အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) လင်းဖန်၏ နောက်ခံကို စုံစမ်းခြင်း
သူတို့နှစ်ဦး၏ အလွန်နုပျိုသော ရုပ်ရည်ကို ကြည့်ပြီး ချန်လုံ တစ်ယောက် ဝေခွဲမရ ဖြစ်သွားသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်နေသည်မှာ သာမန်တော့ မဟုတ်တန်ရာ။ လက်မပါခင် သူတို့အကြောင်းကို ပိုသိအောင် အရင်စုံစမ်းရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးပြီးနောက် ချန်လုံသည် ဆိုင်ခန်းဆီသို့ တန်း၍ လျှောက်သွားကာ စကားစမြည် စပြောလိုက် သည်။
“မိတ်ဆွေ... ခင်ဗျားရဲ့ ဆေးလုံးတွေက ဘယ်ကလာတာလဲလို့ မေးလို့ရမလား။ အရည်အသွေးကော စိတ်ချရရဲ့လား…။”
ပျင်းရိနေသော လင်းဖန်သည် စျေးဝယ် လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာဝင်းပသွား ပြီး စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။
“မိတ်ဆွေ... ဒီဆေးလုံးတွေ အားလုံးက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတာပါ။ မီးဖိုထဲက ထွက်တာ မကြာသေးသလို အရည်အသွေးကတော့ လုံးဝ အာမခံပါတယ်ခင်ဗျာ။ သုံးဖူးတဲ့သူတိုင်းကတော့ တကယ်ကောင်းတယ်လို့ ချီးကျူးကြတာချည်းပဲ….။”
လင်းဖန်က ဆေးလုံးများကို ကိုယ်တိုင်ဖော်စပ်ကြောင်း ကြားလိုက်ရသည့်အခါ ချန်လုံ အလွန်အံ့သြ သွားသည်။ ဤလူက ဆေးဆရာတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
အကယ်၍ ဆေးဆရာတစ်ယောက်သာ ဖြစ်နေလျှင် သူ့ကို သတ်ပစ်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်သင့်ပေ။ ဆေးဆရာဟူသည်မှာ ရှားပါးလှသော ပါရမီရှင်များ ဖြစ်ကြသည်။ အကယ်၍ သူ့ကို မိသားစုဆီ ခေါ်ဆောင်သွားနိုင်လျှင် ကြီးမားသော အကျိုုးကျေးဇူးရမည့်အပြင် မိသားစုအတွက်လည်း ဆေးလုံး များ အဆက်မပြတ် ရရှိနိုင်မည် ဖြစ်သည်။
သို့သော် တစ်ဖက်လူမှာ ဆေးဆရာဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းဖန်ကို လေလွင့်ကျင့်ကြံသူဟု တွေးခဲ့သော ချန်လုံ၏ အရင်ထင်မြင်ချက်မှာ ပြောင်းလဲသွားသည်။ အင်အားကြီးသော အဖွဲ့အစည်း သို့မဟုတ် ဂိုဏ်းတစ်ခုခု၏ အထောက်အပံ့မပါဘဲ ဆေးဆရာတစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ မဖြစ် နိုင်သလောက်ပင်။
ထို့ကြောင့် သူ့ကို အရေးယူခြင်း ရှိ၊ မရှိကို မိသားစုထံ အရင်သတင်းပို့ပြီး ခေါင်းဆောင်၏ ဆုံးဖြတ်ချက် ကို ခံယူရမည်ဖြစ်သည်။ သို့သော် ထိုသို့မလုပ်ခင် တစ်ဖက်လူ၏ နောက်ခံအကြောင်းကို တတ်နိုင်သမျှ ထပ်စုံစမ်းရဦးမည်။
