွဲထွက်သွားသည်။ ဂူဝ ပွင့် ထွက်သွားပြီးနောက် အတွင်းမှ မီးတောက်များမှာ အပြင်သို့ လျှံထွက်လာကာ ဆက်တိုက် ပေါက်ကွဲမှု များကို ဖြစ်ပေါ်စေတော့သည်။

အမှန်တော့ တပည့်အားလုံးက ရှောင်ယန်ကဲ့သို့ ဂူထဲမှာပဲ အနံ့တွေကို သိမ်းထားကြခြင်း မဟုတ်ပေ။ အများစုကတော့ ချင်းယွင်ဂိုဏ်းက တပည့်များကဲ့သို့ပင် မှော်ပညာကိုသုံးပြီး အနံ့တွေကို ဂူအပြင်ဘက် သို့ မှုတ်ထုတ်ထားကြခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ထျန်းဟော်ဂိုဏ်း တစ်ဂိုဏ်းလုံးမှာ ဂူအသီးသီးမှ ထွက်လာသော အနံ့ဆိုးများဖြင့် ပြည့်နှက်နေခဲ့သည်။

အဆိုပါ အနံ့ဆိုးများက အတိုင်းအတာတစ်ခုအထိ စုမိသွားသောအခါ ရှောင်ယန်၏ ဂူမှ ထွက်လာသော မီးတောက်များနှင့် ထိတွေ့မိပြီး ချက်ချင်းပင် ပေါက်ကွဲမှုကြီး ဖြစ်သွားတော့သည်။ ဤပေါက်ကွဲမှုသည် ကွင်းဆက်တုံ့ပြန်မှုတစ်ခုလို ဖြစ်သွားကာ ထျန်းဟော်ဂိုဏ်း တစ်ဂိုဏ်းလုံး ရုတ်တရက်ဆိုသလို စစ်တလင်းတစ်ခုကဲ့သို့ မီးတောက်များဖြင့် ဖုံးလွှမ်းသွားရတော့လေသည်။

ဂူထဲ၌ အောင်းနေကြသော တပည့်တချို့မှာလည်း အနံ့များထွက်အောင် တံခါးကို အနည်းငယ် ဟထား ကြရာ အပြင်က မီးတောက်များက ထိုဟနေသော ဂူတံခါးမှတစ်ဆင့် အတွင်းသို့ တိုက်ရိုက် ဝင်သွား တော့သည်။ တခြားတပည့်များ၏ ကျင့်ကြံခြင်းဂူများလည်း မလွတ်ခဲ့ဘဲ အတိုင်းအတာအမျိုးမျိုးဖြင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အဆိုးဆုံး ထိခိုက်ရသူများမှာ ရှောင်ယန်ကဲ့သို့ပင် ဂူတံခါးကို အစကတည်းက ပိတ်ထားခဲ့သူများ ဖြစ် သည်။ ထိုသူတို့၏ ဂူအတွင်းက အနံ့ဆိုး ပမာဏမှာ ရှောင်ယန်ထက် မလျော့ပေ။ အပြင်မှ ပေါက်ကွဲသံ ကို ကြားသောအခါ ဘာဖြစ်သလဲဆိုသည်ကို စပ်စုရန်အတွက် ဂူတံခါးကို ဖွင့်ကြည့်လိုက်ရာမှ မီးတောက်များ ဝင်လာပြီး ဂူအတွင်းမှာတင် ပေါက်ကွဲမှု ဖြစ်ကုန်ကြခြင်း ဖြစ်သည်။

ထျန်းဟော်ဂိုဏ်းချုပ် ကော်ထျန်းသည် ဂိုဏ်းအတွင်းက အခြေအနေကို သိရှိသွားသော်လည်း သူ၏ မြင့်မားလှသော ကျင့်ကြံမှုအဆင့်ဖြင့်ပင် ဤအခြေအနေကို မတတ်နိုင် ဖြစ်နေရသည်။ ထျန်းဟော်ဂိုဏ်း သား အများစုမှာ မီးဓာတ်မှော်ပညာကို ကျင့်ကြံကြသူများ ဖြစ်သည်။ မီးရှို့ရာတွင် ပထမတန်းစား ဖြစ်သော်လည်း မီးငြှိမ်းသတ်ရာတွင်မူ အသုံးမကျ ဖြစ်နေကြရသည်။

