← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) ကောင်းကင်မှ ရွာကျလာသော အနံ့ဆိုးမိုးများ

ကော်ထျန်း ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ လီယွမ်ဖေးနှင့် တိုက်ခိုက်ပြီး သူ၏ ဒေါသကို ဖွင့်ထုတ်ရန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဂိုဏ်းအတွင်းရှိ တပည့်များကို မပတ်သက်စေချင်သည် မှာ သဘာဝပင်။

အပြင်ဘက်မှ ကော်ထျန်း၏ အော်ဟစ်သံကို ကြားရသောအခါ လီယွမ်ဖေးသည် သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူသည် ဟားတိုက်ရယ်မောပြီးနောက် ဓားပျံကိုစီးကာ ကော်ထျန်းရှိရာသို့ ပျံသန်း သွားလိုက်သည်။

“ကော်အိုကြီး... ငါတို့ ခုလေးတင် တွေ့ပြီးတာကို မင်းက ငါ့ကို လွမ်းနေပြန်ပြီလား။ ဂိုဏ်းအထိတောင် လိုက်လာတယ်ဆိုတော့လေ…။”

“အပိုတွေ ပြောမနေနဲ့…။ မင်းကို ရိုက်ပြီး ငါ့ဂိုဏ်းသားတွေရဲ့ ဒေါသကို ဖြေဖျောက်ပေးရမယ်…။”

“ဟားဟား... ဘယ်သူက ဘယ်သူ့ကို ရိုက်မလဲဆိုတာ ပြောဖို့ စောပါသေးတယ်။ မင်းရဲ့ မိန်းမရော စစ်တပ်ပါ ဆုံးရှုံးမသွားအောင်သာ သတိထားစမ်းပါ…။”

ထို့နောက်တွင်တော့ ကော်ထျန်းနှင့် လီယွမ်ဖေးတို့ တိုက်ပွဲစတင်ကြတော့သည်။ သူတို့နှစ်ဦးစလုံးသည် ရွှေအမြုတေအဆင့် အလယ်အလတ်ပိုင်း ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့၏ ပြင်းထန်လှသော မှော်စွမ်းအားများကြောင့် ကောင်းကင်က တိမ်တိုက်များပင် တုန်ခါသွားရလေသည်။

အစပိုင်းတွင် သူတို့နှစ်ဦးစလုံး ပြင်းထန်သော မှော်ပညာများကို မသုံးကြသေးဘဲ အပြန်အလှန် စမ်းသပ် တိုက်ခိုက်နေကြသည်။ ကော်ထျန်းသည် လီယွမ်ဖေး၏ မျက်နှာကို တိုက်ရိုက် ဦးတည်ကာ ‘မီးနဂါး နည်းစနစ်' ဖြင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။

ပြေးဝင်လာသော မီးနဂါးကို မြင်သော်လည်း လီယွမ်ဖေးက တည်ငြိမ်စွာဖြင့် ရေနဂါးတစ်ကောင်ကို ဖန်တီးကာ တုံ့ပြန်လိုက်သည်။ နောက်ဆုံးတွင် မီးနဂါးနှင့် ရေနဂါးတို့ ထိပ်တိုက်တွေ့ကြတော့သည်။ မီးနဂါးမှာ ငြိမ်းသတ်ခံလိုက်ရပြီး ရေနဂါးမှာလည်း မီးနဂါး၏ အပူရှိန်ကြောင့် ရေနွေးငွေ့များအဖြစ် အငွေ့ပျံကာ ကောင်းကင်သို့ တက်သွားတော့သည်။

ထိုရေနွေးငွေ့များသည် ကောင်းကင်က တိမ်တိုက်ကြီးကို ပေါက်ကွဲစေမည့် နောက်ဆုံးလက်ကျန် အကြောင်းရင်း ဖြစ်သွားလိမ့်မည်ကို လီယွမ်ဖေး သတိမထားမိခဲ့ပါ။ ရေနွေးငွေ့များ ပေါင်းစပ်သွားသည် နှင့် ကောင်းကင်က တိမ်တိုက်ကြီးမှာ ချက်ချင်းပင် လှုပ်ခတ်လာတော့သည်။