“ခင်ဗျားက ဆေးဆရာတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ရိုင်းစိုင်းမိရင် ခွင့်လွှတ်ပါ…။ ခင်ဗျားက ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆေးဆရာဖြစ်နေရုံတင်မကဘဲ အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့်ကိုပါ ရောက်နေတာဆိုတော့... ခင်ဗျားလို ပါရမီရှင်မျိုးကို ဘယ်လို အင်အားစုက များ မွေးထုတ်ပေးထားသလဲဆိုတာ တကယ် သိချင်မိပါတယ်….။”
ချန်လုံ၏ မြှောက်ပင့်စကားကြောင့် လင်းဖန်၏ မာနလေးမှာ အတော်လေး ကျေနပ်သွားရသည်။
“ဟဲဟဲ... ကျွန်တော့မှာ ဘာနောက်ခံမှ မရှိပါဘူး။ ဆရာ့ဆီကနေ ပညာလေး နည်းနည်းသင်ပြီး ဝမ်းရေး အတွက် ဖြေရှင်းနေတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါပဲ….။”
လင်းဖန်၏ အဖြေကြောင့် ချန်လုံ အနည်းငယ် အံ့သြသွားသော်လည်း ဆက်ပြီး မေးမြန်းလိုက်သည်။
“ဪ... ဒါဆို ခင်ဗျားရဲ့ ဆရာကတော့ နာမည်ကျော် ဆေးဆရာကြီး တစ်ယောက် ဖြစ်မှာပဲ။ ကျွန်တော့ အနေနဲ့ အဲဒီ စီနီယာကြီးကို သွားရောက် ဂါရဝပြုလို့ ရမလားခင်ဗျာ….။”
လင်းဖန်သည် ချန်လုံ၏ စူးစမ်းသော မေးခွန်းကို နားမလည်သည်လား သို့မဟုတ် ဂရုမစိုက်သည်လား မသိသော်လည်း မေးသမျှကို စဉ်းစားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ကျွန်တော့ဆရာက တောမှီဆောက်တည်နေတဲ့သူဆိုတော့ သိပ်ပြီး လူမသိပါဘူး။ ဒါပေမဲ့ သူ့ဆီ သွား တွေ့ဖို့ကတော့ မဖြစ်နိုင်လောက်ဘူး။ သူက ဒီဒေသမှာ မရှိသလို အခုလည်း ဘယ်အရပ်ကို ခရီးထွက် သွားမှန်း ကျွန်တော်လည်း မသိဘူးလေ….။”
လင်းဖန်၏ စကားကို ကြားသောအခါ ချန်လုံ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူ စွန့်စားပြီး တစ်ချက်လောက် စမ်းကြည့်သင့်သည်။ ဆေးဆရာတစ်ယောက်ကို မိသားစုအတွက် စည်းရုံးထားနိုင်ခြင်းမှာ မိသားစု၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကြီးမား သော ကိစ္စပင်ဖြစ်သည်။
ထိုသို့တွေးပြီး ချန်လုံသည် တစ်ဖက်လူ၏ ဆေးလုံးများ အရည်အသွေးကို အရင်စစ်ဆေးရန် ဆုံးဖြတ် လိုက်သည်။ အကယ်၍ အရည်အသွေးညံ့သော ဆေးလုံးများကိုသာ ဖော်စပ်နိုင်သည့် သာမန်ဆေးဆရာ ဆိုလျှင်တော့ သူ စွန့်စားစရာ မလိုပေ။ ထို့ကြောင့် ချန်လုံသည် ဆေးလုံးအချို့ကို ဝယ်ရန် ပြင်လိုက် သည်။