အချိန်အတန်ကြာပြီးနောက်တွင်မှ ပေါက်ကွဲမှုများ ရပ်တန့်သွားသည်။ ထိုအချိန်တွင် ထျန်းဟော်ဂိုဏ်း အတွင်း အနံ့ဆိုးများ မရှိတော့သော်လည်း တစ်ဂိုဏ်းလုံးမှာတော့ ပရမ်းပတာ ဖြစ်နေခဲ့သည်။ တပည့် များ၏ ကျင့်ကြံခြင်းဂူ အနည်းငယ်သာ နဂိုအတိုင်း ကျန်ရစ်ပြီး ကျန်ရှိသမျှမှာ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ဒဏ်ကို အနည်းနှင့်အများ ခံလိုက်ကြရသည်။

ဂိုဏ်း၏ စိတ်ပျက်ဖွယ် မြင်ကွင်းကို ကြည့်ကာ ကော်ထျန်းသည် မျက်နှာပျက်ပျက်ဖြင့် လီယွမ်ဖေးကို လှမ်း၍ ကျိန်ဆဲနေတော့သည်။

“လီယွမ်ဖေး... မင်းကတော့ တကယ့်ကို လူယုတ်မာပဲ။ မင်း ဒီလောက် စေတနာကောင်းပြနေကတည်း က ငါ သိရမှာ။ အခုတော့ မင်းက ငါ့ကို ဒီမှာ ပွဲကြမ်းခိုင်းထားတာကိုး….။”

“မင်း စောင့်နေလိုက်ဦး၊ နောက်တစ်ခါ တွေ့ရင်တော့ မင်းကိုလည်း မီးကင်ခံရတဲ့ အရသာမျိုး ခံစား ရအောင် ငါ လုပ်ပေးမယ်…။”

ဂိုဏ်းအတွင်း ပေါက်ကွဲမှုကြောင့် သေကျေဒဏ်ရာရသူ မရှိခဲ့သော်လည်း ဤအဖျစ်အပျက်က တကယ့် ကို အရှက်ရစရာ ဖြစ်နေခဲ့သည်။ အကယ်၍ တခြား မိတ်ဆွေဟောင်းတွေသာ ဤသည်ကို သိသွားလျင် သူ့အား ဘယ်လောက်တောင် လှောင်နေကြမည်နည်း။

နောင်တချိန်ကျလျင် စကားများကြသောအခါ၌ သူ ဘာပဲပြောပြော တစ်ဖက်လူက “မင်းတို့ဂိုဏ်းက တစ်ခါက အီးနံ့တွေနဲ့ ပေါက်ကွဲဖူးတယ် မဟုတ်လား” လို့ ပြန်ပြောလာရင် သူ ဘယ်လိုမှ ပြန်လည်၍ ချေပနိုင်တော့မည် မဟုတ်တော့ပေ။

ထိုအချိန်တွင် ထျန်းဟော်ဂိုဏ်းအနီးရှိ အမှောင်ရိပ်ထဲ၌ ပုန်းနေသည့် လီယွမ်ဖေးမှာမူ ပေါက်ကွဲသံ ကြီး ကို ကြားလိုက်ရသဖြင့်...

“ဟာ... ဒါ ဘယ်လိုဖြစ်တာလဲ။ အခြေအနေက ရှုပ်ရှုပ်ယှက်ယှက် ဖြစ်ရုံပဲ မဟုတ်ဘူးလား။ အခုတော့ စစ်တလင်းကြီးတစ်ခုလို ဖြစ်ကုန်ပါလား….။”

All Chapters