“ဟားဟားဟား... ကော်အိုကြီး မင်းလည်း သိပ်မစွမ်းလှပါလား။ မင်းရဲ့ မှော်ပညာက အားနည်းလိုက် တာ ထမင်းစားမလာရသေးဘူးလား…။”

“ဟွန်း... မင်းလည်း အတူတူပါပဲ။ ဒီလောက်ကြာသွားတာတောင် မင်းရဲ့ မှော်စွမ်းအားက နည်းနည်း လေးမှ တိုးတက်မလာဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်ကအတိုင်းပဲ…။”

သူတို့နှစ်ဦး အပြန်အလှန် စကားများနေစဉ်မှာပင် မျက်နှာပေါ်သို့ မိုးရေစက်များ ကျလာသည်ကို ခံစား လိုက်ရသည်။

“ဟင်…. မိုးရွာတာလား။ အဲ... ဘာလို့ မိုးရေက အစိမ်းရောင် ဖြစ်နေတာလဲ….။”

လီယွမ်ဖေး မျက်နှာပေါ်က မိုးရေကို တို့ကြည့်ကာ မျက်လုံးရှေ့တွင် ကြည့်လိုက်ပြီးနောက်...

“အု... နံလိုက်တာ.. အု...။”

ကော်ထျန်းသည်လည်း သူ၏ မျက်နှာပေါ်က မိုးရေကို အနံ့ခံကြည့်လိုက်ပြီး လီယွမ်ဖေးကဲ့သို့ပင် ပျို့အန် လာတော့သည်။ သို့သော် ဤသည်က အစပဲ ရှိပါသေးသည်။ သူတို့နှစ်ဦး ပျို့အန်နေစဉ်မှာပင် ကျဲကျဲ ပါးပါး ကျနေသော မိုးစက်များမှာ ရုတ်တရက်ပင် သည်းထန်စွာ ရွာချလာတော့သည်။

သည်းထန်လှသော မိုးကြောင့် သူတို့၏ အဝတ်အစားများမှာ စိုရွှဲကုန်ပြီး အိမ်သာကျင်းထဲ ကျသွားသလို မျိုး တစ်ကိုယ်လုံး နံစော်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးမှာ အစွမ်းထက်သော မှော်စွမ်းအားများ ရှိကြသဖြင့် မိုးရေများ မထိအောင် မိမိတို့ကိုယ်ကို မှော်ဒိုင်းများဖြင့် ချက်ချင်းပင် ကာကွယ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သန့်စင်ခြင်းမှော်ပညာများကို သုံးကာ တစ်ကိုယ်လုံးက အနံ့အသက်များကို ဖယ်ရှားလိုက်ကြရသည်။

“လီအိုကြီး... မင်း ဘယ်လို စုန်းပညာမျိုးကို သုံးနေတာလဲ။ ရန်သူကို သတ်ဖို့ ကိုယ့်ကိုယ်ကိုယ်ပါ သေတွင်းထဲ ခုန်ဆင်းလိုက်တာလား။ တကယ် ရွံစရာကောင်းလိုက်တာ….။”

ကော်ထျန်းက ဤမိုးသည် လီယွမ်ဖေး သုံးလိုက်သော မှော်ပညာတစ်ခုဟု ထင်နေသဖြင့် ဒေါသတကြီး အပြစ်တင်တော့သည်။ သို့သော် လီယွမ်ဖေးကိုယ်တိုင်လည်း ဤမိုးမှာ ဘာကြောင့် ရွာလာမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေသည်။

သို့သော်လည်း ရင်းနှီးနေသော အနံ့ဆိုးကြီးကို ရလိုက်သောအခါ ဤကိစ္စမှာ ချီစုဆောင်းခြင်းဆေးလုံး နှင့် ပတ်သက်နေနိုင်ကြောင်း လီယွမ်ဖေး ရိပ်မိသွားသည်။

“ကော်အိုကြီး... ငါ ဒီနေ့ လုပ်စရာတွေ ရှိသေးတယ် နောက်မှပဲ တွေ့ကြတာပေါ့။ သွားပြီဟေ့….။”