ချန်လုံသည် ဆိုင်ပေါ်ရှိ ဆေးလုံးများကို ကြည့်လိုက်သည့်အခါ ဘေးတွင် ချိတ်ထားသော ဆိုင်းဘုတ်ကို မြင်သွားသည်။ ဆိုင်းဘုတ်ပေါ်က ဆေးလုံးများ၏ ဈေးနှုန်းနှင့် အာနိသင်ကို ပထမဆုံးအကြိမ် မြင်လိုက် ရသည့်အခါ ချန်လုံ မျက်လုံးပြူးသွားပြီး အာမေဍိတ် အသံဖြင့် မေးလိုက်မိသည်။
“မိတ်ဆွေ... ဒါ... ဒါက နောက်နေတာ မဟုတ်ဘူးမလား။ အာနိသင်တွေက တကယ်လား…။”
သာမန်ဆေးလုံးများထက် ဈေးနှစ်ဆ ရှိနေသည်ထက် ဆေးလုံးများ၏ အာနိသင်က ချန်လုံကို ပို၍ပင် တုန်လှုပ်သွားစေသည်။
ချန်လုံ၏ အံ့သြနေသော မျက်နှာကို မြင်လိုက်ရသဖြင့် တစ်ဖက်လူက ဆေးအာနိသင်ကို မယုံကြည်နိုင် ဖြစ်နေကြောင်း လင်းဖန် ရိပ်မိလိုက်သည်။ ထို့ကြောင့် အရောင်းအဝယ်ဖြစ်စေရန် သူက ကတိပေး လိုက်သည်။
“မိတ်ဆွေ... ဝယ်ပြီးတာနဲ့ ဒီနေရာမှာတင် ချက်ချင်း စမ်းသပ်ကြည့်လို့ ရပါတယ်။ အကယ်၍ ဆေးရဲ့ အာနိသင်က မမှန်ဘူးဆိုရင် ဆယ်ဆ ပြန်လျော်ပေးမယ်ဗျာ…။”
ကျင့်ကြံသူစုံတွဲဂိုဏ်းက လူနှစ်ယောက်မှာ လီလဲ့ယန်ကို သိထားသဖြင့် ဆေးအာနိသင်ကို သံသယရှိနေ သော်လည်း ဝယ်သွားကြခြင်းဖြစ်သည်။ သို့သော် ယခုလူမှာ သူစိမ်းတစ်ယောက်ဖြစ်သဖြင့် သံသယကို ဖျောက်ဖျက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ချက်ချင်း စမ်းသပ်ခိုင်းခြင်းပင်။ တစ်ဖက်လူက ဆေး ၏အာနိသင်ကို လက်တွေ့သိသွားလျှင် နောက်ထပ် အရောင်းအဝယ်ကြီး တစ်ခု ဖြစ်လာနိုင်သည်။
သေချာပေါက်ပင် လင်းဖန်၏ ကတိကို ကြားပြီးနောက် ချန်လုံ၏ မျက်နှာတွင် သံသယများ အနည်းငယ် လျော့ပါးသွားသည်။
“မိတ်ဆွေ... ကျွန်တော် မယုံလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးအာနိသင်တွေက တကယ်ကို မကြားဖူး လောက်အောင် ကောင်းလွန်းနေလို့ပါ။ ကဲ... ဒါဆိုရင်တော့ ကျွန်တော် 'အသေးစားအားဖြည့်ဆေးလုံး' တစ်ပုလင်း အရင်ဝယ်ကြည့်မယ်…။”
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ချီစုဆောင်းခြင်းဆေးလုံးနှင့် အဆာရှောင်ဆေးများက သူ့အတွက် အသုံးမဝင်လှပေ။ အဆိပ်လည်း မမိထားသဖြင့် အဆိပ်ဖြေဆေး လည်း မလိုပါ။ ထို့ကြောင့် အသေးစားအားဖြည့်ဆေးလုံးကိုသာ အရင်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
ဆိုင်းဘုတ်ပေါ်တွင် ထိုဆေးလုံးသည် စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ပြန်လည်ဖြည့်တင်းပေးနိုင် သည် ဟု ရေးထားသည်။ အခုအချိန်တွင် သူ၏ စွမ်းအားများ ပြည့်ဝနေသော်လည်း ဆေးလုံးက တကယ် သာ အာနိသင်ရှိလျှင် သောက်လိုက်သည်နှင့် ထူးခြားမှုကို ခံစားရမည်ဖြစ်သည်။
တစ်ဖက်လူက အသေးစားအားဖြည့်ဆေးလုံးကို ရွေးချယ်လိုက်သဖြင့် လင်းဖန်သည် တစ်ပုလင်းကို ချက်ချင်းယူကာ ကမ်းပေးလိုက်သည်။
“မိတ်ဆွေ... အားပေးတာ ကျေးဇူးတင်ပါတယ်…။ စိတ်ဝိညာဉ်ကျောက်တုံး (၂၀၀) ကျသင့်ပါတယ်….။”
ချန်လုံသည် နှမြောတသစွာဖြင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀၀) ကို ထုတ်ပေးလိုက်ပြီး ဆေးလုံးကို ဂရုတစိုက် လက်ခံလိုက်သည်။ ထို့နောက် လင်းဖန်၏ ရှေ့မှာပင် ဆေးပုလင်းကို ဖွင့်ကာ ဆေးလုံး တစ်လုံးကို ထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်၏။ ပြီးနောက် မျက်လုံးများကို မှိတ်ကာ ဆေးအာနိသင်ကို အာရုံခံကြည့်နေလိုက်သည်။
ဆေးလုံးသည် ပါးစပ်ထဲသို့ ရောက်သည်နှင့် စိတ်ဝိညာဉ် စွမ်းအင်များအဖြစ် ချက်ချင်း ပြောင်းလဲသွား ပြီး ချန်လုံ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ချက်ချင်းပင် ချန်လုံသည် မိမိ၏ ခန္ဓာကိုယ်အတွင်း ရှိ စိတ်ဝိညာဉ်စွမ်းအားများ ပိုမိုပြည့်ဝလာသည်ကို ခံစားလိုက်ရသည်။
ဆေးလုံး၏ အာနိသင်ကို လက်တွေ့ခံစားလိုက်ရသည့်အခါ ချန်လုံသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံး များကို ဖွင့်ကြည့်လိုက်သည်။ ဆေးအာနိသင်က တကယ်ပင် အမှန်ဖြစ်နေသည်။ အကယ်၍ စိတ်ဝိညာဉ် စွမ်းအားများ ကုန်ခန်းနေချိန်တွင်သာ ဤဆေးကို သောက်လိုက်လျှင် ခန္ဓာကိုယ်၏ စွမ်းအားတစ်ဝက်ကို ချက်ချင်း ပြန်ရနိုင်မည်မှာ သေချာပေသည်။
“မိတ်ဆွေ... ဒီအားဖြည့်ဆေးလုံးတွေကို နောက်ထပ် ပုလင်းအချို့ ထပ်ပေးပါဦး။ ကျန်တဲ့ ဆေးလုံးတွေ ကိုလည်း ကျွန်တော် ယူပါမယ်…။”
နောက်ထပ် အရောင်းအဝယ် ထပ်တိုးလာသဖြင့် လင်းဖန် အလွန်ဝမ်းသာသွားသည်။ သေချာပေါက် ဖောက်သည်တွေကို ချက်ချင်း စမ်းသပ်ခိုင်းတာက အရောင်းအဝယ်ဖြစ်ဖို့ အကောင်းဆုံး နည်းလမ်းပင်။
“မိတ်ဆွေ ဘယ်လောက်အထိ လိုချင်သလဲခင်ဗျာ။ ကျွန်တော့်ဆီမှာ ဆေးလုံးတွေ အများကြီး ရှိပါတယ် ခင်ဗျား လိုသလောက် ပေးနိုင်ပါတယ်။ တကယ်လို့ မလောက်ရင်တောင် ဒီနေရာမှာတင် ချက်ချင်း ဖော်စပ်ပေးလို့ ရတယ်နော်….။”
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်လုံ ဆုံးဖြတ်ချက် ချလိုက်သည်။
“အသေးစားအားဖြည့်ဆေးလုံး၊ အဆာရှောင်ဆေးနဲ့ ချီစုဆောင်းခြင်းဆေးလုံးကို (၅) ပုလင်းစီ ပေးပါ။ အဆိပ်ဖြေဆေးလုံးကိုတော့ (၁) ပုလင်းပဲ ပေးပါ…။”