ထိုသို့ပြောပြီးနောက် လီယွမ်ဖေးသည် ဂိုဏ်းအတွင်းသို့ အမြန် ပြန်ဝင်သွားတော့သည်။ မိုးရွာသွန်းနေ သည့် အတိုင်းအတာအရ သူတို့ဂိုဏ်းတစ်ခုလုံး စိုရွှဲနေလောက်ပြီ ဖြစ်သဖြင့် အမြန်ဆုံး အဖြေရှာရန် လိုအပ်နေသည်။

ကော်ထျန်းသည်လည်း လီယွမ်ဖေး ဂိုဏ်းထဲ ပြန်ဝင်သွားသည်ကို မြင်သောအခါ ထိုနေရာတွင် ဆက်မ နေချင်တော့ပေ။ မျက်နှာပေါ်က အနံ့ကို ပြန်တွေးမိတိုင်း ပျို့အန်ချင်လာသဖြင့် အိမ်ပြန်ပြီး အမြန် ရေချိုး ရန်သာ စဉ်းစားတော့သည်။ လောလောဆယ်တွင် ချင်းယွင်ဂိုဏ်းနှင့် ဝေးဝေးနေသည်က အကောင်းဆုံး ဖြစ်ကြောင်း သူ ဆုံးဖြတ်လိုက်သည်။

ချင်းယွင်ဂိုဏ်းအတွင်း၌မူ တပည့်အများအပြားမှာ ဂူအပြင်ဘက်တွင် အနံ့ဆိုးမိုးများ ရွာနေသည်ကို မသိ ကြဘဲ ကျင့်ကြံနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အနံ့ဆိုးမိုး စိုရွှဲခြင်းဒဏ်မှ ကံကောင်းစွာ လွတ်မြောက်ခဲ့ကြသည်။

သို့သော်လည်း အမြဲတမ်းတော့ ပုန်းနေ၍ မရနိုင်ပေ။ အနံ့ဆိုးမိုးများသည် မြေကြီးပေါ်သို့ ရောက်ရှိပြီး စိမ့်ဝင်သွားခဲ့ပြီ ဖြစ်သည်။ မိုးတိတ်သွားသည့်တိုင်အောင် မြေကြီးပေါ်က အီးနံ့ဆိုးကြီးမှာ အချိန်အကြာ ကြီး ကျန်ရစ်နေဦးမည် ဖြစ်သည်။ ဤအနံ့ဆိုးကို ဖယ်ရှားရန်အတွက် ဂိုဏ်းသားအားလုံး စုပေါင်းပြီး မြေကြီးတစ်လက်မ မကျန် သန့်စင်ခြင်းမှော်ပညာများကို သုံးကြရပေလိမ့်မည်။ ချင်းယွင်ဂိုဏ်း၏ ကျယ်ဝန်းလှသော ဧရိယာအရ ဤအလုပ်မှာ အလွန်ပင် ပင်ပန်းကြီးစွာ လုပ်ရမည့် အလုပ်တစ်ခု ဖြစ်နေ သည်။

ဂိုဏ်းသို့ ပြန်ရောက်လာသော လီယွမ်ဖေးသည် မြေပြင်ပေါ်သို့ အဆက်မပြတ် ကျနေသော အစိမ်းရောင် မိုးစက်များကို ကြည့်ကာ စိတ်ပျက်အားငယ်သွားတော့သည်။

“ငါ့ဂိုဏ်း... ငါ့ရဲ့ သန့်ရှင်းလှတဲ့ ဂိုဏ်းကြီးကတော့ အိမ်သာကျင်းကြီး ဖြစ်တော့မှာပဲ….။”

ခေတ္တမျှ ညည်းတွားပြီးနောက် အေးဆေးတတ်သော လီယွမ်ဖေးသည် ယင်းကို ဂရုမစိုက်တော့ဘဲ ရေချိုးရန်အတွက် သူ၏ကျင့်ကြံခြင်းဂူထဲသို့ တန်း၍ဝင်သွားလိုက်တော့သည်။

*ဘာပဲဖြစ်ဖြစ်လေ….ဒီမိုးက ဘယ်တော့ တိတ်မှာလဲ ဘယ်သူသိမှာလဲ။ တိတ်သွားတဲ့အထိ စောင့်လိုက် တာပေါ့…*

*သန့်ရှင်းရေးကိစ္စကိုတော့ ဂိုဏ်းသားတွေကိုပဲ လုပ်ခိုင်းလိုက်မယ်။ ငါကတော့ ဂူထဲမှာ ရက်နည်းနည်း လောက် အောင်းနေလိုက်ဦးမယ်…။*

တစ်ချိန်တည်းမှာပင် လင်းဖန်နှင့် လီလဲ့ယန်တို့သည် ဈေးကွက်သို့ သွားရာလမ်းတွင် ရပ်လိုက် ဆက်သွား လိုက်ဖြင့် ခရီးဆက်နေကြသည်။ ဂိုဏ်းအပြင်ဘက်သို့ ထွက်ခဲလှသော လီလဲ့ယန်မှာ တစ်လမ်းလုံး စပ်စု တတ်သော ကလေးတစ်ယောက်လိုပင် မြင်သမျှအရာတိုင်းကို မှတ်ချက်ပေးနေတော့သည်။

“ဝါး... စီနီယာအစ်ကိုလင်း ဟိုမှာကြည့်ပါဦး… ယုန်ကလေးတစ်ကောင်ပဲ ချစ်စရာလေးနော်….။”

လမ်းတစ်လျှောက်တွင် စကားများ တတွတ်တွတ် ပြောလာကြသဖြင့် သူတို့၏ ဆက်ဆံရေးမှာ သိသိ သာသာ ပိုမို ရင်းနှီးလာခဲ့သည်။ လီလဲ့ယန်သည် လင်းဖန်ကို 'မိတ်ဆွေလင်း' ဟု မခေါ်တော့ပေ။ မူလက သူမသည် လင်းဖန်ကို 'ဂျူနီယာညီလေးလင်း' ဟု ခေါ်ချင်ခဲ့သော်လည်း လင်းဖန်က ငြင်းဆိုခဲ့သည်။ အတော် လေး ဖျောင်းဖျပြောဆိုပြီးနောက်တွင် လင်းဖန်သည် လီလဲ့ယန်ကို သူ့အား 'စီနီယာအစ်ကို လင်း' ဟု ခေါ်စေခဲ့ပြီး သူက သူမကို 'ဂျူနီယာညီမလေးလဲ့ယန်' ဟု ခေါ်ရန် သဘောတူညီမှု ရခဲ့သည်။

လီလဲ့ယန် ကြည့်နေသည့်နေရာကို လင်းဖန် ကြည့်လိုက်ရာ တကယ်ပင် ယုန်တစ်ကောင် ဖြစ်နေသည်။ လင်းဖန်က အစပိုင်းတွင် မိစ္ဆာသားရဲတစ်ကောင်ဟု ထင်ထားခဲ့သော်လည်း သေသေချာချာ ကြည့်လိုက် သောအခါ သာမန်ယုန်တစ်ကောင်သာ ဖြစ်ကြောင်း သိလိုက်ရသည်။ လင်းဖန် သိထားသော ယုန်များ ထက် အနည်းငယ် ပိုကြီးပြီး ပိုသန်မာနေတာကလွဲလျှင် တခြား ထူးခြားမှုမရှိပေ။ ဤသည်က လင်းဖန် ကို အနည်းငယ် စိတ်ပျက်သွားစေသည်။ ဤကမ္ဘာသို့ ရောက်ကတည်းက မိစ္ဆာသားရဲ တစ်ကောင်မှ မတွေ့ရသေးသောကြောင့် ဖြစ်သည်။

*နောင်ကျရင် အခွင့်အရေးရရင် မိစ္ဆာသားရဲတစ်ကောင်လောက် ဖမ်းပြီး ငါ့စက်ဘီးကို ဆွဲခိုင်းရမယ် ဒါမှ ငါလည်း ပင်ပင်ပန်းပန်း နင်းနေစရာ မလိုတော့မှာ…*

“တကယ်ပဲ ချစ်စရာလေးပါပဲ ဒါပေမဲ့ စားလို့လည်း အတော်ကောင်းမယ့်ပုံပဲနော်။ ဂျူနီယာညီမလေး လဲ့ယန် မြည်းကြည့်ချင်လား…။”