ဝယ်ယူမည့် ပမာဏကို ကြားလိုက်ရသည့်အခါ လင်းဖန် အနည်းငယ် စိတ်ပျက်သွားသည်။ အတော်လေး ကို ကပ်စေးနဲတာပဲ။ ဟို ကျင့်ကြံသူစုံတွဲဂိုဏ်းက လူတွေကို ကြည့်ဦး၊ သူတို့ဆိုရင် ဆေးအာနိသင်ကို မသိသေးခင်မှာတင် စိတ်ဝိညာဉ်ကျောက်တုံး (၁၉၀၀) ဖိုးတောင် ဝယ်သွားကြသည်။ အခုလူကတော့ ဆေးအာနိသင်ကို လက်တွေ့သိပြီးတာတောင် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုးပဲ ဝယ်သည်ပင်။
သို့သော် စိတ်ထဲကသာ တွေးနေသော်လည်း လက်ကမူ ဆေးလုံးများကို ထုတ်ပေးလိုက်သည်။
“မိတ်ဆွေ... ဒီမှာ ဆေးလုံးတွေပါ စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကျသင့်ပါတယ်…။”
ဆေးလုံးများကို ရရှိပြီးနောက် ချန်လုံသည် မိသားစုထံ အမြန်ပြန်ပြီး သတင်းပို့ချင်နေပြီ ဖြစ်သည်။ လင်းဖန်ထံသို့ ကျောက်တုံး တစ်ထောင် ကမ်းပေးလိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ နှာခေါင်းထဲမှ အရည်အချို့ စီးကျလာသည်ကို ခံစားလိုက်ရသည်။ သူ လက် နှင့် ထိကြည့်လိုက်သည့်အခါ လက်တွင် သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရသည်။
“ဟင်… ဘာဖြစ်တာလဲ….။”
ချန်လုံ နှာခေါင်းသွေးယိုနေသည်ကို မြင်လိုက်ရသည့်အခါ လင်းဖန်သည် အသေးစားအားဖြည့်ဆေးလုံး ၏ ဘေးထွက်ဆိုးကျိုးကို ပထမဆုံးအကြိမ် မြင်ဖူးသွားတော့သည်။
“အဟမ်း... မိတ်ဆွေ... ဆေးအာနိသင်က အရမ်းပြင်းထန်လွန်းလို့ အခုလိုမျိုး မပြောပလောက်တဲ့ ဘေး ထွက်ဆိုးကျိုးလေး နည်းနည်း ရှိနေတာပါ။ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ..။”
လင်းဖန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ ချန်လုံသည် သူ အလိမ်ခံလိုက်ရသလို ခံစားလိုက်ရ သည်။
*ဒီလူကလည်း လူကောင်းတော့ မဟုတ်ဘူးပဲ။ ဆေးသောက်တုန်းကလည်း ဘာမှမပြောဘူး၊ ဆေး အများကြီး ဝယ်တုန်းကလည်း ဘာမှမပြောဘူး။ အခု ဝယ်ပြီး သောက်ပြီးမှ လာပြောနေတာကိုး…။*
သို့သော်လည်း ဤဘေးထွက်ဆိုးကျိုးမှာ တကယ်ပင် မပြောပလောက်ကြောင်း သူ လက်ခံပါသည်။ အားဖြည့်ဆေးလုံးဟူသည်မှာ ဒဏ်ရာရချိန်တွင် ကုသရန် ဖြစ်ပြီး ဒဏ်ရာကြောင့် သွေးထွက်နေသည်နှင့် ယှဉ်လျှင် ဤမျှလောက် နှာခေါင်းသွေးယိုခြင်းမှာ ဘာမျှမဟုတ်ပေ။
“မိတ်ဆွေ... ဒီဆေးက တကယ်ကို အံ့သြစရာပါပဲ။ ရပါတယ်... ဒီလောက် ဘေးထွက်ဆိုးကျိုးလေးက ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက် ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ တခြားဆေးလုံးတွေကော သွေးထွက် စေတာမျိုး ရှိသေးလား….။”