သူကတော့ လီလဲ့ယန်အနေနဲ့ “ယုန်ကလေးက ချစ်စရာလေးပါ၊ ဘာလို့ စားမှာလဲ” ဟု ပြောလိမ့်မယ် ထင်ထားခဲ့၏။ သို့ပေမဲ့ သူ အထင်မှားသွားခဲ့သည်။ လင်းဖန်၏ စကားကို ကြားသည်နှင့် လီလဲ့ယန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး သူမ၏ ချယ်ရီသီးလို နှုတ်ခမ်းလေးကို လျှာဖြင့် မသိမသာ သပ်လိုက်မိသည်။

သို့သော် တစ်ခုခုကို သတိရသွားပုံဖြင့် စားချင်စိတ်ပြင်းပြနေသော လီလဲ့ယန်မှာ စိတ်ပျက်လက်ပျက်ဖြင့် လင်းဖန်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။

“ကျွန်မ စားချင်တာပေါ့၊ ဒါပေမဲ့ အဖေက ပြောတယ် စိတ်ဝိညာဉ်စွမ်းအား မရှိတဲ့ အသားတွေကို စား တာက ကျင့်ကြံမှုအတွက် မကောင်းဘူးတဲ့။ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ များစေပြီး ကျင့်ကြံမှု ကို နှောင့်နှေးစေတယ်တဲ့လေ….။”

လင်းဖန် ဤရှင်းပြချက်ကို ကြားသောအခါ အံ့သြသွားပြီး အသုံးဝင်သော အချက်အလက်တစ်ခုကို သိလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် အသားမစားရသည်မှာ ကြာပြီဖြစ်သော လင်းဖန်သည် လည်း အဝေးမှ ယုန်ရိုင်းလေးကို မြင်သောအခါ သွားရည်ကျလာမိသည်။

မိမိဘာသာ တွေးမိသည်မှာ... သူက ကျင့်ကြံစရာ မလိုဘဲ စနစ်ထဲ ပိုက်ဆံသွင်းရုံနဲ့ အဆင့်တက်နိုင်တာပဲ သာမန်အသားကို စားတာက သူ့အတွက်တော့ ဘာမှ ထိခိုက်ခြင်း ရှိနိုင်မည် မဟုတ်လောက်ပေ။ယင်းကို တွေးပြီး လင်းဖန် စနစ်ကို မေးလိုက်သည်။

“ဒီယုန်ရိုင်းသားကို စားတာက ကျွန်တော့်အတွက် ဘာဆိုးကျိုးမှ မရှိဘူး မဟုတ်လား…။”

[ဘာဆိုးကျိုးမှ မရှိပါဘူး ဒါပေမဲ့ ဒီသာမန်ယုန်ရိုင်းသားက အရသာ သိပ်မရှိလှဘူး။ အဲ့ဒါကို 'ထုတ်လုပ် ရေးအဖွဲ့ဆေးမီးဖို' ထဲမှာ ထည့်ပြီး မိစ္ဆာသားရဲအသားအဖြစ် အဆင့်မြှင့်တင်ဖို့ အရှင်ကို အကြံပေးချင် ပါတယ်။]

“ဟင်ဟုတ်လား…။ ဆေးမီးဖိုကို ဒီလိုမျိုးလည်း သုံးလို့ရတာလား….။”

[ဒါပေါ့…. ဆေးလုံးဖော်စပ်တာ၊ လက်နက်ပြုလုပ်တာနဲ့ အရာခပ်သိမ်းကို ဖန်တီးတာ... ဒါတွေက အလကား ပြောနေတာ မဟုတ်ပါဘူး။]

“ဘယ်လို လုပ်ရမှာလဲ။ အထဲကို တန်းထည့်လိုက်ရုံပဲလား…။”

[စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အဆာရှောင်ဆေး ဖော်စပ်တဲ့အခါ သုံးတဲ့ ဆေးဖက်ဝင် ပစ္စည်းတချို့ကို ထည့်ပေးဖို့ လိုပါတယ်...]

ဖော်စပ်နည်းကို သိသွားပြီးနောက် လင်းဖန်သည် တောတွင်း ပျော်ပွဲစားထွက်ရန် ပြင်ဆင်လိုက်တော့ သည်။

All Chapters